တောအရပ်မှီ အရညဝါသီ

 

တောအရပ်မှီ အရညဝါသီ

မြသန်းစံ


(၁)

တော၏ ရနံ့၊ တော၏ အဆင်း၊ တော၏အလှ မှန်သမျှတို့ သည် ဆိတ်ငြိမ်ခြင်း တည်းဟူသော သဘာဝတရားကို ဆောင်ယူလျက် သူတော်စင်တို့၏ နှလုံးအိမ်ကို ကြည်မွေ့စေနိုင်ပါသည်။ ထို့ကြောင့် သူတော်ကောင်းတရားကို အားထုတ် နေသူ မှန်သမျှ လူသူကင်းဝေးရာ မြို့ပြအငွေ့အသက်တို့ လွှမ်းမိုးခြင်းမှ ကင်းလွတ်ရာ၊ ကိလေသာအပူမီး များ လိုက်ပါ လောင်မြိုက်ခြင်းငှာ မစွမ်းနိုင်ရာသော တောရဂုံစုံမြိုင်ခြေ ရှိရာသို့ ချဉ်းကပ်ကြစမြဲဖြစ်ပါသည်။

''သူတော်ကောင်းတွေမှ ကိန်းအောင်းမွေ့လျော်ကြတဲ့ စုံတောမြိုင် ...

ပန်းမာလာကြိုင် ...လွမ်း စရာသာလှိုင် ...ကြိုင်သင်း ...''

'စုံတောမြိုင်' သီချင်းစာသား တစ်ပိုင်းတစ်စနှင့်အတူ တေးသံသာ ကိုပင် သတိရနေမိသေးတော့သည်။ သုံးလောကထွတ်ထား ဘုရားရှင် မဖြစ်မီ အလောင်းတော်မင်းသား ဘဝက မွေးဖွားရာအရပ်ကိုပင် ကြည့်ဦးတော့။

'လုမ္ဗိနီ အင်ကြင်းတော'။

ဘုရားဖြစ်တော်မူသော အရပ် ဒေသကိုလည်း ကြည့်ဦးတော့။

'ဥရုဝေလတော'။

ဘုရားရှင် တရားဦးဒေသနာ ဟောကြားရာ အရပ်ကိုကြည့်ဦး တော့ ...။

'မိဂဒါဝုန်တော'။

ဘုရားရှင်အဖြစ် (၄၅)ဝါကာလ သီတင်းသုံးခဲ့ပြီးနောက် နောက်ဆုံး ပရိနိဗ္ဗာန်ပြုရာဒေသကိုလည်း ကြည့် ဦးတော့။

'ကုသိနာရုံ အင်ကြင်းတော'။

အားလုံးသည် 'တော'အရပ် ဒေသမှာချည်း ဖြစ်သည်။ ဖွားမြင် တော်မူခြင်း၊ ဘုရားဖြစ်တော်မူခြင်း၊ တရားဦးဒေသနာ ဟောကြားခြင်း၊ ပရိနိဗ္ဗာန်ပြုခြင်း စသည်တို့သည် 'တော' အရပ်ကိုပင် မှီခဲ့လေ၏။

'မြို့ပြရဲ့ မွန်းကျပ်တဲ့ လူနေမှု စနစ်မှာ စီးမျောရင်းလေ ရက်စက် တဲ့ နေ့ရက်များ တိုက်ခတ်လို့ အားနည်းနေပြီဆို'

သီချင်းသမားဖြစ်ခဲ့သူမို့ ဥာဉ်၊ စရိုက်၊ ဝါသနာက အရှိန်မကုန်သေး ပြန်။ သည်တော့ ထူးအိမ်သင်၏ အမေ့အိမ် တေးစာသား အပိုင်းအစ သည်ပင် စာရေးနေစဉ် စိတ်ကူး အာရုံ၌ ဖျတ်ခနဲပေါ်လာမိပြန်ပါသေး သည်။

သောက အပူထုပ်ကိုယ်စီဖြင့် မြို့ပြ၏ ပလက်ဖောင်းရေးစီးကြောင်း ပေါ်၌ ထောင်းလမောင်းထအောင် သွားလာလှုပ်ရှားရုန်းကန်နေကြသော လူရောင်စုံများကို လှမ်းမြင်လိုက်မိ သေးသည်။ ကိုယ်တိုင်လည်း သည် ရေစီးကြောင်းထဲမှာ နှစ်ပေါင်း များစွာ စီးမျောခဲ့သည်ပေါ့။ ဆင်ယင် ထားသော ဝတ်ကောင်းစားလှ၊ ဟန်ဆောင်ပြုံးရယ်နေသော မျက်နှာ အတွန့် အကွေး အရေပြားလှုပ်ရှား မှုတို့၏ နောက်ကွယ်၌ ကိလေသာ ဓားတန်းလန်းကြီး ရင်ဝ၌ စူးစိုက်နေ သည်ကို မမြင်မိခဲ့။

ဘယ်လှည့်၊ ညာလှည့်၊ ခြေမြှောက်၊ လက်မြှောက် ကြိုးဆွဲရာ ကခိုင်းသမျှ အဝိဇ္ဇာ၊ တဏှာဇာတ် ဆရာ၏ ချည်နှောင်ဖွဲ့ထားသော ကြိုးစတွေကို သတိမပြုမိခဲ့။ မသိမှ စွဲလမ်းအား ပိုမည်ကိုး။

သစ္စာတရားကို မသိမှုတည်း ဟူသော 'အဝိဇ္ဇာ'သည် အာရုံမှန် သမျှကို တခုတ်တရ စွဲလမ်းစေတော့ သည်။ ငါ့အာရုံ၊ ငါ ခံစားစရာ သည်အာရုံလေး မရှိရင်တော့ဖြင့် အနေခက်လှချည်ရဲ့၊ သည်အာရုံ လေး ထပ်ရအာင် လုပ်ဦးမှာပါပဲ စသည်ဖြင့် ငါနှင့်အာရုံ၊ အာရုံနှင့်ငါ ချာချာလည် လုံးထွေးနေတော့သည်။

လူရှိလို့ အရိပ်ရှိနေခြင်း၊ လူ မရှိရင် အရိပ်မရှိနိုင်။ ဤသည်ကို သဘောသက်ဝင်သောအခါ စွဲလမ်း မှုအပေါ်၌ ငါဟု ထင်မှတ်။ ထို ငါမှ တစ်ဆင့် အာရုံကို သိမ်းပိုက်လိုစိတ် မီးတောက်မီးလျှံများကား ပြန့်ပွား ကူးစက်ကုန်တော့သည်။ နောက်ဆုံး တော့ ရောင်စုံလူစီးကြောင်းကြီးပေါ် ရောက်နေသူမှန်သမျှ အာရုံရောင်စုံ တို့၏ ဆွဲဆောင်ဖြားယောင်းမှုနောက် တကောက်ကောက်လိုက်ကာ မောရ မှန်း ပန်းရမှန်း မသိနိုင်တော့သည် အထိ ဖြစ်လာလေ၏။

အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့၊ စိတ်ကူး တည်းဟူသော အာရုံတောကြီး၏ အရှင်သခင်တို့ကလည်း တစ်ခုပြီး တစ်ခု မရိုးနိုင်လောက်အောင် မက် လုံးပေး ဖျက်ဆီးလျက် လူရောင်စုံ တို့အား အာရုံရောင်စုံတွေကြားထဲက ရုန်းမထွက်နိုင်အောင် တားဆီးထား တော့သည်။ ထိုအခါ လူရောင်စုံတို့ သည် 'အာရုံတော' ၌သာ ပျော်မွေ့ ရင်းက မွန်းကျပ် နစ်မြုပ်မှန်းမသိ နစ်မြုပ်လေတော့၏။

သည်တော့ 'အာရုံတော'မှ သည် 'သဘာဝတော' ဆီသို့ ခြေဦး လှည့်ဖြစ်ဖို့ ဆိုသည်မှာ မလွယ်လှ။ ထို့ထက်ပို၍ 'သဘာဝတော'ကြီး အတွင်း၌ သူတော်စင်တို့ မည်သို့ မည်ပုံ နှလုံးသွင်းနေထိုင်သွားကြပုံ ကို သိနိုင်ဖို့ ခက်ခဲလှစွာ၏။ ''ကိုယ့် အရာမှ မဟုတ်ပေဘဲ။ သည်တော့ ကိုယ်နှင့်မဆိုင်သလိုဘဲ နေလိုက်ကြ တော့မှာပေါ့'' ဟု ပြောလိုကလည်း ပြောနိုင်ပါ၏။

သို့သော် အတုမဲ့၊ အနှိုင်းမဲ့ ဘုရားရှင်နှင့်တကွ လက်ဝဲရံ၊ လက်ယာရံ ရဟန္တာမထေရ်မြတ်ကြီး များ၏ သဘာဝတော၌ နေထိုင်ပုံ၊ သဘာဝတောအပေါ် နှလုံးသွင်း ဆင်ခြင်ပုံတို့၏ အံ့လောက်ဖွယ် စိတ်ထားများအား တစ်စွန်းတစ်စ လေးမျှ ကြည်ညိုကြည့်စေချင်ပါ သည်။ တစ်နည်းအားဖြင့် မိမိ ရပ်တည်ရာ လက်ရှိ'အာရုံတော' မှသည် သူတော်စင် သူတော်မြတ် တို့နေထိုင်ရာ 'သဘာဝတော'ဆီသို့ အဝေးကြည့် မှန်ပြောင်းဖြင့် ခေတ္တ ခဏ လှမ်းမျှော် ကြည့်ရုံကလေးမျှ သာ ဖြစ်ပါသည်။ (ကြည့်ရှုပြီးသော် မိမိနှစ်သက်သလို ဆုံးဖြတ်ချက်ချ နိုင်ပါသည်။ ဤသည်ကတော့ ကာယကံရှင်၏ သဘောဆန္ဒအတိုင်း ပေါ့ ...)

(၂)

အင်ကြင်းတောကြီးကား သာယာလွမ်းမောဖွယ် ကောင်းလှ ပါဘိ။

ဤနေရာ၌ ကာဠုဒါယီမထေရ် သာ ပါလာခဲ့လျှင် ဘုရားရှင်အား ကပိလဝတ်နေပြည်တော်သို့ ပင့်ဖိတ် စဉ်က တော၏ သာယာလှပပုံ အဖွဲ့ အနွဲ့ကဲ့သို့ ပို၍ ဝေဝေဆာဆာ ဖြစ် ပါလိမ့်မည်။ ယခုတော့ ကာဠုဒါယီ မထေရ် ပါမလာခဲ့ပါ။ အင်ကြင်း တောကြီး၏ သာယာလှပပုံကို ခံစား ဖွဲ့နွဲ့သည်ဆိုသော်ငြား မထေရ်မြတ် ကြီးများသည် အာရုံဘက်သို့ ယိမ်း ယိုင်သွားခြင်း မရှိခဲ့ကြပါ။

အင်ကြင်းပန်းတို့ကား ပင်လုံး ကျွတ်ပွင့်နေချေပြီ။

ရဲရဲနီသော အင်ကြင်းပန်းပွင့် ဖတ်များ၏အဆင်းနှင့် ကျောက်ဆိုင် ကျောက်သားလို မာကျောဖြောင့်စင်း နေသော အင်ကြင်းပင်စည်ကြီးတို့၏ သဏ္ဌာန်များသည် စိတ်ကူးပုံရိပ်၌ ထင်လာလေ၏။

ဟော ...အင်ကြင်းပန်းရနံ့ တွေပင် လေညင်းအဟုန်ဖျော့ဖျော့ ၌ စီးမျောနေပါပေါ့။ ချိုအီနွဲ့နွဲ့ သင်း ပျံ့ပျံ့ အင်ကြင်းပန်း ရနံ့တွေကိုပင် သူတော်မြတ်တို့ ရှူရှိုက်နေမိကြပေါ့။

သူတော်စင် မထေရ်မြတ်တို့ သည်ကား ဂေါတမဘုရားရှင်၏ သာသနာ၌ထိပ်တန်းရောက် ဧတဒဂ်ရ ပုဂ္ဂိုလ်များပင်တည်း။ ပညာအရာ၌ ဧတဒဂ်ရ လက်ယာရံဖြစ်သော အရှင်သာရိပုတ္တရာ၊ တန်ခိုးကြီးသော အရာ၌ ဧတဒဂ်ရ လက်ဝဲရံဖြစ်သော အရှင်မဟာမောဂ္ဂလာန်၊ ဓုတင်ကို ကျင့်ဆောင် ဟောပြောတော်မူရာ၌ ဧတဒဂ်ရ လက်ယာရံဖြစ်သော အရှင်မဟာကဿပ၊ ဒိဗ္ဗစက္ခု အဘိညာဉ်အရာ၌ လက်ယာရံဖြစ် သော အရှင်အနုရုဒ္ဓါ၊ အရညကင် ဓုတင်ဆောင်သောအရာ၌ ဧတဒဂ်ရ လက်ယာရံ အရှင်ရေဝတ၊ ဗဟု သုတ၊ သတိမန္တ၊ ဂတိမန္တ၊ ဓိတိမန္တ၊ ဥပဋ္ဌာက ငါးဌာန၌ ဧတဒဂ်ရတော် မူသော ဘုရားရှင်၏ အနီးကပ် အလုပ်အကျွေးဖြစ်သော အရှင် အာနန္ဒာစသော မထေရ်မြတ် ကြီးခြောက်ပါးသည် ပင်လုံးကျွတ်ပွင့် နေသော အင်ကြင်းတောကြီး၏ သာယာလှပပုံ၊ သဘာဝတရားကို ကြည့်ရှုနေကြရင်းမှ ပညာအရာ၌ အကြီးမြတ်ဆုံးဖြစ်တော်မူသော အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီး က စတင်၍ မေးခွန်းထုတ်လိုက်လေ သည်။

''ငါ့ရှင် အာနန္ဒာ၊ ဤမျှလှပ တင့်တယ်၍ ပင်လုံးကျွတ်ပွင့်ကုန် သော အင်ကြင်းတောကြီးကို ပို၍ ကျက်သရေမင်္ဂလာ အဖြာဖြာနှင့် ပြည့်စုံလာစေရန် မည်သို့ပြုရလျှင် ကောင်းမည်နည်း ...''

အရှင်သာရိပုတ္တရာမထေရ် မြတ်ကြီး၏ မေးခွန်းသည်ပင်လျှင် ပညာရပ်တို့ ကိန်းခို၍ ပါလာလေပြီ။ ပန်းတွေ ြေ>ွခချလိုက်ရင် ကောင်း မလား၊ ကြွေပြီးသား ပန်းအကြွေတွေ လိုက်ကောက်ရင်း ပျော်ကြရင် ကောင်းမလား၊ သင်းပျံ့နေသော အင်ကြင်းပန်းရနံ့တွေ တဝကြီးရှူရှိုက် ၍ အနံ့အာရုံခံစားရင် ကောင်း မလား၊ တင့်တယ်ဝေဆာနေသော အင်ကြင်းတောကြီး၏ အဆင်းကို ကြည့်၍ တမေ့တမောအာရုံ ခံစား နေရရင် ကောင်းမလား စသည်ဖြင့် 'ကိလေသာတော'၊ 'အာရုံတော' များဆီသို့ တိမ်းညွှတ်လှုပ်နိုးသည့် သဘော လုံးဝမပါဝင်။ သူ့အတိုင်း တိုင်း ရှိနေသော သက်မဲ့သဘာဝ တရားကို ဖျက်လိုဖျက်ဆီးစိတ်မရှိ။ ထိုသက်မဲ့သဘာဝတရား၏ ကျက်သရေရှိမှုကိုပင် ပိုမို၍ တင့်တယ်အောင် မည်သို့မည်ပုံ မြှင့်တင်လျှင် ကောင်းမည်နည်း ဟူသော အမေး။ ပညာဧတဒဂ်ရ သူ၏ နှုတ်ဖျားမှ စီးကျလာသော အမေးဖြစ်၍လည်း ပညာရပ်က အပြည့်။

ထိုအမေးကို စတင်၍ဖြေကြား သူမှာလည်း ဧတဒဂ်ငါးဘွဲ့ရ အရှင် အာနန္ဒာ။

''အရှင်ဘုရား၊ အစ၏ကောင်း ခြင်း၊ အလယ်၏ ကောင်းခြင်း၊ အဆုံး၏ ကောင်းခြင်းနှင့် ပြည့်စုံ သော တရားတော်တို့ကို ဟောပြော နာကြားပြီးကာ ဝိပဿနာ ဘာဝနာ ကို အားထုတ်နေကြပါက ဤလှပ တင့်တယ် ပျော်မွေ့ဖွယ်ဖြစ်သော အင်ကြင်းတောကြီးသည် ပို၍ပင် ကျက်သရေ မင်္ဂလာကို ဆောင်ဖွယ် ဖြစ်ပါသည် ဘုရား''

အရှင်အာနန္ဒ၏ ဖြေကြားပုံ ကလည်း အင်ကြင်းရနံ့တို့ထက်ပင် ပို၍သင်းပျံ့လှပါဘိ။ သဘာဝ၏ အလှအပကို တရားတော်နှင့် ယှဉ်တွဲ ၍ တန်ဖိုးမြှင့်ပေးလိုသည့် အရှင် အာနန္ဒာ၏ စေတနာမှာလည်း ပညာ တွေယှဉ်တွဲ သီးခိုလျက်၊ ဘုရားရှင် တစ်ဆူ ပွင့်ထွန်းပေါ်ပေါက်လေမှ သိရ၊ ကြားရ၊ အားထုတ်ခွင့်ရသည့် 'ဝိပဿနာ ဘာဝနာ' တရားကို အရှင်အာနန္ဒာသည် သဘာဝ အင်ကြင်းတောကြီးအတွင်းသို့ ခေါ်ယူပင့်ဖိတ်ခဲ့ချေပြီ။

ဒုတိယဖြေကြားသူမှာ အရည ကင်ဓုတင်ဆောင်ဧတဒဂ်ရ အရှင် ရေဝတ မထေရ်မြတ်ဖြစ်ပါသည်။ မထေရ်မြတ်၏ အဖြေကိုလည်း ကြည့်ပါလေဦး ...။

''အရှင်ဘုရား ...သမထကို အားထုတ်ကာ စျာန်ဝင်စားပြီးလျှင် ဝိပဿနာဘာဝနာကို ကြိုးစား အားထုတ်နေကြပါလျှင် ဤလှပ တင့်တယ် မွေ့လျော်ဖွယ်ဖြစ်သော အင်ကြင်းတောကြီးသည် ပို၍ တင့်တယ်မင်္ဂလာရှိဖွယ် ဖြစ်ပါသည် ဘုရား''

မိမိစွမ်းဆောင်နိုင်ရာ၊ မိမိ ကျွမ်းကျင်ရာ၊ နိုင်နင်းရာဘက်မှသည် ဝိပဿနာဘာဝနာဘက်ဆီ သို့ ချဉ်းကပ်ကြခြင်း ဖြစ်သည်။ ဧတဒဂ်ရ ပုဂ္ဂိုလ်ဟူသည် မိမိစရိုက်၊ မိမိရရှိရာ ဧတဒဂ်ဘွဲ့ထူး၏ အရှိန် သတ္တိနှင့် မကင်းနိုင်ပါပေ။ ထိုသည့် အလျောက် မိမိ၏စရိုက်အရှိန်သတ္တိ နှင့် လျော်ညီစွာ ဖြေဆိုပုံအသီးသီး ကွဲပြားသွားကြသည်မှာလည်း စိတ်ဝင်စားစရာ ကောင်းလှ၏။

ထို့ကြောင့်ပင် ဒိဗ္ဗစက္ခု အဘိညာဉ်အရာ၌ ဧတဒဂ်ရသူ အရှင်အနုရုဒ္ဓါမထေရ်မြတ်က -

''ဒိဗ္ဗစက္ခု အဘိညာဉ်ဖြင့် သတ္တဝါအနန္တ၏ ဆင်းရဲဒုက္ခကို ခွဲခြမ်းစိတ်ဖြာကြည့်ရှု၍ သံဝေဂဖြစ် ကာ ဝိပဿနာဘာဝနာကို ပွားများ ရသော် ဤအင်ကြင်းတောကြီး သည်'' ဟူ၍ လည်းကောင်း။

ဓုတင်ကို ကျင့်ဆောင်ဟော ပြောတော်မူရာ၌ ဧတဒဂ်ရသူ အရှင် မဟာကဿပမထေရ်မြတ်က -

''ဓုတင်ကို ဆောင်လျက် ဝိပဿနာတရား အားထုတ်ကြရပါ လျှင် ဤအင်ကြင်းတောကြီးသည် ...'' ဟူ၍ လည်းကောင်း။

တန်ခိုးကြီးသောအရာ၌ ဧတဒဂ်ရ လက်ဝဲတော်ရံဖြစ်သူ အရှင်မဟာမောဂ္ဂလန်မထေရ်မြတ်က-

''ဤအင်ကြင်းတောကြီး၌ အဘိဓမ္မာတရားကို ဆွေးနွေးမေးမြန်း ဖြေဆိုပြီးကြကာ ဝိပဿနာဘာဝနာ ကို ကြိုးစားအားထုတ်ကြပါမူကား ပို၍ တင့်တယ်မွေ့လျော်ဖွယ်ဖြစ်ပါ သည် ဘုရား'' ဟူ၍လည်းကောင်း၊ ကိုယ် သန်ရာသန်ရာရှုထောင့် အသီးသီးမှ အမြင်အသီးသီးကို လှစ်ဟကြလေသည်။

နောက်ဆုံးတွင် စကားဝိုင်း တို့၏ ထုံးစံအတိုင်း မူလမေးခွန်း စထုတ်သူထံသို့ပင် အားလုံးက ပြန် မေးကြလေသည်။ ထိုအခါ နောင်တော်ကြီးဖြစ်သော အရှင်သာရိ ပုတ္တရာ မထေရ်မြတ်ကြီးက -

''စိတ်၏ အလိုသို့မလိုက်ဘဲ သီလ၊ သမာဓိ၌ တည်ရှိနေလျက် ဝိပဿနာဘာဝနာကို အားထုတ်ရ သော် ဤပင်လုံးကျွတ် လှပသာယာ စွာ ပွင့်နေသော အင်ကြင်းတော ကြီးသည် သာ၍ပင် တင့်တယ် မွေ့လျော်ဖွယ်ရာ ဖြစ်၏'' ဟု ဖြေဆို လေသည်။

မည်သို့ပင် စရိုက်ကွဲကွဲ၊ မည်သို့ ဧတဒဂ်ရပုံကွဲကွဲ၊ ချဉ်းကပ် ပျိုးထောင် နှလုံးသွင်းပုံတွေ မည်သို့ ပင်ကွဲကွဲ၊ အထွတ်အထိပ်ဖြစ်သော 'ဝိပဿနာဘာဝနာ' အားထုတ်ခြင်း ဟူသော သံသရာလွတ်ရာတရား (သံသရာလွတ်ရာဦးတည်ချက်)၌မူ အတူတူပင်ဖြစ်၏။

မထေရ်မြတ်ကြီးတို့၏ စကား ဝိုင်းသည်ကား ပြီးဆုံးလေပြီ။ သို့သော် မထေရ်မြတ်တို့သာမက လောကသားအားလုံး၏ တစ်ဆူ တည်းသော 'ဆရာ'ဖြစ်တော်မူသော မြတ်စွာဘုရား၏ အဆုံးအဖြတ်ကို နာကြားရန်အတွက် ဆရာသမားထံ ချဉ်းကပ်ခဲ့ကြ၏။ ဘုရားရှင်သည် မထေရ်မြတ်တို့၏ စကားဝိုင်းမှ ဆွေးနွေးချက်များကို ငြင်းပယ်တော် မမူ။ သို့သော် ဘုရားရှင်ဟူသည့် အတိုင်း မည်သူမျှလိုက်၍ မမီနိုင် သော သဗ္ဗညုတÓာဏ်တော်ကြီးမှ ထွက်ပေါ်လာသော နှုတ်မြွက်စကား ကား အံ့မခန်းလှပါဘိ။

''သင်ချစ်သားတို့ သင်တို့ ထင် တိုင်းလည်း ကောင်းလှပေ၏။ ငါ ဘုရား၏ အလိုကား အကြင်ရဟန်း သည် ဆွမ်းစားပြီးသောအခါ တစ်နေရာရာတွင် တင်ပျဉ်ဖွဲ့ခွေပြီး နောက် ငါသည် တရားကို အားထုတ် အံ့။ အာသဝေါတရား မကုန်လျှင် ဤနေရာမှ မထပြီဟူ၍ ဝိပဿနာ တရားကို အားထုတ်ကာနေကြခြင်း သည် ဤပင်လုံးကျွတ်ပွင့်လျက်ရှိ သော အင်ကြင်းတောကြီးကို ပို၍ လှပတင့်တယ် မွေ့လျော်ဖွယ် ကျက်သရေမင်္ဂလာ အဖြာဖြာနှင့် ပြည့်စုံစေမည်'' ဟု မိန့်တော်မူလိုက် သည်။

မထေရ်မြတ်တို့၏ သာဓုခေါ် သံသည် အင်ကြင်းတောအတွင်းသို့ တိုးတိတ်စွာ ပျံ့နှံ့သွားလေသည်။

စိတ်သည် အကြင်မျှလောက် ကာလပတ်လုံး ခန္ဓာငါးပါးတွင် တစ်ပါးသော ခန္ဓာကိုမျှ တဏှာ၊ မာန၊ ဒိဋ္ဌိတို့ဖြင့် (ငါ၏ခန္ဓာ၊ ငါ၊ ငါ၏ကိုယ်ဟူ၍) စွဲယူနေသမျှ အာသဝေါတရားလေးပါးတို့မှ မလွတ်မြောက်သေး။ ထိုမလွတ် သေးသမျှ ကာလပတ်လုံး ငါသည် ဤဖွဲ့ခွေနေသော ထက်ဝယ်တင်ပျဉ် ကို မဖျက်တော့အံ့။ ဤသို့ စိတ်ကို ချ၍နေ၏။

(မူလပဏ္ဏာသပါဠိတော်၊ မဟာဂေါသိင်္ဂသုတ်)

အာသဝေါကုန်ခန်းပြီးတော့ ဧတဒဂ်ရ ရဟန္တာမထေရ်မြတ်တို့ ဆွေးနွေးပြောဆိုသည့်အထဲတွင် မပါ ဝင်ခဲ့သော ကွက်လပ်ကလေးတစ်ခု ကို ဘုရားရှင်သည် သဗ္ဗညုတဥာဏ် တော်ကြီးဖြင့် ဖြည့်စွမ်းပေးခဲ့လေပြီ။

ထိုအခါ အင်ကြင်းတောကြီး သည် ပို၍ ကျက်သရေမင်္ဂလာရှိသွား ခဲ့လေပြီ။

အင်ကြင်းတောကြီး၏ ပင်လုံး ကျွတ် ဖူးပွင့်ဝေဆာ တောလုံးအနှံ့ လှပသာယာမှုကို ပိုမိုတင့်တယ်စေ သည့် 'ဝိပဿနာဘာဝနာ' တရား နှင့်အတူ ထိုတရားကို အားထုတ်ရာ ၌ အာသဝေါ မကုန်ခန်းမချင်း တင်ပျဉ်ခွေမဖျက်ဟူသော သာသနာ့ အာဇာနည်စိတ်ဓာတ်တစ်ခုကို ဘုရားရှင်သည် ထောက်ညွှန်ပြခဲ့ လေပြီ။

သဘာဝတောကြီးထဲမှ သူတော်ကောင်းရနံ့တို့ကား ထုံသင်း မွှေးကြိုင်လှပေစွ။ သဘာဝတောကြီး ထဲမှ ဝိပဿနာ ဓမ္မရသတို့ကား ခံစား၍ မကုန်နိုင်အောင် ရှိပေစွ။ ထို့ထက်ပို၍ ဘုရားရှင် ထောက်ညွှန် ပြခဲ့သည့် ဝိပဿနာတရား အားထုတ်သူတိုင်း ထားရမည့် ခိုင်မာသော သန္နိဋ္ဌာန် ဆုံးဖြတ်ချက် သည်ကား သဘာဝတောကြီး၏ လက်ရှိအလှကို ပိုမိုတင့်တယ် လှပ နိုင်ပေစွ။

(၃)

အင်ကြင်းရနံ့တို့ သင်းပျံ့ရာ၊ သူတော်စင် မထေရ်မြတ်တို့ မွေ့လျော်ရာ၊ ဝိပဿနာတရားတို့ ဖြည့်စွက်ပံ့ပိုးရာ၊ ဓမ္မရသတို့ ခံစား ခွင့်ရရာ၊ ဝိမုတ္တိရသတို့ဖြင့် လွတ်မြောက်ရာ၊ လွတ်မြောက်ရာ အတွက် ကြီးမားသော သန္နိဋ္ဌာန်တို့ ကိန်းခိုရာ သဘာဝတောကြီးဆီသို့ အာရုံပြုမိရာမှ မိမိခန္ဓာရှိ ကိလေသာ တို့ အာရုံပြန်ပြုဖြစ်၏။

ထိုအခါ လက်ရှိကိလေသာ တောမှ မည်သည့်အချိန်၌ အပြီးတိုင် ရုန်းထွက်နိုင်မည်နည်းဟု မိမိကိုယ် ကို အထပ်ထပ်မေးမိ၏။ ဘုရားရှင် ညွှန်ပြသကဲ့သို့ တင်ပျဉ်ခွေ မဖျက် တော့အံ့ဟူသော သန္နိဋ္ဌာန်ကို မည်သည့်အခါ ချမှတ်နိုင်မည်နည်း ဟု မေးမိ၏။

အချိန် ရွေးနေဦးမည်လော။ နေရာ ရွေးနေဦးမည်လော။ ဒါဆိုရင် ပွားတတ်သော ကိလေသာကို မွေး၍ 'ကိလေသာတော'၌ပင် ပျော်နေပေ ရော့။ ဖြားယောင်းသွေးဆောင်မှု ကောင်းလှသော 'အာရုံတော' ၌ မောပန်း နွမ်းဟိုက်နေပေရော့။

မဖြေရဲရဲ၊ ဖြေရဲရဲ အားအင် ချည့်နဲ့သော စိတ်အဟုန်တို့ဖြင့် 'ကိလေသာတော' 'အာရုံတော'၌ မပျော်လည်း နေနေရသော ဘဝကို အာဒီနဝဖြစ်ရင်းမှပင် သဗ္ဗညုတ ဘုရားရှင်၏ ခိုင်မာတည်ကြည် လေးနက်လှသော စိတ်တော်နှင့် ကိလေသာ အာသဝေါတို့ ကုန်ခန်းပြီး ၍ အရဟံအမည်ရသော ဂုဏ်တော် တို့ကို ဦးခိုက် ကြည်ညိုနေမိပါသည်။

သည့်နောက် လက်ရှိ အားထုတ်နေဆဲ သတိပဋ္ဌာန် ဝိပဿနာ တရားတော်ကိုလည်း ဦးခိုက်ကြည်ညိုမိပါသေးသည်။

ထိုသည့်နောက်ဝယ် ဤဘဝ၊ ဤခန္ဓာ၌ တရားအားထုတ်ရမည် ဟူသောမျိုးစေ့ကို စတင်စိုက်ပျိုးပေး ခဲ့သည့် ကျေးဇူးတော်ရှင်ဆရာသခင် ဝနဝါသီ ေဥယျဓမ္မသာမိထေရ် (မဟာဗောဓိမြိုင်ဆရာတော်)နှင့်တကွ ဥာဏ်လမ်း အဆင့်ဆင့်ကို ပြသ ပေးခဲ့ကြသည့် ဆရာတော်မထေရ် မြတ် အသီးသီးအားလည်း ဂါရဝ တရားဖြင့် မမေ့မလျော့ ဦးခိုက် ကြည်ညိုမိပါသေးသည်။

ဤအချိန်ဆိုလျှင် မြန်မာပြည် အရပ်ရပ်၌ တောအရပ်မှီလေ့ရှိသော 'အရညဝါသီ' ဘွဲ့အမည်ရ မဟာ ဗောဓိမြိုင် ဆရာတော်မထေရ်မြတ် ကြီးသည်လည်း မဟာမြိုင်တော၏ တစ်နေရာ၌ တော၏ရနံ့၊ တော၏ အဆင်း၊ တော၏အလှတို့ဖြင့် တင့်တယ်ဝေဆာနေသော သဘာဝ တော၏ ရသကို ရှေးမထေရ်မြတ် ကြီးတို့ကဲ့သို့ပင် ထပ်တူထပ်မျှ ဆင်ခြင်နှလုံးသွင်းနေမည်ကို မှန်းမျှော်ဦးခိုက်ကြည်ညိုနေမိရင်း ....။


မြသန်းစံ

၂၅-၂-၂ဝဝ၃ 

Comments

Popular posts from this blog

သရဏဂုံသုံးပါး ပုတီးစိပ်နည်း

ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူသော ဘုရားငါးဆူတို့၏ ကွာခြားချက်များ

ဂုဏ်တော်တစ်ထောင်ပုတီးစိပ်နည်း