ချမ်းသာနှင့်ဆင်းရဲ
ချမ်းသာနှင့်ဆင်းရဲ
ဦးလွင်အောင်(မဟာဝိဇ္ဇာ)
လောကလူသားအားလုံး ချမ်းသာမှုကိုလိုလားကြ ပြီး ဆင်းရဲမှုကို မလိုလား မနှစ်သက်ကြပါဘူး။ သို့ပေမဲ့ လိုချင်တဲ့ ချမ်းသာအစား ဆင်းရဲခြင်းတွေကိုပဲ တွေ့ကြုံခံစားနေကြရတာများပါတယ်။ ချမ်းသာချင်လို့ တစ်ခုခုလုပ်တယ်၊လုပ်မိလို့ ဆင်းရဲတယ်။ အဲဒီတော့ နောက်ထပ် ချမ်းသာမယ်ထင်တဲ့ဟာတစ်ခု ထပ်လုပ် တယ်။ ထပ်ပြီး ဆင်းရဲမှုကိုပဲ တွေ့ရပြန်တယ်။ ဒီလိုနဲ့ သတ္တဝါတွေဟာ ချမ်းသာမှုကိုရှာရင်း ရှာရင်း ဆင်းရဲ တွင်းကနေ မတက်နိုင်ကြပါဘူး။ ဆင်းရဲပြီးဆင်းရဲ ဖြစ်နေကြတော့တာပါပဲ။
ဒါဟာ ဘာလို့ ဒီလိုဖြစ်နေကြရတာလဲ။ ချမ်းသာ အစစ်ဆိုတာကို နားမလည်တော့ မလိုချင်၊ ချမ်းသာ တုတွေကို အစစ်ထင်ပြီး လိုချင်နေကြလို့ပါပဲ။ ဒီလိုပဲ ဆင်းရဲအစစ်ကို မသိနားမလည်တော့ မကြောက်ကြဘဲ ဆင်းရဲအတုကိုပဲ ကြောက်ပြီး သက်သာရာရှာနေ ကြလို့ပါ။
အများခံစားလိုတဲ့ ချမ်းသာဆိုတာက ကောင်းတဲ့ အဆင်းလေးတွေ ကြည့်ချင်တိုင်း ကြည့်ခွင့်ရမယ်။ နားထောင်ချင်တဲ့ အသံလေးတွေ နားထောင်ချင်တိုင်း ကြားခွင့်ရှိမယ်။ မွှေးပျံ့တဲ့ရနံ့လေးတွေ ရှူချင်တိုင်း ရှူခွင့်ရမယ်။ ကောင်းတဲ့စားစရာလေးတွေ စားချင်တိုင်း စားရမယ်။ နူးညံ့တဲ့အထိအတွေ့လေးတွေ ထိတွေ့ချင် တိုင်း ထိတွေ့ခွင့်ရမယ်။ ကောင်းမယ်ထင်တဲ့ စိတ်ကူး လေးတွေ စိတ်ကူးချင်တိုင်း စိတ်ကူးခွင့်ရှိမယ်ဆိုတာ သတ္တဝါ အများ(လူအများ)ခံစားချင်တဲ့ ချမ်းသာမှုတွေ ပါပဲ။
အများကြောက်ကြတဲ့ မတွေ့ချင်ကြတဲ့ ဆင်းရဲဆို တာက မကောင်းတာတွေမြင်ရမယ်၊ မကောင်းတာဆို တာထက် ကိုယ်မကြည့်ချင်တာကို ကြည့်ရရင် ဆင်းရဲ တော့တာပဲ။ ဘယ်လောက် ချောချော လှလှ ကိုယ်နဲ့ မတည့်တဲ့သူ၊ ကိုယ့်အပေါ် မကောင်းကြံတဲ့သူဆိုရင် မတွေ့ချင် မမြင်ချင်ဘူးလေ။ မြင်ချင်တာကို မမြင်ရဘဲ မမြင်ချင်တာကို မလွှဲသာလို့ မြင်နေရရင် စိတ်ဆင်းရဲ တော့တာပဲ။ ကြားချင်တဲ့အသံ မကြားရဘဲ မကြားချင် တဲ့အသံ ကြားရရင် ဆင်းရဲတယ် ထင်တော့တာပဲ။ မကောင်းတဲ့ ရနံ့တွေ ရှူရှိုက်မိရင် ဆင်းရဲတော့တာပဲ။ သူများတကာ မွှေးတယ်ထင်တဲ့အနံ့ ကိုယ်မကြိုက်ရင် နံတယ် ထင်ကြတာပဲ။ သူများတကာ နံတယ်ထင်တာ ကို ကိုယ်ကြိုက်ရင် အရသာတွေ့နေတော့တာပဲ။ဒီလို ကိုယ်ကြိုက်တဲ့အနံ့ မရှူရဘဲ မကြိုက်တဲ့ရနံ့ ရှူရရင် စိတ်ဆင်းရဲတာပဲ။ စားချင်တဲ့အစာ မစားရဘဲ မစားချင် တဲ့အစာ စားရရင်၊ ထိတွေ့ချင်တာနဲ့မထိတွေ့ရဘဲ မထိ တွေ့ချင်တဲ့အရာနဲ့ထိတွေ့မိရင် ဆင်းရဲတော့တာပဲ။စိတ် ဆင်းရဲစရာတွေကို စဉ်းစားလိုက်မိတိုင်း ဆင်းရဲသည် ထက် ဆင်းရဲတော့တာပဲ။ ဆင်းရဲမှန်းသိပေမဲ့ မစဉ်း စားဘဲလည်း မနေနိုင်ကြဘူးလေ။
ဒါ့အပြင် မိမိချစ်ခင်သူနဲ့နီးစပ်ခွင့်မရတဲ့အခါ ဆင်းရဲ တော့တာပဲ။ ဒါကို ခေတ်စကားနဲ့ အသည်းကွဲတယ်လို့ ပြောကြတယ်။ နီးစပ်ခွင့်ရပြီးမှ ရှင်ကွဲဖြစ်စေ၊ သေကွဲ ဖြစ်စေ ကွဲကွာရတဲ့အခါ ခုနက ရိုးရိုးအသည်းကွဲတာ ထက် ပိုဆိုးတဲ့ နှလုံးပူပန်ခြင်းဖြစ်ရတော့တာပါပဲ။ ဒါကိုလည်း ဆင်းရဲတယ်လို့ပြောကြပါတယ်။ မိမိ မချစ် မနှစ်သက်သူ တစ်နည်အားဖြင့် မုန်းတဲ့သူနဲ့အတူနေနေ ရတဲ့အခါလည်း စိတ်နှလုံးဆင်းရဲတာပါပဲ။ အဲဒီလိုကိုယ် ဖြစ်ချင်တာတွေ မဖြစ်ရဘဲ ကိုယ်မဖြစ်ချင်တာတွေဖြစ် နေရတာတွေကိုပဲ ဆင်းရဲတယ်လို့ပြောကြတာပါပဲ။
တကယ်တော့ ဒါတွေဟာ တကယ့်ချမ်းသာဟုတ် ရဲ့လား၊ တကယ့်ဆင်းရဲ ဟုတ်ရဲ့လား။ စဉ်းစားသင့်ပါ တယ်။ ချမ်းသာလို့ထင်တဲ့ဟာတွေကို ပြန်ပြီး သုံးသပ် ကြည့်ရအောင်ပါ။ သာမန်ပုထုဇဉ်တွေ ခံစားချင်ကြတဲ့ ချမ်းသာမှုတွေဟာ တကယ်တော့ အကန့်အသတ် တစ်ခုအတွင်းမှာပဲ ချမ်းသာကြတာပါ။ ဒီအကန့်အသတ် ကို ကျော်လွန်သွားရင် မူလက ချမ်းသာတယ်ထင်ထားခဲ့ တာကို ဆင်းရဲတယ်လို့တောင် ပြောင်းပြန်ထင်မြင်ခံစား လာရနိုင်ပါတယ်။ ဥပမာအားဖြင့် -
အရမ်းစားချင်တဲ့ အစာအာဟာရ တစ်ခုကို မစားရခင်မှာ အလွန်အမင်း ဆန္ဒရှိလို့ စားခွင့်ရတဲ့အခါ ချမ်းသာမှုကို ခံစားနေရတယ်လို့ ထင်ခဲ့ပေမဲ့ ဗိုက်ပြည့်သွားတဲ့အခါ ဆက်ပြီး မစားချင်တော့ပါဘူး။ ဇွတ်အတင်းကျွေးရင် အန်ချင်စိတ်ဖြစ်ပြီး ဒုက္ခလို့ တောင်ထင်လာနိုင်ပါတယ်။ ဒီတော့ ချမ်းသာစစ် လို့ ဘယ်ပြောနိုင်တော့မလဲ။
စားရရင်၊ ကြည့်ရရင်၊ နားထောင်လိုက်ရရင်၊ ရှူရှိုက်ခွင့်ရရင်၊ ထိတွေ့ခွင့်ရရင် ချမ်းသာမယ်ထင်ခဲ့ တယ်။ လုပ်ချင်တာလုပ်ခွင့်ရလို့ လုပ်လိုက်တဲ့အခါ အရမ်းချမ်းသာတယ်လို့ခံစားရတယ်။ သို့ပေမဲ့ စား ပြီးမှ အစာအဆိပ်သင့်ခြင်း၊ ကြည့်ပြီးမှ နှလုံးမသာဖြစ်ခြင်း၊ ရှူရှိုက်ပြီးမှမူးဝေခြင်း၊ ထိတွေ့ပြီးမှအမှု အခင်းဖြစ်ခြင်း၊ အနာရောဂါဖြစ်ခြင်းတို့ဖြစ်တဲ့အခါ ချမ်းသာမရဘဲ ဆင်းရဲခြင်းကိုသာဖြစ်စေတဲ့အတွက် မိမိမူလက ချမ်းသာမှုလို့ထင်ခဲ့ခြင်းဟာ မှားနေပြီလို့ နောင်မှ နောင်တရတတ်ပါသေးတယ်။ဒါဟာ ချမ်းသာတုပါပဲ။
သားလေးတွေ၊ သမီးလေးတွေမမွေးခင် အရမ်းလိုချင်ကြ၊ မွေးပြီးစ အရမ်းချစ်ကြတာပဲ။ သူတို့လေး တွေ မြင်နေရရင်ပဲ အရမ်း စိတ်ချမ်းသာတာပဲ၊ ဘာလုပ်လုပ် ချစ်ဖို့ကောင်းနေတာပဲ။ ကြီးလာတော့ ကိုယ်ဖြစ်စေချင်သလိုမဖြစ်၊ ကိုယ်မကြိုက်တာတွေ လုပ်၊ ကိုယ့်ကို ဥပေက္ခာပြု၊ တချို့ဆို မိဘကို ရန်လုပ်တဲ့ သားသမီးတောင်ရှိသေး။ ဒီအခါမျိုးကျ အရင်က ချစ်စရာ ဝမ်းသာစရာ စိတ်ချမ်းသာစရာ လို့ထင်ခဲ့တဲ့ သားသမီးဟာ ကိုယ့်အတွက် စိတ်ဆင်းရဲစရာတွေဖြစ်ကုန်တော့တာပါပဲ။ ဒါကြောင့် ဒါမျိုးကို ချမ်းသာတုလို့ပြောချင်တာပါ။
ဒီတော့ ချမ်းသာစစ်ဆိုတာမပြောခင် ဆင်းရဲအစစ် ဆိုတာ ဘာလဲ စဉ်းစားကြည့်ရအောင်ပါ။ တကယ်တော့ လူတွေက ဒီဆင်းရဲအစစ်ကို မေ့လျော့နေကြတယ်။ဘယ်လိုလွတ်အောင်ရှောင်မလဲ မတွေးကြဘူး။သဘာဝပဲလေဆိုပြီး ပေါ့ပေါ့လေးတွေးနေကြတယ်။ ဒါကြောင့် လည်း ဒီဆင်းရဲအစစ်က မလွတ်နိုင်ကြတာပေါ့။
အရိယာလို့ခေါ်ကြတဲ့ သူတော်စင်တွေနဲ့အရိယာ ဖြစ်ဖို့ ကြိုးစားနေကြတဲ့ သူတော်ကောင်းတွေကျတော့ သာမန်ပုထုဇဉ်တွေ ချမ်းသာတယ်ထင်နေကြတာတွေကို မတမ်းတကြဘူး။ မမက်မောကြဘူး။ မလိုလား မတောင့်တကြဘူး။သာမန်ပုထုဇဉ်တွေ ဆင်းရဲတယ်လို့ ထင်နေကြတဲ့အရာတွေနဲ့ကြုံတွေ့ရတဲ့အခါ ဝမ်းမနည်း ဘူး၊ မတုန်လှုပ်ဘူး၊ နှလုံးမသာမဖြစ်ဘူး။
ဒါဟာ ဘာဖြစ်လို့လဲဆိုတော့ ချမ်းသာစစ်ကို သိ နေလို့၊ ဆင်းရဲဒုက္ခစစ်ကိုကြောက်လို့၊ ချမ်းသာတုတွေ ကို မလိုချင်တဲ့အပြင် ဆင်းရဲဒုက္ခတုတွေကို မကြောက် လို့ပဲ ဖြစ်ပါတယ်။ ဒီတော့ ဆင်းရဲဒုက္ခစစ်ဆိုတာ ဘာတွေလဲ လေ့လာကြည့်တဲ့အခါ တစ်နေ့တခြား အိုမင်း လာနေတာ တကယ့်ဒုက္ခပေါ့။ ငယ်ရာက ကြီးလာတာ လည်း အိုတာပဲ။ သို့ပေမဲ့ ဒီလိုကြီးပြင်းလာတာကိုပဲ ဝမ်းသာနေကြတာများပါတယ်။ တချို့ဆို မြန်မြန်လူကြီး ဖြစ်ချင်တယ်လို့တောင် ပြောကြသေးတယ်။ အိုတယ် ဆိုတာ သာမန်လို့ပြောနေကြပေမဲ့ တကယ်တော့ သေ ဖို့ နီးလာတာပါ။ သေရမှာကို လူတိုင်း ကြောက်ကြပါ တယ်။ သို့ပေမဲ့ တစ်နေ့တခြား ကြီးပြင်းလာခြင်း (တစ်နည်းအားဖြင့် အိုမင်းလာခြင်း)ဟာ သေဖို့ နီးနီး လာတယ်လို့ ဘယ်သူမှ မတွေးကြဘူး။ တစ်နှစ်တစ်ခါ မွေးနေ့တိုင်း ပျော်ပွဲတွေတောင် ကျင်းပပြီး ပျော်ရွှင် နေကြသူတွေ များပါတယ်။ တကယ်တော့ အဲဒီ အိုခြင်း ကမှ ဒုက္ခအစစ်ပေါ့။
မသေခင် ကိုယ့်ခြေ ကိုယ့်လက်ကိုတောင် မနိုင် တော့ဘဲ အိပ်ရာပေါ် ပက်လက်လှဲပြီး သူများလုပ်ကိုင် ပေးမှစားရသောက်ရ၊ ဝေဒနာမချိမဆံ့ခံစားရနဲ့ မြန်မြန် သေရင် ကောင်းမယ်လို့ အတွေးပေါ်တဲ့အထိ နှိပ်စက် တဲ့နာခြင်းဆိုတာလည်း ဒုက္ခအစစ်ပါပဲ။ နာခြင်း၊အိုခြင်း ရဲ့အဆုံးမှာ သေခြင်းဆိုတာ ရှိပါတယ်။ ပြောခဲ့သလိုပဲ သေရမှာကို လူတွေ မပြောနဲ့ တိရစ္ဆာန်တွေတောင်မှ ကြောက်ကြပါတယ်။ ဘယ်သူမှမသေချင်ကြပါဘူး။ ဒါပေမဲ့ မသေချင်သော်လည်း သေကို သေရမှာပါ။ ဒါကြောင့် သေခြင်းဆိုတာကလည်း ဒုက္ခအစစ်ပါပဲ။ သေခြင်းဆိုတာ ဘယ်သူမှမကင်းနိုင်ကြဘူး။ ဒါကို ဘာလို့ ပြဿနာရှာတာလဲ မေးစရာရှိပါတယ်။ သေပြီးနောက် ဘာဖြစ်မှာလဲ။ ဒါဟာ အတော်မရေရာတဲ့ကိစ္စပါ။ ဗုဒ္ဓ ဘာသာဝင်လို့ပြောကြသူတိုင်းက နောက်ဘဝရှိတယ် ဆိုတာ ယုံကြည်ကြပါတယ်။
ဒီတော့ နောက်ဘဝမှာ ဘယ်လိုဘဝမျိုးရောက်မှာ လဲ။ လူတွေသေကြတာကို သေချာ လေ့လာကြည့်ပါ။ ဝေဒနာကို အော်ဟစ်ခံစားပြီး မချိမဆံ့ပုံစံမျိုးသေကြသူ တွေရှိသလို ဘယ်လောက်ဝေဒနာကြီးစေကာမူ တည်တည်ငြိမ်ငြိမ်နဲ့ ပြုံးပြုံးရွှင်ရွှင် အေးအေးဆေးဆေး သေဆုံးသွားကြသူတွေလည်းရှိနေတာ တွေ့မြင်နေပါ တယ်။ သေဆုံးပြီးနောက် မာကြောတောင့်တင်းပြီး အပုပ်နံ့ အမြန်ထွက်ကြသူတွေရှိသလို သေပြီးနောက် ကာလကြာမြင့်စွာ ပျော့ပျော့ပျောင်းပျောင်းနဲ့ အနံ့ အသက် မရှိတဲ့သူတွေလည်း ရှိနေတာ ကြားဖူးကြမှာပါ။ ဒါဆိုရင် မချိမဆံ့အော်ဟစ်သေပြီး မြန်မြန်မာကြော တောင့်တင်း အပုပ်နံ့မြန်မြန်ထွက်ကြသူတွေဟာ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဆိုတဲ့ အပါယ်လေးဘုံ (ဒုက္ခိတဘဝ)တွေကို ရောက်သွားကြသူတွေလို့ ဆိုပါတယ်။ တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေး ကွယ်လွန်ပြီး ပျော့ပျော့ပျောင်းပျောင်းနဲ့ အနံ့အသက် ကင်းကြသူတွေ ကတော့ လူ၊ နတ်၊ ဗြဟ္မာ ဆိုတဲ့ ကောင်းရာသုဂတိဘဝ တွေကို ရောက်သွားကြတယ်လို့ ဟောပြောတဲ့တရားတွေ နာကြားဖူးပါတယ်။
ဘယ်ဘဝရောက်ရောက် ဘဝတစ်ခုဖြစ်ပြီဆိုတာနဲ့ အိုမင်းရင့်ရော်ခြင်းနဲ့သေဆုံးခြင်း၊ မသေမီ နာကျင် ခံစားရခြင်းဆိုတဲ့ ဒုက္ခစစ်တွေကို မလွဲမသွေခံစားကြရ တော့မှာပါ။ ငရဲဆိုတာက အကြားအလပ်မရှိ ဒုက္ခ ဆင်းရဲတွေကို မချိမဆံ့ခံစားရတဲ့ ဘဝမျိုးဖြစ်တော့ အပါယ်လေးဘုံထဲမှာ အဆိုးရွားဆုံးဘဝတွေပါပဲ။ ဒုတိယက တိရစ္ဆာန်ဘဝပေါ့။ ခုမျက်မှောက်ဘဝမှာ သတ္တဝါလေးတွေဟာ အချင်းချင်း အားကြီးသူက အားနည်းသူကို နှိပ်စက်ညှဉ်းပန်းပြီး သတ်ဖြတ် စားသောက်နေကြတာ မြင်တွေ့ရမှာပါ။ လူတွေ စားသောက်ဖို့အတွက်လည်း နေ့စဉ်နဲ့အမျှ ကြက်၊ ဆိတ်၊ ဝက်၊ နွားကောင်ရေပေါင်း မနည်းမနော သတ်ဖြတ် ခြင်းခံနေရတာပါ။ ငါး,ပုစွန်ဆိုတာတော့ နေ့စဉ် အသတ်ခံနေကြရတာ မရေမတွက်နိုင်အောင်ပါ။ ဒီဘဝ မျိုးကို မိမိရောက်လိမ့်မယ်လို့ ဘယ်သူမှ တွေးပြီး မကြောက်ကြဘူး။ ပြိတ္တာနဲ့အသူရကာယ်ဆိုတာတွေဟာ လည်း မမြင်ဖူးပေမဲ့ တကယ့်ဒုက္ခဘုံတွေလို့ ဖတ်မှတ်ရ ဖူးပါတယ်။ သူရဲတွေ၊ တစ္ဆေတွေ၊ မှင်စာတွေ၊ ကြပ်တွေ ဆိုတာ ပြိတ္တာတွေပါပဲ။ ဘာပဲဖြစ်ဖြစ် အပါယ်လေးဘုံဟာ ဒုက္ခဘုံတွေဆိုတာ သေချာပါတယ်။ ဒီဘဝတွေရောက်မှ တကယ့်ဒုက္ခလို့ ပြောရမှာပါ။
ကောင်းပါပြီ၊ နတ်ဘဝဖြစ်ရင် နတ်စည်းစိမ်ခံစားရ မယ်။ ဗြဟ္မာဘဝရောက်ရင် ဗြဟ္မာ့စည်းစိမ်ခံစားရမယ်။ သို့ပေမဲ့ နတ်သက် ဗြဟ္မာသက်ကုန်တဲ့အခါ လူ့ဘုံပြန် ရောက်ပြီး သာသနာမရှိတဲ့ကာလနဲ့တွေ့တော့ အကုသိုလ် တွေ လုပ်မိပြီး အပါယ်လေးဘုံ ပြန်ရောက်တော့တာပဲ။ ဒီတော့ နတ်၊ ဗြဟ္မာဘဝဟာလည်း ဒုက္ခကင်းတဲ့ ဘုံဘဝ လို့ မဆိုနိုင်ပါဘူး။ သူ့မှာလည်း အို၊ နာ၊ သေ ဒုက္ခတွေ ရှိတဲ့အပြင် သံသရာလည်ပြီး အပါယ်ရောက်နိုင်သေးတဲ့ သတ္တိရှိနေဆဲဖြစ်တဲ့အတွက် အရိယာတွေလိုလားတဲ့ ချမ်းသာစစ် မဟုတ်သေးပါဘူး။
လိုရင်းကို တင်ပြရရင် အိုခြင်း၊ နာခြင်း၊ သေခြင်း ဆိုတာတွေရယ်၊ ဒီ အို၊နာ၊သေကိုကြုံတွေ့စေတဲ့ ဘဝ သစ်ဖြစ်ရခြင်း၊ တစ်နည်းအားဖြင့် သုံးဆယ့်တစ်ဘုံမှာ သံသရာလည်နေရခြင်းဟာ ဒုက္ခစစ်တွေပါပဲ။
ချမ်းသာစစ်ဆိုတာဘာလဲ ဖြေရရင် တင်ပြခဲ့တဲ့ အို၊နာ၊သေခြင်း ကင်းတဲ့ တစ်နည်းအားဖြင့် သုံးဆယ့် တစ်ဘုံမှာ သံသရာလည်နေရခြင်းကနေ လွတ်မြောက် ရခြင်းဟာ ချမ်းသာစစ်ပေါ့။ ကောင်းပြီ ဒီချမ်းသာစစ် ကို ဘယ်လိုရအောင်လုပ်ကြမလဲ။ ဒါအရေးကြီးဆုံးပါ။ ပန်းတိုင်ကို သိရပြီဆိုရင် ဒီပန်းတိုင်ကို ရောက်အောင် ဘယ်လိုလုပ်မလဲ၊ နည်းလမ်းသိဖို့လိုလာပါပြီ။ ဒီ နည်းလမ်းကိုမတင်ပြမီ ဘာကြောင့် သတ္တဝါတွေဟာ အို၊ နာ၊သေ ဒုက္ခတွေ တွေ့ကြုံနေကြရသလဲ၊ ဘာကြောင့် သံသရာလည်နေကြရတာလဲ သိဖို့လိုပါတယ်။ အဖြေ ကတော့ မိမိကိုယ်ကို စွဲလမ်းမှုပါပဲ။ တကယ်တော့ သတ္တဝါတွေဟာ ရုပ်နာမ်အစုအပေါင်းနဲ့ ဖွဲ့စည်း တည်ဆောက်ထားတာပါ။ ဒီလို ရုပ်နာမ်တွေနဲ့ ဖွဲ့စည်း တည်ဆောက်ထားတဲ့ ခန္ဓာကိုယ်ကို ငါ၊ င့ါဥစ္စာ၊ ငါ့ပစ္စည်း၊ ငါ့ဇနီး၊ ငါ့ခင်ပွန်း၊ ငါ့သားသမီး၊ ငါ့ဆွေမျိုး၊ ငါပိုင်တဲ့ ဟာတွေလို့ ထင်မြင်မှုတွေကြောင့် သံသရာလည်နေ ကြရတာပါ။ သံသရာလည်ရင်း အို, နာ, သေအပြင် ကိုယ်ဆင်းရဲရခြင်း၊ နှိပ်စက်ခံရခြင်း၊ စိတ်ဆင်းရဲရခြင်း၊ ပူဆွေးရခြင်း၊ ငိြုေ<ွကးရခြင်း စတဲ့ ဆင်းရဲမျိုးစုံ ကြုံကြ ရတော့တာပါပဲ။
ဒါကြောင့် အို, နာ, သေ အပါအဝင် ဆင်းရဲခြင်း မျိုးစုံက လွတ်ချင်ရင် တစ်နည်းအားဖြင့် သံသရာဝဋ် ဆင်းရဲကလွတ်မြောက်ချင်ရင် မိမိကိုယ်ကို ငါလို့မသတ် မှတ် မခံယူဖို့၊ မိမိနဲ့ ဆက်စပ် ပတ်သက်တာတွေကို လည်း ငါပိုင်တာ၊ ငါဆိုင်တာလို့ မသတ်မှတ် မခံယူဖို့ လိုပါတယ်။ သူများပြောလို့၊ တရားစာတွေ ဖတ်မိလို့ သြော် . .ငါ မဟုတ်ပါလားလို့ သိတဲ့အသိက မခိုင်မာ သေးပါဘူး။ ဗဟုသုတအသိပဲ ရှိပါသေးတယ်။တကယ် မသိသေးပါဘူး။သိုင်းကွက်သင်ထားတဲ့ သိုင်းသင်တန်း သားလိုပဲ လေ့ကျင့်မှုမပြည့်ဝသေးတော့ တကယ်တမ်း ဘေးကြုံလာတဲ့အခါ သိုင်းကွက်တွေ မေ့ကုန်တော့တာ ပဲ။ ကြိမ်ဖန်များစွာ လေ့ကျင့်တော့မှ အသားကျဖြစ်ပြီး ရန်သူနဲ့တွေ့ရင် ကောင်းကောင်း လွယ်လွယ်ကူကူ ရင်ဆိုင်တိုက်ခိုက်နိုင်တော့တာပေါ့။
ဒါကြောင့် ရုပ်နာမ်နဲ့ဖွဲ့စည်းထားတဲ့ မိမိခန္ဓာကိုယ် ကို ငါ၊ ငါ့ဥစ္စာမဟုတ်ဘူးဆိုတာ ဗဟုသုတနဲ့သိအောင် အရင်လုပ်ရပါမယ်။ ဆိုလိုတာက တရားနာရပါမယ်။ တရားစာတွေ ဖတ်ရပါမယ်။ ဗဟုသုတနဲ့သိပြီ ဆိုရင် လက်တွေ့သိအောင် ဝိပဿနာအားထုတ်ရပါမယ်။ ဒါကို သတိပဋ္ဌာန်အားထုတ်တယ်လို့လည်း ခေါ်ပါတယ်။ တရားအားထုတ်ရမယ်ဆိုတော့ လူတွေက တရားစခန်း သွားရတော့မှာလား၊တောကြီးထဲသွားပြီး တစ်ယောက် တည်း နေရတော့မှာလား၊ ဘုန်းကြီးပဲ ဝတ်ရတော့မှာ လား၊ သီလရှင်ပဲ ဝတ်ရတော့မလား၊ ဒီလိုမှမလုပ်ရင် တရားအားထုတ်လို့မရတော့ဘူးလား။ စားဝတ်နေရေး ဘယ်လိုလုပ်ကြမလဲ၊ မိသားစုတွေပစ်ပြီးသွားလို့ ဘယ် ဖြစ်မလဲ၊ တစ်ကိုယ်ကောင်းဆန်ရာရောက်တော့မှာပေါ့၊ တာဝန်မကျေရင် ဘယ်မှာ လူပီသတော့မလဲစသည်ဖြင့် ဆင်ခြေပေးကြ၊တွေးတောပူပင်ကြနဲ့ တရားအလုပ်လုပ် ဖို့ မစဉ်းစားရဲကြတော့ပါဘူး။
တကယ်တော့ အိမ်မှာနေရင်း၊စားဝတ်နေရေးတွေ လုပ်ရင်း ဝိပဿနာကို အားထုတ်လို့ရပါတယ်။ အခြေခံ ပေါ့နော်။ 'ဝိပဿနာဆိုတာ ရုပ်နဲ့နာမ်မှာ ဖြစ်နေ၊ရှိနေ၊ တွေ့နေတဲ့သဘောတွေကို ဖြစ်နေ၊ရှိနေ၊တွေ့နေတဲ့ အတိုင်း သတိနဲ့စောင့်ကြည့်တဲ့ လုပ်ငန်းပါပဲ'လို့ ချမ်းမြေ့ ဆရာတော်ကြီး ဟောတာနာဖူးပါတယ်။ တစ်နည်းအား ဖြင့် ကိုယ်ရဲ့စိတ်မှာ ဖြစ်နေ၊ ရှိနေ၊ တွေ့နေတဲ့ သဘော တွေကို ဖြစ်နေ၊ ရှိနေ၊ တွေ့နေတဲ့အတိုင်း သတိနဲ့ စောင့်ကြည့်ခြင်းပါပဲ။ ဖြစ်နေ၊ ရှိနေ၊ တွေ့နေတာကို ဖြစ်နေ၊ ရှိနေ၊ တွေ့နေတဲ့အတိုင်းလို့ ဆိုတဲ့အတွက် လုပ်ပြီးတော့ သို့မဟုတ် ဖန်တီးပြီးတော့ မလုပ်ရပါဘူး။ တရားအားမထုတ်မီ လုပ်သင့်တဲ့အရာတွေ ရှိပါသေး တယ်။ အဲဒါတွေကတော့ -
(၁) သီလ (အနည်းဆုံး ငါးပါးသီလ)ဆောက်တည်ရပါမယ်။
(၂) နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿဆိုပြီး စိတ်ထဲက သုံးကြိမ်လောက် လေးလေးလေးနက်နက် သတိထားပြီးရွတ်ပါ။ မိမိအပါအဝင် သတ္တဝါအများကို ဆင်းရဲအစစ်က လွတ်မြောက်စေလိုတဲ့ မဟာကရုဏာဂုဏ်တော်ကြီးကို အာရုံပြုပြီး ကျေးဇူးတင်တဲ့စိတ်တွေ မွေးပါ။ ဆင်ခြင်နှလုံးသွင်းပါ။
(၃) ပြီးရင် သတ္တဝါအများ ချမ်းသာပါစေလို့ သုံးကြိမ်လောက် မေတ္တာကို လေးလေးနက်နက်ပို့ပါ။
(၄) တစ်နေ့ပြီးတစ်နေ့ သေဖို့နီးလာနေပြီ၊ မသေခင် တရားအသိရအောင် လုပ်မယ်လို့ စိတ်ကို ဆုံးဖြတ်ချက်ချပါ။
နည်းက သုံးနည်းရှိပါတယ်။ ပထမနည်းက ကိုယ် ဘာပဲလုပ်လုပ် အသိလေးကပ်ထားတဲ့ နည်းပါ။အိပ်ရာ ထရင် ထချင်စိတ်ကို သတိထားပါ။ ပြီးရင် ပြီးမှ ဖြည်းဖြည်းထပါ။ လမ်းလျှောက်တဲ့အခါ ဘယ်ခြေလှမ်းရင် ဘယ်လှမ်းတယ်၊ ညာခြေလှမ်းရင် ညာလှမ်းတယ်လို့ သိနေပါ။ ရေသောက်တဲ့အခါ ရေသောက်ချင်စိတ်က လေးကို သိအောင် သတိထားပါ။ ပြီးရင် ရေခပ်တာ၊ ပါးစပ်နဲ့ ခွက်နဲ့ တေ့တာ၊ ရေစုပ်ယူတာ၊ ရေမြိုချတာ၊ ခွက်ပြန်ချတာ အားလုံးကို အသိလေးနဲ့လုပ်ကြည့်ပါ။ ရေအိမ်ဝင်ချင်ရင် ဝင်ချင်စိတ်ကို သတိထားပြီး သိအောင်လုပ်ပါ။ ရေအိမ်တံခါးကိုဖွင့်တာ၊ အထဲဝင်တာ၊ ထိုင်တာ၊ အခင်းကြီး အခင်းလေး စွန့်တာ အားလုံးကို သတိလေးနဲ့ လုပ်ပါ။ တစ်ချိန်တည်းမှာပဲ ငါ့ခန္ဓာကိုယ် ထဲမှာ ရွံရှာစရာကျင်ကြီးကျင်ငယ်တွေနဲ့ပြည့်နေပါလား၊ ဒီအညစ်အပတ်တွေကို သယ်ပိုးပြီး လျှောက်သွားနေရ ပါလားလို့ဆင်ခြင်ပါ။ ပြီးရင် သန့်ရှင်းရေးလုပ်တာ တံခါး ဖွင့်ပြီး အပြင်ထွက်တာ အားလုံးကို အသိလေး သတိ လေးကပ်ပြီးလုပ်တဲ့ အကျင့်ကို လုပ်ကြည့်ပါလို့ တိုက်တွန်း ပါတယ်။ (တရားစခန်း မသွားနိုင်သူတွေ၊ တရားထိုင်ဖို့ အချိန်မပေးနိုင်သူတွေအတွက် ကနဦး အလေ့အကျင့် လေး ပျိုးထောင်ပေးခြင်းမျှသာ ဖြစ်ပါတယ်။) နောက်ပိုင်း တရားစခန်းသွားနိုင်ပြီဆိုတဲ့အခါကျရင် ဒီအကျင့်လေး ကို မူလထက်ပိုပြီး နှေးကွေးတဲ့ လှုပ်ရှားမှုလေးတွေ ပြုလုပ်ပြီး မှတ်ခြင်းအားဖြင့် သမာဓိမြန်မြန် ရနိုင်တဲ့ အတွက် အိမ်မှာနေရင်း, အလုပ်လုပ်ရင်း လေ့ကျင့် ကြည့်ကြဖို့ အထူးတိုက်တွန်းပါတယ်ခင်ဗျာ။
ဒုတိယနည်းက အိမ်မှာ ညဘက်ဖြစ်စေ၊ အားလပ် တဲ့အချိန် နေ့ဘက်မှာဖြစ်စေ တိတ်ဆိတ်တဲ့နေရာလေး ရွေးပြီး (၁၄)ပေလောက်ရှည်တဲ့နေရာမှာ စင်္ကြံလျှောက် ပါ။ လျှောက်လမ်းထိပ်မှာ ခဏရပ်ပြီး မိမိခန္ဓာကိုယ်ကို ထောင်ထောင်ကလေး ဖြစ်နေအောင် ထိန်းထားရတဲ့ ထောက်ကန်နေတဲ့သဘောကို သိအောင် လုပ်ပြီး ရပ်တယ်လို့ သတိလေးနဲ့ စိတ်ထဲက ရွတ်ဆိုပါ။ ပြီးရင် ခြေဖဝါးနဲ့ကြမ်းနဲ့ထိနေတဲ့ အရသာလေးကို သိအောင် လုပ်ပြီး ထိတယ်လို့ သတိလေးနဲ့စိတ်ထဲက ရွတ်ဆိုပါ။ ဒီလိုပဲ ရပ်တယ်၊ ထိတယ်လို့ နှစ်မိနစ်လောက် မှတ်ပြီး ခြေလှမ်းချင်တဲ့စိတ်ကို သတိထားပါ။ ပြီးရင် ဘယ်ခြေ က စလှမ်းတော့မယ်ဆိုရင် ခန္ဓာကိုယ်ရဲ့အလေးချိန်ကို ညာဘက်ခြေထောက်ပေါ် အားပြုလိုက်ရတာကို သတိ ထားပါ။ ဘယ်ခြေလှမ်းတဲ့အခါ ကြွရင် ကြွတယ်၊ လှမ်းရင် လှမ်းတယ်၊ ချရင် ချတယ်လို့ သတိထားပြီး မှတ်ပါ။ ဘယ်ခြေပေါ် အလေးချိန်ပြောင်းပြီးရင် ညာခြေ ကြွတာ, လှမ်းတာ, ချတာ ဆက်တိုက်သတိထားမှတ်ရပါမယ်။ အထက်ကတင်ပြခဲ့သလို လှုပ်ရှားမှုမှန်သမျှကိုလည်း အသိနဲ့ မှတ်သိပြီးမှ လုပ်ရပါမယ်။ ပထမနည်းနဲ့ မတူတ ာက ဒီလိုမှတ်တဲ့အချိန်မှာ ဘာပဲလုပ်လုပ် ဖြည်းနိုင်သမျှ ဖြည်းဖြည်းလုပ်ရမယ်ဆိုတာ သိထားပါ။
တတိယနည်းကတော့ ဆိတ်ငြိမ်ရာနေရာမှာထိုင်ပြီး တရားမှတ်တာပါပဲ။ တရားထိုင်တယ်ဆိုတာ တရား စခန်းကိုသွားမှမဟုတ်ပါဘူး။အိမ်က ဘုရားခန်းမှာ သို့မဟုတ် အေးချမ်းဆိတ်ငြိမ်တဲ့နေရာတစ်နေရာကို ရွေးပြီး ထိုင်နိုင်ပါတယ်။ အရေးကြီးတာက ကြာကြာ ထိုင်နိုင်မယ့်ထိုင်နည်းမျိုးကို သေချာစဉ်းစားဆုံးဖြတ်ပြီး ထိုင်ဖို့ပါပဲ။ ခဏခဏ မရွှေ့ရအောင် ကြာကြာထိုင်နိုင်ဖို့ လိုပါတယ်။ စိတ်တိုင်းကျထိုင်ပြီးရင် စိတ်ကို နှာသီးဖျားက ထွက်လေဝင်လေအထိအတွေ့လေး သတိထား ကြည့် လို့လည်းရပါတယ်။ ဒါမှမဟုတ် ဝမ်းဗိုက်က ဖောင်းသွား လိုက် ပိန်သွားလိုက်နဲ့ ဖြစ်နေတာကို စောင့်ကြည့်လို့လည်း ရပါတယ်။ စောင့်ကြည့်ရင်း စိတ်ကငြိမ်ငြိမ်မနေဘဲ တောတွေးတောင်တွေး တွေးမိတတ်ပါတယ်။ အဲဒီ တောတွေးတောင်တွေးတွေကိုလည်း အသိလေးနဲ့ မှတ်ပေးရပါတယ်။ အစမှာ မမှတ်နိုင်ဘဲ တွေးမိနေ တတ်ပါတယ်။ စိတ်မပျက်ဘဲ ဇွဲနဲ့ ကြိုးစား သတိကပ် မှတ်မယ်ဆိုရင် သမာဓိရပြီး ကိုယ်မှာဖြစ်သမျှ၊ စိတ်မှာ တွေးသမျှ သတိနဲ့ရှုနိုင်လာပါလိမ့်မယ်။ ဒီလို ဖြစ်လာပြီ ဆိုရင် ကိုယ့်ခန္ဓာမှာ ဟိုနားက နာလာလိုက်၊ ကျင်လာ လိုက်၊ ထုံလာလိုက်နဲ့ ဝေဒနာမျိုးစုံ တွေ့လာတာကို လိုက်ပြီး ရှုမှတ်စောင့်ကြည့်ရပါတယ်။
ဒီနည်းနဲ့ပဲ ရုပ် နာမ် ဓမ္မ သင်္ခါရတွေရဲ့ ပြောင်းလဲမှု ဖောက်ပြန်မှုတွေကို သိနားလည်ပြီး ဆင်းရဲငြိမ်းတဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်တယ်လို့ ဘုရားကလည်း အာမခံခဲ့ပါတယ်။ ဆရာတော်ကြီးတွေကလည်း အာမခံကြပါတယ်။ ဒါကြောင့် တကယ့်ဆင်းရဲက လွတ်မြောက်ချင်ရင်၊ တကယ့်ချမ်းသာကို ခံစားချင်ရင် ဆင်းရဲကင်းကြောင်းအကျင့်ဖြစ်တဲ့ ဝိပဿနာတရားကို ပွားများအားထုတ်ကြပါလို့ တိုက်တွန်းရပါကြောင်း တင်ပြလိုက်ပါတယ်ခင်ဗျာ။
ဦးလွင်အောင်(မဟာဝိဇ္ဇာ)
Comments
Post a Comment