ဥပါဒါန်_အစွဲ


 #ဥပါဒါန်_အစွဲ

***************


သဲအင်းဂူဆရာတော်ဘုရားကြီး သက်တော်ထင်ရှား ရှိစဉ်အခါက ...


ရန်ကုန်မြို့တွင် နေထိုင်သော အသက် (၇၀)ခန့်ရှိ နိုင်ငံရေးသမားကြီး တစ်ဦးက ဆွမ်းပင့်ဖိတ်သဖြင့် ထိုအိမ်သို့ ဆွမ်းစား ကြွရောက်ခဲ့၏။


ဆွမ်းဘုဉ်းပေးပြီးသောအခါ ထို နိုင်ငံရေးသမား ဒကာကြီးက ❝ တပည့်တော် တရား လိုချင်တယ်၊ ဒါပေမယ့် တရားထိုင်လို့ မရဘူး ဖြစ်နေတယ် ဘုရား ❞ ဟု လျှောက်ထား၏။


ထိုအခါ သဲအင်းဂူဆရာတော်ကြီးက ...

❝ ဒကာကြီး ဘာကြောင့် တရားထိုင်လို့ မရတာလဲ၊ ဘုန်းကြီးကို လျှောက်စမ်းပါ ❞ ဟု မိန့်လေ၏။


❝ မှန်ပါ ဘုရား။

တပည့်တော်က ဘိုင်စကုတ်(ရုပ်ရှင်) သိပ်ကြိုက်တယ် ဘုရား။


ကြည်ကြည်ဌေး ပါဝင် သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကားတိုင်း မလွတ်တမ်း ကြည့်ပါတယ်။


#တရားထိုင်လိုက်တိုင်း_ကြည်ကြည်ဌေးရဲ့_မျက်နှာကိုမြင်နေလို့_တရားထိုင်မရဘူး_ဖြစ်နေတာပါ_ဘုရား ❞ ဟု လျှောက်ထားလေ၏။


ဆရာတော်ကြီးက ပြုံးတော်မူပြီး ...

❝ ကဲ ... ကဲ ... ဒကာကြီး၊ တကယ် တရားလိုချင်ရင် ဘုန်းကြီးခိုင်းတဲ့အတိုင်း လုပ်မှာလား၊ လုပ်မယ်ဆိုရင် ဘုန်းကြီး တရား ပြပေးမယ် ❞ ဟု မေးလေ၏။


❝ #တရား_တကယ်ရမယ်_ဆိုရင်_သေချင်သေပါစေ_ဘုရား။ #ဘုန်းကြီးက_အိမ်ပေါ်ကနေ_ခုန်ချဆိုရင်_ခုန်ချမယ်_ဘုရား။ #ခိုင်းချင်တာ_ခိုင်းပါ_ဘုရား_လုပ်ပါ့မယ် ❞ ဟု ကတိ ပေးလေ၏။


ထိုအခါ ဆရာတော်ကြီးက ...

❝ ကဲ ... ဒကာကြီး၊ တရား ထိုင်ရမယ်။ ဒကာကြီး တရားထိုင်နေတဲ့အခါ ဘုန်းကြီးက မေးမယ်၊ မေးတဲ့အခါ မှန်မှန် ဖြေရမယ်နော် ❞ ဟု မိန့်တော်မူ၏။


ဆရာတော်ကြီးက ...

ပရိကံပေးပြီး အာနာပါန အရှူစျာန် ရှူခိုင်းတော့၏။


(၅)မိနစ်ခန့် ကြာသောအခါ ..


❝ ဒကာကြီး ဘာမြင်လဲ ? ❞

❝ ကြည်ကြည်ဌေးကို မြင်ပါတယ် ဘုရား။ ❞


❝ ကဲ ... ကောင်းပြီ, ကြည်ကြည်ဌေးကို မလွတ်တမ်း ကြည့်ထား၊ သေချာ မြင်ပြီလား ? ❞

❝ မှန်ပါ၊ မြင်ပါပြီ ဘုရား။ ❞


❝ ကြည်ကြည်ဌေးကို(စိတ်ဖြင့်) မတ်တပ် ရပ်ခိုင်းလိုက်စမ်း။ ❞

❝ ရပ်နေပါပြီ ဘုရား။ ❞


❝ ကြည်ကြည်ဌေးကို ကတ္တရာလမ်းပေါ် လှဲချ လိုက်စမ်း။ ❞

❝ လှဲလိုက်ပါပြီ ဘုရား။ ❞


❝ ဟီးနိုးကားကြီးတစ်စီး ကတ္တရာလမ်းပေါ် မောင်းလာလိုက်စမ်း။ ❞

❝ မောင်းလာပါပြီ ဘုရား။ ❞


❝ လမ်းပေါ် ပက်လက်လှဲနေတဲ့ ကြည်ကြည်ဌေးကို ဟီးနိုးကားနဲ့ တက်ကြိတ် လိုက်စမ်း။ ❞

❝ ကြိတ်လိုက်ပါပြီ ဘုရား။ ❞


❝ ကဲ ... ဒကာကြီး၊ ဘာမြင်လဲ ? ❞

❝ အမလေး ဘုရား၊ ကြည်ကြည်ဌေးတစ်ကိုယ်လုံး သွေးသံတရဲရဲနဲ့ ဖြစ်နေပြီး ဦးဏှောက်တွေ၊ အူတွေ၊ အသဲတွေ၊ အသားတွေ၊ အရိုးတွေ တစ်စစီ ဖြစ်နေပါပြီ။ အမလေး ! ရွံစရာ ကောင်းလိုက်တာ ဘုရား ❞ ဟု မနှစ်သက်ဖွယ်၊ ရွံရှာဖွယ် အသံဖြင့် ပြန်ဖြေ လေတော့၏။


❝ ဒကာကြီး၊ အဲဒါကို မလွတ်တမ်း ကြည့်ထား။

မတင့်တယ်စရာ အသုဘခန္ဓာကြီးကို မြင်အောင် ကြည့်ပေတော့ ❞ ဟု အသုဘကမ္မဌာန်း ပေးလေ၏။


တစ်နာရီခွဲခန့် အသုဘကမ္မဌာန်း ရှုပြီးသောအခါ ကြည်ကြည်ဌေးကို စွဲလမ်းနှစ်သက်သော ဥပါဒါန်လည်း လွတ်လေတော့၏။


❝ ဓမ္မမိတ်ဆွေ သူတော်ကောင်းများ ဥပါဒါန် အစွဲများ ကင်းပြီး တရားထူးများ ရကြပါစေ။ ❞


🙏ကျေးဇူးတော်ရှင် မူလသဲအင်းဂူဆရာတော်ဘုရားကြီး🙏


Credit, အရှင်ပညာနန္ဒ(ကိုယ့်စိတ်ကိုယ်စစ်) USA နှင့်

Aung Naing Thu (Mandalay)


#ဦးမြင့်ခိုင်, #SaiMyoWin & SAI MYO WIN

Comments

Popular posts from this blog

သရဏဂုံသုံးပါး ပုတီးစိပ်နည်း

ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူသော ဘုရားငါးဆူတို့၏ ကွာခြားချက်များ

ဂုဏ်တော်တစ်ထောင်ပုတီးစိပ်နည်း