ဘုရားရှင်ပင်လျင် ခံရသော ဝစီကံအပြစ် (၅)ဘဝ
*********************************************
လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ဘုရားဖြစ်ရန် ကျင့်ခဲ့ပြီးသော ဂေါတမဘုရားရှင်သည် နောက်ဆုံး ဘုရားဖြစ်မည့် ဘဝတွင် ဘုရားဖြစ်ရန် ဒုက္ကရစရိယအကျင့်ကို အခြားဘုရားများက (၆)ရက်၊ (၁)ရက်၊ နေ့ဝက် စသည်သာ ကျင့်ခဲ့ရသည် ဖြစ်သော်လည်း မရနိုင်ဘဲ (၆)နှစ်တိတိ ကျင့်ခဲ့ရသည်မှာ အတိတ်ဘဝက ပြုခဲ့မိသော ဝစီ(နှုတ်ထွက်စကား)ကြောင့် ဖြစ်ပါသည်။
၁။ #ဒုက္ခစရိယအကျင့်ကို_၆_နှစ်_ကျင့်ပြီးမှ_ဘုရားဖြစ်တော်မူခြင်း
ကဿပဘုရားရှင် လက်ထက်တွင် ဂေါတမဘုရားလောင်းသည် ဃဋိကာရအိုးထိန်းသည်၏ သူငယ်ချင်း ဇောတိပါလပုဏ္ဏားလုလင် ဖြစ်ခဲ့သည်။
လောကတွင် ကဿပဘုရားရှင် ပွင့်တော်မူလာ၍ ထိုဘုရားရှင်သည် ဘုရားဖြစ်ရန် ဒုက္ကရစရိယအကျင့်ကို (၆)ရက်မျှကျင့်ခဲ့ပြီး ဘုရားအဖြစ်သို့ ရောက်ခဲ့သည်ဟု ဃဋိကာရ သူငယ်ချင်းက ပြောပြသည်ကို ဇာတိမာန်မာနဖြင့် - " ဒီ ဦးပြည်းကတုံးက ဤမျှ ကျင့်ရုံမျှဖြင့် သဗ္ဗညုတဉာဏ်ကို အဘယ်မှာ ရနိုင်ပါမလဲ။ သဗ္ဗညုတဉာဏ်သည် အလွန် ရခဲသော အရာဖြစ်သည် " ဟု နှုတ်ဖြင့် ကြမ်းတမ်းစွာ ပြောဆိုခဲ့သည်။
ကဿပဘုရားရှင်သည် (၆)ရက်မျှ ကျင့်သဖြင့် သဗ္ဗညုတဉာဏ်ရသည့် အဖြစ်မှန်ကို သိသောအခါ၌လည်း " ဒီဘုရား (၆)ရက်ကျင့်၍ ဘုရားဖြစ်လျှင် ငါ့ကျလျှင် (၆)နှစ် ကျင့်ပြမည် " ဟု မထီမဲ့မြင်စကား ဆိုခဲ့သည်။
ဂေါတမဘုရားရှင် ကိုယ်တော်တိုင် အနောတတ္ထအိုင်၌ နေတော်မူစဉ် ရဟန်းအပေါင်းကို -
" ငါသည် ဇောတိပါလလုလင် ဖြစ်သောအခါ ကဿပဘုရားရှင်ကို ဒီ ဦးပြည်းရဟန်းက သဗ္ဗညုတဉာဏ်တော် အဘယ်မှာ ရနိုင်မည်လဲ။ သဗ္ဗညုတဉာဏ်တော်သည် အလွန် ရခဲသော အရာဖြစ်သည် ဟု ပြစ်မှား ပြောဆို မိခဲ့၏။
ထို အကုသိုလ်နှုတ်ကြွေးကြောင့် ဥရုဝေဠတော၌ ခြောက်နှစ်ပတ်လုံး ဒုက္ကရစရိယ ကျင့်ပြီးမှသာ သဗ္ဗညုတဉာဏ်သို့ ရောက်ခဲ့ရ၏ " ဟု မိမိ၏ ရှေးက မကောင်းမှုကို မိန့်ကြား ခဲ့ပါသည်။
၂။ #စိဉ္စမာဏဝိက_အစွပ်စွဲခံရမှု
တိတ္ထိများသည် လာဘ်လာဘ ဆုတ်ယုတ်လာသည်ကို
မခံမရပ်နိုင်ဖြစ်ပြီး ဘုရားရှင်အား လူအကြည်ညို နည်းစေပြီး လာဘ်လာဘ ဆုတ်ယုတ်စေရန် " စိဉ္စမာဏဝိက " မည်သော အလွန် ချောမောလှပသည့် လုံမပျိုကို စည်းရုံးသိမ်းသွင်းပြီး ဘုရားရှင်ကို လင်သားအဖြစ် စွပ်စွဲခိုင်းခြင်းဖြစ်သည်။
စိဉ္စမာဏဝိကသည် တိတ္ထိများ စေခိုင်းသည့်အတိုင်း ကိုယ်ဝန်သည် ယောင်ဆောင်ပြီး ဇေတဝန်ကျောင်းသို့ သွားကာ ပရိသတ်ဗိုလ်ပုံ အလယ်တွင် ဘုရားရှင်ကို မိမိလင်အဖြစ် စွပ်စွဲကာ ကိုယ်ဝန်ကို မစောင့်ရှောက်ရကောင်းလား ဟု စွပ်စွဲ ပြောဆိုသည်။
ထိုသို့ ဘုရားရှင် စွပ်စွဲခံရခြင်းမှာ အဘယ်ကြောင့်ပါနည်း ဟု ဆိုသော် -
လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းအထက် နိယတဗျာဒိတ် မခံရမီ တစ်ခုသော ဘဝဝယ် ဂေါတမဘုရားလောင်းသည် အရက်သမား ဖြစ်ခဲ့သည်။
ထိုအချိန်တွင် " သဗ္ဗဘိဘူ " မည်သော ဘုရားရှင် ပွင့်တော်မူနေချိန် ဖြစ်သည်။ ဂေါတမဘုရားလောင်း အရက်သမားသည် ထိုဘုရားရှင်၏ တပည့်သာဝကတစ်ပါး ဖြစ်သော နန္ဒာ အမည်ရှိသော ရဟန္တာမထေရ်မြတ် ဆွမ်းရပ်သည်ကို အရက်မူးမူးဖြင့် သူယုတ်မာ ဟု ပြောဆိုစွပ်စွဲမှု အရိယူပဝါဒ အကုသိုလ်ကံကို ပြုခဲ့မိသည်။
ထိုစွပ်စွဲမှု ကံကြောင့် သေသောအခါ ငရဲ၌ နှစ်ပေါင်းများစွာ
ခံခဲ့ရပြီး နောင်လူ့ဘဝ၌လည်း မတရား အစွပ်စွဲ ခံခဲ့ရသည်။
ယခု ဘုရားဖြစ်သော ဘဝထိ ထိုဝဋ်ကြွေးက လိုက်သောကြောင့် လူဗိုလ်အလယ်တွင် စိဉ္စမာဏဝိက၏ မဟုတ်တရား စွပ်စွဲမှုကို ခံရခြင်း ဖြစ်ပါသည်။
" သူယုတ်မာ " ဟူ၍ (၃)လုံးသော နှုတ်ထွက်စကား တစ်ခွန်းသည် လောကတွင် လူ၊ နတ်၊ ဗြဟ္မာ တို့၏ အထွတ်အထိပ်ဖြစ်သော ဆရာ ဖြစ်သော်မှ မလွတ်ကင်းပဲ လိုက်၍ အကျိုးပေးသောကြောင့် စွပ်စွဲ၊ ဆဲရေး၊ ထိပါး ပုတ်ခတ် ပြောတတ်သော ဝစီ နှုတ်ထွက်စကားကို သတိထား ကြစေ လိုပါသည်။
၃။ #သုန္ဒရီပရဗိုဇ်မ_ထင်ယောင်ထင်မှား_စွပ်စွဲခံရမှု
တိတ္ထိတို့သည် လာဘ်လာဘ နည်းလာသည်မှာ ဂေါတမဘုရားကြောင့် ဖြစ်သည်။ ဂေါတမဘုရားကို လူအများ အကြည်ညို နည်းစေပြီး လာဘ်လာဘ နည်းရန် မဟုတ်မမှန်သော လမ်းကြောင်းဖြင့် တိုက်ခိုက်ရန် ကြံစည်ကြသည်။
ထိုအချိန်တွင် သာဝတ္ထိပြည်၌ အချိုးအဆစ်ပြေပြစ်၍ ရုပ်ရည်အဆင်း လှပတင့်တယ် ရှုချင်စဖွယ်ရှိသော သုန္ဒရီ အမည်ရှိသော ပရဗိုဇ်မ(သာသနာပ ရဟန်းမ တစ်မျိုး)ငယ်တစ်ဦး ရှိသည်။
တိတ္ထိဆရာကြီးတို့သည် ထိုပရဗိုဇ်မကို စည်းရုံးပြီး " သုန္ဒရီပရဗိုဇ်မ " ကို ညဉ့်အချိန်တွင် ဘုရားနှင့် အတူတူ နေ၍ အတူတူ အိပ်ဟန် ပြုစေသည်။
" သုန္ဒရီပရဗိုဇ်မ " ကလည်း ပန်းနံ့သာလိမ်းပြီး ညနေ လူများ တရားနာကအပြန် ဇေတဝန်ကျောင်းသို့ သွားသည်။ လူများကတွေ့၍ ဘယ်သွားမည်လည်း မေးလျှင် “ ရဟန်းဂေါတမဆီ သွားရပါမည်။ ငါသည် ရဟန်းဂေါတမနှင့် အတူ ဂန္ဓကုဋီတိုက်ထဲမှာ နေရသူ ဖြစ်ပါသည်။ " ဟု ထင်ယောင်ထင်မှားဖြစ်အောင် ပြောလေသည်။
ဇေတဝန်ကျောင်းတိုက်သို့ ရောက်သောအခါ ကျောင်းထဲသို့ မဝင်ဘဲ တိတ္ထိကျောင်းတိုက်ထဲ ဝင်အိပ်သည်။
နံနက်စောစောထပြီး ဇေတဝန်ကျောင်းလမ်းကနေ ပြန်သည်။ လမ်းတွေ့သူများက မေးလျှင် " ကျွန်မသည် ရဟန်းဂေါတမနှင့် အတူ ဂန္ဓကုဋီတိုက်မှာ အတူနေသည်။ ရဟန်းဂေါတမနှင့် ကိလေသာ ပျော်မြူးမွေ့လျော်ပြီး ပြန်လာခဲ့သည်။ " ဟု စွပ်စွဲ ပြောကြားသည်။
ထိုသို့ " သုန္ဒရီပရဗိုဇ်မ " စွပ်စွဲ ခံရမှုသည် အဘယ်ကြောင့်နည်းဟု ဆိုသော် -
ဂေါတမဘုရားလောင်းသည် အတိတ်ဘဝ တစ်ခုတွင် " မုနာဠိ " အမည်ရှိသော အရက်သမားတစ်ဦး ဖြစ်ခဲ့သည်။ သူသည် သူယုတ်မာတို့နှင့် ပေါင်းသင်းမှီဝဲလျက် မသင့်သော နှလုံးသွင်းမှားသူ ဖြစ်လာသည်။
တစ်နေ့သောအချိန်တွင် " သုရဘီ " အမည်ရှိသော ပစ္စေကဗုဒ္ဓါသည် မြို့တွင်း၌ ဆွမ်းခံဝင်ရန် တစ်နေရာ၌ သင်္ကန်းရုံနေသည်။ ထိုအချိန်မှာပင် ထို ပစ္စေကဗုဒ္ဓါ သင်္ကန်းရုံနေသော ဘေးမှ အမျိုးသမီးတစ်ဦးက ဖြတ်သန်း သွားသည်။
ထိုသည်ကို ရုတ်တရက် အမှတ်မထင် မြင်မိလိုက်သော " မုနာဠိ " အရက်သမားသည် အထင်အမြင်လွဲကာ မသင့်သော နှလုံးသွင်းဖြင့် " ဒုဿီလ(သီလ မရှိသူ) " ဟု မဟုတ်တရား စွပ်စွဲ ပြောဆိုလေသည်။
ထို အဖြစ်အပျက်ကို ဘုရားရှင်ကိုယ်တော်တိုင်ကလည်း
အနောတတ္ထအိုင်၌ နေစဉ် ရဟန်းများကို-
" ငါသည် ရှေးက " မုနာဠိ "အမည်ရှိသော အရက်သမား ဖြစ်စဉ် တစ်ခုသောဘဝ၌ မပြစ်မှားထိုက်သော " သုရဘီ " အမည်ရှိသော အရှင်ပစ္စေကဗုဒ္ဓါကို စွပ်စွဲ မိခဲ့၏။
ထို စွပ်စွဲမိခဲ့သော ကံကြောင့် ငါသည် ငရဲ၌ ကြာမြင့်စွာ ကျင်လည် ခဲ့ရ၏။ ထောင်ပေါင်းများစွာသော နှစ်တိုးပတ်လုံး ဆင်းရဲဝေဒနာကို ခံစားခဲ့ရ၏။
ငါသည် ထို ကံအကြွင်းအကျန်အဖြစ် ဤ နောက်ဆုံးဘဝ၌ " သုန္ဒရီပရဗိုဇ်မ " ၏ အစွပ်အစွဲကို ခံရသည်။” ဟု မိမိ၏ ရှေးမကောင်းမှုကို ထုတ်ဖော် မိန့်ကြားခဲ့ပါသည်။
သုံးလောကထွဋ်ထား ဘုရားရှင်သော်မှ နှုတ်ထွက်စွပ်စွဲ မိခဲ့သော စကားအကုသိုလ် ကံဝဋ်ကြွေးကို ပေးဆပ်ရသေးလျှင် သာမန်လူများအဖို့ အဘယ်ဆိုဖွယ်ရာ ရှိပါ တော့အံ့နည်း။ဝစီနှုတ်ထွက် သတိဖက်၍ ဆင်ခြင်ကြပါ လေ။
၄။ #သုန္ဒရီပရဗိုဇ်မ_အသတ်ခံရမှုနှင့်_ပတ်သက်ပြီး_စွပ်စွဲခံရမှု
တတ္ထိတို့သည် သုန္ဒရီပရဗိုဇ်မကို ဘုရားရှင်နှင့် ထင်ယောင်ထင်မှား ဖြစ်အောင် ပြုလုပ်ပြီးနောက် လူမိုက်များကို ငှါးကာ သုန္ဒရီပရဗိုဇ်မကို သတ်စေသည်။ သတ်ပြီးနောက် ဇေတဝန်ကျောင်းအနီး အမှိုက်ပုံ၌ ပစ်ထားစေသည်။
နောက်တစ်နေ့နံနက်၌ သုန္ဒရီပရဗိုဇ်မ ပျောက်ဆုံးနေကြောင်း၊ ရဟန်းဂေါတမကျောင်းသို့ ညနေတိုင်း သွားနေကျ ဖြစ်ကြောင်း၊ ယခု ရဟန်းဂေါတမကျောင်းကနေ ပျောက်နေကြောင်း၊ ဇေတဝန်ကျောင်း အနီးအနားမှာ ရှာသင့်ကြကြောင်း သတင်းလွှင့်ပြီး ဘုရင်ကောသလကို လျှောက်ထား ကြသည်။
ကောသလဘုရင်က ခွင့်ပြု၍ တိတ္ထိ အပေါင်းအသင်းတို့သည် ဇေတဝန်ကျောင်းသို့ သွားကာ အမှိုက်ပုံ၌ ရှာဖွေကြရာ သူတို့ ပစ်ထားတာဖြစ်၍ အလောင်းကို အဆင်သင့် တွေ့ကြလေသည်။
အလောင်းကို တွေ့သောအခါ လေးတိုင်စင်ဖြင့် ယူပြီး သာကီနွယ်ဖွား ရဟန်းဂေါတမသည် သုန္ဒရီနှင့်အတူ ကာမဂုဏ် ပျော်ပါးပြီး သုန္ဒရီကို သတ်ကာ အမှိုက်ပုံ၌ ပစ်ထားခဲ့သည် ဟု စွပ်စွဲ ကြွေးကြော်ပြီး ဘုရင်ကောသလကို တိုင်တန်း ကြသည်။ သာဝတ္ထိမြို့ထဲသို့ လှည့်လှည် ကြွေးကြော်ခွင့်ကိုလည်း တောင်းဆိုကြသည်။
ကောသလဘုရင်သည် မဆင်ခြင်ဘဲ တိတ္ထိ တို့ကို သာဝတ္ထိမြို့ထဲသို့ လှည့်လှည်ကြွေးကြော်ခွင့် ပြုခဲ့သည်။
တိတ္ထိ တို့သည် သုန္ဒရီပရဗိုဇ်မ အလောင်းကို လေးတိုင်စင်တွင် တင်ပြီး သာကီနွယ်ဖွား ဂေါတမရဟန်းသည် သုန္ဒရီပရဗိုဇ်မနှင့် ကာမဂုဏ် ပျော်ပါးပြီး သတ်ပစ်သည်။ သာကီနွယ်ဖွား ရဟန်းဂေါတမနှင့် သူ့တပည့်တို့၏ ရက်စက်ယုတ်မာမှုကို ကြည့်ရှုကုန်လော့ ဟု ကြွေးကြော်ပြီး သာဝတ္ထိမြို့ထဲအနှံ့ လိုက်ပြသည်။
မြို့သူမြို့သားအချို့တို့သည်လည်း ဘုရားနှင့် ရဟန်းသံဃာများကို အထင်အမြင်လွဲမှားပြီး စွပ်စွဲ ပြောဆိုကြသည်။
ရဟန်းများက ဆွမ်းခံကအပြန် ထိုကိစ္စကို ဘုရားရှင်အား လျှောက်ထားသည်။
" ရဟန်းတို့… ဤ ကဲ့ရဲ့သံသည် ကြာရှည် မဖြစ်နိုင်။ (၇)ရက်သာ ဖြစ်လိမ့်မည်။ (၇)ရက်လွန်လျှင် ပျောက်လိမ့်မည်။
ရဟန်းတို့… ဤသို့ဖြစ်လျှင် ထို ဆဲရေးကဲ့ရဲ့သူ၊ မဟုတ်မမှန် ပြောလေ့ရှိသူသည် ငရဲ ရောက်ရ၏။ မကောင်းမှုကို ပြုပြီးလျှင် ငါမပြု ဟု ပြောလေ့ ရှိသူသည်လည်း ငရဲ ရောက်ရ၏။ ယုတ်ညံ့သော အမှုရှိသော ထိုသူနှစ်မျိုးတို့သည် ဤဘဝမှ စုတေသော် တမလွန်လောကဝယ် ငရဲ၌ တူစွာ ဖြစ်ရတတ်ကုန်၏ " ဟု ဘုရားရှင်က ရဟန်းများကို ဆုံးမ သင်ကြားပေးခဲ့သည်။
(၇)ရက်စေ့သောနေ့တွင် သုန္ဒရီပရဗိုဇ်မကို သတ်သော လူမိုက်တို့သည် အရက်သောက်ရင်း အမူးလွန်သောအခါ အချင်းချင်း ထုတ်ဖော်၊ ပြောဆိုကြရာမှ အမှုမှန် ပေါ်ခဲ့ပြီး ထို စွပ်စွဲမှု ပပျောက်သွားခဲ့သည်။
ဘုရားရှင်နှင့် ရဟန်းများ သုန္ဒရီပရဗိုဇ်မ အသတ်ခံရမှုနှင့် ပတ်သက်၍ စွပ်စွဲခံရသည်မှာ အဘယ်ကြောင့်နည်း ဆိုသော်-
ဂေါတမဘုရားလောင်းသည် တစ်ခုသော ဘဝဝယ် လူအများ လေးစားကော်ရော် ပူဇော်အပ်သော ဗေဒင်(၃)ရပ် တစ်ဖက်ကမ်းခပ် တတ်မြောက်သော ပုဏ္ဏားရသေ့ဆရာကြီးတစ်ဦး ဖြစ်ခဲ့ပြီး မဟာဝုန်တော၌ တပည့်(၅၀၀)တို့ကို
ဗေဒင်ပညာ သင်ကြားပေးလျက် ရှိသည်။
တစ်နေ့သောအချိန် တပည့်များကို ဗေဒင် သင်ကြားနေသော ချိန်ဝယ် အဘိညာဉ် (၅)ပါး၊ သမာပါတ် (၈)ပါးနှင့် ပြည့်စုံသော တန်ခိုးရှင် ဘီမသေနအမည်ရှိသော ရသေ့သူမြတ်သည် ထို မဟာဝုန်တောတို့ ဈာန်ဖြင့် ကြွလာသည်။
ထိုရသေ့ကို မြင်လျှင် ဆရာပုဏ္ဏားရသေ့ကြီးသည် အလိုလို
မနာလိုဝန်တိုစိတ် ဖြစ်ပေါ်လာကာ " ဤ ရသေ့ကား ကာမဂုဏ်၊ စည်းစိမ် ခံစားသည့် ရသေ့စဉ်းလဲ ဖြစ်သည် " ဟု စွပ်စွဲ ဆဲရေးလေသည်။
တပည့်များကိုလည်း အလားတူ ဆဲရေးခိုင်းသည်။
တပည့်များသည် မြို့ရွာများသို့ ဆွမ်းခံသွားသည့်အခါ ဆရာ၏ စကားကို ဝမ်းသာအားရ လက်ခံပြီး ထိုရသေ့အကြောင်း မကောင်းသတင်းကို စွပ်စွဲ ပြောဆိုကြသည်။ မြို့သူမြို့သားများကိုလည်း စွပ်စွဲ၊ ဆဲရေး စေသည်။
ထိုမကောင်းမှုကံကြောင့် သေသောအခါ ငရဲ၌ နှစ်ပေါင်း
တစ်သောင်းလုံး ဆင်းရဲဒုက္ခ ခံရပြီးနောက် ယခု နောက်ဆုံးဘုရား ဖြစ်တော်မူသော ကာလဝယ် ထို တပည့်(၅၀၀)တို့သည်လည်း တပည့်(၅၀၀) ဖြစ်လာပြီး ဘုရားရှင်ရော ထို ရဟန်းများပါ အစွပ်စွဲ ခံကြရသည်။ မြို့သူမြို့သားများကို ပြောစေသော အကုသိုလ်ကံကြောင့် မြို့ထဲ၌ ကြွေးကြော် ခံခဲ့ရသည်။
ထိုအကြောင်းကို ဘုရားရှင်ကိုယ်တော်တိုင် ဝန်ခံပြီး မိန့်ကြား ခဲ့ပါသည်။
မိမိပြုခဲ့သော မကောင်းမှုကံသည် မိမိထံ ပြန်လာပြီး ထို အကုသိုလ်ကြွေးကို ပေးဆပ်ရသည်မှာ ဓမ္မတာ ဖြစ်သည့်အတွက် ဝစီနှုတ်ကြမ်း၊ နှုတ်ထွက် မရမ်းကြရန် သတိပြု ဆင်ခြင်ကြပါကုန်လော့။
၅။ #ဝေရဉ္ဇာမြို့တွင်_မုယောဆွမ်းကြမ်း_ဘုဉ်းပေးရသည့်_အတိတ်ဘဝ_ဝစီကံမှု
ဘုရားရှင်သည် (၁၂)ဝါမြောက်တွင် ရဟန်း(၅၀၀)နှင့် အတူ " ဝေရဉ္ဇာပုဏ္ဏား " တောင်းပန်လျှောက်ထားမှုကြောင့် ထိုမြို့၌ ဝါကပ်တော် မူသည်။
ဘုရားရှင် ဝါကပ်သောအချိန်တွင် ဝေရဉ္ဇာမြို့၌ ငတ်မွတ်
ခေါင်းပါးမှုကပ်ဘေးကြီး ဆိုက်ရောက်ပြီး ဆင်းရဲသူတို့မှာ သေကြေ၊ ပျက်စီး ရလေသည်။ လူအားလုံးသည်လည်း မဲလက်မှတ်ဖြင့်သာ အသက် မွေးကြရသည်။ ဆွမ်းခံ၍ လုံးဝ မရပေ။
ထိုအခါ ဥတ္တရပထတိုင်းမှ မြင်းကုန်သည်များသည် မြင်း(၅၀၀)နှင့်အတူ ဝေရဉ္ဇာမြို့သို့ မိုးတွင်းကာလတွင် ရောက်ရှိ လာကြသည်။ မိုး အလွန်များသောကြောင့် ကုန်းမြင့်ရာ၌ မြင်းတဲများ ဆောက်ပြီး မိုးခိုကြသည်။
မြင်းကုန်သည်များသည် မြင်းကျွေးရန် ယူလာသော ပြုတ်ပြီးသား မုယောဆန်ကြမ်းများကို ရဟန်းတို့အား တစ်ပါးလျှင် တစ်စလယ်စီ ဝတ်ထားပြီး လှူဒါန်းလေသည်။
ရဟန်းများသည် ဝေရဉ္ဇာမြို့၌ ဆွမ်းခံ မရလျှင် ထိုမြင်းတဲသို့ သွားပြီး မုယောဆန်ကို အလှူ ခံကြပြီး ရရှိလာသော မုယော ဆန်ကြမ်းကို မချက်တတ်၍ ဆုံငယ်တွင် ထည့်ထောင်းပြီး ရေနှင့်ဖျော်ကာ ဘုဉ်းပေး ကြရသည်။
မြင်းကုန်သည်တို့သည် ဘုရားရှင်အတွက် မုယောဆန်
တစ်စလယ်နှင့် ထိုဆန်အား လျော်သော ထောပတ်၊ ပျားသကာများကို လှူဒါန်းသည်။
ရှင်အာနန္ဒာက ထိုအရာများကို ယူပြီး ကျောက်ပြင်ပေါ်၌ ကြိတ်ပြီးလျှင် ထောပတ် စသည်တို့ဖြင့် ရောစပ်ပြီး ဘုရားရှင်ကို ကပ်လှူရသည်။
ဝေရဉ္ဇာပုဏ္ဏားသည် ဘုရားရှင်ကို ပင့်ထားပါလျက် မာရ်နတ်၏ လှည့်ပတ်မှုကြောင့် ဘုရားရှင်အား ဆွမ်းစီမံပေးရန် မေ့လျော့ နေခဲ့သည်။
ရှင်မောဂ္ဂလာန်က အငတ်ဘေးမှ ကင်းဝေးစေရန် တန်ခိုးတော်ဖြင့် မြေဆီ၊မြေဩဇာကောင်းကို မြေကြီးလှန်ပြီး ယူခွင့် တောင်းသည်။ ဘုရားရှင်က ခွင့်မပြု။ မြောက်ကျွန်းသို့ ပြန်ကြွပြီး ဆွမ်းခံခွင့်ပြုရန် လျှောက်ထားသော်လည်း ခွင့်မပြုချေ။
ဝါတွင်း (၃)လပတ်လုံး မြင်းကုန်သည်တို့ လှူသော မုယောဆန်ကြမ်းဖြင့်သာ ဘုဉ်းပေးနေပြီး ဝါကျွတ်သောအခါ ဝေရဉ္ဇာပုဏ္ဏားကို ဒေသစာရီ ကြွမည့်အကြောင်း မိန့်ကြားသည်။
ဝေရဉ္ဇာပုဏ္ဏားသည် ထိုအခါမှ သတိရပြီးလျှင် ဘုရားရှင်ကို
တောင်းပန်ကာ ဘုရားအမှူးရှိသော သံဃာများကို ကြီးစွာသောအလှူကို ပေးလှူလေသည်။
ဘုရားရှင်သည် ဝေရဉ္ဇာပုဏ္ဏားကြီး၏ ကြီးကျယ်သော အလှူကို လက်ခံပြီးနောက် တရားဟောပြီး ဒေသစာရီ ဆက်လက် ကြွတော်မူသည်။
ဘုရားရှင်သည် ဝါတွင်း (၃)လပတ်လုံး ဝေရဉ္ဇာမြို့၌ မုယောဆန်ကြမ်း ဘုဉ်းပေးရသည့် ဝဋ်ကြွေးမှာ အဘယ်ကြောင့်ပါနည်း ဆိုသော် -
လွန်ခဲ့သော (၉၂)ကမ္ဘာထက်၌ " ဖုဿဘုရားရှင် " ပွင့်တော်မူသည်။ ထိုအချိန် ကာလဝယ် ဂေါတမဘုရားလောင်းသည် မထင်ရှားသော အမျိုးသားတစ်ဦး ဖြစ်ပြီး လူဆိုးလူမိုက်များ ဟူသော မကောင်းသောမိတ်ဆွေများနှင့် ပေါင်းမိပြီး မိမိကိုယ်တိုင်လည်း လူဆိုး၊ လူသွမ်း၊ လူပျက် ဖြစ်နေလေသည်။
အလောင်းတော် လူဆိုး၊ လူသွမ်း၊ လူပျက်သည် ဖုဿဘုရားရှင်၏ တပည့်သာဝကတို့ ဆွမ်းစားသည်ကို ကြည့်ပြီး " ပလေ့ဆွမ်းနုကို မစားသင့်၊ သင်တို့နှင့် မတန်။ သင်တို့ မုယောဆွမ်းကြမ်းကို စားကြပါ။ " ဟု မထီမဲ့မြင် ပြောဆို ပြစ်မှားမိလေသည်။
ဤ နှုတ်ထွက်စကားကြောင့် ဘဝပေါင်းများစွာ အပါယ် (၄)ပါး၌ နေခဲ့ရပြီး ယခုနောက်ဆုံး ဘုရားဖြစ်သောဘဝတွင် ကံကြွင်း လိုက်ကာ ဝေရဉ္ဇာမြို့၌ မုယောဆန်ကြမ်းကို ဝါတွင်း (၃)လပတ်လုံး ဘုဉ်းပေး ရလေသည်။
ထိပါးပြောဆိုသော နှုတ်ထွက်စကားကြမ်း မကောင်းမှုကံသည် မျက်နှာ ကြီး၊ ငယ် မရွေး အကျိုးပေးတတ်၍ သူတစ်ပါးအား အထူးသဖြင့် မြင့်မြတ်သော သီလဂုဏ်၊ သမာဓိဂုဏ် ရှိသော သူများကို နှုတ်ဖြင့် မထိပါး၊ မပုတ်ခတ်၊ မပြောမိကြစေရန် အထူးသတိပြု ဆင်ခြင်ကြပါလေ။
Credit,
Comments
Post a Comment