ဘာဖြစ်လို့ ညစာကို ရှောင်သလဲ

“ဘာဖြစ်လို့ ညစာကို ရှောင်သလဲ-

ဥပုသ်စောင့်ခြင်း အဓိပ္ပာယ်-အပိုင်း(၄)”

••••••••••••••••••••••••••••••••••••••

နောက်တစ်ခါ “ဝိကာလဘောဇနာ ဝေရမဏိ

သိက္ခာပဒံ သမာဒိယာမိ”- ဆိုလိုက်တဲ့အခါ ရဟန္တာ

အရှင်များဟာ နံနက်တစ်ကြိမ်သာ ဘုဉ်းပေး

သုံးဆောင်တော်မူကြတယ်။မွန်းလွဲတဲ့အချိန်မှာ

ဘုဉ်းမပေးဘူး။ ညနေစာလည်း ဘုဉ်းမပေးဘူး။

ညစာလည်း ဘုဉ်းမပေးဘူး၊ နံနက်ပိုင်းတစ်ချိန်သာ

ဘုဉ်းပေးတော်မူကြတယ်။ ငါလည်းပဲ ဒီကနေ့

ရဟန္တာပုဂ္ဂိုလ်တွေရဲ့အကျင့်ကို လိုက်ပြီးတော့

ကျင့်သုံးရတယ်လို့ စိတ်ထဲမှာ ဝမ်းသာရမယ်။

အဲဒီတော့ ဗုဒ္ဓဘာသာက ညနေစာမစားဘူးလို့

ဆိုတာက သက်သက် အငတ်ခံတာ မဟုတ်ဘူးနော်။

တကယ့် သူတော်စင်ပုဂ္ဂိုလ်တွေဟာ ညစာကို

ရှောင်ကြတယ်။


❖“ဘာဖြစ်လို့ ညစာကို ရှောင်သလဲ”

ဆိုလို့ရှိရင် အဓိပ္ပါယ်က ညစာ စားခြင်းအားဖြင့်

လူတွေမှာ အစာဝလာတဲ့အခါ

အိပ်ချင်ထိုင်းမှိုင်းမှုတွေ ပိုပြီးတော့ မများဘူးလား။

များတယ်။တန်ဖိုးရှိတဲ့ ညအခါမှာ ဗိုက်လေးလေးနဲ့

အိပ်ဖို့ပဲ ကြိုးစားတော့မှာပေါ့။

သူတော်စင် သူတော်မြတ်များဟာ ညအခါဟာ

သိပ်တန်ဖိုးရှိတယ်လို့ ယူဆကြတယ်။

ဒါကြောင့်မို့လို့ အအိပ်အနေ နည်းအောင်လည်း

ညစာကို မစားဘဲနဲ့ နံနက်စာပဲ စားတယ်။


❖နောက်တစ်ခုက ညစာစားမယ်ဆိုရင်

ဝေယျာဝစ္စတွေရော မလုပ်ရဘူးလား။

ချက်ပြုတ်ရမယ်၊ထမင်းပွဲပြင်ရမယ်ဆိုတဲ့

ဝေယျာဝစ္စတွေ။“မချက်ပါဘူး ဆိုင်သွားမယ်”

ဆိုလည်း သွားရသေးတာပဲ။ဟုတ်ကဲ့လား။

✦စားပြီးပြီဆိုတာနဲ့ ဗိုက်လေးသွားပြီလေ။

ဗိုက်လေးသွားရင် အိပ်ဖို့ပဲ စဉ်းစားတော့မှာပဲ။

တန်ဖိုးရှိပြီးတော့ တိတ်ဆိတ်ငြိမ်သက်တဲ့ ညချမ်းလေးကို

အချိန်ဖြုန်းပစ်ဖို့ပဲ ရှိတယ်တဲ့။ကာမဂုဏ်အာရုံစိတ်တွေ

လောဘစိတ်တွေနဲ့ အိပ်လိုက်ကြပြီ။


❖သူတော်စင်၊သူတော်မြတ်တွေကတော့ အဲဒီလို

မဟုတ်ဘူး။သူတို့ပြောတာ “န တာဝ သုပိတုံ ဟောတိ၊

ရတ္တိ နက္ခတ္တမာလိနီ။” ညအခါမှာ ကောင်းကင်ကို

မော့ကြည့်လိုက်လို့ရှိရင် အင်မတန်မှ ကြည်နူးစရာ

ကောင်းတယ်။ကောင်းကင်မှာ လနဲ့ နက္ခတ်

ကြယ်တာရာတွေ ရှိမနေဘူးလား။နေ့အခါမှာ ကြည့်မယ်

ဆိုလို့ရှိရင် နေကြီးမှလွဲလို့ အခြားမမြင်ရဘူး။

ညမှာကျတော့ အလွန်လှတဲ့ နက္ခတ်တွေ ဟိုနားက

ဝင်းဝင်းလက်လက်၊ဒီနားက ဝင်းဝင်းလက်လက်နဲ့

အလွန်လှတဲ့ညအခါကို လူတွေက အိပ်ပြီးတော့

ဖြတ်ကျော်ပစ်လိုက်ကြတယ်။မေ့ထားလိုက်ကြတယ်။

ညရဲ့အလှကို လူတွေ မသိကြဘူးတဲ့နော်။


❖ဒါကြောင့်မို့လို့ သူတော်စင် သူတော်မြတ်တွေက

“န တာဝ သုပိတုံ ဟောတိ ၊ ရတ္တိ နက္ခတ္တ မာလိနီ” –

“ညဆိုတာ” တဲ့။

“နက္ခတ်ပန်းတွေနဲ့ အဆန်းတကြယ် အလွန်လှတဲ့

ညအခါဆိုတာ အိပ်ဖို့ မဟုတ်ဘူး”တဲ့။

“ပဋိဇဂ္ဂိတု မေဝေသာ”-“ညဆိုတာက ကိုယ့်ကိုယ်ကို

ထိန်းသိမ်းစောင့်ရှောက်ပြီးတော့ အကုသိုလ်တရားတွေ

ကင်းအောင်၊ကိလေသာတရားတွေက လွတ်မြောက်အောင်

ကြိုးစားဖို့ ကောင်းတဲ့အချိန် ဖြစ်ပါတယ်”တဲ့။


❖ဘာဖြစ်လို့တုန်းဆိုတော့ ညအခါဆိုတာ ရာသီဥတု

ကလည်း အေးချမ်းတယ်။နေ့လို မပူဘူး။

နေ့အခါမှာလို လူသံတွေ၊ငှက်သံတွေ ဆူညံနေတာ

မရှိဘူး။ညအခါ တိတ်ဆိတ်တယ်။တိတ်ဆိတ်ငြိမ်သက်

အေးချမ်းပြီးတော့ တန်ဖိုးရှိတဲ့ အချိန်ကြီးတစ်ခုကို

အိပ်ပြီးတော့ ဖြတ်ကျော်ပစ်လိုက်တာတဲ့။

ဒါကြောင့်မို့ “ဝိကာလဘောဇနာ”ဆိုတာ

တန်ဖိုးရှိတဲ့ညကို တန်ဖိုးရှိအောင် နေနိုင်အောင်လို့

ရည်ရွယ်တဲ့ ကိစ္စတစ်ခုပဲနော်။ဒါကြောင့်မို့လို့

ရဟန္တာပုဂ္ဂိုလ်တွေဟာ ညအခါမှာ သုံးဆောင်ခြင်း

မရှိကြဘူး။မွန်းလွဲတဲ့အချိန်မှာ သုံးဆောင်ခြင်း မရှိကြဘူး။

ငါလည်းပဲ ဒီကနေ့ ရဟန္တာပုဂ္ဂိုလ်တွေရဲ့ အကျင့်အတိုင်း

လိုက်နာကျင့်သုံးရပေပြီလို့ စိတ်ထဲမှာ ဝမ်းသာ

ကြည်နူးပြီး စောင့်တယ်။ ။

-【စာရိုက်ပူဇော်သူ - Admin Team of

Young Buddhist Association】

-【ပါမောက္ခချုပ်ဆရာတော်ဒေါက်တာ

အရှင်နန္ဒမာလာဘိဝံသ】ဆက်ရန်►

Dhamma Dãna Source ►

www.facebook.com/youngbuddhistassociation.mm

[“လွတ်လပ်စွာ Share နိုင်ပါသည်။

ပေ့ခ်ျများအနေဖြင့်၊ Blog များအနေဖြင့်

share မည်ဆိုရင် စာရေးသူ ဆရာတော် အမည်နဲ့

စာရိုက်ပူဇော်သူ - Admin Team of

Young Buddhist Association ကို

credit လေးပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။”]


Comments

Popular posts from this blog

သရဏဂုံသုံးပါး ပုတီးစိပ်နည်း

ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူသော ဘုရားငါးဆူတို့၏ ကွာခြားချက်များ

ဂုဏ်တော်တစ်ထောင်ပုတီးစိပ်နည်း