၀ါ၊ ရာထူး၊ ရိုသေခြင်း


 ၀ါ၊ ရာထူး၊ ရိုသေခြင်း

ဒေါက်တာအရှင်ဣန္ဒက(Dhamma Garden)


ဒေါက်တာအရှင် ဝါလား၊ အရည်အချင်းလား ဆိုတဲ့ ပို့စ်တစ်ခု အွန်လိုင်းမှာ တင်ဖြစ်တယ်။ ရေးနေတဲ့စာရဲ့ ဦးတည်ချက် က သံဃာကို ဘာကြောင့် ဘယ်လို ကိုးကွယ်ရသလဲ ဆိုတာကို ရေးနေတာပါ။

ဒါကို ရေးထားတာ အများကြီးရှိပြီးသားမို့ သိသင့် သိထိုက်တာလေးတွေနဲ့ တွေးမိတွေးရာကလေးတွေကို ကြားညှပ်ပြီး ရေးနေတာပါ။ သာမန်လူတွေထက် သာသနာ့ညီတော်နောင်တော်များ လာပြီး ဖတ်ကြတာ တွေ့ရတယ်။ အားပေးကြတယ်။ အားတက်စရာပဲ။ အဲဒီလို အားပေးတဲ့အထဲမှာ တစ်ယောက်က (ဝါလား၊ အရည်အချင်းလား)ဆိုတဲ့ ပို့စ်နဲ့ပတ်သက်ပြီး ဒီလိုလေး မှတ်ချက်ပြုထားပါတယ်။ ကျေးဇူးအရမ်းတင်ပါတယ်။

Anonymous said

ဘုရားရှင်က ရာထူးပေးတဲ့နေရာမှာ ဝါကြီးတဲ့ ဆရာဖြစ်တဲ့ ရှင်အဿဇိကို ကြီးတဲ့ရာထူးမပေးပါဘူး။ တပည့်ဖြစ်တဲ့ ဝါငယ်တဲ့ ရှင်သာရိပုတ္တရာ၊ ရှင်မောဂ္ဂလာန်တို့ကို ကြီးတဲ့ရာထူး ပေးခဲ့ပါတယ်။ ဒါကိုကြည့်ရင် ဘုရားရှင်က အသက်ကြီးတာထက် အရည်အချင်းရှိတာကို ပိုဦးစားပေးကြောင်း ထင်ရှား ပါတယ်။ (ဒါအရင် ပို့စ်ထဲကဟာကို သူကူးလိုက်တာ။)

သူမေးတာက သူသိချင်တာက သူ့ဆန္ဒက ''ဒီနေရာ မှာ အရည်အချင်းဆိုတာ ပါရမီကိုဆိုလိုတာလား ဘုရား၊ တပည့်တော်အမြင်တော့ လက်ဝဲရံ လက်ယာရံ အရှင် မြတ်တို့ ဖြည့်ဆည်းခဲ့တဲ့ နောက်ကြောင်းပါရမီဓာတ်ခံ ကို(တစ်အသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကာလ) ကြည့်ပြီး ဘုရားရှင်က လက်ဝဲရံ၊ လက်ယာရံအဖြစ် ခန့်အပ်တယ် လို့ ထင်တာပဲ ဘုရား။ ပထမဆုံး တရားသိတဲ့ အရှင် ကောဏ္ဍညအရှင်မြတ် လက်ဝဲရံ လက်ယာရံဖြစ်ခွင့်မရှိ တာလည်း ဒီသဘောပါပဲ။ သို့ပေမဲ့လည်း ကြီးသူကို ရိုသေ၊ ရွယ်တူကိုလေးစားသမှုရှိဖို့ကတော့ ဘုရားရှင်ရဲ့ အလိုတော်ကျပါ။''

ဒါလေးက စာဖတ်သူတစ်ယောက် မှတ်ချက်ပြုထား တာလေးပါ။

မှန်ပါတယ်။ ဗုဒ္ဓဘာသာမှာ (ရဟန်းလောကမှာ ရော၊ လူ့လောကမှာပါ)ကြီးတဲ့သူကို အရိုအသေ ပေးရမှာပါ။ ရဟန်းလောကမှာတော့ တစ်စုံတစ်ယောက်က ရဟန်း ပြုတဲ့အခါ ရဟန်းသစ်အတွက် သိမ်ထဲမှာ ပြုလုပ်သင့် ပြုလုပ်ထိုက်တဲ့လုပ်ငန်း၊ ကမ္မဝါဖတ်ခြင်းလုပ်ငန်းတွေ ပြီးဆုံးတာနဲ့ တစ်ပြိုင်နက် ရဟန်းဖြစ်တဲ့ အချိန်အခါ၊ ရဟန်းဖြစ်တဲ့ နေရာဒေသတွေ ပြောကြားရပါတယ်။

တာဝဒေဝ ဆာယာ မေတဗ္ဗာ၊

ဥတုပ္ပမာဏံ အာစိက္ခိတဗ္ဗံ၊

ဒိဝသဘာဂေါ အာစိက္ခိတဗ္ဗော

(ဝိနည်းမဟာဝါပါဠိတော် စာ၊ ၁၃၃)

ဒီအတွက် အခုခေတ်မှာ ရဟန်းခံရက်ချုပ် ဆိုပြီး ရဟန်းဖြစ်မှတ်တမ်းလေးတွေကို လုပ်ပေးလေ့ရှိပါတယ်။ ရည်ရွယ်ချက်က ကိုယ်ဘယ်နေ့ ဘယ်အချိန်အခါ ဘယ် ဒေသမှာ ရဟန်းဖြစ်တယ်ဆိုတာ သိရှိဖို့နဲ့ ဒီလိုသိရှိပြီး ကိုယ့်ထက် တစ်စက္ကန့်ပင် ကြီးတဲ့ ရဟန်းတစ်ပါးပါးကို တွေ့ရှိက ကိုယ်က အရိုအသေပေးဖို့နဲ့ ကိုယ့်အောက် တစ်စက္ကန့်ပင် ငယ်တဲ့ ရဟန်းတစ်ပါးပါးကို တွေ့ရှိက ကိုယ်က အရိုအသေခံဖို့ပါ။ ဆိုတော့ ကြီးတဲ့သူကိုရိုသေ ရမယ်ဆိုတာ အထူးပြောဖို့လိုမယ်မထင်ပါဘူး။

ဆက်စပ်လို့ ရှင်သာရိပုတ္တရာကြီးအကြောင်းကိုပဲ ဆက်လေ့လာကြည့်ရအောင်။ ဘုရားရှင်က ရှင်သာရိ ပုတ္တရာကြီးကို လက်ယာတော်ရံရာထူး ခန့်အပ်လိုက် တာဟာ ရှင်သာရိပုတ္တရာကြီးက ရှင်အဿဇိကို မင်းက ရာထူးပိုကြီးတယ်၊ ရိုသေစရာ မလိုတော့ဘူးဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရာထူးခန့်အပ်တာ မဟုတ်ပါဘူး။ လုပ်ငန်းလုပ်တဲ့နေရာ အဆင်ပြေအောင်လို့ပါ။ ရာထူးနဲ့ ဝါကြီးတာနဲ့ ကွဲကွဲပြားပြားသိဖို့လိုပါတယ်။ ရာထူးရှိတဲ့ သူက လုပ်ပိုင်ခွင့် ပိုရပါတယ်။ ဒါပေမဲ့ ဝါကြီးတဲ့သူကို တော့ အရိုအသေပေးရမှာပါပဲ။

ဒါကြောင့် ရှင်သာရိပုတ္တရာက သူ့ဆရာရှင်အဿဇိ ကို ဘယ်လောက်အရိုအသေပေးသလဲဆိုရင် သူဘယ် ရောက်ရောက် ရှင်အဿဇိရှိတဲ့ဘက်ကိုပဲ ဦးခေါင်းထား အိပ်တယ်တဲ့။ ရှင်သာရိပုတ္တရာ ကျောင်းတစ်ကျောင်း ကိုရောက်ပြီဆိုရင် အဲဒီကျောင်းမှာ ရှင်အဿဇိလည်း ရှိနေမယ်ဆိုရင် ဘုရားရှင်ပြီးရင် ရှင်အဿဇိထံ တန်း သွားပြီး အရိုအသေပေးတာတဲ့။ သူ့ဆရာကို ဒီလောက် တောင် လေးစားတာ။

It is said that every night on going to bed he would do obeisance to the quarter in which he knew Assaji to be and would sleep with his head in that direction.

DhA. iv.150f, cfSNA.1.328

If Assaji were in the same vihara, Sariputta would visit him immediately after visiting the Buddha.


ရာထူးရထားလို့ လုပ်ငန်းကိုင်ငန်းလုပ်ရရင်တော့ ရှင်သာရိပုတ္တရာက ရှေ့ကပေါ့။ သူက ရာထူးကြီးတာ ကိုး။ ဝါလား၊ အရည်အချင်းလားဆိုတာနဲ့ဆက်စပ်လို့ ရှေးဆရာတော်ကြီးတစ်ပါး သုံးသပ်ပြတာကို ကြားဖူး တယ်။ မြန်မာပြည်သာသနာ့သမိုင်းမှာ လယ်တီဆရာ တော်ကြီးဟာ ပါဠိစာပေ တစ်ဘက်ကမ်းတတ်တဲ့ဆရာ တော်ကြီးပါတဲ့။ ဒါပေမဲ့ ဒီနေ့ဒီအချိန်အခါမှာ လယ်တီ မျိုးဆက်ဟာ အတော်လေးမှေးမှိန်သွားတာတွေ့ရတယ် တဲ့။ဒါဟာ အရည်အချင်းသမားကို ရှေ့တန်းတင်မှုနည်း ခဲ့လို့တဲ့။ မန္တလေး မစိုးရိမ်ကျောင်းကိုကြည့်တဲ့။ သကျ သီဟစာမေးပွဲအောင်မှ စာချ၊ နာယကခန့်အပ်တာဆို တော့ ဒီနေ့ဒီအချိန်ထိ မစိုးရိမ်ကျောင်းဟာ 'ကျ'မသွား ဘူးတဲ့။ ဒါဟာ ဝါကြီးသည်ဖြစ်စေ၊ ဝါငယ်သည်ဖြစ်စေ အရည်အချင်းရှိတဲ့သူကို ရာထူးပေးအပ်လို့ သက်တမ်း ရှည် ကာလကြာရှည် အောင်မြင်နေတာတဲ့။ ပရိယတ္တိ စာသင်တိုက်တွေအတွက် နမူနာယူစရာအချက်ပဲ။ ပရိယတ္တိသာသနာ့တက္ကသိုလ်တွေမှာလည်း ဒီအတိုင်းပဲ။ ဝါကို ဦးစားပေးမှာလား၊ အရည်အချင်းကို ဦးစားပေး မှာလား။ သံဃနာယကဖွဲ့စည်းပုံတွေလည်း ပါတာပေါ့။

ဝါလား၊ အရည်အချင်းလား

တည်တည်ငြိမ်ငြိမ်၊ ခန့်ခန့်ညားညား၊ လောဘ ဒေါသ သောကတွေ ကင်းစင်တဲ့ မျက်နှာထားနဲ့ ဆွမ်း ခံကြွနေတဲ့ ရှင်အဿဇိသွားရာနောက်က ဥပတိဿ ဆိုတဲ့ သူငယ်လေး မသိမသာ ကပ်လိုက်သွားတယ်။ တစ်နေရာရောက်တော့ ရှင်အဿဇိ ဆွမ်းဘုဉ်းပေးတယ်။ ဥပတိဿ ဆိုတဲ့သူငယ် ဘေးနား အသာလေး ထိုင်နေ တယ်။ ရှင်အဿဇိလည်း ဆွမ်းဘုဉ်းပေးပြီးရော သူသိချင်တာကို မေးပါတော့တယ်။

''အရှင်၊ အရှင့်ကိုကြည့်ရတာ အတော်ငြိမ်းချမ်းမှု ရှိတယ်၊ ဒီတော့ အရှင့်ရဲ့သန္တာန်မှာ တရားထူးရှိမယ် လို့ယူဆတယ်၊ အဲ့လိုတရားထူးများရှိလို့ သိထားတယ် ဆိုရင် ပြောပြ ဟောပြစမ်းပါ''တဲ့။

ဒီတော့ ရှင်အဿဇိက ငါက ရှည်ရှည်ဝေးဝေး မပြောပြတတ်ဘူး။ တိုတိုပဲ ပြောပြတတ်တယ်။ ရှည်ရှည် ဝေးဝေး သိချင်ရင်တော့ ငါတို့ဆရာ ဂေါတမရှိတယ်၊ သူ့ဆီကို သွားမေးပါလို့ပြောတယ်။

အရှင်ပြောတတ်သလောက် တိုတိုသာပြောပါလို့ ပြောတော့ ရှင်အဿဇိက 'ယေဓမ္မာ ဟေတုပ္ပဘဝါ၊ တေသံ ဟေတုံ တထာဂတော အာဟ'စတဲ့ ဂါထာ လေးကို တိုရှင်း လိုရင်း သူသိသလောက် ဟောပြပါ တယ်။ အဓိပ္ပာယ်က 'အကြောင်းကြောင့် အကျိုးဖြစ်' ပါပဲ။

ဒါလေးကြားလိုက်တာနဲ့ ချက်ချင်း အလင်းရသွား တယ်။ သောတာပန်ဖြစ်သွားတယ်။ ဒါနဲ့သူ့သူငယ်ချင်း ကောလိတကို လိုက်ရှာပြီး ပြန်ပြောပြတယ်။ သူငယ်ချင်း ဖြစ်သူလည်း သောတာပန်ဖြစ်သွားတယ်။ နောက်ပိုင်း တော့ ဘုရားရှင်နဲ့တွေ့ပြီး ရဟန္တာတွေ ဖြစ်သွားတယ်။ ရှင်သာရိပုတ္တရာ၊ ရှင်မောဂ္ဂလာန်လို့ ထင်ရှားလာပြီး ဘုရားရှင်က သူ့ရဲ့ညာလက်ရုံး၊ ဘယ်လက်ရုံး အဂ္ဂသာဝက(အကြီးဆုံးတပည့်ကြီးနှစ်ဦး)ရာထူးကို ခန့်အပ်ပါတယ်။

စဉ်းစားမိတာလေး ပြောကြည့်ချင်တယ်။ ဒီနေရာ မှာ ရှင်သာရိပုတ္တရာ၊ ရှင်မောဂ္ဂလာန်တို့ဆရာက ရှင်အဿဇိဖြစ်တယ်။ ရှင်အဿဇိဆိုတာက ပထမဦးဆုံး ရဟန်းဘောင်ရောက်လာတဲ့ ပဉ္စဝဂ္ဂီငါးဦး(ရဟန်းငါးပါး အုပ်စု)ထဲက တစ်ပါးအပါအဝင်ဖြစ်တယ်။ ရှင်အဿဇိ က ရဟန်းသက် ဝါအနေအားဖြင့် ကြီးရုံမျှမကဘဲ ရှင်သာရိပုတ္တရာ၊ ရှင်မောဂ္ဂလာန်တို့ရဲ့ဆရာလည်း တော် ခဲ့တယ်။ ဒါပေမဲ့ ဘုရားရှင်က ရာထူးပေးတဲ့ နေရာမှာ ဝါကြီးတဲ့ ဆရာဖြစ်တဲ့ ရှင်အဿဇိကို ကြီးတဲ့ရာထူး မပေးပါဘူး။ တပည့်ဖြစ်တဲ့ ဝါငယ်တဲ့ ရှင်သာရိပုတ္တရာ၊ ရှင်မောဂ္ဂလာန်တို့ကို ကြီးတဲ့ရာထူးပေးခဲ့ပါတယ်။ဒါကို ကြည့်ရင် ဘုရားရှင်က အသက်ကြီးတာထက် အရည် အချင်းရှိတာကို ပိုဦးစားပေးကြောင်း ထင်ရှားပါတယ်။

နောက်ပိုင်းတော့ ဘုရားရှင်သာသနာတော်မှာ ရှင်မဟာကဿပ၊ ရှင်အာနန္ဒာ၊ ရှင်အနုရုဒ္ဓါ၊ ရှင်ဥပါလိ စသဖြင့် ရဟန္တာတပည့်ကြီးတွေ ထွန်းကားလာပါတယ်။ ဘုရားရှင် သက်တော်ထင်ရှားရှိစဉ် (၄၅)နှစ်တာကာလ အတောအတွင်း ဘုရားရှင်သာသနာ နေလို လလိုမက နေထက် လထက်ကို ထွန်းကားလာပါတယ်။

မဟာသက္ကရာဇ် ၁၄၈- ခု(ဘီစီ -၅၄၄) ကဆုန်လ ပြည့် အင်္ဂါနေ့၊ သက်တော် (၈ဝ) အရွယ်မှာ ကုသိနာရုံ ပြည်၊ အင်ကြင်းဥယျာဉ်မှာ ဘုရားရှင် ပရိနိဗ္ဗာန်စံတော် မူတယ်။ အရှင်မဟာကဿပမထေရ်ကြီးက နောက်ပါ ရဟန်း (၅ဝဝ)နဲ့အတူ မြတ်စွာဘုရားကို ဖူးမြော်ဖို့ ပါဝါ ပြည်မှ ကုသိနာရုံသို့အသွား လမ်းခရီးမှာ ကုသိနာရုံမှ ပါဝါပြည်သို့လာတဲ့ တက္ကဒွန်းတစ်ယောက်နဲ့ တိုးတယ်။ တက္ကဒွန်းထံမှ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံ ကွယ်လွန် တော်မူကြောင်း သိရတော့ သံဃာအများစု ဝမ်းနည်း ပက်လက်ဖြစ်ပြီး ငိုကြွေးကြတာပေါ့။ ဒါပေမဲ့ သုဘဒ်လို့ ခေါ်တဲ့ရဟန်းကြီးကတော့ ငါ့ရှင်တို့၊ ဘာဝမ်းနည်းစရာ ရှိတုံး၊ ရှင်ကြီးဂေါတမရှိတုန်းက ဟိုဟာမလုပ်နဲ့၊ ဟိုမသွားနဲ့၊ ဒီလိုမစားနဲ့၊ ဒီကိုမသွားနဲ့ နဲ့ စည်းကမ်းတွေ များလိုက်တာ။ အခုတော့ ငါတို့နေချင်သလိုနေလို့ရပြီ၊ လွတ်လပ်ရေးအပြည့်အဝရပြီလို့ ပြောဆိုပြီး ဝမ်းမနည်း တဲ့အပြင် ဝမ်းတောင်သာနေလိုက်သေးတယ်။

သုဘဒ်ရဟန်းကြီး ပြောစကားကို ရှင်မဟာ ကဿပကြီး ကြားတော့ မသူတော်တရား မပြန့်ပွားမီ, သူတော်ကောင်းတရား မပျောက်ပျက်မီ ဘုရားရှင် ဟောကြားခဲ့တဲ့ တရားတော်တွေကို စုပေါင်းရွတ်ဖတ် သင်္ဂါယနာတင်ရရင် ကောင်းမှာပဲလို့ တွေးမိပြီး ဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီး (၃)လအကြာ မဟာသက္ကရာဇ် ၁၄၈-ခု၊ ဝါခေါင်လပြည့်နေ့မှာ ရဟန္တာမထေရ် (၅ဝဝ)နဲ့အတူ ပထမဆုံးအကြိမ် စုပေါင်းရွတ်ဖတ်တဲ့ ပထမသံဂါယနာပွဲ ကို ကျင်းပဖြစ်ခဲ့တယ်။

မြတ်စွာဘုရား ဟောကြားတော်မူခဲ့တဲ့ ဓမ္မနဲ့ဝိနယ ကို အုပ်စုသုံးစုခွဲတယ်။ ပြန့်ကျဲနေတဲ့ မြတ်စွာဘုရားရဲ့ တရားတော်တွေကို တူရာတူရာ မျိုးတူစု သုံးစုလုပ်ကြ တယ်။

၁။ ဝိနယပိဋက

၂။ သုတ္တန္တပိဋက

၃။ အဘိဓမ္မပိဋက

ဒီလိုစနစ်တကျ မျိုးတူစုတွေ ပေါင်းပြီး စီစဉ်ခဲ့လို့ နောင်လာနောက်သား ရဟန်းတော် အစဉ်အဆက် မှတ်သားရတာ လွယ်ကူလာတာပါ။

ပထမဦးဆုံးပြုလုပ်တဲ့ မြတ်စွာဘုရားတရားတော် တွေကို စုပေါင်းရွတ်ဖတ်တဲ့ ဒီသင်္ဂါယနာပွဲမှာ အမေး (ပုစ္ဆက)ဆရာတော်အဖြစ် ရှင်မဟာကဿပမထေရ်ကြီး က ဆောင်ရွက်ပြီး ဝိနည်းပိဋကတ်တော်ကို ရှင်ဥပါလိ မထေရ်က ဖြေဆိုရပါတယ်။ သုတ္တန္တပိဋကနဲ့ အဘိဓမ္မာ ပိဋကကိုတော့ ရှင်အာနန္ဒာမထေရ်မြတ်က ဖြေဆိုရပါ တယ်။

တကယ်လို့ ရှင်မဟာကဿပကြီးတို့သာ ဘုရားရှင် ဟောကြားခဲ့တဲ့ တရားတော်တွေကို စုပေါင်း ရွတ်ဖတ်တဲ့ ပထမသင်္ဂါယနာတင်ပွဲ မကျင်းပခဲ့ရင် ဒီနေ့ ဒီအချိန်အခါ ဗုဒ္ဓဘာသာဆိုတာရှိမှာမဟုတ်တော့ပါဘူး။ ဒါကြောင့် ဒီလို အမြော်အမြင်ကြီးမားတဲ့ ပထမသံဂါယနာမှာ ပါဝင်ခဲ့တဲ့ ရှင်မဟာကဿပ၊ရှင်ဥပါလိ၊ရှင်အာနန္ဒာစတဲ့သံဃာတော် ရဟန္တာအပါးငါးရာရဲ့ ကျေးဇူးတရားဟာ အနှိုင်းမဲ့ပါ။


ဒေါက်တာအရှင်ဣန္ဒက(Dhamma Garden)

Comments

Popular posts from this blog

သရဏဂုံသုံးပါး ပုတီးစိပ်နည်း

ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူသော ဘုရားငါးဆူတို့၏ ကွာခြားချက်များ

ဂုဏ်တော်တစ်ထောင်ပုတီးစိပ်နည်း