“တစ်ခါတလေ တစ်ယောက်တည်းပဲ ကောင်းပါတယ်”
•••••••••••••••••••••••••••••••••••••••••••••••••••••••
ကဿပဘုရားရှင်လက်ထက်တော်ကတရားကျင့်ဘက်
သူငယ်ချင်းရဟန်းနှစ်ပါးရှိပါတယ်။ တရားကျင့်ပြီး
နတ်ပြည်မှာဖြစ်ရပါတယ်။ တစ်ခါနတ်ပြည်ကစုတေတော့
တစ်ပါးကဘုရင့်သားဖြစ်ပြီး၊တစ်ပါးက
ပုရောဟိတ်ရဲ့သားဖြစ်ရပါတယ်။
တစ်နေ့တော့ပုရောဟိတ်သားကဘုရင့်သားကို
“သူငယ်ချင်းတချိန်မှာ သင်ကဘုရင်ဖြစ်ပြီးငါက
ပုရောဟိတ်ဖြစ်လိမ့်မယ်။ဒါကြောင့် ငါတို့ပညာတတ်မှဖြစ်မယ်”
ဆိုပြီးသူငယ်ချင်းနှစ်ယောက်
ပညာသင်ဖို့မြို့ရွာတွေကိုထွက်ခဲ့ပါတယ်။
ရွာတစ်ရွာရောက်တော့ ပစ္စေကဗုဒ္ဓတွေကိုရွာသူ
ရွာသားတွေက ဆွမ်းလောင်းနေတာတွေ
နေရာထိုင်ခင်းပေးနေ တာတွေအရိုအသေ
ပြုနေတာတွေကိုတွေ့ပြီး
“အရှင်မြတ်တွေဟာ အတတ်ပညာတစ်ခုခုကို
တတ်လို့လူတွေက အရိုအသေပြုနေကြတာပဲ”
လို့တွေးပြီး ပညာသင်ပေးဖို့ပစ္စေကဗုဒ္ဓတွေကို
တောင်းပန်ပါတယ်။
ဒီတော့ပစ္စေကဗုဒ္ဓအရှင်မြတ် တွေက
“ရဟန်းအတတ်ပညာကို ရဟန်းပြုမှသင်ပေးမယ်”
ပြောလို့သူငယ်ချင်းနှစ်ယောက် ရဟန်းပြုကြပါတယ်။
ပစ္စေကဗုဒ္ဓတွေကလည်း သင်္ကန်းဝတ်ပုံ၊ နေပုံထိုင်ပုံ၊
တရားအားထုတ်ပုံစသည်တွေကိုသင်ပေးရင်း
“ဒီတရား တွေကိုတစ်ပါးတည်းနေပြီးအားထုတ်ရတယ်”
လို့ပြောပြီးတရားအားထုတ်ဖို့ သစ်ရွက်မိုးတဲ့
သစ်သားကျောင်းလေးတွေ တစ်ကျောင်းစီ
ပေးလိုက်ပါတယ်။
ပုရောဟိတ်ရဲ့သားက ကျောင်းလေးထဲမှာတရား
စအားထုတ်တာနဲ့သမာဓိတန်းရပါတယ်။
ဘုရင့်သားကတော့ တစ်ပါးစီခွဲနေရလို့
ပျင်းတဲ့စိတ်တွေဝင်လာပါတယ်။ ဒါကြောင့်
ပုရောဟိတ်သားရဟန်းဆီသွားလည်ပါတယ်။
ပထမတော့ ပုရောဟိတ်သားရဟန်းကလက်ခံပါသေးတယ်။
သုံးကြိမ်မြောက်ရောက်လာတဲ့အခါမှာတော့
“ဒီမင်းသားရဟန်း အမြဲလာနေရင် သူလည်း
တရားအားထုတ်မှုပျက်တယ်။
ငါလည်းတရားအားထုတ်မှုပျက်တယ်”လို့တွေးပြီး
နေထိုင်ရာ ကျောင်းကနေ တိတ်တဆိတ်ထွက်ခွါ
လိုက်ပါတယ်၊ ပြီးတော့တောထဲ
သွားအားထုတ်ပါတော့တယ်။
နောက်တစ်နေ့မင်းသားရဟန်းရောက်လာတော့
ပုရောဟိတ်သားရဟန်းကိုမတွေ့တာနဲ့
“သြော်... ပုရောဟိတ် သားရဟန်းကတောင်
ငါလိုမင်းသားကိုမတွေ့ချင်တော့ပါလား”
လို့ စဉ်းစားရင်းကိုယ့်စိတ်ကလေးကိုပြန်ပြောပါတယ်။
“အို...စိတ်၊ သင်စိတ်ဟာ ရှက်ဖို့ကောင်းလိုက်တာ၊
သင်စိတ်ဟာ လေးကြိမ်မြောက်အထိတောင်
ဒီကျောင်းကို ငါ့ကိုပို့ပေးတယ်၊ ဒီတစ်ခါတော့
သင်စိတ်အလိုတိုင်းမလိုက်နိုင်တော့ဘူး။
သင်စိတ်ကသာ ငါ့အလိုတိုင်းလိုက်ရတော့မယ်။”
မင်းဟားရဟန်းဟာ ကိုယ့်စ်ိတ်ကိုပြန်ပြောပြီး
ကိုယ့်ကျောင်းလေးဆီပြန်သွားပါတယ်။
ပြီးတော့တစ်ပါးတည်း တရားကို
ကြိုးကြိုးစားစားအားထုတ်လိုက်တာ
“ပစ္စေကဗုဒ္ဓ” ဖြစ်သွားပါတယ်။
ပစ္စေကဗုဒ္ဓဖြစ်တော့ နန္ဒမူတောင်ကို ကြွပါတယ်။
ပုရောဟိတ်သားရဟန်းလည်းတောထဲမှာ
တစ်ပါးတည်းအားထုတ်လိုက်တာ ဘုရင့်သားနည်းတူ
ပစ္စေကဗုဒ္ဓဖြစ် သွားပါတယ်။ ပစ္စေကဗုဒ္ဓဖြစ်တော့
နန္ဒမူတောင်ကိုကြွခဲ့ပါတယ်။
နှစ်ပါးဆုံတော့နှစ်ပါးအတူ ဥဒါန်းစကားကျူးပါတော့တယ်။
“ရင့်ကျင့်တဲ့ ပညာရှိတဲ့ ဝီရိယရှိတဲ့ အတူတကွ
တရားကျင့်ဘက် မိတ်ဆွေကောင်းကိုရခဲ့ရင်
အဲဒီမိတ်ဆွေကောင်း နဲ့ ဝမ်းမြောက်ဝမ်းသာ
ဘေးရန်တွေကိုပယ်ရှားပြီး တရားကျင့်သင့်တယ်။
တကယ်လို့ မိတ်ဆွေကောင်းကိုမရခဲ့ရင်တော့
တစ်ယောက်တည်းပဲတရားကျင့်သင့်တယ်။”
(သုတ္တနိပါတ် အဋ္ဌကထာ၊ ပတွဲ ၊နှာ- ၈၁)
တရားအားထုတ်တဲ့နေရာမှာ တစ်ယောက်တည်းပဲ
အားထုတ်သင့်တယ်ဆိုတာ သာဓကပြထားတဲ့ဝတ္ထုလေးပါ။
မြို့မှာနေနေတဲ့ ရဟန်းတစ်ပါးအနေနဲ့တောထဲသွားပြီး
တစ်ပါးတည်းတရားအားထုတ်ဖို့ဆိုတာမလွယ်ကူလှသလို၊
အိမ်မှာ မိသားစုနဲ့အတူနေရတဲ့ မိသားစုရဲ့
စားဝတ်နေရေးကိုဖြေရှင်းပေးနေရတဲ့ လူသားတစ်ယောက်
အနေနဲ့လည်း တာထဲသွားပြီးတစ်ယောက်တည်းတရားအားထုတ်ဖို့
ဆိုတာကလည်းတွေးတောင်မတွေးရဲတဲ့ကိစ္စပါ။
ဒီတော့ အိမ်မှာ မိသားစုနဲ့နေရင်းပဲ တစ်ယောက်တည်း
တရားအားထုတ်တဲ့နည်းကိုယူရတော့မှာပါ။
ဥပမာ-ဘုရားရှေ့ မှာတစ်ယောက်တည်း နာရီဝက်လောက်
နှစ်သက်ရာကမ္မဋ္ဌာန်းတစ်ခုကို အားထုတ်နေမယ် ဆိုရင်
တစ်ယောက်တည်းအားထုတ်နေတာပါပဲ။
ဒီလိုပါပဲ ရိပ်သာမှာသွားပြီး ယောဂီ နှစ်ရာသုံးရာ
နဲ့အားထုတ်တဲ့အခါ ကိုယ့်အမှတ်နဲ့ကိုယ် သတိကပ်
အားထုတ် နေရင်လည်း တစ်ယောက်တည်း
အားထုတ်နေတာပါပဲ။ ရိပ်သာမှာလူတွေ
ဘယ်လောက်ပဲများများ ကိုယ့်ဖြစ်ခိုက်ရုပ်၊နာမ်အပေါ်
ကိုယ့်အမှတ်ကလေးနဲ့နေနေရင် တစ်ယောက်တည်း
အားထုတ်နေနေတာပါပဲ။
ကိုယ့်မှာ မိသားစုတွေ မိတ်ဆွေတွေ
ဘယ်လောက်ပဲရှိရှိ ကိုယ့်အမှတ်နဲ့ကိုယ်နေနေရင်
တစ်ယောက်တည်းပါပဲ။ ဒါတွေက မိသားစု ရှိနေပေမယ့်
တစ်ယောက်တည်း သီးခြားနေလို့ရတဲ့နည်းတွေပါ။
အဲဒီလိုမှမဟုတ်ဘဲ တစ်ယောက်တည်းထိုင်ပြီး
အားထုတ်နေပေမယ့် စိတ်က
မိသားစုဆီရောက်သွားလိုက်၊
သူငယ်ချင်းတွေဆီရောက်သွားလိုက်၊
အလုပ်ဆီ ရောက်သွားလိုက်ဆိုရင်တော့
တစ်ယောက်တည်းအားထုတ်တာမဟုတ်ဘဲ
အပေါင်းအဖော်စုံညီစွာနဲ့အားထုတ်နေတော့တာပါ။
လူကသာဘုရားရှေ့မှာ တစ်ယောက်တည်း
ထိုင်နေတာ စိတ်ကတော့အပြင်မှာပါ။
ဒါဆိုရင်တရားကမတက်နိုင်တော့ပါဘူး။
တချို့များ စိတ်ကဘယ်လောက်ထိ ထွက်သလဲဆိုရင်
သူငယ်ချင်းတွေနဲ့ကော်ဖီဆိုင်ထိုင် မုန့်တွေစား
စကားတွေ ပြောနေလိုက်တာ အတော်လေးကြာမှ
“ငါ့စိတ်တွေအပြင်ထွက်နေပါလား”ဆိုပြီးသိရပါတော့တယ်။
သိတာနဲ့ယောဂီအများစုက ပင်တိုင်အာရုံဆီ
ချက်ချင်းပြန်ကပ်လိုက်ကြတာများပါတယ်။
ဝိပဿနာသဘောတရားအရ အဲဒီလိုမလုပ်ရပါဘူး။
စိတ်ထွက်တာကိုသိလိုက်တာနဲ့
“စိတ်ထွက်တယ် စိတ်ထွက်တယ်” လို့
လေးငါးချက်လောက် မှတ်လိုက်ရပါတယ်။
ပြီးမှမူလပင်တိုင်အမှတ်ကိုပြန်မှတ်ရပါတယ်။
အဲဒီလိုမဟုတ်ဘဲ စိတ်ထွက်တာ သိလိုက်တာနဲ့
ပင်တိုင်အာရုံဆီပြန်ကပ်လိုက် ပြန်ကပ်လိုက်
လုပ်နေရင် ယောဂီနဲ့စိတ်ထွက်တာ
နပန်းလုံးနေရတော့တာပါ။
စိတ်ထွက်တာကိုမှတ်တတ်တဲ့အကျင့်လေးကိုလည်း
အကျင့်လုပ်ထားရပါတယ်။ ဒီတော့ ကိုယ့်အိမ်က
ဘုရားခန်းရှေ့မှာ တရားအားထုတ်နေတာလည်း
တစ်ယောက်တည်းအားထုတ်နေတာပါပဲ။
ရိပ်သာမှာကျတော့ လူများတဲ့အတွက်
ကိုယ့်အမှတ်နဲ့ကိုယ်သတိကပ်ပြီးရှုမှတ်နေရတဲ့အပြင်
“အရှင်မဟာကစ္စာယန” ရဲ့ သြဝါဒလေးချက်ကိုလည်း
လိုက်နာထားရပါတယ်။
အရှင်မဟာကစ္စာယနဆိုတာ မြတ်စွာဘုရား
အကျဉ်းချုပ်ဟောထားတဲ့တရားတွေကို
အကျယ်ချဲ့ပြီးဟောပြတဲ့နေရာမှာ အတော်ဆုံး
အကောင်းဆုံး ဧတဒဂ်ရထားတဲ့ ပုဂ္ဂိုလ်ပါ။
စက္ခုမာ'ဿ ယထာအန္ဓော၊ သောတဝါ ဗဓိရောယထာ။
ပညာဝါ'ဿ ယထာမူဂေါ၊ ဗလဝါ ဒုဗ္ဗလောရိဝ ။
တရားအားထုတ်နေတဲ့ယောဂီဟာ -
၁။ မျက်စိအမြင်ကောင်းပေမယ့် အကန်းလိုနေရပါတယ်။
၂။ နားအကြားကောင်းပေမယ့် နားအပင်းလိုနေရပါတယ် ။
၃။ စကားပြောကောင်းပေမယ့့် အ.အလိုနေရပါတယ်။
၄။ အားအင်ရှိပေမယ့် အားအင်နည်းသူလိုနေရပါတယ်။
* မျက်စိအမြင် ကောင်းသူပင် မမြင်ကန်းပမာ။
* နားအကြားတွင် ကောင်းသူပင် နားလျှင်ပင်းပမာ။
* စကားပြောတွင် ကောင်းသူပင် အ.သွင်ဆွံ့ပမာ။
* ပြည့်ဝအားအင် ရှိသူပင် အားအင်နည်းပမာ။
* ဤကဲ့သို့ပင် ကျင့်နိုင်လျှင် တရားမြင်မည်သာ။
အပြင်လောကမှာ မျက်စိအမြင်တွေဘယ်လောက်ပဲ
ကောင်းကောင်း တရားအားထုတ်တဲ့အခါမှာတော့
အကန်းလိုပဲကျင့်ရပါမယ်။ အကန်းလိုဆိုတော့ မျက်စိကို
ပိတ်ထားရမှာမဟုတ်ပါဘူး၊ ဟိုကြည့်ဒီကြည့်မကြည့်ဘဲ
စင်္ကြံကြွတဲ့အခါ မျက်စိကိုလေးထောင်ပဲကြည့်ရပါမယ်၊ စိတ်ကိုတော့လှမ်းနေတဲ့ခြေထောက်ဆီကိုပို့ထားရပါမယ်။
အဲဒီလိုမှမဟုတ်ဘဲ အပြင်မှာနေတဲ့အတိုင်း
ဘေးကိုကြည့်လိုက်မယ်၊ ရှေ့ကိုကျော်ကြည့်လိုက်မယ်ဆိုရင်
“သြော် သူက အင်္ကျီအစိမ်း ရောင်ဝတ်ထားတယ်။
ဆံပင်အနီဆိုးထားတယ်” စသည်ဖြင့်အတွေးတွေ
ဝင်ပြီး သမာဓိကပျက်သွားပါပြီ။
တစ်ယောက်တည်းမဟုတ်တော့ဘဲ အများနဲ့
ရောယှက်လိုက်တာပါ။
နားအပင်းဆိုတဲ့နေရာမှာလည်း စိတ်ကအပြင်က
အသံတွေဆီမရောက်ရပါဘူး။
အပြင်မှာပြောနေတဲ့အသံတွေ ကြားရတဲ့အသံတွေ
ဆီစိတ်ကရောက်သွားရင်သမာဓိက
ပျက်သွားတော့တာပါ။အပြင် အသံတွေ
ကြားခဲ့ရင်လည်း “ကြားတယ် ကြားတယ်”လို့ မှတ်ရပါတယ်။
အပြင်မှာဘယ်လောက်ပဲစကားပြောကောင်းကောင်း
တရားအားထုတ်ပြီဆိုရင်တော့ အ-အလို နေရပါတယ်။
စကားပြောလိုက်ပြီဆိုရင် ကိုယ်တင်သမာဓိပျက်
ရတာမဟုတ်ဘဲ နားထောင်တဲ့သူကော
သမာဓိပျက်တော့တာပါ။
စကားပြောလိုက်တာနဲ့ တစ်ယောက်တည်း
နေတာမဟုတ်တော့ပါဘူး။ တရားအားထုတ်နေတဲ့
အချိန်မှာ စကားပြော တာကိုအထူးစောင့်ထိန်းရပါတယ်။
ဒါပေမယ့်လုံးဝစကားမပြောရဘူး၊ဝစီပိတ်ကျင့်ရမယ်
လို့တော့မဟုတ်ပါဘူး။ ပြောဖို့လိုအပ်လာရင်တော့
တရားနဲ့စပ်တဲ့စကားကိုတော့ သတိနဲ့ ကပ်ပြောကောင်းပါတယ်။
နောက်တရားအားထုတ်တဲ့အခါ ဘယ်လောက်ပဲ
အားအင်ကောင်းကောင်း အားအင်နည်းတဲ့လူလို
နေရပါမယ်။
ကျေးဇူးတော်ရှင်မဟာစည်ဆရာတော်ဘုရားကြီးကတော့
“ခါးနာနေတဲ့လူမမာလေးလိုနေရမယ်”လို့ မိန့်ပါတယ်။
သွက်သွက် သွက်သွက်နဲ့သွားနေရင် သမာဓိက
ရသင့်သလောက်မရတော့ပါဘူး၊ ဒါတွေကတော့ လူတွေ
အများကြီးနဲ့ နေနေရ ပေမယ့် တစ်ယောက်တည်း
နေထိုင်မှုပုံစံလေးပါ။
တစ်ခုတော့ရှိပါတယ်၊ လောကီရေးရာနဲ့ လောကုတ္တရာ
ရေးရာတွေဟာ တချို့နေရာတွေကျတော့ ဖြောင့်ဖြောင့်
ဆန့်ကျင်နေတတ်တာလေးတွေရှိတတ်ပါတယ်။
ဥပမာ-တရားအားထုတ်တဲ့အခါ အကန်းလိုနေမယ်၊
မျက်စိကိုလေးထောင့်ပဲကြည့်မယ်ဆိုရင်
တရားအတွက်အများကြီးအထောက်အကူပြုပေမယ့်
မြို့ထဲလမ်းမပေါ်မှာ အဲဒီအတိုင်းသွားလုပ်ရင်တော့
ကားတိုက်ရင်တိုက်၊မတိုက်ရင် ဆိုင်ကယ်တိုက်သွားမှာပါ။
ဒီလိုပါပဲ တရားအားထုတ်တဲ့အခါသေခြင်းတရားကို
နီးနီးထားရပါတယ်။ စီးပွားရှာတဲ့အခါမှာတော့
သေခြင်းတရားကိုဝေးဝေးထားရပါတယ်တဲ့။
တရားအားထုတ်တဲ့အခါ သေခြင်းတရားကိုနီးနီးထားပြီး
“ငါသေတော့မယ် ငါသေတော့မယ်”ဆိုပြီး အားထုတ်ရင်
တွန်းအားအနေနဲ့ပိုထိရောက်ပါတယ်။
စီးပွားရှာတဲ့နေရာမှာကျတော့
“ငါမသေဘူး”ဆိုတဲ့စိတ်နဲ့ သေခြင်းတရားကို
ဝေးဝေးထားပြီး တတ်တတ်ကြွကြွနဲ့လုပ်မှ
အောင်မြင်မှာပါ။ အဲဒီလိုမှမဟုတ်ဘဲ
“ငါသေတော့မယ်”ဆိုရင် စိတ်ဓာတ်တွေကျပြီး
အလုပ်ကိုကောင်းကောင်း
လုပ်နိုင်တော့မှာမဟုတ်ပါဘူး။ဒါကြောင့်
တချို့နေရာတွေမှာတော့လောကီရေးရာ နဲ့
လောကုတ္တရာရေးရာတွေကို ခွဲခြားထားရမှာပါ။
တချို့နေရာတွေကျတော့တွဲထားရင် လောကီရေးရာမှာကော၊
လောကုတ္တရာရေးရာမှာကော နှစ်ဖက်လုံးအတွက်
အကျိုးရှိတာပါ။ ဥပမာ- ကိုယ့်ရဲ့ဖြစ်နေတဲ့စိတ်ကလေးကို
ကောင်းတဲ့ စိတ်ပဲဖြစ်ဖြစ်၊မကောင်းတဲ့စိတ်ပဲဖြစ်ဖြစ်
သတိကပ်ပြီးသိသိနေရင် နှစ်ဖက်လုံးအကျိုးရှိတာပါ။
ဒါဆို အကုသိုလ်ဖြစ်မှုနည်းသွားသလို ကိုယ်လုပ်နေတဲ့
အလုပ်အတွက်လည်းအမှားနည်းသွားပါတယ်။
တစ်ခါတလေ တစ်ယောက်တည်း
နေတာလေးကစိတ်ချမ်းသာစရာလေးပါ။
ကံဘောင်ပေါ်ကသစ်သားခုံလေးမှာ ဝိပဿနာလည်းမပါ၊
လောကီအလုပ်တွေလည်းမပါ တစ်ယောက်တည်းထိုင်ရင်း
ကန်ရေပြင်ပေါ်ကဖြတ်လာတဲ့ ဆရာဒဂုန်တာရာရဲ့
တနွဲ့နွဲ့နော့နေဆဲလေနုအေးကိုရှူရှိုက်ရင်း
အေးအေးချမ်းချမ်းတစ်ယောက်တည်း
နာရီဝက်လောက်ပဲ ဖြစ်ဖြစ်ထိုင်နေရတာလေးက
အေးချမ်းမှုလေးတစ်ခုပါ။ ကိုယ့်ရဲ့တစ်ယောက်တည်း
နေထိုင်မှုနေထိုင်မှုပုံစံလေးက အများအတွက်လည်း
အနှောက်အယှက်မဖြစ်ပါဘူး။
လောကပြစ် ဓမ္မပြစ်လည်းမဖြစ်ပါဘူး။
ဒါကို လောကီ၊လောကုတ္တရာနဲ့
ယှဉ်ပြီး ပြောလို့လည်းမရပါဘူး။
အများကို မထိခိုက်တဲ့ကိုယ့်ရဲ့တစ်ကိုယ်ရေ
လွက်လပ်ခွင့်တစ်ယောက်တည်းခံစားမှုလေးပါပဲ။
အပေါင်းအဖော်တွေပါလာရင် စိတ်က
ကိုယ်ပိုင်လွတ်လပ်ခွင့်မရှိတော့ပါဘူး။
စိတ်က အပေါင်းအဖော် ဆီကိုပို့ထားရတော့မှာပါ။
တခြားတစ်ယောက်ကစကားလာပြောပြန်ရင်လည်း
တစ်ယောက်တည်းနေတဲ့ စိတ်ခံစားမှုလေး
ပျက်သွားနိုင်ပါတယ်။
ဖုန်းကိုလည်းခဏပိတ်ထားလိုက်မယ်။
ပတ်ဝန်းကျင်ကော၊ရောက်နေတဲ့
အနေအထားတစ်ခုကိုကော
ကျေနပ်ခြင်း၊မကျေနပ်ခြင်းတွေကိုကော၊
သက်ရှိသက်မဲ့တွေကော ခဏမေ့ထားပြီး
အထူးသဖြင့် လောကကြီးနဲ့ ဘာမှမဆိုင်သူ
တစ်ယောက်အဖြစ် ခဏလေးတစ်ယောက်တည်း
နေလိုက်ရတဲ့ ဘဝလေးက စိတ်ချမ်းသာမှုလေး တစ်ခုပါ။
ဒါကတော့ လောကုတ္တရာရေးရာလည်းမပါ၊
လောကီအလုပ်တွေလည်းမပါဘဲ တစ်ခါတလေ
တစ်ယောက်တည်းနေထိုင်မှု ပုံစံလေးပါပဲ။
ဒါပေမယ့်လည်း တရားအားထုတ်တဲ့အခါမှာတော့
စာကလမ်းညွန်ထားတဲ့အတိုင်းပဲနေထိုင်ရမှာပါ။
တချို့ သူငယ်ချင်းတွေနဲ့ နှစ်ယောက်တွဲ၊
သုံးယောက်တွဲရိပ်သာဝင်တဲ့အခါ တစ်ခန်းတည်း
အတူတူ နေထိုင်ခွင့် ရဖို့တောင်းဆိုတတ်ကြပါတယ်။
သူငယ်ချင်းတွေနဲ့ကုသိုလ်ပါရမီကောင်းတွေ
အတူတူဖြည့်ကြတာ ကောင်းပေမယ့်
တရားအားထုတ်တဲ့နေရာမှာတော့ တစ်ယောက်တည်း
အားထုတ်တာပဲကောင်းပါတယ်။ တစ်ခန်းတည်းအတူတူ
တွဲနေလိုက်ရင် ပထမဆုံး စလုပ်ဖြစ်မယ့် အလုပ်က
စကားပြောဖြစ်တာပါပဲ။ စကားပြောတာဟာ
တရားအားထုတ်မှု အတွက်တော်တော်လေး
အနှောက်အယှက်ပေးတာပါ။
စကားပြောလိုက်လို့သမာဓိပျက်ရုံတင်မကပါဘူး။
စကားပြောပြီး အတွေးတွေကို ဓမ္မာရုံထိုင်တဲ့
နေရာအထိပါခေါ်သွားတော့တာပါ။ တရားထိုင်နေရင်း
ပြောခဲ့တဲ့စကားတွေကို ပြန်တွေးပြီး
သမာဓိကောင်းကောင်းမရတော့ပါဘူး။
ကဿပဘုရားရှင်လက်တော်ကရဟန်း
နှစ်ပါးကပါရမီတွေအတူဖြည့်ခဲ့ကြတဲ့ သူငယ်ချင်းတွေပါ။
တရားအားထုတ်တဲ့အခါ မင်းသားရဟန်းက
ပုရောဟိတ်သားရဟန်းဆီ လာလာနေလို့ နှစ်ပါးလုံး
တရားအားထုတ်မှု ပျက်ရပါတယ်။ တစ်ပါးစီခွဲ
အားထုတ်လိုက်မှ တရားရသွားတာလေးက
သူငယ်ချင်းတွေနဲ့ တရားအားထုတ်တဲ့အခါ သတိပြုစရာလေးပါ။
တရားအားထုတ်တဲ့အခါမှာတော့ ဘယ်လောက်ပဲခင်တဲ့
သူငယ်ချင်းပဲဖြစ်ဖြစ် ခဏ မေ့ထားရပါတယ်။
ကိုယ့်မှာမိသားစုတွေပဲရှိနေရှိနေ၊
ခင်မင်တဲ့သူငယ်ချင်းတွေပဲရှိနေရှိနေ၊
တရားအားထုတ်တဲ့အခါမှာတော့ တစ်ယောက်တည်းပဲ
အားထုတ်မှတရားအတွက်အဆင်ပြေပါတယ်။
တကယ်လို့ပါရမီဖြည့်ဘက် ၊ ခင်တဲ့သူငယ်ချင်းတွေနဲ့
အတူ ရိပ်သာသွားအားထုတ်ဦးတော့ စိတ်ကသူတို့ဆီ
မရောက်ဘဲ ကိုယ့်အမှတ်နဲ့ကိုယ်ပဲ အားထုတ်ရမှာပါ။
သမာဓိတိုးတက်ကြောင်း ၊ ဆုတ်ယုတ်ကြောင်း
သဘောတရားလေးတွေသိထားတော့လည်း
တရားအားထုတ်ရတာ အဆင်ပြေတာပါပဲ။
ဘာပဲပြောပြောလေ ဘဝမှာအမြဲတမ်းမဟုတ်ပေမယ့်
တစ်ခါတလေတစ်ယောက်တည်းနေရတာလေးက
စိတ်ချမ်းမြေ့စရာလေးပါပဲလေ။
ကျမ်းကိုး ။
၁။ အရှင်မဟာကစ္စာယနမထေရ်၏သြဝါဒလေးဖြာသိကောင်းစရာ ။
သဒ္ဓမ္မရံသီဆရာတော်
၂။ ယောဂီသိဖွယ်အသွယ်သွယ် ။
ချမ်းမြေ့ဆရာတော်
-【ဆရာတော်အရှင်ရာဇိန္ဒ(ရဝေနွယ်-အင်းမ)】
[News Watch စောင့်ကြည့်သတင်းဂျာနယ်
၂၁၊ဇူလိုင်လ၊၂၀၁၅။]
[ဆရာတော်အရှင်ရာဇိန္ဒ(ရဝေနွယ်-အင်းမ)ထံမှ-
ကူးယူပူဇော်မျှဝေပါသည်။]
Comments
Post a Comment