တရားအားထုတ်ရခြင်းကုသိုလ်
တရားအားထုတ်ရခြင်းကုသိုလ်
သန်းငြိမ်းအောင်(ပညာရေး)
တရားအားထုတ် ပူဇော်ပြီးတိုင်း ကျွန်တော်တို့ ရွတ်ဆိုလေ့ရှိသည်မှာ -
ဣမာယ ဓမ္မာနု ဓမ္မ ပဋိပတ္တိယာ ဗုဒ္ဓံ ပူဇေမိ။
ဣမာယ ဓမ္မာနု ဓမ္မ ပဋိပတ္တိယာ ဓမ္မံ ပူဇေမိ။
ဣမာယ ဓမ္မာနု ဓမ္မ ပဋိပတ္တိယာ သံဃံ ပူဇေမိ။
(မဂ်လေးတန်၊ ဖိုလ်လေးတန်၊ နိဗ္ဗာန်) ဟု ဆိုအပ် သော လောကုတ္တရာ(၉)ပါး တရားအားလျော်စွာ သတိ ပဋ္ဌာန်လမ်းစဉ်၊ ဤမဂ္ဂင်အကျင့်မြတ်၊ ပဋိပတ်ဖြင့် ဘုရား၊ တရား၊ သံဃာတည်းဟူသော ရတနာမြတ်သုံးပါးကို ပူဇော်ပါ၏။
ဟု ပူဇော်သမှုပြုမိသည်။ ဝင်လေ၊ ထွက်လေ (အာနာပါန) ရှုပြီးတိုင်း ဤသို့ ရွတ်ဖတ်ပူဇော်မိသည်။
ကျွန်တော်သည် အဘယ်အရာများကို ကျင့်ကြံ အားထုတ်ပြီး၊ ရတနာသုံးပါးကို ပူဇော်ခဲ့ပါသနည်း။ သိလိုပါသည်။ ထို့ကြောင့် ရေဆုံးရေဖျားလိုက်၍ လေ့လာ မိပါသည်။
မဂ္တရား(၄)ပါး
ကိလေသာကို ပယ်သတ်၍ နိဗ္ဗာန်သို့သွားသော တရားမျိုးကို မဂ်တရားဟု ခေါ်သည်။
(၁) သောတာပတ္တိ မဂ်တရား = ဒိဋ္ဌိနှင့် ဝီစိကိစ္ဆာ ကိလေသာကို ပယ်သတ်သည်။
(၂) သကဒါဂါမိ မဂ်တရား = ရာဂ၊ ဒေါသ၊ မောဟတို့နည်းပါးအောင် ပယ်သတ်သည်။
(၃) အနာဂါမိမဂ်တရား = ဒေါသနှင့် ကာမဘုံမှာ ဖြစ်သော လောဘတို့ကို ပယ်သတ်သည်။
(၄) အရဟတ္တမဂ်တရား = ကိလေသာအားလုံး ကို ပယ်သတ်သည်။
ဖိုလ္တရား(၄)ပါး
နိဗ္ဗာန်ကို ကိုယ်တိုင်သိသော တရားမျိုးကို ဖိုလ် တရားဟု ခေါ်သည်။ မဂ်တရား(၄)ပါးကို သိနားလည် ပြီးသောအခါ -
၁။ သောတာပတ္တိ ဖိုလ်တရား။
၂။ သကဒါဂါမိ ဖိုလ်တရား။
၃။ အနာဂါမိ ဖိုလ်တရား။
၄။ အရဟတ္တ ဖိုလ်တရားတို့ သိရှိရပြီး ဖြစ်မည်။
နိဗ္ဗာန်တရား(၁)ပါး
ဆင်းရဲဒုက္ခတို့၏ ချုပ်ငြိမ်းရာ၊ ချမ်းသာအစစ် အမှန်ဖြစ်သော သဘောတရားသည် နိဗ္ဗာန်ဖြစ်သည်။
ထိုလောကုတ္တရာ(၉)ပါးအားလျော်စွာ မဂ်တရား (၄)ပါးအနက် ယနေ့ ယခုအထိ-
၁။ သောတာပတ္တိမဂ်တရားကို ကျင့်ကြံနိုင်ပါ၏ လော။
သောတာပတ္တိမဂ်တွင် ဒိဋ္ဌိနှင့် ဝီစိကိစ္ဆာ ကိလေသာ တို့ကို ပယ်သတ်ပြီးပါ၏လော၊ သောတာပတ္တိ ကျင့်ကြံ ပြီး သောတာပန်ဖြစ်ပြီးသည်နှင့် အပါယ်တံခါးပိတ်ပြီး သွားပြီ ဖြစ်သည်။ သောတာပတ္တိမဂ်ဖြစ်ရန် ပစ္စဝေက္ခဏာဥာဏ်ဖြင့် ဆင်ခြင်ရပါမည်။
သောတာပန်မှာ -
၁။ သက္ကာယဒိဋ္ဌိ - ရုပ် နာမ်အပေါင်းကို အတ္တ ကောင်ဟု ထင်မှတ်ခြင်း၊
၂။ ဝီစိကိစ္ဆာ - ဘုရား၊ တရား၊ သံဃာအကျင့် သိက္ခာတို့နှင့် စပ်၍ ယုံမှားခြင်း၊
၃။ သီလဗ္ဗတပရာမာသ - အရိယမဂ်လမ်း အကျင့်မှတစ်ပါး အလေ့အကျင့်များကို နိဗ္ဗာန်ရောက် ကြောင်း အကျင့်ကောင်းဟု ယုံကြည်မှုမှားခြင်းဟူသော ဤသံယောဇဉ် သုံးပါးကင်းငြိမ်း၏။ ထို့ပြင်ငါးပါးသီလ လည်း ကျိုးခြင်း၊ ပျက်ခြင်းမရှိဘဲ သူ့သဘာဝအတိုင်း ပင် လုံခြုံစင်ကြယ်လျက်ရှိ၏။
ထို့ကြောင့် သောတာပန်ပုဂ္ဂိုလ်သည် အပါယ်(၄)ပါး မှ လုံးဝလွတ်မြောက်၏။ လူ့ဘုံ၊ နတ်ဘုံတို့မှာလည်း အလွန်ဆုံး (၇)ဘဝမျှသာ ကျင်လည်၍ (၇)ဘဝမြောက် တွင် ရဟန္တာဖြစ်ကာ နိဗ္ဗာန်သို့ ဝင်စံရလေသည်။
ဟု မဟာစည်ဆရာတော်ဘုရားကြီး၏ ကမ္မဋ္ဌာန်း တရားအားထုတ်ရခြင်းအကြောင်းတွင် တွေ့ရပါသည်။
သောတာပတ္တိမဂ်ရရှိပြီးနောက် ဆက်လက် ကျင့်ကြံလျှင် အဆင့်လိုက် သကဒါဂါမိမဂ်၊ အနာဂါမိမဂ် တရားတို့ကို ရရှိပြီး၊ နောက်ဆုံးတွင် အရဟတ္တမဂ်ရရှိ ပြီး ကိလေသာအားလုံးကို အကုန်အစင် ပယ်သတ်ပြီး ဖြစ်နေပြီ ဖြစ်သည်။
ကိလေသာ စင်ကြယ်သည်နှင့် နိဗ္ဗာန်ကို မျက်မှောက်ပြုသွားပါတော့သည်။ မဂ်Óာဏ်ကနေ ဖိုလ်Óာဏ်သို့ ကူးသွားသောအခါ အလွန်အေးချမ်းသော အသိကို ရရှိသွားတော့မည် ဖြစ်ပါသည်။
ကျွန်တော်သည် ဤမဂ်၊ ဤဖိုလ်တို့ကို မည်သို့ ကျင့်ကြံပြီးပြီနည်း၊ နိဗ္ဗာန်ကို မည်သို့ ရည်စူးခဲ့သနည်း။ မဂ်(၄)တန်၊ ဖိုလ်(၄)တန်၊ နိဗ္ဗာန်တည်းဟူသော လောကုတ္တရာ(၉)ပါးသည် ကျွန်တော် ချက်ချင်းကျင့်ကြံ၊ ချက်ချင်းရရှိသော တရားမဟုတ်သည်ကိုမူ ကျွန်တော် နားလည်ပါသည်။ ဤလောကုတ္တရာ(၉)ပါးအားလျော်စွာ မည်သို့ ကျင့်ကြံပူဇော်ခဲ့ပါသနည်း။
ဤတွင် မဂ်ဥာဏ်၊ ဖိုလ်ဥာဏ်ကို ခန္ဓာကိုယ်မှာ တည်ဆောက်ရှာဖွေရမည်ဟု မိုးကုတ်ဆရာတော်ဘုရား ကြီးက မိန့်မှာခဲ့ပါသည်။ ဆရာတော်ကြီးက လူမှာ ခန္ဓာ ဖွဲ့နိုင်တဲ့နေရာ ခြောက်နေရာရှိသည်။ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်(မနော) တို့ ဖြစ်ပါသည်။
စိတ်(မနော)ကလွဲလျှင် ကျန်(၅)နေရာမှ မိမိခန္ဓာ ကိုယ် ပြင်ပအာရုံများနှင့် တိုက်ပြီး လောဘ၊ ဒေါသ၊ မောဟတွေ ပေါ်လာရပါသည်။ ပြင်ပအာရုံများနှင့် တိုက်ပြီးဝင်လာသော အာရုံများကို မနောပေါက်ခန္ဓာမှ စုစည်းပြီး လက်ခံ၊ လက်မခံ ဆုံးဖြတ်ပါသည်။
ဆုံးဖြတ်ချက် လက်ခံလိုက်လျှင် သမုဒယ အကြောင်းခံ ဖြစ်လာသည်။ သမုဒယ အကြောင်းခံလျှင် ဒုက္ခဖြစ်လာမှာ သေချာပါသည်။ သမုဒယအရင်းခံ ကြောင့် တဏှာဖြစ်လာသည်။ တဏှာကြောင့် ဖြစ်လာ ကြသည်များမှာ -
၁။ တဏှာကို စွဲ၍ ရှာမှီးခြင်း (ဖြစ်၏)
၂။ ရှာမှီးခြင်းကို စွဲ၍ ရခြင်းကို (ဖြစ်၏)
၃။ ရခြင်းကို စွဲ၍ ကြံစည် ဆုံးဖြတ်ခြင်း (ဖြစ်၏)
၄။ ကြံစည် ဆုံးဖြတ်ခြင်းကို စွဲ၍ ဆန္ဒရာဂ (ဖြစ်၏)
၅။ ဆန္ဒရာဂကို စွဲ၍ 'ငါ့ဟာ' အားကြီးသော
ဆုံးဖြတ်ခြင်း (ဖြစ်၏)
၆။ အားကြီးသော ဆုံးဖြတ်ခြင်းကို စွဲ၍
သိမ်းဆည်းခြင်း (ဖြစ်၏)
၇။ သိမ်းဆည်းခြင်းကို စွဲ၍ ဝန်တိုခြင်း (ဖြစ်၏)
၈။ ဝန်တိုခြင်းကိုစွဲ၍ စောင့်ရှောက်ခြင်း(ဖြစ်၏)
၉။ စောင့်ရှောက်ခြင်းကြောင့် တုတ်ကိုင်၊ လက်နက်ကိုင်၊ ခိုက်ရန်ငြင်းခုံ၊ ကုန်းတိုက် စသော အကုသိုလ်တရားတို့ ဖြစ်ကုန်၏။
(တဏှာမူလကသုတ်၊ အင်္ဂုတ္တိုရ်)
ဖြစ်ပေါ်လာသော လောဘ၊ ဒေါသ၊ မောဟ တရားများကို လက်ခံလိုက်သည်နှင့် ဒုက္ခသဘောဖြစ် သော စိတ် မငြိမ်းမချမ်း၊ မတည်ငြိမ်မှုတွေ ဖြစ်ပေါ်လာ ပါသည်။ ထိုသို့ ခန္ဓာကိုယ်အတွင်း စိတ်မတည်မငြိမ်ဖြစ် ပေါ်လာပြီး၊ စိတ်ငြိမ်းချမ်းရေး မရနိုင်ပါ။
စိတ်ငြိမ်းချမ်းမှုအတွက် သမာဓိ လိုလာပါသည်။ သမာဓိမရှိလျှင် အမှန်မြင်၊ အမှန်သိ(ဝိဇ္ဇာ) မဖြစ်နိုင်ပါ။ (အဝိဇ္ဇာ) ဖြစ်ပေါ်နေပါသည်။ အဝိဇ္ဇာဖြစ်နေလျှင် နိဗ္ဗာန် နှင့် ဝေးနေပါသည်။
နိဗ္ဗာန်နီးလာအောင် (တည်ငြိမ်မှု) တည်ဆောက် ရပါမည်။ သမာဓိတည်ဆောက်နိုင်အောင် ကျွန်တော်တို့ သည် (အာနာပါန)ဖြင့် စတင်တည်ဆောက်ရပါသည်။ ခန္ဓာငါးပါးကို ရှုမှတ်ရပါမည်။
ခန္ဓာငါးပါးမှာ-
၁။ ရုပက္ခန္ဓာ - ဖောက်ပြန်မှုအစု(ရုပ် ၂၈-ပါးအစု)
၂။ ဝေဒနာက္ခန္ဓာ - ခံစားမှုအစု(ဝေဒနာစေတသိက်အစု)
၃။ သညာက္ခန္ဓာ - မှတ်သားမှုအစု(သညာစေတသိက်)
၄။ သင်္ခါရက္ခန္ဓာ - ပြုလုပ်မှုအစု(ဝေဒနာ/သညာကြွင်းသော စေတသိက်အစု)
၅။ ဝိညာဏက္ခန္ဓာ - သိမှုအစု (စိတ် ၈၉-ပါး) တို့ ဖြစ်ပါသည်။
ယင်းမှာ ခန္ဓာ၏ အပါင်းအစုကို ရှုမှတ်ရခြင်း ဖြစ်ပါသည်။
ခန္ဓာငါးပါးကို သိပြီးမှတ်ပြီးမှ မိုးကုတ်ဆရာတော် ကြီး ညွှန်ပြသော သဠာယတနတို့ကို ခန္ဓာဖွဲ့ပြီး ရှုမှတ် ကြပါမည်။ ဒွါရ(၆)ပါးနှင့် အာရုံ(၆)ပါး(အတိုက်) တို့ကို လက်မခံဖြစ်အောင် ကြိုးစားရှုမှတ်ရပါမည်။
အာရုံ(၆)ပါးကို လက်ခံလိုက်သဖြင့် လောဘ၊ ဒေါသ၊ မောဟဖြစ်လာလျှင် သွားရမည့်လမ်းမှာ ရှင်းရှင်း လင်းလင်း ရှိသည်။ လောဘနှင့်သေလျှင် ပြိတ္တာဘုံ၊ ဒေါသနှင့် သေလျှင် ငရဲဘုံ၊ မောဟနှင့်သေလျှင် တိရစ္ဆာန်ဘုံတို့ပဲ ဖြစ်ပါသည်။ ကြိုက်ရာဘုံကို ရွေးပြီး သွားနိုင်ပါသည်။
မြတ်စွာဘုရားကမူ နိဗ္ဗာန်ဘုံကိုသာ သွားစေချင် သည်။ နိဗ္ဗာန်ကို မြင်စေချင်သဖြင့် သစ္စာ(၄)ပါးကိုသာ ဟောကြားတော်မူသည်။ သစ္စာ(၄)ပါးဖြစ်သော -
၁။ ဒုက္ခသစ္စာ - ဆင်းရဲခြင်းအမှန်တရား
၂။ သမုဒယသစ္စာ - ဆင်းရဲခြင်းအကြောင်း အမှန်တရား
၃။ နိရောဓသစ္စာ - ဆင်းရဲခြင်းငြိမ်းရာ အမှန်တရား
၄။ မဂ္ဂသစ္စာ - ဆင်းရဲခြင်းငြိမ်းရာ နိဗ္ဗာန်ရောက်ကြောင်း အမှန်တရားတို့ကို ဟောကြား ညွှန်ပြပါသည်။
ရုပ်ခန္ဓာကို ဖြစ်ပျက်ရှုမှတ်လျှင် သမာဓိအား ကောင်းကောင်း တည်ဆောက်၍ သိနိုင်သော်လည်း၊ ရုပ်ခန္ဓာအပျက်ကို ရှုမှတ်ရသည်မှာ ခက်ခဲလှပါသည်။ နာမ်ခန္ဓာအပျက်ကို မြင်သည်နှင့် မဂ်Óာဏ်၊ ဖိုလ်Óာဏ် ဖြစ်ပေါ်လာစေနိုင်ပါသည်။
မဂ်Óာဏ်ကနေ ဖိုလ်ဥာဏ် ကူးသွားသောအခါ အလွန်ငြိမ်းအေးသွားသော အသိကို ရရှိသွားကြသည်။ နောက်ဆုံး နိဗ္ဗာန်ကို အမှန်ယုံကြည်သွားကြပြီး နိဗ္ဗာန် ကို ရည်မှန်းကျင့်ကြံလာနိုင်ကြသည်။
ဝင်လေထွက်လေ (အာနာပါန) ရှုမှတ်ရသည်မှ ဝိပဿနာရှု၊ ဥာဏ်စဉ်အဆင့်ဆင့် တက်သည်အထိ ကျင့်ကြံသူအားလုံးသည် ဘာဝနာကုသိုလ်စိတ် ပြည့်ဝ ပြီးကြသူများသာ ဖြစ်သည်။ ဘာဝနာကုသိုလ်ရှိပြီဆို ကတည်းကလည်း သီလ(စောင့်ထိန်းခြင်း) ကုသိုလ်ရှိပြီး ဖြစ်ပါသည်။
ကုသိုလ်အကျင့်ကို နည်းသည်၊ များသည်၊ အောင်မြင်သည်၊ မအောင်မြင်သည်၊ ထိရောက်သည်၊ မထိရောက်သည်မှာ မိမိ၏ ရှုမှတ်ပွားများမှုသာ အဓိက ကျပါသည်။
ထို့ကြောင့် လောကုတ္တရာ(၉)ပါး အားလျော်စွာ ပြုလုပ်ပူဇော်အပ်သော တရားအားထုတ်ခြင်း ကုသိုလ် အစုစုကို ကျွန်တော်အပါအဝင် ယောဂီအပေါင်းတို့သည် အမျှဝေငှရန် သင့်တော်ပါသည်ဟု ယူဆမိပါသည်။
သန်းငြိမ်းအောင်(ပညာရေး)
Comments
Post a Comment