ရှင်စုန္ဒထေရ်၏ ရှေးအကြောင်းကိုပြခြင်း

ဂေါတမဗုဒ္ဓဝင် (အပိုင်း ၇၈)

*********************

ရှင်စုန္ဒထေရ်၏ ရှေးအကြောင်းကိုပြခြင်း

………………………………………

ကုသိုလ်နှင့်ဗျာဒိတ်ရပုံ

………………………

ဤကမ္ဘာမှပြန်၍ရေသော် ၉၆ ကမ္ဘာထက်၌ သိဒ္ဓတ္ထအမည်ရှိသော မြတ်စွာဘုရား ပွင့်ထွန်းပေါ်ပေါက်ခဲ့၏။ထိုကာလ အရှင်စုန္ဒ၏ အလောင်းသည် တစ်ဦးသောဥပါသကာဖြစ်၍ သရဏဂုံပဉ္စသီလကို ဆောက်တည်လျက် နံက်နေ့ညဉ့်ပင် ဘုရားထံသို့ဆည်းကပ်သတည်း။ တစ်ရံသောအခါ ဘုရားရှင်အား ထူးပြားသောဒါနဝတ္ထုဖြင့် လှူဒါန်းချီးမြှင့်အံ့ဟုကြံပြီးလျှင် ကြီးကျယ်လှသောပန်းစေတီကိုပြု၍ ပူဇော်၏။

ဘုရားကိုယ်တော်မြတ်လည်း လှူအပ်သောဒါန၏ အကျိုးဆက်ကို မြွက်ကြားတော်မူခြင်းငှာ -

ဒိဗ္ဗဂန္ဓံ ပဝါယန္တံ, ယော မေ ပုပ္ဖဂ ္ဃိယံ အဒါ။

တမဟံ ကိတ္တယိဿာမိ ,သုဏထ မမ ဘာသတော- စသော

ဂါထာတို့ဖြင့် ဗျာဒိတ်စကား ကြားတော်မူ၏။

အနက်ကား-

ယော-အကြင်ဒါယကာသည်။ ဒိဗ္ဗဂန္ဓံ= နတ်၏ရနံ့ကို။

ပဝါယန္တံ=လှိုင်စေတတ်သော။ ပုပ္ဖဂ္ဃိယံ= ပန်းစေတီကို။

မေ=ငါဘုရားအား။ အဒါ=လှူပြီ။ တံ=ထိုလှူခြင်းအကျိုးကို ။

အဟံ=ငါဘုရားသည်။ ကိတ္တယိဿာမိ = ဟောကြားပေအံ့။

ဘာသတော=ဟောတော်မူသော။ မမ=ငါဘုရား၏။ ဝစနံ=စကားကို။ သုဏာထ= နာလင့်ကြကုန်။

အယံ ပေါသော=ဤယောက်ျားသည်။ ဣတော=ဤလူ၏ဘဝမှ။ စုတော=စုတေခဲ့သော်။ ဒေဝသင်္ဃပုရက္ခတော=နတ်သမီးနတ်သားအပေါင်းခြံရံလျက်။

ဇာတိပုပ္ဖေဟိ=မုလေးပန်းတို့ဖြင့်။ ပရိကိဏ္ဏော=ပြွမ်းလျက်။

ဒေဝလောကံ=နတ်ပြည်သို့။ ဂမိဿတိ= ရောက်လတ္တံ့။ တဿ =ထိုသူ၏။ ပုညကမ္မဘာဝိတံ= ကောင်းမှုကံကြောင့်ဖြစ်သော။

ဘဝနံ=ဘုံဟု သမုတ်အပ်သော။ ဥဗ္ဗိဓံ=အစောက်မြင့်သော။ သောဝဏ္ဏဉ္စ=ရွှေဖြင့်ပြီးသည်လည်းဖြစ်သော။

မဏိမယံ= ပတ္တမြားဖြင့်ပြီးသည်လည်းဖြစ်သော။

ဗျမှံ= ရတနာဗိမာန်သည်။

ပါတု ဘဝိဿတိ =ထင်ရှားဖြစ်လတ္တံ့။

သော=ထိုသူသည်။ စတုသတ္တတိက္ခတ္တုံ= ၇၄ ကြိမ်တိုင်တိုင်။ ဒေဝရဇ္ဇံ=နတ်မင်းအဖြစ်ကို။ ကရိဿတိ = ပြုရလတ္တံ့။

အစ္ဆရာဟိ=ပျူ ငှာဆန်းကြယ်သက်ရွယ်မကြီး နတ်သမီးအပေါင်းတို့ဖြင့်။ ပုရက္ခတော=ခြံရံအပ်သည်ဖြစ်၍။

သမ္ပတ္တိံ=နတ်၏စည်းစိမ်ကို။ အနုဘောဿတိ=အစဉ်ခံစားရလတ္တံ့။

တိသတံ=အကြိမ် ၃၀၀ တိုင်တိုင်။

ပထဗျာရဇ္ဇံ=ဧကရာဇ်မင်းသည်။ ဟုတွာ=ဖြစ်၍။

ဝသုဓံ= မြေပြင်ပတ်ကုံး ကျွန်းအလုံးကို။

အာဝသိဿတိ =စိုးမိုးပိုင်ချုပ် မင်းလုပ်ရလတ္တံ့။

ပဉ္စသတ္တတိက္ခတ္တု ဉ္စ= ခုနစ်ဆယ့်ငါးကြိမ်ကြိမ်တိုင်တိုင်လည်း။ စက္ကဝတ္တိ=စကြာရှေ့တည်လေးကျွန်းလည်သော မန္ဓာတ်မင်းသည်။ ဘဝိဿ တိ=ဖြစ်လတ္တံ့။

နာမေန=အမည်အားဖြင့်။ ဒုဇ္ဇယော နာမ=ရန်ခပင်းတို့ အောင်ခဲလှ၍ ဒုဇ္ဇယ အမည်ရှိသော။ မနုဇာမိပေါ=လူတို့သနင်းစကြာမင်းသည်။

ဟေဿတိ= ဖွစျလတ်တံ့။ သကကမ်မံ= မိမိ၏ ကုသိုလျကံကို။

အပဿိတာ=မှီလျက်။ တံ ပုညံ= ထို ကုသိုလ်အကျိုးကို။

အနုဘောတွာန=ခံစား စံစားခဲ့၍။ ဝိနိပါတံ=အပါယ်လေးရွာကို။

အနာဂန္တွာ=မလားမူ၍။ မနုဿတ္တံ= လူ၏အဖြစ်သို့။

ဂမိဿတိ=လားလတ်တံ့။ ဟိရညဿ = ငှအေသပွာ၏။

ကောဋိသတာနမ္ပိ=ကုဋေအရာတို့ဖြင့်လည်း။

အနပ္ပကံ=မနှိုင်းယှဉ်နိုင်သော။ (ဝါ)ကောဋိသတမနပ္ပကံ=ကုဋေငါးရာခြောက်ဆယ်သာမျှအနပ္ပကမ်း

နိစိတံ=ဘိုးဘေးစဉ်လျက် ခုနစ်ဆက်မီ ရှစ်ဆယ်စီလျှင် အညီ ဆည်းပူး၍။

နိဟိတဓနေ=လက်မထိသီး သိုမှီးပိုက်ထုပ် မြှုပ်သော ဥစ္စာရှိသော။

ယောနိမှိဗြာဟ္မဏေ= ပုဏ္ဏားအမျိုး၌။နိဗ္ဗတ္တိဿတိ= ဖြစ်လတ္တံ့။

ဝင်္ကန္တဿ = ဝင်္ကန္တပုဏ္ဏား၏။ သာရိယာ=သာရီပုဏ္ဏေးမ၏။ ပိယော=ချစ်အပ်သော။ သြရသော=ရင်၌ဖြစ်သော။ ဓီမာ=ပညာရှိသော။ သုတော=သားသည်။ဘဝိဿတိ=ဖြစ်လတ္တံ့။

[ဓမ္မပဒ အဋ္ဌကထာ၌ အရှင်သာရိပုတ္တရာ၏ မိဘတို့၌ ဥစ္စာကုဋေ ၅၆၀ ရှိသည်ဟုဆိုသည်။ ဘိုးဘေးခုနစ်ဆက်မှ ရှစ်ဆယ်စီ ရှစ်ဆယ်စီလာ၍ ၅၆၀ ဖြစ်ဖွယ်ရှိ၏။ ဤကိုထောက်ဆ၍ ကောဋိသတမနပ္ပကံကို အဓိပ္ပါယတ္ထ ယောဇနာသည်။]

သော=ထိုဝင်္ကန္တပုဏ္ဏား၏သားသည်။ ပစ္ဆာ=နောက်၌။

ပဗ္ဗဇိတွာ=ရဟန်းပြု၍။ အင်္ဂိရသဿ=ဂေါတမမြတ်စွာဘုရား၏။

သာသနေ=သာသနာ၌။

စူဠစုန္ဒောတိနာမေန=စူဠစုန္ဒ ဟူသော အမည်ဖြင့်။

သတ္တုသာဝကော= ဘုရားတပည့်သည်။ဟေဿတိ=ဖြစ်လတ္တံ့။

သော=ထိုစူဠစုန္ဒသည်။ သာမဏေရောဝ သမာနော=ခုနစ်နှစ်ဝင် ရှင်သာမဏေပြုလေ၍။ ခီဏာသဝေါ= ရဟန္တာသည်။ ဘဝိဿတိ=ဖြစ်လတ္တံ့။သဗ္ဗာသဝေ=အလုံးစုံသောအာသဝေါတရားတို့ကို ပရိညာယ=သိ၍။ အနာသဝေါ=အာသဝေါမရှိဘဲ။

နိဗ္ဗာယိဿတိ = ပရိနိဗ္ဗာန် စံယူလတ္တံ့။


နောက်ဆုံးဘဝ

………………

ဤဒေသနာဖြင့် မြတ်စွာဘုရားသည် ဗျာဒိတ်စကား ကြားတော်မူသော် ထိုစုန္ဒထေရ်၏အလောင်းဖြစ်သော ဥပါသကာသည်လည်း သဒ္ဓါတရားအတိုင်းထက်အလွန်ဖြစ်၍ အသစ်အသစ်သော ကုသိုလ်သမ္ဘာရတို့ကို များစွာဆည်းပူးလျက် အသက်အတိုင်းနေ၍ စုတေသောအခါ မြတ်စွာဘုရား မိန့်ကြားတော်မူသော ဗျာဒိတ်အတိုင်း လူ့ပြည်နတ်ရွာ၌ ချမ်းသာစည်းစိမ်ကိုခံစားခဲ့၍ ငါတို့ဘုရား ထင်ရှားဖြစ်တော်မူသောခါ ရာဇဂြိုဟ်ပြည်၏အနီးဖြစ်သော နာဠန္ဒရွာကြီး၌ ဝင်္ကန္တအမည်ရှိသော ပုဏ္ဏား၏မယား သာရီ မည်သော ပုဏ္ဏေးမ၏ဝမ်း၌ ပဋိသန္ဓေနေ၍ ဖွားသောကာလ ဥပတိဿ , ဥပသေန ဟူသော သားကြီးနှစ်ယောက် ဇာလာ, ဥပဇာလာ,သီသဇာလာ ဟူသော သမီးသုံးယောက်တို့၏ နောက်မှဖွားမြောက်လာ၍ ငယ်သောသားဖြစ်ရကား စူဠစုန္ဒ ဟူသော အမည်ကိုမှည့်၏။

ထို စုန္ဒသတို့သားလည်း အစဉ်အတိုင်းချမ်းသာကြီးပွား၍ ခုနစ်နှစ်အရွယ်သို့ရောက်သောအခါ နောင်တော်နှစ်ဦး အစ်မသုံးဦးတို့သည် ဘုရားရှင်သာသနာ၌ ရဟန်းချည်း ဖြစ်ကြလေကုန်ရကား ကျောင်းသို့မပြတ် သွားစမှတ်ပြု၏။ တစ်ရံသောခါ နောင်တော်ရှင်သာရိပုတ္တရာက "ညီချစ် စုန္ဒ… သင်သည် ငါတို့ကဲ့သို့ ရဟန်းပြုလို၏လော"ဟု မိန့်တော်မူလျှင် "နောင်တော်တို့ကိုကြင်နာသောအားဖြင့်ပင် ရဟန်းပြုချင်ပါ၏" ဟု လျှောက်၏။ ထိုအခါ ရှင်သာရိပုတ္တရာသည်လည်း ဆင်အပ်သော တန်ဆာတို့ကိုချွတ်စေ၍ ဦးခေါင်းကိုရေစွတ်စေပြီးလျှင် ဆံပင်ကိုသန့်ရှင်း၏။ ထိုသို့ ဆံရိတ်သောအခါ ကေသာ, လောမာ စသော တစပဉ္စကကိုသင်စေ၍ ဆံပင်အမွေးတို့၏ ဝဏ္ဏသဏ္ဌာန, ဓာတုအာကာရ စသည်ကို ပြောဟောတော်မူလျှင် သံသရာဘဝက ဥပနိဿယ ကြီးသူဖြစ်၍ တစ်ရာ့ရှစ်ပါးသော တဏှာအစေးတို့သည် ပြတ်၍ အရဟတ္တဖိုလ်သို့ ရောက်လေ၏။

ထိုအခါမှစ၍ စုန္ဒသာမဏေသည် နောင်တော်တရားစစ်သူကြီး ဖြစ်သော ရှင်သာရိပုတ္တရာအား နိယံမပြတ်ဆည်းကပ်လုပ်ကျွေး၏။ တစ်ရံတစ်ခါဝယ် မြတ်စွာဘုရားအားလည်း ရေနွေးရေချမ်း ကမ်းလှမ်းခြင်း ခြေဆုပ်လက်နယ်ပြုခြင်း နေရာခင်းခြင်း မျက်သစ် ဒန်ပူ ကပ်ခြင်းဖြင့် လုပ်ကျွေးပြုစုသတည်း။ အသက်နှစ်ဆယ်ပြည့်သောအခါ ဉတ္တိစတုတ္ထ ကမ္မဝါစာဖြင့်ရဟန်းပြု၍ သဗ္ဗညုသာသနာ၌ ထင်ရှားစွာသော သာဝကမြတ်ဖြစ်သတည်း။


ရှင်စုန္ဒ မှတ်ချက်

…………………

[ဤစုန္ဒထေရ်ကား ဧတဒဂ်ရသာဝကတွင်မပါ , အသီတိသာဝကတွင်သာပါသည်။ ၄င်းတို့ညီဖြစ်သော အရှင်ရေဝတကား ဘုရားရှင်ရာဇဂြိုဟ်ပြည်ဝယ် ဝီသတိမဝါ ဆိုတော်မူသောအခါမှ သာသနာသို့ ဝင်ရောက်ဟန်ရှိသည်။ ဤမှတစ်ပါး များစွာသောမထေရ်တို့၏ အတ္ထုပ္ပတ္တိကိုပြဆိုလျှင် လိုရင်းမကျ ဂန္ထဂရုဖြစ်ရာသောကြောင့် ထင်ရှားစွာသော ပုဂ္ဂိုလ်တို့ကိုသာ ပြဆိုလိုက်သည်။ နောက်တစ်ချက်ကား အစပိုင်းမှာ ၉၆ ကမ္ဘာထက်၌ပွင့်တော်မူသော သိဒ္ဓတ်ဘုရားရှင်လို့ ရေးပါတယ် ဒါက ဇိနတ္ထပကာသနီကျမ်းလာပါ။ မူလမဟာဗုဒ္ဓဝင်ပါအတိုင်းဆိုလျှင် ၉၆ ကမ္ဘာမြောက်က သုညကမ္ဘာစာရင်းထဲပါနေပါတယ်။ ဓမ္မဒဿီဘုရားပွင့်ပြီး ၁၉၀၅ ကမ္ဘာလုံး ဘုရားမပွင့်ဘဲ သုညကမ္ဘာ ဖြစ်ပါတယ်။ ၉၄ ကမ္ဘာထက်၌ လို့ ဆိုပါမှ မူလမဟာဗုဒ္ဓဝင်နဲ့ ညီပါမယ်။ နှစ်မျိုးလုံးမှတ်စေချင်ပါတယ်ဖြစ်နိုင်ရင်ပေါ့။] 

Comments

Popular posts from this blog

သရဏဂုံသုံးပါး ပုတီးစိပ်နည်း

ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူသော ဘုရားငါးဆူတို့၏ ကွာခြားချက်များ

ဂုဏ်တော်တစ်ထောင်ပုတီးစိပ်နည်း