ဇဋိလသူဌေး၏ အကြောင်းကိုပြခြင်း

ဂေါတမဗုဒ္ဓဝင် (အပိုင်း ၈၁)

*********************

_______________________________

ဇဋိလသူဌေး၏ အကြောင်းကိုပြခြင်း

--------------------------

ဗာရာဏသီပြည်၌ ၂၄ ကုဋေကြွယ်ဝသော သူဌေးသမီးတစ်ဦးသည် အဆင်းလှသည်ဖြစ်၍ မိဘတို့သည် အလွန်လေးမြတ်ရကား ၁၆ နှစ်အရွယ်သို့ရောက်သော် ပြာသာဒ်မ၏အထက် ကျက်သရေရှိသော တိုက်ခန်း၌ အလုပ်အကျွေးဖြစ်သော မိန်းမတစ်ယောက်နှင့်သာ နေစေ၏။

ဇဋိလ၏မိခင်

---------

တစ်နေ့သောအခါ လေသာပြတင်းပေါက်ကိုလှစ်လတ်၍ ကောင်းမြတ်သောတန်ဆာတို့ဖြင့်ဆင်ယင်လျက် ပျော်ရွှင်မြူးထူးကာ နေသည်တွင် ကောင်းကင်ခရီးဖြင့်သွားလာသောဝိဇ္ဇာဓိုရ်တစ်ဦးသည် မြင်၍ ကြင်နာစုံမက်ခြင်းရှိရကား လေသာနန်းတံခါးဖြင့် ဝင်၍ သူဌေးသမီးနှင့်ယဉ်ပါးမိကြသတည်း။

ယင်းသို့ယဉ်ပါးဖန်များသဖြင့် သူဌေးသမီး၌ကိုယ်ဝန်ရလေသော် အထိန်းမိန်းမက "အရှင်မ…ဤဖောက်ပြန်ခြင်းကား အကြောင်း အဘယ်သို့နည်း"ဟု မေး၍ ဝိဇ္ဇာဓိုရ်ယောက်ျားနှင့် ယဉ်ပါးမိသဖြင့် ကိုယ်ဝန်ရှိကြောင်းကိုပြောလျှင် "အရှင်မ ထိုသို့ဖြစ်စေကာမူ သူတစ်ထူးအားမကြားသိစေလင့်"ဆို၍ ဆိတ်ငြိမ်စွာနေကြ၏။ နေ့ လ စေ့သောအခါ အဆင်းအင်္ဂါနှင့်ပြည့်စုံသောသတို့သားငယ်ကို ဖွားမြင်၏။ သူဌေးသမီးလည်း "အထိန်းမ…ဤဖွားသောသူငယ်ကို အိုးသစ်ဝယ်ထည့်ပိတ်၍ အိုး၏အဝ ပြင်ပခပ်သိမ်းတို့၌ ပန်းခိုင် ပန်းကုံးတို့ကိုရံလျက် ခေါင်းဖြင့်ရွက်သွား၍ ဂင်္ဂါဖြစ်၌စွန့်ချေ။ သူတစ်ပါးမေးသောအခါ ငါတို့အရှင်မ၏ နတ်ပူဇော်ခြင်းကိစ္စတည်း ဟူ၍ ဆိုလေ" ဟူ၍ စေလိုက်၏။


ဇဋိလအမည်

……………

ထိုကျွန်မလည်း သွန်သင်တိုင်းစီရင်၍ ဂင်္ဂါဖြစ်တွင်မျှောလေ၏။ ထိုအိုးသည် အစဉ်အတိုင်းမျောလေ၍ ဥဇ္ဇေနီပြည်သို့ရောက်သော် ဂင်္ဂါမြစ်ဆိပ်၌မိန်းမနှစ်ဦးတို့သည် ရေချိုး၍နေခိုက်ကြုံသည်နှင့် မျောလာသောအိုးကိုမြင်လျှင် တစ်ယောက်သောမိန်းမက "ဤအိုးကား ငါ့အိုးတည်း"ဟု ဆို၏။ တစ်ယောက်ကလည်း "အိုး၏အတွင်း၌နေမူ ငါ့၏ဥစ္စာတည်း"ဟု ဆို၍ အိုးကိုဆယ်ယူကြပြီး ကြည့်လေသော် အဆင်းအင်္ဂါနှင့်ပြည့်စုံသောသူငယ်ကိုမြင်၍ အလျင်အိုးကိုမှတ်သောမိန်းမက "ဤသူငယ်ကို ငါရသင့်သည်" ဟု ဆို၏။ ပါသောအရာဝတ္ထုကိုမှတ်သောမိန်းမကလည်း "ငါသာရသင့်သည်"ဟု ဆို၍ ငြင်းခုံခိုက်ရန်ဖြစ်ကြသော် တရားဆုံးဖြတ်ရာအရပ်သို့သွား၍ တရားသူကြီးတို့အား လျှောက်ကြားလျှင် တရားသူကြီးတို့မဆုံးဖြတ်နိုင်ရကား မင်း၏ထံသို့ သွား၍ အကြောင်းကိုလျှောက်ကြား၏။

မင်းကြီးလည်း အခြင်းရာကိုမေးပြီးမှ "အိုးကိုမှတ်သောမိန်းမက အိုးကိုရစေ, အိုး၌ပါသောဝတ္ထုကိုမှတ်သောမိန်းမကသာ ဤသူငယ်ကိုရစေ"ဟု ဆုံးဖြတ်၏။ထိုသူငယ်ကိုရသောမိန်းမကား ရှင်မဟာကစ္စည်းထေရ်၏ အလုပ်အကျွေးဒါယိကာမဖြစ်၍ ဤသူငယ်ကိုအရွယ်သို့ရောက်သောအခါ ငါ့ဆရာ၏အထံ၌ ရဟန်းပြုစေအံ့ဟုကြံ၍ ကောင်းမွန်စွာလုပ်ကျွေး၏။ အမည်မှည့်သောအခါ သတို့သားငယ်ကား ဖွားစသောအခါကပင် ကင်ပွန်းရေစင်ဖြင့် သုတ်သင်ဆေးကြောခြင်းမရှိခဲ့သောကြောင့် ဦးခေါင်း၌ရောက်သောဆံတို့သည် ရောယှက်တွန့်လိမ်ကာ တည်ကုန်ရကား ဇဋိလ ဟူသောအမည်ကို မှည့်၏။


ရှင်မဟာကစ္စည်းမထေရ် စောင့်ရှောက်ပုံ

…………………………………………

ထိုဇဋိလသည် ခြေဖြင့်သွားနိုင်သောအခါ မဟာကစ္စည်းထေရ်သည် အိမ်သို့ကြွလာ၍ "ဥပါသိကာမ…ဤသူငယ်ကိုအဘယ်မှရသနည်း" ဟု မေး၍ ရသောအခြင်းအရာကို စေ့စုံစွာလျှောက်ကြားလျှင် "သင်၏သားကား ဘုန်းရှိသောသူတည်း,ကောင်းစွာမွေးလော့" ဟု ဆို၍ ထိုသူငယ်အား သရဏဂုံပဉ္စသီလကိုပေး၏။ ဥပါသိကာမလည်း "ဤသူငယ်ကို အရှင်ဘုရားထံတော်တွင် ရှင်ရဟန်းပြုလို၍သာ အကျွန်ုပ်မွေးမြူပါသည်"ဟု အပ်နှံ၏။ မထေရ်မြတ်လည်း "ကောင်းပြီ" ဟု ဝန်ခံ၍ ကျောင်းသို့ခေါ်ခဲ့ပြီးလျှင် ဆင်ခြင်လတ်သည်ကား "ဤသတို့သားသည် ကြီးမားသောဘုန်းကံပါရမီရှိ၏။ ဂီဟိသမ္ပတ္တိကို ခံစားပြီးမှ ရဟန်းအဖြစ်ကိုရလတ္တံ့ ယခုကား ငယ်နုစွာသေး၏။ ရှေးကကံ၏အဟုန်ကို စိတ်ကုန်အောင် ခံစား စံစားစေဦးလော့ ဉာဏ်ရင့်လောက်သောအခါမှ ငါယူ၍ ရဟန်းပြုတော့အံ့" ဟု ကြံလျက် တက္ကသိုလ်ပြည်သို့ဆောင်လေပြီးလျှင် မိမိ၏ အလုပ်အကျွေးဖြစ်သော သူကြွယ်တစ်ဦးထံ၌ အပ်နှံထား၏။

ထိုဒါယကာလည်း မဟာကစ္စည်းထေရ်၌ ရိုသေသောအားဖြင့် လည်းကောင်း, သူငယ်ကိုသနားသောအားဖြင့်လည်းကောင်း မိမိသားကဲ့သို့ သနားစုံမက်စွာ လူရေးလူရာ၌ လိမ္မာပွန်းတီးအောင် သွန်သင်၍ကျွေးမွေးသဖြင့် ၁၂ နှစ် တိုင်အောင်ပင်ကြာမြင့်၏။ တစ်ရံသောအခါဝယ် သူကြွယ်သည် ရွာတစ်ပါးသို့သွားခွင့်ရှိ၍ ဇဋိလသူငယ်အား "ဤဝတ္ထုကား ဤမျှထိုက်၏ ဤမျှလောက် အဖိုးအခကိုရလျှင် ရောင်းချနှင့်ဘိ" ဟု မှာထား၍ သွား၏။ ထိုသို့ ဇဋိလသည် စောင့်ရှောက်ရသောအခါ မြို့ရွာ၌စောင့်နေသော နတ်တို့သည် ကုန်ဝယ်လိုသောသူခပ်သိမ်းအား လှည့်ပတ်သွေးဆောင်၍ဆိုင်သဖြင့် တစ်ထိုင်းတည်းတွင်ပင် အထောင်အသောင်းမျှလောက်သော အထုပ်အထည်တို့ကို ရောင်းရ၏။ တစ်ဆယ့်နှစ်နှစ်ကာလပတ်လုံးစုထားအပ်သော ဘဏ္ဍာကို တစ်နေ့ချင်းဖြင့်သာ ကုန်အောင်ရောင်းပေး၏။

သူကြွယ်ပြန်ရောက်သောအခါ ဆိုင်၌ဘဏ္ဍာတို့ကိုမမြင်၍ "သင်ချစ်သား ဤဘဏ္ဍာတို့ကို အဘယ်သို့ပြုသနည်း"ဟု မေးလျှင် "အရှင်သူကြွယ်တို့မှာခဲ့သည့်အတိုင်း အကျွန်ုပ်ရောင်းနှင့်ပါသည်"ဟု ဆို၍ အသပြာတို့ကိုအပ်နှင်း၏။ သူကြွယ်လည်း အလွန်ကြည်ညို ဝမ်းမြောက်ရကား "ငါ့သား ဇဋိလသည် အဖိုးအနဂ္ဃထိုက်သော ယောက်ျားပေတကား"ဟု ချီးမွမ်း၍ မိမိအိမ်၌ နားထွင်းမင်္ဂလာ ဆောင်ချိန်တန်သော သတို့သမီးငယ်နှင့်ထိမ်းမြား၍ တစ်ခုသောအရပ်၌ အိမ်ကိုဆောက်လုပ်၍ပေး၏။


ဇဋိလသူဌေးကြီး ဖြစ်လာခြင်း

……………………………

ထိုဇဋိလ လင်မယားတို့သည် အိမ်သို့တက်သောကာလ အိမ်တံခါးဝ၌ အတောင်ရှစ်ဆယ်မျှရှိသော ရွှေတောင်ကြီးသည် မြေပြင်မှ ပေါက်လာ၏။ထိုအကြောင်းကို ပြည့်ရှင်မင်းကြီးကြားသိသော် ထိုဇဋိလအား သူဌေးကြီးတို့၏ဆောင်းမြဲဖြစ်သော ထီးဖြူကို ဆောင်းစေဟု စေလွှတ်တော်မူ၏။

ကာလရှည်ဘိသော် ထိုဇဋိလသူဌေးအား သားသုံးယောက်တို့ကိုရ၍ သားတို့အရွယ်ရောက်သောအခါ မိမိသည် ရဟန်းပြုလိုသော အာသာဖြစ်သဖြင့် "ဤဇမ္ဗူဒိပ်ကျွန်း၌ ငါနှင့်အတူ စည်းစိမ်ဥစ္စာဘဏ္ဍာ ရွှေငွေရတတ်သသူ ရှိလေမူကား ငါရဟန်းပြုအံ့"ဟု ကြံလျက် အချင်းယောက်ျားတို့ကိုခေါ်ပြီးလျှင် ရွှေဖြင့်ပြီးသော အုတ်, ရွှေလှံတံ ရွှေသန်လျက် ရွှေခြေနင်းတို့ကိုပေးအပ်၍ "အရပ်ရပ်သောမြို့ပြ နိုင်ငံသို့ ရောင်းဟန်ပြု၍ လှည့်လည်လေကုန်, ငါနှင့်တူသော စည်းစိမ်ချမ်းသာရှိသူကို တွေ့မူကား ငါ့အားပြန်ကြားလှည့်ကုန်" ဟု ဆို၍ စေလွှတ်လိုက်၏။


မေဏ္ဍက သူဌေးသားစည်းစိမ်

………………………………

ထိုယောက်ျားတို့သည် အစဉ်အတိုင်းသွားလေ၍ ဘဒ္ဒိယမြို့သို့ ရောက်သောကာလ မေဏ္ဍကသူဌေး၏သတင်းကိုကြား၍ ထိုသူဌေးထံဝင်လေလျှင် မေဏ္ဍကသူဌေးလည်း "ငါ့သားတို့သည် အဘယ်အလို့ငှာ လာကုန်သနည်း"ဟု မေး၍ တစ်စုံတစ်ခုကို ကြည့်ရှူခြင်းငှာ လာပါကြောင်းကိုလျှောက်လျှင် "ငါ့အိမ်နောက်တွင် ရှိသော ဝတ္ထုကိုကြည့်လေလော့"ဟု ဆို၏။ ထိုယောက်ျားတို့လည်း သွား၍ကြည့်ကြလတ်သော် ရှစ်မင်းပယ်စာမျှသောမြေအပြင်၌ ဆင်ကြီး မြင်းကြီးပမာဏရှိသော ရွှေဆိတ်ရုပ်တို့သည် ကျောချင်း ထိကာထိကာတည်သည်ကိုမြင်၍ ရင်တီးလက်မ အံ့သြကြပြီးလျှင် မေဏ္ဍကသူဌေးထံသို့ဝင်ပြန်၏။ သူဌေးကလည်း "ငါ့သားတို့သည် တစ်စုံတစ်ခုကိုကြည့်လို၍လာသော် မြင်ခဲ့ပါ၏လော"ဟု မေး၏။ မြင်ခဲ့ရကြောင်းကိုလျှောက်လျှင် "သင်တို့အလိုရှိမူ ထမ်းနိုင်သမျှ ယူလေ"ဟု ဆို၍ လွှတ်လိုက်၏။

ထိုသူတို့ရောက်သောကာလ ဇဋိလသူဌေးကလည်း အမောင်တို့ လှည့်လည်ရာ၌ ငါကဲ့သို့ရတတ်သောသူကို တွေ့ခဲ့ပါ၏လောဟု မေ၏။ ဘဒ္ဒိယမြို့၌ မေဏ္ဍကအမည်ရှိသောသူဌေးကိုတွေ့ခဲ့ကြောင်း စည်းစိမ်ဥစ္စာ လွန်စွာများပြားကြောင်းကို လျှောက်လျှင် အလွန်ရွှင်လန်းသောစိတ်ရှိသည်ဖြစ်၍ ထိုမှတစ်ပါး ငါနှင့်တူသော စည်းစိမ်ဥစ္စာရှိသောသူသည် ဇမ္ဗူဒိပ်ကျွန်း၌ ရှိဦးမည်လောဟု တွေးတောဆင်ခြင်ပြန်၍ အဖိုးတစ်သိန်းထိုက်သော ကမ္ဗလာကို အပ်ပြီးလျှင် "အမောင်တို့ ဤကမ္ဗလာကို ရောင်းအံ့သောအခြင်းအရာဖြင့် ငါကဲ့သို့ဥစ္စာကြွယ်ဝသောသူကို ရှာကြချေဦး" ဟု လွှတ်ပြန်၏။


ဇောတိကသူဌေးစည်းစိမ်

…………………………

အချင်းယောက်ျားတို့သည် အစဉ်သဖြင့်သွား၍ ရာဇဂြိုဟ်ပြည်သို့ ရောက်သောကာလ ဇောတိကသူဌေး၏အိမ်နှင့် မနီးမဝေးသော အရပ်တွင် သစ်ခြောက်တို့ကိုစုရုံးပြီးသော် မီထည့်၍နေကြကုန်၏။ ပြည်သူပြည်သားတို့က "အဘယ်အလို့ငှာ မီးပုံပါသနည်း"ဟု မေးသော် "ငါတို့သည် ကမ္ဗလာတစ်ထည်ကို ရောင်းလို၍လာပါသည် ဝယ်မည့်သူကိုပင်မတွေ့၍ ခိုးသူတို့ကိုစိုးရိမ်သောကြောင့် မီးတိုက်၍ သွားတော့မည်အကြံနှင့် မီးပုံသည်" ဟု ပြောလေလျှင် "ငါတို့အရှင် ဇောတိက၏အိမ်သို့သွား၍ရောင်းချေ, ကျေးကျွန်အတွက်ငှာ ယူကောင်းရာ၏"ဟု ဆိုသဖြင့် ထိုသူတို့လည်း ဇောတိကထံသို့ ဝင်လေသော် ရှင်ဇောတိက က "သင်တို့ကမ္ဗလာသည် အဘယ်မျှထိုက်သနည်း"ဟု မေး၏။ တစ်သိန်းထိုက်ကြောင်းကို ပြော၍ ပါသောကမ္ဗလာကိုပြလျှင် တစ်သိန်းမျှလောက်သော အသပြာကိုပေးစေ၍ "တံခါးမုခ်ထွက်၌ တံမြက်ချေးသိမ်း၍နေသော ကျွန်မတစ်ယောက်အား ဤကမ္ဗလာကိုပေးချေ"ဟု ထိုသူတို့ရှေ့တွင် စေလိုက်၏။ ကျွန်မလည်း ထိုကမ္ဗလာကိုမြင်လျှင် ရင်ဝကိုလက်ဖြင့်ထု၍ငိုပြီးမှ ဇောတိက၏ခြေရင်းသို့လာ၍ "အရှင်သူဌေး ကျွန်တော်မအား ယွင်းမှားသောအပြစ်ရှိခဲ့သော် ပုတ်ခတ်ဆုံးမတော်မူပါလော့, ဘုန်းကံမဲ့သောသူတို့၏ သုံးဆောင်ရာဖြစ်သော ကမ္ဗလာကြမ်းကြီးကို အဘယ့်ကြောင့် ကျွန်တော်မအား သနားပါသနည်း, ဤကဲ့သို့သောကမ္ဗလာကို တစ်ခါမှမဝတ်ရဖူးဘဲလျက် အဘယ်သို့ အဘယ်သို့ ဝတ်နိုင် ရုံနိုင်ပါအံ့နည်း" ဟု လျှောက်၏။ ထိုစကားကိုကြားလျှင် ရှင်ဇောတိက ကလည်း "ချစ်သမီး…သင့်အား ဝတ်ရုံစိမ့်သောငှာ ငါပေးသည်မဟုတ် ခြေသုတ်ပုဆိုးအလို့ငှာသာ ပို့လာပါစေသည် ခြေသုတ်ခြင်းမျှ မတတ်နိုင်သလော"ဟု ဆို၏။ ထိုကျွန်မလည်း "အရှင်ကပေးလျှင် မသုတ်ချင်သော်လည်း သုတ်ပါရတော့မည်" ဆို၍ ယူလေ၏။


သားတို့ကို အမွေပေးပုံ

………………………

ထိုသို့သော အခြင်းအရာကို ကမ္ဗလာသည်တို့မြင်ရသော် ရင်တီးလက်မ အံ့သြကြလျက် မိမိဌာနသို့ပြန်လေ၏။ ရောက်သောကာလ ဇဋိလသူဌေးက "အမောင်တို့ အသို့နည်း, ငါကဲ့သို့ကြွယ်ဝသောသူကို တွေ့ခဲ့သေး၏လော"ဟု မေးပြန်လျှင် "အရှင်သူဌေး…အရှင်တို့၏စည်းစိမ်ချမ်းသာသည် အဘယ်မှာ ပြောစလောက်အံ့နည်း, ရာဇဂြိုဟ်ပြည်၌ ဇောတိကသူဌေး၏ စည်းစိမ်ချမ်းသာကား ဤသို့သဘောရှိ၏" စသည်ဖြင့် အလုံးစုံသော အတ္ထုပ္ပတ္တိကို ပြန်ပေးသော် ဇဋိလသူဌေးလည်း အလွန်ဝမ်းမြောက်သောစိတ်ရှိလျက် မိမိသည် ရဟန်းပြုတော့အံ့ဟု ကြံပြီးသော် သားသုံးယောက်တို့ကိုခေါ်၍ ဝဇိရစိန်အသွားတပ်သော ရွှေဖြင့်ပြီးသောပေါက်တူးကို သားကြီးအားအပ်ပြီးလျှင် "ဖခင်၏ အိမ်နောက်တွင်ရှိသော ရွှေတောင်ကို ပေါက်ချေ"ဟု စေ၏။

သားကြီးလည်း သွား၍ပေါက်သော် ကျောက်ဖျာအပြင်ကဲ့သို့ တင်းမာစွာတည်၏။ ထို့နောက် သားလတ်အား သွား၍ပေါက်စေပြန်လျှင် ထိုနည်းတူပင်တည်လေ၏။ထို့နောက် သားငယ်အားသွား၍ ပေါက်စေပြန်လျှင် မြေစိုင်ကိုခွဲသကဲ့သို့ ရွှေခဲ အတုံးအတုံးကိုရ၍ အဖသူဌေးလည်း သားတို့ကိုခေါ်ပြီးသော် "သားကြီးသားလတ်တို့၏အလို့ငှာ ဤရတနာရွှေတောင်သည် မပေါက်, ငါ့အတွက်လည်းကောင်း သားငယ်တွက်လည်းကောင်း သာလျှင် ပေါက်လာပေသည်။ အမောင်တို့မှာ ညီငယ်ပေးသမျှကိုမှီ၍ အသက်မွေးရစ်ကုန်, ငါ့သားငယ်သာလျှင် ငါ၏စည်းစိမ်ကို သိမ်းယူရစ်"ဟု အပ်ပေးပြီးမှ ဇဋိလသူဌေးသည် ဘုရားသခင်အထံသို့သွား၍ ရဟန်းပြုလေ၏။ ရဟန်းဖြစ်၍ နှစ်ရက် သုံးရက် ကြာလျှင်ပင် ရဟန္တာအဖြစ်သို့ ရောက်လေ၏။

တစ်ရံသောအခါ မြတ်စွာဘုရားလည်း ငါးရာသောသံဃာတို့နှင့်တကွ ဒေသစာရီကြွချီတော်မူ၍ ဇဋိလမထေရ်၏ သားအိမ်သို့ ရောက်လာသော် သားသုံးယောက်တို့လည်း အဆအရာ သဒ္ဓါမြတ်နိုးလျက် ဘုရားအမှူးရှိသော သံဃာတော်တို့အား အခွင့်ကိုလျှောက်ကြား၍ လခွဲပတ်လုံး ဆွမ်းလုပ်ကျွေး၍ တရားတော်ကိုနာ၏။

ထိုအခါ သံဃာတော်တို့က ဤသို့မေးကြ၏။ "ငါ့ရှင် ဇဋိလ…သင် ရှေးကနေဖူးသောအာရုံနှင့် တွေ့ကြုံရချေသည်. သင်၏သားမယားတို့၌လည်းကောင်း အတောင်ရှစ်ဆယ်သော ရွှေတောင်ကြီး၌လည်းကောင်း စုံမက်ခြင်းအာသာသည် မဖြစ်သလော"ဟု မေးလျှင် "ရှင်ပင်တို့… အကျွန်ုပ်သည် ဤလောကီချမ်းသာ၌ သာယာမက်မောတတ်သော တဏှာသည် မရှိပြီ"ဟု ဆိုပေ၏။ထိုစကားကို သံဃာတို့မယုံသဖြင့် လောကသနင်း တရားမင်းအား နားတော်လျှောက်လေသော် ကိုယ်တော်မြတ်သည်လည်း-

ယောဓ တဏှံ ပဟန္တွာန, အနာဂါရော ပရိဗ္ဗဇေ။

တဏှာဘဝပရိက်ခီဏံ , တမဟံ ဗွူမိ ဗွာဟ်မဏံ-

ဟူသော ဒေသနာကို ဟောတော်မူ၏။

အနက်ကား-

ယော=အကြင်ပုဂ္ဂိုလ်သည်။ ဣဓ=ဤငါဘုရားသာသနာတော်၌။

တဏှံ=အာရုံ ၆ ပါး၌ ကျက်စားတတ်သော တဏှာကို။

ပဟန္တွာန=ပယ်ဖျောက်၍။

အနာဂါရော=အိမ်ရာထောင်ခြင်း၌ ကင်းသောစိတ်ရှိသည်ဖြစ်၍။

ပရိဗ္ဗဇေ=ကျင့်၏။

တဏှာဘဝ ပရိက္ခီဏံ=ကုန်ပြီးသောတဏှာ ကုန်ပြီးသောဘဝရှိသော။ တံ=ထိုပုဂ္ဂိုလ်ကို။

ဗြာဟ္မဏံ=မကောင်းမှုကို အပပြုပြီးသော ရဟန္တာဟူ၍။

အဟံ=ငါဘုရားသည်။ ဗြူမိ= ဟောတော်မူ၏။

ဤဒေသနာ၏အဆုံး၌ များစွာသောသူတို့သည် အကျွတ်တရား ရကြကုန်၏။


ဇဋိလ၏ အတိတ်မှတ်ချက်

…………………………

[ဤဇဋိလထေရ်သည် ငယ်သောအခါ ဂင်္ဂါမြစ်၌ မျှောသည်ကို အဘယ့်ကြောင့်ခံရသနည်း, သားကြီးနှစ်ယောက်တို့သည် အဘအမွေဖြစ်သောရွှေတောင်ကို အဘယ့်ကြောင့် မရထိုက်သနည်း ဟူမူကား ဤဇဋိလသူဌေး၏အလောင်းသည် ကဿပဘုရား ပွင့်တော်မူသောအခါ ဗာရာဏသီပြည်၌ ရွှေပန်းထိမ်သည်ဖြစ်၍ ဘုရားထံတော်၌ နိယံမပြတ် ဆည်းကပ်ကိုးကွယ်သတည်း။ ကဿပဘုရား နိဗ္ဗာန်လားတော်မူသောကာလ ကြွင်းကျန်သော ဓာတ်တော်တို့ကို ရှည်မြင့်စွာတည်စေခြင်းငှာ များစွာသောသူတို့သည် ဥစ္စာအသပြာစုရုံး၍ စေတီတော်တည်ကြရာဝယ် မြောက်မုခ်မျက်နှာ၌ တစ်ဖျာခန့်သောရွှေသည် မလောက်ရှိ၏။ထိုသို့မလောက်သည်ကို ရဟန္တာတစ်ဦးမြင်လျှင် စေတီတွင်ပြုလုပ်သော ပန်းရံတို့အား "မြို့တွင်းသို့ငါသွား၍ ဒါယကာရှာဦးမည် သင်တို့ဆိုင်းလင့်ကုန်"ဟု ဆို၍ မြို့တွင်းသို့ဝင်ခဲ့ပြီးလျှင် ရွှေပန်းထိမ်သည်၏အိမ်သို့ တက်၍ရပ်၏။ပန်းထိမ်သည်လည်း "အဘယ်အလို့ငှာ ကြွလာသနည်း" ဟု လျှောက်သော် "ယခုလုပ်သော ဓာတုစေတီတော်၌ ဒါယကာတို့တာဝန်ခံ၍လုပ်သော မုခ်ဝ၌ ရွှေမလောက်သောကြောင့် နှိုးဆော်ခြင်းငှာလာသည်"ဟု ဆိုလျှင် ရွှေပန်းထိမ်သည်လည်း မိမိ၏မယားနှင့် အချင်းများ၍ နှလုံးညစ်ညူးခိုက်ကြုံသည်နှင့် "အရှင်ဘုရားတို့စေတီကို ဂင်္ဂါမြစ်၌သာမျှောဘိလော့"ဟု ဆို၏။

ထိုစကားကို မယားကြားလတ်သော် "အမောင်သည် အကျွန်ုပ်အား အမျက်ထွက်ငြားက အကျွန်ုပ်ကိုသာပုတ်ခတ်ဆဲရေးပါလော့, မြတ်စွာဘုရားအား အဘယ့်ကြောင့် ဆဲရေးပါသနည်း"ဟု ဆိုလျှင် လင်ယောက်ျားလည်း သတိသံဝေဂကိုရ၍ ကြွလာသော အရှင်မြတ်အား ပူဇော်ကန်တော့၏။ ရဟန္တာကလည်း "ဒါယကာသည် ငါ့အားပြစ်မှားသည်မဟုတ်, ဗုဒ္ဓသရီရဖြစ်သော ဘုရားကိုသာ ပြစ်မှားရှာချေသည်,ဘုရား၌သာပူဇော်ကန်တော့လော့" ဟု ဆို၏။ ထိုအခါ ပန်းထိမ်သည်ဒါယကာသည်လည်း "အဘယ်သို့ ကန်တော့ရအံ့နည်း"ဟု လျှောက်ပြန်သော် "ဓာတ်တော်ဌာပနာတိုက်တွင်း၌ ရွှေပန်းခိုင်သုံးခုကိုပြု၍ ကန်တော့လော့"ဟု နည်းပေး၏။ ပန်းထိမ်သည်လည်း ဝန်ခံ၍ မှးလျှံကဲ့သို့တောက်ပသော ဇမ္ဗူရစ်ရွှေတို့ကို ပန်းခိုင်ပြုလုပ်သောကြောင့် သားသုံးယောက်တို့တွင် သားကြီးကိုခေါ်လတ်သော် အဘသာလျှင် မြတ်စွာဘုရားအား ပြစ်မှားသည် အကျွန်ုပ်ကား အပြစ်မှား ထို့ကြောင့် အဘသာလျှင် ပြုပါတော့လော့"ဟု ဆို၍နေ၏။ သားလတ်ကိုခေါ်ပြန်လျှင်လည်း ယခင်ကဲ့သို့သာဆို၍နေ၏။ သားအထွေးကိုခေါ်သောကာလ "မိဘတို့၏ ကံကိစ္စဟူသမျှသည် သားသမီးတို့တာဝန်ပေတည်း"ဟု ဆို၍ မငြိုမငြင် အတူပင်လုပ်ဆောင်၏။ တစ်ထွာစီမြင့်သော ရွှေပန်းခိုင်ပြီးသောအခါ ဓာတ်တော်ဌာပနာတိုက်တွင်း၌ စီစိုက်၍ စိုသောဆံ, စိုသော ပုဆိုးတို့ဖြင့် ရိုသေစွာရှိခိုးလျက် ပူဇော်ကန်တော့၏။ စေတီ၌မပြည့်သောရွှေတို့ကိုလည်း ကောင်းမွန်စွာချပေ၏။ဤသို့ ပြစ်မှားပြောဆိုခဲ့ဖူးသော ဝစီကံကြောင့် ဇဋိလသည် ခုနစ်ဘဝတိုင်တိုင် ရေ၌မျှောသည်ကိုခံရသတည်း။ သားကြီးနှစ်ယောက်တို့သည်လည်း အဖ၏ပြုရန်ဝန်ကို မကူဖူးသောကြောင့် အဖ၏အမွေဖြစ်သော ရွှေတောင်ကြီးကို မထိုက်ကြလေသတည်း။]

ဤကား ဇဋိလသူဌေး၏အကြောင်း အတ္ထုပ္ပတ္တိအမြွက်တည်း။ 

Comments

Popular posts from this blog

သရဏဂုံသုံးပါး ပုတီးစိပ်နည်း

ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူသော ဘုရားငါးဆူတို့၏ ကွာခြားချက်များ

ဂုဏ်တော်တစ်ထောင်ပုတီးစိပ်နည်း