တတိယမြောက်သမီးတော်
အလှူရှင်ဂုဏ်ပြုလွှာ
တတိယမြောက်သမီးတော်
လပြည့်နေ့ အမေက ပုဗ္ဗာရုံ ကျောင်းတိုက်ကိုသွားပြီး ဥပုသ်စောင့် ပါတယ်။ ဥပုသ်ကျောင်းက ပြန်လာ တော့ အရင်တစ်ပတ်က ဆွမ်းအလှူ အတွက် အလှူရှင်ဂုဏ်ပြုလွှာပေး လိုက်တဲ့အကြောင်း၊ ဂုဏ်ပြုလွှာတွေ မပေးဖို့ သေချာမှာထားပါလျက်နဲ့ ပေးဖြစ်အောင်ပေးလိုက်လို့ ယူလာရ တယ်ဆိုပြီး အလိုမကျသံနဲ့ ပြောပြ ပါတယ်။ ဒီတော့ သမီးတော်က အမေ ဘာကြောင့် ဂုဏ်ပြုလွှာကို မလိုချင်တာလဲလို့ မေးလိုက်တော့ အိမ်မှာဂုဏ်ပြုလွှာတွေ အများကြီး ရှိနေပြီ မလိုအပ်ဘူး၊ ရှုပ်တယ်တဲ့။
အမေရယ် ဂုဏ်ပြုလွှာကို ထုတ်ပေးတဲ့သူက ထုတ်ပေးတာပဲ ဝမ်းမြောက်ဝမ်းသာနဲ့ ယူလာခဲ့ပါ။ သိမ်းထားလိုက်ပေါ့။ အိမ်မှာထား စရာနေရာမရှိတာမှမဟုတ်တာ။ သိမ်းထားပြီး အမေအားတဲ့အခါ စိတ်ကူးရတဲ့အခါ ဂုဏ်ပြုလွှာလေး တွေ ထုတ်ကြည့်ပြီး သြော် ငါတို့ဖြင့် ဘယ်တုန်းက ဆွမ်းအလှူလေး လုပ် ခဲ့တာ၊ ဘယ်တုန်းကတော့ဖြင့် ကျောင်းဆောင်အတွက် အလှူလုပ် ခဲ့တာ၊ ဘယ်တုန်းကတော့ဖြင့် သာသနာ့မြေ အလှူလေး လှူခွင့်ရ ခဲ့တာလို့ ဂုဏ်ပြုလွှာလေးတွေကြည့် ပြီး ပီတိဖြစ်လိုက်ပေါ့။ ဒါဟာ အပရ စေတနာပဲ အမေ။ ကိုယ်ပြုခဲ့ဖူးတဲ့ ကုသိုလ်ကောင်းမှုကို ပြန်လည် အောက်မေ့ပြီး ဝမ်းမြောက်ဝမ်းသာ ပီတိဖြစ်လိုက်တာဟာ ကုသိုလ်ပွား တယ်လို့ ခေါ်ပါတယ်။
အမေလှူခဲ့တာတွေ အများ ကြီးပဲ ဒီအတိုင်းပြန်စဉ်းစားရင် အကုန်လုံးကို ဘယ်မှတ်မိပါ့မလဲ။ ဂုဏ်ပြုလွှာလေးထုတ်ကြည့်တော့ အလှူတွေအားလုံး မှတ်လည်းမှတ်မိ တယ်။ အလှူတွေအများကြီး လှူခဲ့ ဖူးတာကို ဝမ်းမြောက်ကြည်နူးခွင့်ရ မယ်။ နောက်ဆိုရင် အလှူတစ်ခု ပြုပြီးတိုင်း ဂုဏ်ပြုလွှာထုတ်ပေးတာ ကို ဝမ်းသာအားရ လက်ခံခဲ့ပါ။ သေသေချာချာ သိမ်းထားပြီး သတိရ တဲ့အခါ ပြန်ထုတ်ကြည့်ပါ။ သူများ တွေ ပြောကြတာရှိပါတယ်။ တို့က အလှူကိုပြတ်ပြတ်သားသား လှူတာ ဘာကမ္ဗည်းမှမထိုးဘူး။ ဘာဂုဏ်ပြု လွှာမှ မယူဘူး။ ကိုယ့်စိတ်က ပြတ်သားလျှင် ကုသိုလ်ရတယ်။ ဂုဏ်ဖော်ပြီး ထုတ်ပြောစရာမလိုဘူး လို့ ပြောတတ်ကြတဲ့သူတွေရှိတယ်။
အဲဒီစကားကို အမှန်မယူပါနဲ့ အမေ။ အလှူတစ်ခုကို လှူပြီးတဲ့ အခါ ရေစက်လည်းချပါ။ အမျှလည်း ဝေပါ။ ကိုယ်လှူတယ်ဆိုတာ သူတစ်ပါးကိုလည်း အသိပေးပါ။ မုဒိတာစိတ်နဲ့ သာဓုခေါ်ကြရင် သူတို့ လည်း ကုသိုလ်ရကြတယ်။ ဒီလို သူတစ်ပါးတွေကိုပါ အသိပေးအမျှဝေ တာ 'ပရဟိတ အလှူ' ပါ အမေ။ ကိုယ့်ဘာသာလှူတာ ကိုယ်ကုသိုလ် ရတယ်၊ ဘယ်သူမှ သိစရာမလိုဘူး ဆိုရင် ကိုယ်တစ်ယောက်တည်းပဲ ကုသိုလ်ရတာမို့ 'အတ္တဟိတ အလှူ' ပါတဲ့။
ဂုဏ်ပြုလွှာလေးရလာရင် လူ မြင်အောင် ချိတ်ထား။ အသိမိတ်ဆွေ တွေလာလို့ တွေ့တော့ ဝမ်းမြောက် ဝမ်းသာ သာဓုခေါ်သွားရင် သူတို့ လည်း ကုသိုလ်ရတယ်။ မကောင်းတဲ့ စိတ်နဲ့ မြင်ပြီး ကြွားတယ်လို့ထင်ရင် လည်း သူ့သဘောပေါ့ အမေရယ်။ တချို့အုတ်တံတိုင်းတွေမှာ အလှူရှင် တွေ နာမည်ထိုးထားတယ်။ အသိ မိတ်ဆွေတွေ ဆွေမျိုးတွေက တွေ့တဲ့ အခါ နာမည်တွေဖတ်ပြီး ဝမ်းသာ ဂုဏ်ယူကြတယ်။ ဒါက မုဒိတာစိတ် မို့ ကုသိုလ်ဖြစ်တယ် အမေ။
တစ်ခါက ပြိတ္တာကြီး တစ်ကောင်ဟာ ပြိတ္တာတို့ရဲ့ ထုံးစံ အတိုင်း ဆင်းဆင်းရဲရဲနဲ့ နေစရာ စားစရာ လိုက်ရှာတယ်။ သွားရင်း လာရင်း ရေဆာလာလို့ ရေလိုက်ရှာ တော့ ရေအိုးစင်လေးတစ်ခုကို တွေ့ တယ်။ အဲဒီလမ်းဘေး ရေအိုးစင် လေးမှာ ကမ္ဗည်းထိုးထားတဲ့ နာမည် လေးတွေ ဖတ်ကြည့်တော့ သူ့သား သမီးတွေ မြေးတွေ ဖြစ်နေတယ်တဲ့။ သြော် ငါ့သားသမီးတွေ မြေးတွေ ကုသိုလ်လုပ်ထားတဲ့ ရေအိုးစင်ပါ လားလို့ တွေးပြီး ဝမ်းမြောက်ဝမ်းသာ သာဓု ခေါ်လိုက်တာ ပြိတ္တာဘဝ ကျွတ်လွတ်တယ်တဲ့။ ဒါကြောင့် လမ်းဘေး ရေအိုးစင်လေးမှာ ကမ္ဗည်းထိုးတာကအစ အကျိုး သက်ရောက်မှုနည်းတယ်လို့ မထင် လိုက်ပါနဲ့။ အလှူတစ်ခုလုပ်တိုင်း ကမ္ဗည်းထိုးစရာရှိ ထိုးပါ။ ဂုဏ်ပြုလွှာ ယူစရာရှိ ယူပါ၊ ရေစက်ချလို့လည်း အမျှဝေပါ။
သမီးတော်က စကားတွေ မနားတမ်းပြောတာကို အမေက ငြိမ်ပြီးနားထောင်ပါတယ်။ တရားစခန်း တွေ အကြိမ်ကြိမ်ဝင်ခဲ့ဖူးတဲ့ အမေ ဟာ ဒါနနဲ့ပတ်သက်တဲ့တရားတွေ လည်း နာကြားခဲ့ရမှာပါပဲ။ သို့သော် လည်း အသက်(၆ဝ)ကျော်ပြီးမှ တရားစခန်း ဝင်ဖူးတာဖြစ်လို့ တရား တော်များ နာကြားရာမှာ အာရုံတွေ ပျံ့လွင့်နေတာမျိုးလည်း ဖြစ်လိမ့်မယ် ထင်ပါတယ်။ ဥာဏ်ရည်ထက်မြက် တဲ့အချိန် အာရုံစူးစိုက်နိုင်စွမ်းအား ပြည့်ဝတဲ့အချိန်က တရားတော်များ ကို ရင်းနှီးစွာ ကြားခွင့်လည်း မရခဲ့ သူမို့ စိတ်မကောင်းလည်း ဖြစ်မိပါ တယ်။ အဆင်မပြေတဲ့ သားအတွက် ပူပန်ရ၊ မြေးလေးတွေကို စိတ်မချ တာနဲ့ပဲ တရားစခန်းရောက်အောင် သွားဖို့ တော်တော်ကြီးကို တွန်းအား တွေပေးခဲ့ရတာပါ။ ခုချိန်မှာတော့ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ တရားတော်များကို နာကြားတတ်နေ ပါပြီ။ ပဋိစ္စသမုပ္ပာဒ်ကိုလည်း ထိုက် သင့်သလောက် နားလည်နေပါပြီ။ စူးစိုက်နိုင်တဲ့ ဥာဏ်အားနည်းပြီး ခန္ဓာကိုယ်ကြီးက မလိုက်နိုင်တဲ့ အတွက် တရားထိုင်တဲ့အခါမှာတော့ ထင်သလောက် ခရီးမပေါက်နိုင်ဘူး ပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် အလှူရှင် ဂုဏ်ပြုလွှာလေးကို အကြောင်းပြုလို့ တော်သလင်းလပြည့်နေ့မှာ အမေ့ကို ကျေးဇူးဆပ်ခွင့်ရခဲ့ပါတယ်။ တိမ်နေ တဲ့ အသိဥာဏ်ကို တူးဖော်ပေးလိုက် တယ်။ နိမ့်နေတဲ့ အသိဥာဏ်ကို မြှင့် တင်ပေးလိုက်တယ်။ ကောက်ကွေ့ နေတဲ့ အသိဥာဏ်ကို ဖြောင့်မတ် အောင် တည့်ပေးလိုက်တယ်။ မှားယွင်းနေတဲ့ အသိဥာဏ်ကို မှန်ကန် အောင် လမ်းကြောင်းပေးလိုက် တယ်။ မှောင်နေတဲ့ အသိဥာဏ်ကို အလင်းရောင်ရအောင် ထွန်းညှိပေး လိုက်တယ်။ မိမိစွမ်းနိုင်သလောက် နဲ့ အမေ့ကို ဓမ္မဒါန ပြုလိုက်ပါတယ်။
ဒီလို တရားဓမ္မ လေ့လာဖို့ စိတ်အားသန်ခဲ့တာလည်း အဖေ့ရဲ့ ကျေးဇူးတွေပါ။ အဖေ့ကျေးဇူးနဲ့ တရားဓမ္မတွေကို စိတ်ဝင်စားခဲ့တယ်။ ဆရာဘုန်းဘုရားရဲ့ ကျေးဇူးနဲ့ သစ္စာ တရားတွေ အထိုက်အလျောက် နားလည်သိရှိခဲ့တယ်။ တခြားသော ဆရာတော်ကြီးများရဲ့ တရားတော် များ နာကြားမှတ်သားခဲ့လို့လည်း ဗဟုသုတများစွာ ရရှိခဲ့ပါတယ်။ တရားအသိကို မြှင့်တင်ပေးခဲ့သော ကျေးဇူးရှင်များအားလုံးကို ဂါရဝပြု ပါတယ်ရှင်။ အနန္တကျေးဇူးရှင် အမေ အသိဥာဏ်တွေ ထွန်းလင်းတောက်ပ ဖြောင့်မတ်မှန်ကန်ပါစေ။
သစ္စာသိသော ဥာဏ်ကို ရပါ စေ။
သဗ္ဗေသတ္တာ သုခီအတ္တာနံ ပရိဟရန္တု။
တတိယမြောက် သမီးတော်
Comments
Post a Comment