မိထွေးတော် ဂေါတမီ၏ ရှေးအကြောင်းကိုပြခြင်း

 ဂေါတမဗုဒ္ဓဝင် (အပိုင်း ၈၅)

********************

မိထွေးတော် ဂေါတမီ၏ ရှေးအကြောင်းကိုပြခြင်း

-----------------------------------

ဆုတောင်းနှင့် ဗျာဒိတ်

………………………

ပဒုမုတ္တရဘုရားပွင့်တော်မူသောအခါ မထင်ရှားသောအမျိုး၌ ပဋိသန္ဓေနေရ၍ သင့်သောအရွယ်သို့ကျသောအခါ ဘုရားရှင်ထံသို့ ဆည်းကပ်လျက် တရားတော်မြတ်ကိုနာသတည်း။

တစ်ရံသောအခါ ဘုရား၏မိထွေးတော်ဖြစ်သော ဘိက္ခုနီမသည် အခြံအရံနှင့်တကွ ဘုရားထံရင်းသို့ကပ်လာသော် ဘုရားရှင်သည် ရတ္တညူ ဧတဒဂ်အရာ၌ ထား၍ မြှောက်စားချီးမြှင့်သည်ကိုမြင်သဖြင့် ဤအရှင်မကဲ့သို့ဖြစ်ချင်သောဆန္ဒရှိရကား ဘုရားအမှူ းရှိသော သံဃာတော်တို့အား အလှူ ကြီးကိုပေး၍ "နောင်ဘုရားရှင်တို့၏ သာသနာဝယ် ဤဘိက္ခုနီမကဲ့သို့ ဘုရား၏မိထွေးတော်ဖြစ်ပါစေသော်"ဟု ဆုတောင်း၏။

ဘုရားရှင်လည်း အနာဂတံသဉာဏ်ဖြင့်ကြည့်၍ ပြည့်စုံလတ္တံ့သည်ကို မြင်တော်မူလျှင် "သင်သည် ငါဘုရားပွင့်တော်မူရာ သာရကမ္ဘာ၏ နောက်ကပ်တစ်သိန်းမြောက်ကျသော ဘဒ္ဒကမ္ဘာ၌ ဥက္ကာကရာဇ် နေမြစ်နွယ်ရိုးမှ ဂေါတမအမည်ရှိသောဘုရားသည်ထင်ရှားဖြစ်လတ္တံ့ ထိုအခါ မဟာပဇာပတိဂေါတမီအမည်ရသော ဘုရားရှင်၏ မိထွေးတော်ရင်းဖြစ်၍ အစ်မတော်၏သား ဘုရားအလောင်းကို ကောင်းစွာနို့ကျွေး၍ မွေးရလတ္တံ့"ဟု ဗျာဒိတ်စကားမိန့်တော်မူ၏။


ကျွန်မကြီးဘဝ

………………

ထိုအခါ ထိုဒါယိကာမလည်း ဒါန သီလကို များစွာပြုလျက် အသက်အတိုင်းနေ၍စုတေလေသော် တာဝတိံသာနတ်ပြည်၌ဖြစ်၏။

ထိုမှတစ်ဖန်စုတေပြန်သော် ဗာရာဏသီပြည်၌ ကုဋေငါးဆယ် ကြွယ်ဝသောသူဌေးအိမ်၌ ငါးရာသော သူခစားတို့၏ အကြီးဖြစ်သော ကျွန်မသည်ဖြစ်၏။ ဇေဋ္ဌကဒါသီ အမည်ရှိ၏။ ထိုငါးရာသော ကျွန်မတို့ကား မိမိလင်သားတို့နှင့်တကွ တစ်အိမ်တွင်နေ၍ နေ့အခါ အရှင့်အမှုကိုဆောင်ရွက်ရသဖြင့် ညဉ့်အခါမှ မိမိတို့ကိစ္စကို ပြုလုပ်ရသတည်း။

တစ်ရံသောအခါ ဂန္ဓမာဒနတောင်၌နေသောပစ္စေကဗုဒ္ဓါငါးဦးတို့သည် ဝါလနီးသောအခါ ဝါဆိုရာကျောင်းကိုပြုလိုလှရကား ဟတ္တကံအလို့ငှာ ဗာရာဏသီသူဌေးအိမ်သို့ကြွလာသတည်း။ ထိုအခါ ဇေဋ္ဌကဒါသီ အမည်ရှိသော ကျွန်မကြီးသည် ရေအိုးကိုရွက်လျက်မြစ်ဆိပ်သွားခိုက် ကြုံ၏။ သူဌေးကြီးလည်း ပစ္စေကဗုဒ္ဓါတို့အား ကြွလာသောအကြောင်းကို မေးမြန်း၍ "ကျောင်းသင်္ခမ်းပြုရန် ဟတ္ထကံအလို့ငှာလာသည်"ဟု ပြောဆိုလျှင် "အရှင်ဘုရားတို့… အကျွန်ုပ်ကား အားလပ်သောအခွင့်ကိုမရပါ, သင့်တင့်ရာ၌ ရပ်ပါဦးလော့"ဟု ဆို၍ ကန်တော့လိုက်၏။

ပစ္စေကဗုဒ္ဓါတို့လည်း မြို့၏အပသို့ထွက်ခဲ့ကြသော် မြစ်မှရေခပ်၍ ပြန်လာသော ဇေဋ္ဌကဒါသီနှင့်တွေ့၍ "အရှင်ဘုရားတို့…မကြာမီပင် မြို့တွင်းသို့ဝင်လျက် ယခုပင်ထွက်လာပေသည်, အကြောင်းအသို့နည်း"ဟု လျှောက်၏။ ပစ္စေကဗုဒ္ဓါတို့ကလည်း ဝါကပ်ရန်ကျောင်းခံခြင်းငှာ ကြွလာကြောင်းကိုဆိုလျှင် "အရှင်ဘုရားတို့…ရခဲ့ပါ၏လော"ဟု လျှောက်ပြန်၏။ "ဒါယိကာမ… ငါတို့မရခဲ့ချေ, သင့်တင့်ရာ၌ပင် ရှာဖွေဦးအံ့"ဟု ဆိုသော် "ကိုယ်တော်မြတ်တို့၏ကျောင်းကို အစိုးရသောသူတို့သာ ပြုထိုက်ပါသလော, ဆင်းရဲသူတို့ကား မပြုထိုက်ပါသလော" ဟု လျှောက်၍ ပစ္စေကဗုဒ္ဓါတို့ကလည်း "ဒါယိကာမ…မည်သူမဆို ပြုလိုသမျှပင်ပြုခြင်းငှာ တတ်ကောင်းပါ၏" ဟု ဆိုလျှင် "အရှင်ဘုရား ယင်းသို့ဖြစ်ရကား ကျောင်းကို အကျွန်ုပ်အားထုတ်ပြုပြင်ပါအံ့ , နက်ဖြန် အကျွန်ုပ်၏ဆွမ်းကိုခံတော်မူပါ"ဟု လျှောက်လိုက်၏။

မိမိအိမ်သို့ပြန်လာ၍ရောက်သောအခါ ငါးရာသောကျွန်မတို့ကို စည်းဝေးစေ၍ "ရှင်မတို့သည် ကျွန်အဖြစ်မှလွတ်လိုကြ၏လော, မလွတ်လိုလော"ဟု မေး၏။ ထိုမိန်းမတို့လည်း "အခွင့်ရမူ ယခုပင် လွတ်ချင်ပါ၏"ဟု ဆိုလျှင် "သင်တို့၏ ရှေးကဟု ပုညအထူး ဆည်းပူးသမှုမပြုခဲ့ရ၍ ယခုဘဝ၌ သူတစ်ပါးကျွန်ဖြစ်သည်မဟုတ်လော, ကုသိုလ်အစုကောင်းမှုဥစ္စာ ရတနာသာလျှင် ငါတို့၏ဆင်းရဲကိုတော်လှန်အောင် ပြုပေလတ္တံ့သည်တကား, ယင်းသို့ဖြစ်၍ ကျောင်းပြုပြင်ရန် ဟတ္ထကံရှာလာသောပစ္စေကဗုဒ္ဓါတို့အား နက်ဖြန်အလို့ငှာ ငါဆွမ်းဖိတ်ခဲ့အပ်ပြီ, သင်တို့၏လင်တို့ကိုကြည်လင်စေကြောင်း ဖျောင်းဖျပြောဆို၍ ကျောင်းကိုပြုပြင်စေကုန်လော့"ဟု ဆို၏။

ထိုမိန်းမတို့လည်း "ကောင်းပါပြီ"ဟု ဝန်ခံ၍ မိမိတို့လင် တောဝင်ရာမှ ပြန်လာသောကာလ ထိုအကြောင်းကိုပြောဆိုကြ၏။ လင်ယောက်ျားတို့ကလည်း အားရဝမ်းသာစွာသဒ္ဓါသောစိတ်ဖြစ်၍ ဇေဋ္ဌကဒါသီ၏အိမ်၌ စုဝေးကြကုန်၏။ မိုးသောက်ထ၌ပစ္စေကဗုဒ္ဓါတို့ ကြွလာသော် မွန်မြတ်စွာသောအာဟာရတို့ဖြင့် လုပ်ကျွေး၍ ရှေးရှိရင်းကျောင်းရပ်ကို မေးမြန်းပြီးလျှင် အသီးသီးသော အဆောက်အဦတို့ကိုယူငင်၍ ပြုပြင်လုပ်ဆောင်ကြသတည်း။

မိမိတို့က ထပ်မံ၍လည်း စင်္ကြံ,မဏ္ဍပ်,ဇရပ်,တဲကွန်း,နေ့ညသန့်ရာ စသည်တို့ကိုဆောက်လှူ၏။ ထိုပစ္စေကဗုဒ္ဓါတို့အား ဝါတွင်းသုံးလ ကာလပတ်လုံး အလှည့်အလည်ထား၍ နှစ်ပါးသော ပစ္စည်းတို့ဖြင့်လည်း လုပ်ကျွေးပူဇော်ကြကုန်၏။ဝါလကျွတ်သောအခါ တစ်ရာတစ်ရာစီစုဝေးဘိ၍ တိစီဝရိတ်သင်္ကန်းဖြင့် လှူဒါန်းပူဇော်ကြ၏။ ရှင်ပစ္စေကဗုဒ္ဓါတို့လည်း ဂန္ဓမာဒနတောင်သို့ ကြွလေကုန်၏။


ရက်ကန်းသည်ဘဝ

……………………

ထိုသူတို့လည်း အသက်အတိုင်းနေ၍စုတေလေသော် တုသိတာနတ်ပြည်၌ ဖြစ်လေကုန်၏။ ထို ဇေဋ္ဌကဒါသီသည် နတ်ပြည်မှတစ်ခါ စုတေလာသော် ဗာရာဏသီပြည်၏အနီးအပါး ငါးရာသောရက်ကန်းသည်တို့တွင် အကြီးကဲဖြစ်သော ရက်ကန်းသည်အိမ်၌ဖြစ်လေ၍ အရွယ်ရောက်သောအခါ ကြွယ်ဝစွာသောအိမ်သို့ရောက်၍ ထွန်းတောက်သောစည်းစိမ် ကျက်သရေဖြင့် လူ့ပြည်၌ ထင်ရှားစွာဖြစ်၏။


နောက်ဆုံးဘဝ

………………

တစ်ရံသောအခါ ပဒုမဝတီမိဖုရား၏သားဖြစ်ကုန်သော ပစ္စေကဗုဒ္ဓါတို့နှင့်တွေ့ကြုံရ၍ ဝါတွင်းသုံးလပတ်လုံး ကိုးကွယ်လုပ်ကျွေးပေ၏။ ထိုမျှလောက်သောကုသိုလ်ကောင်းမှုကို ပြု၍ လူ့ပြည်နတ်ပြည်လှည့်လည်ကာသာ ကမ္ဘာတစ်သိန်းပတ်လုံး စံစားခဲ့၍ ငါတို့ဘုရားထင်ရှားဖြစ်တော်မူခါနီးလတ်သော် ဘုရားဘိုးတော်ဖြစ်သော အဉ္ဇနမင်းကြီး၏ကြင်ဖော် ယသော်ဓရာဝမ်း၌ စွဲလမ်းဖြစ်ထွန်းလာသတည်း။ အမည်မှည့်အံ့သောအခါ လက္ခဏာဖတ်သောပုဏ္ဏားတို့က "ဤမိန်းမငယ်သည် အကယ်၍သားယောက်ျားကိုဖွားမူ စကြဝတေးမင်းဖြစ်လတ္တံ့, မိန်းမဖွားမူကား စကြဝတေးမင်း၏ မိဖုရားဖြစ်လတ္တံ့"ဟူ၍ ဆိုကုန်၏။ ထိုစကားကိုအစွဲထား၍ မြတ်သောသမီး,သားတို့၏ အရှင်ဖြစ်ရာသောကြောင့် မဟာပဇာပတိ ဂေါတမီ ဟူသောအမည်ကိုမှည့်၏။ အရွယ်ရောက်သောကာလ အစ်မတော်သိရီမဟာမာယာနှင့်တကွ ညီအစ်မနှစ်ယောက်ကိုပင် ကပိလဝတ်ပြည့်ရှင်ဖြစ်သော သုဒ္ဓေါဒနမင်းအား ဆောင်နှင်းကြသတည်း။

ငါတို့ဘုရားအလောင်းသည် နတ်ပြည်မှလာ၍ မာယာမိဖုရားကြီဝမ်း၌ စွဲလမ်းတော်မူလျှင်ပင် ဘုရင်သုဒ္ဓေါဒနသည် ညီမတော်ဂေါတမီကို အဂ္ဂမဟေသီအရာ၌ထားတော်မူ၏။ ထား၍ များမကြာမီပင် နန္ဒမင်းသားကို မျက်နှာမြင်သတည်း။ ထို့နောက်မှ အစ်မတော် သိရီမဟာမာယာတွင် ဘုရားလောင်းကိုဖွားမြင်၍ ခုနစ်ရက်မြောက်၌ နတ်ပြည်စံလေသော် ညီမတော်ဂေါတမီမိဖုရားသည် နန္ဒမင်းသားကို နို့ထိန်းတို့အားအပ်နှင်း၍ မိမိမှာ ဘုရားလောင်းကိုသာ ကောင်းစွာ နို့ကျွေး၍ မွေးမြူပေ၏။

[ယခင် ဆိုအပ်ပြီးသော အစဉ်အလာအားဖြင့် ဘုရားရှင်ထံ၌ တောင်းပန်၍ရဟန်းပြုလေသဖြင့် ဇေတဝန်ကျောင်းတော်သို့ ဘုရားရှင်ရောက်သောကာလ ဆုတောင်းပတ္ထနာပြုခဲ့ဖူးသော ကုသိုလ်ကံအဆက်နှင့် ရတ္တညူ ဧတဒဂ်ကို ရလေသည်]

အင်္ဂုတ္တိုရ် အဋ္ဌကထာ၌-

အမှာကံ သတ္ထု နိဗ္ဗတ္တိတော ပုရေတရမေဝ

ဒေဝဒဟနဂရေ မဟာသုပ္ပဗုဒ္ဓဿ ဂေဟေ ပဋိသန္ဓိံဂဏှိ,

ဂေါတမီတိဿ နာမံ အကံသု- ဟု ရှိ၏။

ဤကား မိထွေးတော်ဂေါတမီ၏အကြောင်း အတ္ထုပ္ပတ္တိအမြွက်တည်း။ 

Comments

Popular posts from this blog

သရဏဂုံသုံးပါး ပုတီးစိပ်နည်း

ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူသော ဘုရားငါးဆူတို့၏ ကွာခြားချက်များ

ဂုဏ်တော်တစ်ထောင်ပုတီးစိပ်နည်း