ပန်းလှူခြင်း အနုပညာ

“ပန်းလှူခြင်း အနုပညာ”

••••••••••••••••••••••••••••••••••••••••••••

“သိခီမြတ်စွာဘုရား” လက်ထက်တော်က ရသေ့လေး

တစ်ပါးရှိခဲ့ဖူးပါတယ်။ရသေ့လေးက စျာန်အဘိညာဉ်

ရပြီး ဟိမဝန္တာမှာနေပါတယ်။


တစ်နေ့တော့ သိခီမြတ်စွာဘုရားရဲ့ “အဂ္ဂသာ၀က

အဘိဘူမထေရ်” က ရသေ့လေးအနီး ဟိမဝန္တာတောင်ကို

ကြွပါတယ်။ ဒီတော့ ရသေ့လေးက မထေရ်မြတ်ကို

ကြည်ညိုလွန်းလို့ တောင်အောက်က အမွှေးကြိုင်ဆုံး၊

အလှပဆုံး ပန်း (၇) ပွင့်ကိုခူးပြီး တောင်ပေါ်မှာ

ရှိတဲ့မထေရ်ကို အချိန်ကြာကြာ ပန်းနဲ့ပူဇော်ပါတယ်။

မထေရ်မြတ်ကလည်း ပန်း တရားဟောပေးပါတယ်။

ပြီးတော့ မိမိနေထိုင်ရာတောင်ခြေမှာရှိတဲ့

ကျောင်းလေးဆီဆင်းခဲ့ပါတယ်။

ကျောင်းလေးထဲ ရောက်တော့ ရသေ့ပရိက္ခရာတွေ

ယူပြီး အစားအစာအတွက် တောင်ကြားတစ်ခုဆီကို

ထွက်ခဲ့ပါတယ်။ တောင်ကြား တစ်နေရာရောက်တော့

စပါးကြီးမြွေတစ်ကောင်က ရသေ့လေးကို

ဖမ်းယူရစ်ပတ်လိုက်ပါတယ်။ ရသေ့လေးက

စပါးကြီး မြွေရစ်ပတ်ထားစဉ်အတွင်းမှာပဲ

ပန်းလှူခဲ့တဲ့ကုသိုလ်လေးကို အာရုံပြုနေလိုက်ပါတယ်။

အဲဒီအချိန်မှာပဲ စပါးကြီးမြွေက ရသေ့လေးကို

မြိုလိုက်ပါတော့တယ်။


ရသေ့လေးကွယ်လွန်တော့ ဗြဟ္မာ့ပြည်မှာဖြစ်ရပါတယ်။

သံသရာကျင်လည်ရင်း ဂေါတမမြတ်စွာဘုရား

လက်ထက်တော်ရောက်တော့ အမျိုးကောင်းသားလေး

တစ်ယောက် ဖြစ်လာပြီး ရဟန်းဝတ်ပါတယ်။

ရဟန်းဝတ်ပြီးတော့ အတိတ်ကာလတစ်ခုဆီက

တောင်အောက်ကပန်းလှူခဲ့တဲ့ကုသိုလ်ကြောင့်

ပြုခဲ့တဲ့အမူအရာကုသိုလ်အတိုင်း

အဓော ပုပ္ဖိယမထေရ် (တောင်အောက်က

ပန်းလှူသောမထေရ်) ဆိုပြီး နာမည်တွင်

ထင်ရှားသွားပါတယ်။


တောင်အောက်ကပန်းလှူသူလို့ အမည်ရတဲ့

“အဓောပုပ္ဖိယမထေရ်” အဖြစ်နဲ့ ဆက်လက်ပြီး

ဝိပဿနာတရားတွေ ပွားများအားထုတ်လိုက်တာ

ရဟန္တာဖြစ်သွားပါတော့တယ်။

(အပါဒါန် အဋ္ဌကထာ ဒုတိယတွဲ၊ စာမျက်နှာ - ၁၀၈)


ဘဝတစ်ခုမှာပြုခဲ့တဲ့အမူအရာကုသိုလ်လေးအတိုင်း

နာမည်တွင်သွားတာလေးကလည်း ကုသိုလ်တွေရဲ့

ဆန်းကြယ်မှုတွေထဲက ဆန်းကြယ်မှုတစ်ခုပါပဲ။

တချို့ကျတော့ ပြုခဲ့တဲ့ကုသိုလ်နာမည်အတိုင်း

နာမည်တွင်သွားရတာလေးတွေလည်း ရှိတတ်ပါတယ်။

“ဝိပဿီမြတ်စွာဘုရား” လက်ထက်တော်က

သူဌေးသမီးလေးတစ်ယောက်ကတော့ ဆွမ်းအုပ်ကို

လူမမြင်ရအောင် မြလေးပန်းတွေနဲ့ဖုံးပြီး မြလေးပန်းခြင်း

လုပ်လိုက်ပါတယ်။ ပြီးတော့မြတ်စွာဘုရားကို

မြလေးပန်းခြင်းကပ်ပြီး

“ဤကုသိုလ် ကောင်းမှုကြောင့် နောင်ကာလမှာ

သုမန=မြလေးပန်းလို့ နာမည် ရရပါလို၏”

လို့ ဆုတောင်းပါတယ်။


“ဂေါတမဘုရားရှင်” လက်ထက်ရောက်တော့

ကောသလမင်းကြီးရဲ့သမီးဖြစ်ပြီး “သုမနမင်းသမီး

မြလေးပန်း” ဆိုတဲ့ နာမည်ကို ရခဲ့ပါတယ်။


ပန်းလှူခဲ့ကြတဲ့ဝတ္ထုနှစ်ပုဒ်မှာ တစ်ယောက်က

ပြုခဲ့တဲ့အမူအရာကုသိုလ်အတိုင်း

“အဓောပုပ္ဖိယ=တောင်အောက်က

ပန်းလှူသောရဟန်း” ရယ် လို့နာမည်ရပြီး

တစ်ယောက်ကတော့ ပြုခဲ့တဲ့ကုသိုလ်ပစ္စည်းနာမည်အတိုင်း

သုမန မင်းသမီး=မြလေးပန်းရယ်လို့

နာမည်တွင်ခဲ့ပါတယ်။

ကုသိုလ်တရားတွေရဲ့ ဆန်းကြယ်မှုလေးတွေပါပဲ။


ဒီဘဝနာမည်တွင်ထင်ရှားမှုလေးတွေဟာလည်း

အတိတ်ဘဝတွေကပြုခဲ့တဲ့ကုသိုလ်တွေနဲ့

ဆက်စပ်နေတတ်ပါတယ်။ စပါယ်ပန်းလှူခဲ့လို့

“မစပါယ်” ၊ အင်ကြင်းပန်းလှူခဲ့လို့ “မအင်ကြင်း” စသည်ဖြင့်

နာမည်လေးတွေနဲ့ ဝန်းကျင်တစ်ခုမှာ ထင်ရှားနေတတ်ပါတယ်။


ပန်းအားလုံးကိုကြိုက်ပေမယ့် ကိုယ့်ဘဝရဲ့အကြိုက်ဆုံး

ပန်းဆိုတာတော့ရှိတတ်ကြပါတယ်။

တစ်ယောက်ယောက်က “ပန်းတွေထဲမှာ အကြိုက်ဆုံး

ပန်းကဘာလဲ”လို့မေးလာခဲ့ရင် ချက်ချင်း

ပြန်ဖြေနိုင်ကြတာများပါတယ်။


ပန်းတွေအများကြီးလှူဖြစ်ပေမယ့် ကိုယ့်ရဲ့

အကြိုက်ဆုံးပန်းကိုတော့ ဦးစားပေးအများဆုံး

ကပ်လှူကြတာသဘာဝပါပဲ။ ပန်းကို

အကြိုက်ခြင်းကွဲရုံတင်မကပါဘူး။

ပန်းကပ်လှူပုံလေးတွေလည်း ပုံစံမျိုးစုံကွဲနေတတ်ပါတယ်။


ရှေးရှေးဆရာတော်ဘုရားကြီးတွေလည်း ကိုယ်ကြိုက်တဲ့

ပန်းကို ကိုယ်ကြိုက်တဲ့ပုံစံနဲ့ မြတ်စွာဘုရားကို ကပ်လှူခဲ့ကြတာပါ။


❦“ဆရာတော်ဦးဗုဓ်” ကျတော့ အများကပ်လှူတဲ့ပန်းကိုလည်း

ကပ်လှူသလို သူတစ်ပါးတွေကပ်လှူလေ့မရှိတဲ့

“ခင်ပုတ်ပန်း၊ ခဝဲခါးပန်း၊ ဆီးဆောင်းပြသာဒ်ပန်း၊

ထနောင်းပန်း၊ ဏမဏီသံလျက်ပန်း၊ ဆီမီးတောက်ပန်း၊

သြဇာပန်း၊ မာလကာပန်း၊ ရှောက်သံပုရာပန်း”

စတဲ့ပန်းအထူးအဆန်းတွေကိုလည်း အထူး

အာရုံစိုက်ပြီး ကပ်လှူလေ့ရှိပါတယ်တဲ့။


ဆရာတော်ဦးဗုဓ် ပန်းကပ်လှူပုံအရဆိုရင် ကိုယ့်ဝန်းကျင်မှာ

အများလှူလေ့လှူထမရှိတဲ့ ပန်းမျိုးစုံရှိနေမှာပါ။

အညာလည်းအညာအလျှောက် ၊ အောက်ပြည်လည်း

အောက်ပြည်အလျှောက် ၊ တောင်ပေါ်လည်း

တောင်ပေါ်အလျှောက် ပန်းမျိုးစုံရှိနေကြတာပါ။

အုန်းပင်ကအုန်းသီးချတဲ့အခါ အုန်းဖူးပန်းခိုင်ကြီးတွေ

ပါလာတတ်ပါတယ်။ အောက်ကိုချတဲ့အခါ

အဖူးလေးတွေကြွေ မကျအောင်ချခိုင်ပြီး

ဘုရားကိုကပ်လို့လည်းရတာပါပဲ။

အုန်းပန်းခိုင်ကြီးက ဖြူဖြူဖွေးဖွေးကြီး သိပ်လှတာပါပဲ။

ဒီလိုပါပဲ။

ကန်စွန်းရွက်ခူးတဲ့သူကလည်း ကန်စွန်းရွက်ပန်းလေးတွေ၊

သခွတ်ပွင့် ကောက်တဲ့သူကလည်း

သခွတ်ပန်းလေးတွေလှူလို့ရတာပါပဲ။

ဆရာတော်ဦးဗုဓ်ကပ်လှူပုံအရဆိုရင်

ကပ်လှူစရာ ပန်းတွေကတော့ စုံနေတာပါပဲ။


❦“မဟာဝိသုဒ္ဓါရုံဆရာတော်ဘုရားကြီးကျတော့

ဘုရားပန်းကပ်တဲ့အခါ ကပ်လှူထားတဲ့ပန်းကို

ကသိုဏ်းရှုသလို စိတ်ထဲကထင်လာအောင်

စူးစူးစိုက်စိုက်အကြာကြီးရှုပြီးမှ ကပ်လှူလေ့ရှိပါတယ်တဲ့။

နေ့စဉ်ဘုရားပန်းကပ်လှူတိုင်း အာရုံထဲမှာ

စွဲနေအောင် အချိန်မရွေးအာရုံပြုလိုက်တာနဲ့

ဘုရားပန်းအာရုံလေးတွေပေါ်လာအောင်

အကြာကြီးကြည့်နေတာပါ။


မဟာဝိသုဒ္ဓါရုံဆရာတော်ဘုရားကြီးနည်းကို

အတုယူပြီး စိတ်ညစ်တဲ့အခါတွေမှာ ကိုယ်ကပ်လှူခဲ့တဲ့

ဘုရားပန်း လေးတွေကို ပြန်အာရုံဖေါ်ကြည့်လိုက်ရင်

ညစ်နေတဲ့စိတ်က အတိုင်းအတာတစ်ခုအထိ

သက်သာသွားမှာပါ။ နောက်ဆုံးသေခါနီး ဘုရားပန်း

ကပ်လှူပုံလေးတွေ ပုံဖေါ်အာရုံပြုလိုက်ရင်လည်း အားကိုးစရာ

တစ်ခုပါပဲ။ ဒီလိုအာရုံ ဖေါ်နိုင်အောင် ကိုယ်ကဘုရားပန်းကို

ကသိုဏ်းရှုသလို ရှုထားရမှာပါ။ ဘုရားပန်းကပ်ပြီးဦးချ၊

ပြန်ထပစ်လိုက်တာမျိုးကျတော့လည်း အားစိုက်ထားရတာနဲ့

ယှဉ်ရင် မတန်ပါဘူး။ ဘုရားပန်းကပ်လှူပြီးရင် ချက်ချင်း

မထသေးဘဲ၊ မဟာဝိသုဒ္ဓါရုံဆရာတော်ဘုရားကြီးနည်းအတိုင်း

ကိုယ်ကပ်လှူတဲ့ဘုရားပန်းလေးကို ခဏထိုင်ကြည့်

နေရတာလေးက စိတ်ချမ်းသာစရာလေးပါ။


❦“လယ်တီဆရာတော်ဘုရားကြီး” ကျတော့ ဘုရားပန်း

ကပ်လှူတဲ့အခါ လင်ပန်းကြီးနဲ့ မောက်လျှံဖွာကျနေအောင်

ပန်းစေတီပုံစံမျိုးဖြစ်အောင် ကပ်လှူတာပါတဲ့။

ပန်းတွေအများကြီးမောက်လျှံနေတာဆိုတော့

အားရကျေနပ်စရာကြီးပါ။ အဲဒီအချိန်မှာ ကိုယ့်ရဲ့စိတ်က

အထူးကို ပြောစရာမလိုပါဘူး။စိတ်ကအေးချမ်းနေမှာပါ။

ပြီးတော့ ကုသိုလ်တွေ တပုံတပင်ကြီး

မောက်လျှံနေအောင်ရတယ်လို့ ခံစားရမှာပါ။


❦“စစ်ကိုင်းတောင် ရေငုံချောင်ဆရာတော်” ကျတော့

ဘုရားပန်းကပ်တဲ့အခါ ကိုယ်တိုင်ပန်းကောက်၊

ကိုယ်တိုင်ပန်းကို ရေဆေးပြီး ဘုရားမှာ ပန်းကော်ဇော ၊

ပန်းလင်ပန်းခင်းပြီးကပ်လှူတာပါတဲ့။

ပန်းကော်ဇောကြီးခင်းထားတာကျတော့လည်း

တစ်မျိုးဆန်းပြီး တစ်မျိုးစိတ်ချမ်းသာစရာပါပဲ။


တချို့ဆရာတော်ဘုရားကြီးတွေဆို ဘုရားခန်းတစ်ခန်းလုံး

ပန်းကော်ဇောကြီးခင်းပြီး ကပ်ထားတာတွေ့ရဖူးပါတယ်။

မြင်ရတာသိပ်စိတ်ချမ်းသာဖို့ကောင်းတာပါပဲ။


ရှေးဆရာတော်ဘုရားကြီးတွေက ပန်းတွေကိုပုံစံမျိုးစုံနဲ့

ကပ်လှူခဲ့တာကို သာသနာဝင်မှတ်တမ်းအနေနဲ့

သိရပါတယ်။ ပန်းတွေကပ်ရင်း ဘာဆုတွေ

တောင်းခဲ့တယ်ဆိုတာတော့ မသိရပါဘူး။

ဆုတစ်ခုစီတော့ တောင်းခဲ့ကြမှာ အသေချာပါ။

ဆရာတော်ဘုရားကြီးတွေကပဲ ထုတ်ဖေါ်မပြောခဲ့လို့လား။

ဒါမှမဟုတ် မှတ်တမ်းပဲမတင်ခဲ့လို့လား မသိပါဘူး။

တောင်းခဲ့တဲ့ဆုတွေပါတွဲသိရရင် စာရေးသူတို့အတွက်

နောက်ဆက်တွဲဗဟုသုတအကျိုးတွေပါ သိရမှာပါ။


ပန်းတွေကအများကြီး ကပ်လှူပုံတွေကအများကြီး

ဆုတောင်းပုံတွေကအများကြီးဆိုတော့ ကိုယ်ကြိုက်တဲ့ပန်းကို

ကိုယ်ကြိုက်တဲ့ပုံစံနဲ့ကပ်ပြီး ကိုယ်ကြိုက်တဲ့ဆုကို

ကိုယ်ကြိုက်သလို တောင်းရုံပါပဲ။

“ဘဝအဆက်ဆက် ဆုံရပါလို၏”လို့

ဆုတောင်းလည်းရသလို

“ဒီဘဝမဆုံရပေမယ့် နောက်ဘဝဆုံရပါလို၏”လို့

ဆုတောင်းလည်းရတာပါပဲ။ တစ်ခုတော့ရှိပါတယ်။

ကိုယ်နဲ့ဆုံဖို့ ဆုတောင်းတဲ့သူက နောက်ဘဝကျတော့

အသားမည်းမည်း ရုပ်ဆိုးဆိုး သွားခေါခေါ

ဖြစ်နေမယ်ဆိုရင်တော့ ကိုယ်ဆုတောင်းထားတဲ့အတိုင်း

ပေါင်းရတော့မှာပါ။


မြတ်စွာဘုရားရှင်က “မနာပဒါယီ လဘတေ မနာပံ =

ကိုယ်မြတ်နိုးတဲ့ပစ္စည်း၊ကိုယ်ကြိုက်တဲ့ပစ္စည်းကိုလှူရင်

ကိုယ်မြတ်နိုးတဲ့အကျိုး၊ကိုယ်ကြိုက်တဲ့အကျိုးကိုရပါတယ်”လို့

ဟောထားတာဆိုတော့ ကိုယ်ကြိုက်တဲ့ပန်းကို

အဓိက ထားလှူရုံပါပဲ။

ကိုယ့်မှာ လွတ်လပ်စွာရွေးချယ်ခွင့်ရှိနေပါတယ်။

ပန်းစုံကပ်တယ်ဆိုပေမယ့် ကိုယ်ကြိုက်တဲ့ပန်းလေးတွေကို

ဦးစားပေးကပ်သွားတာ လူ့သဘာဝပါ။

ကိုယ်ကြိုက်တဲ့စပါယ်ပန်းလေးလှူပြီး

“စပါယ်ပန်းလေးလို အသားဖြူရပါလို၏”

လို့ ဆုတောင်းလည်းရတာပါပဲ။ ဒါမှမဟုတ်

“စပါယ်ပန်းလေးကို ကြည့်ပြီး စိတ်ချမ်းသာရသလို

ဘုရားတပည့်တော်လည်း စိတ်ချမ်းသာရပါလို၏”လို့

ဆုတောင်းလည်းရတာပါပဲ။


ဒါပေမယ့် ဒီခေတ်စပါယ်ပန်းရောင်းတဲ့သူတွေကတော့

စပါယ်ပန်းတွေကို မဲနယ်ဆိုးပြီးရောင်းကြတာများပါတယ်။

သဘာဝအတိုင်းရဖို့ ကျတော့ သိပ်မလွယ်လှပါဘူး။

စပါယ်ပန်းဖြူဖြူလေးကို သဘာဝအတိုင်းပဲကပ်ရတာလေးက

ပိုစိတ်ချမ်းသာပါတယ်။ သဘာဝအတိုင်းရဖို့ဆိုရင်

ကိုယ့်ခြံထဲမှာ ကိုယ်တိုင်စိုက်ထားမှပဲ ရတော့မှာပါ။

ဆေးဆိုးထားရင် ဆုတောင်းရတာ အားလျော့နေသလို

ခံစားရပါတယ်။


ပန်းတစ်မျိုးတည်းက နှစ်ပေါက်အောင်ပွင့်နေတာ

ရှားတော့ နေ့တိုင်းကပ်နိုင်အောင် ရာသီအလိုက်

ပွင့်တဲ့ပန်းတွေကို အစုံစိုက်ထားလိုက်ရင်လည်း

ရတာပါပဲ။ စပါယ် ၊ကံ့ကော် ၊ ခရေ ၊ စကားဝါ ၊

စကားဖြူ ၊ စကားစိမ်း၊ ဆိတ်ဖလူး စသည်ဖြင့်

စိုက်ထားလိုက်ရုံပါ။


ရာသီအလိုက်ပွင့်တဲ့ပန်းတွေကို နည်းတာ၊များတာ

အဓိကမထားဘဲ ပန်းကန်လေးနဲ့ နေ့စဉ်ကပ်ပြီး၊

နေ့စဉ် ဆုတောင်းသွားရုံပါပဲ။

နေ့စဉ်ပန်းကပ်ပြီး နေ့စဉ်ဆုတောင်းနေတာ ဆိုတော့

ဆုတောင်းကပြည့်ရုံတင်မကဘဲ၊လျှံတောင်လျှံနေဦးမှာပါ။


စျေးထဲကဝယ်လာတဲ့ပန်းနဲ့ ကိုယ့်ခြံထဲမှာ

ကိုယ်တိုင်စိုက်ထားတဲ့ပန်း ကပ်ရတဲ့အရသာ

ခံစားမှုခြင်းလည်း မတူပါဘူး။ အရသာကတော့ကွာပါတယ်။

ကိုယ်တိုင်ပန်းကောက်၊ကိုယ်တိုင်ပန်းခူးပြီး၊ကိုယ်တိုင်

ပန်းကပ်ရတာလေးကတစ်မျိုးအရသာဆန်းနေပါတယ်။


နှင်းဆီပန်းကျတော့ လူတိုင်းကြိုက်ကြပေမယ့်

မြန်မာပြည်အခြေအနေအရ ပိုးသတ်ဆေးဖျန်းမှ

အပွင့်က ရှင်သန်ဖွံ့ဖြိုးတာပါ။ ပိုးသတ်ဆေးဖျန်းပြီး

ဘုရားကပ်ရတာကျတော့လည်း အဆင်မပြေပါဘူး။

အမေရိကားကခြံထဲမှာတော့ နှင်းဆီပန်းတွေ ပိုးသတ်ဆေး

ဖျန်းစရာမလိုပါဘူး။ ရေလောင်းပေးနေရင်ပဲ

အပွင့်တွေထွားထွားကြိုင်းကြိုင်းနဲ့ ပွင့်နေတော့တာပါ။


ဒီနေရာမှာ “ရွှေပန်း၊ငွေပန်း” နဲ့ သတိထားစရာလေးတစ်ခုက

ကြေးဆင်းတုတော်ရဲ့လက်ထဲကိုထည့်ပြီး ပူဇော်လို့ပဲဖြစ်ဖြစ်၊

လည်ပင်းတော်ဆွဲပြီးပူဇော်လို့ပဲဖြစ်ဖြစ် ကပ်လှူလိုက်ရင်

ကြေးသားနဲ့ ရွှေပန်း၊ ငွေပန်းထိပြီး နောက်ရက်ကျတော့

ကြေးဆင်းတုတော်မှာ အကွက်ကြီးတွေဖြစ်နေပါတော့တယ်။

ဆင်းတုတော်မှာ အကွက်ကြီးတွေဖြစ်နေရင်

ကြည့်ရတာအဆင်မပြေပါဘူး။ ပန်းအစိုဓာတ်ကြောင့်

ကြေးနဲ့ကပ်ပြီး ကျန်ခဲ့တာလည်းပါမယ် ထင်ပါတယ်။

ဒီအတိုင်း ပန်းကန်လေးနဲ့ပဲဖြစ်ဖြစ် ၊

တစ်ခုခုနဲ့ချိတ်လို့ပဲဖြစ်ဖြစ်၊ကြေးဆင်းတုတော်နဲ့ မထိအောင်

ကပ်တာက အကောင်းဆုံးပါ။


အထူးသဖြင့် နယ်ကနာမည်ကြီးစေတီတော်တွေရဲ့

အာရုံခံတန်ဆောင်းတွေမှာ ကြေးဆင်းတုတော်တွေ

ထားတတ်ပါတယ်။

ကိုယ်ကခရီးကြုံလို့ ဝင်ဖူးရင်း ရွှေပန်း၊ငွေပန်းဝယ်ပြီး

ဘုရားလည်ပင်းချိတ်ပူဇော်ခဲ့ရင်တော့ နယ်မှာကျန်ခဲ့တဲ့

ကြေးဆင်းတုတော်မှာ အကွက်ကြီးတွေဖြစ်ကျန်ခဲ့တော့တာပါ။

လာသမျှ ဘုရားဖူးတွေက လည်ပင်းတော်ကို

ချိတ်ချိတ်ပူဇော်ခဲ့ရင် နယ်ခံလူတွေအတွက် မသက်သာလှပါဘူး။

ရောင်တော်အမြဲမဖွင့်နိုင်တဲ့ ဆင်းတုတော်တွေဆိုရင်

ပိုတောင် အဆင်မပြေဖြစ်ပါသေးတယ်။


ပန်းကပ်ပုံတွေ ဆုတောင်းပုံတွေက စုံနေတာပဲဆိုတော့

ကိုယ်နဲ့ အဆင်ပြေမယ့်နည်းကိုယူပြီး ကပ်သွားရုံ၊

ဆုတောင်းသွားရုံပါပဲ။


ဆရာတော်ဘုရားကြီးတွေရဲ့ကပ်နည်းတွေထဲက

ကိုယ်နဲ့အဆင်ပြေမယ့်နည်းကိုယူပြီး၊ကပ်သွားလို့ရသလို

ကိုယ့်နည်းကိုယ့်ဟန်လေးနဲ့ နှစ်သက်သလို

ကပ်သွားလို့လည်း ရတာပါပဲ။


တချို့ဆရာတော်ဘုရားကြီးတွေဆို ဓမ္မခန္ဓာပေါင်း

ရှစ်သောင်းလေးထောင်ကို ပူဇော်သောအားဖြင့်

ပန်းပွင့် ရှစ်သောင်းလေးထောင်းနဲ့ ပန်းစေတီတည်ပြီး

ဘုရားကို ကပ်လှူတာတွေ စာထဲမှာဖတ်ရဖူးပါတယ်။

တစ်သက်မှာ တစ်ခါပဲဖြစ်ဖြစ် ဒါမှမဟုတ် ၊

တစ်နှစ်တစ်ခါမွေးနေ့မှာပဲဖြစ်ဖြစ် ပန်းစေတီတည်ဖူးတယ်

ရှိအောင် ကပ်လှူကြည့်ဖို့ ကောင်းပါတယ်။

ပြီးမှ ကိုယ်ကြိုက်တဲ့ဆုကို ကျေကျေနပ်နပ်ကြီးတောင်းရုံပါပဲ။


နေ့စဉ်ဝတ်တစ်ခုအနေနဲ့ ပန်းကပ်ဖြစ်နေမယ်၊

နေ့စဉ်ဆုတောင်းဖြစ်နေမယ်ဆိုရင်တော့

ကိုယ့်ကိုယ်ကိုလည်း အားရကျေနပ်နေမှာပါ။

ဒါမှမဟုတ် လောကီဆုတွေမပါတော့ဘဲ

နိဗ္ဗာန်ဆုတစ်ခုပဲ တောင်းမယ်ဆိုရင်လည်း ရတာပါပဲ။

ကိုယ်နှစ်သက်သလို ဆုတောင်းရုံပါပဲ။


တစ်ခါတလေစိတ်ညစ်လာခဲ့ရင် ဘုရားမှာပန်းတွေ

အများကြီးကပ်လှူပြီး “ဤပန်းများကပ်လှူပူဇော်ရသော

ကုသိုလ်ကောင်းမှုကြောင့်

စိတ်ညစ်မှုတွေပျောက်သွားရပါလို၏”

လို့ ဆုတောင်းမယ်။ ပြီးတော့ မဟာဝိသုဒ္ဓါရုံဆရာတော်

ဘုရားကြီးနည်းအတိုင်း ကိုယ်ကပ်ထားတဲ့ပန်းကို

ကသိုဏ်းရှုသလို အကြာကြီး စိတ်ထဲထင်လာအောင်

စူးစူးစိုက်စိုက် ကြည့်နေမယ်ဆိုရင်လည်း

စိတ်ညစ်နေတာတွေ အတိုင်းတာတစ်ခုထိ

လျော့သွားတာများပါတယ်။

စိတ်ညစ်စရာ အာရုံကို စိတ်ချမ်းစရာအာရုံနဲ့

ကသိုဏ်းရှု အစားထိုးပစ်လိုက်တဲ့သဘောပါ။


ဘာပဲပြောပြောလေ ၊

ကိုယ်ကြိုက်တဲ့ပန်းကို ကိုယ်ကြိုက်တဲ့ပုံစံနဲ့

ကိုယ်ကြိုက်တဲ့ဆုကို ကိုယ်ကြိုက်သလို

ဆုတောင်းလိုက်ရုံပါပဲလေ။ ။

-【ဆရာတော်အရှင်ရာဇိန္ဒ(ရဝေနွယ်-အင်းမ)】

ကျမ်းကိုး။ ။

မဟာသုတဒီပနီကျမ်း၊ဒုတွဲ၊စာမျက်နှာ - ၃၈။

ဘဒ္ဒန္တကုဏ္ဍလ

[News Watchစောင့်ကြည့်သတင်းဂျာနယ်။

၂၈၊ဇူလိုင်လ၊၂၀၁၅]

[ဆရာတော်အရှင်ရာဇိန္ဒ(ရဝေနွယ်-အင်းမ)ထံမှ-

ကူးယူပူဇော်မျှဝေပါသည်။] 

Comments

Popular posts from this blog

သရဏဂုံသုံးပါး ပုတီးစိပ်နည်း

ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူသော ဘုရားငါးဆူတို့၏ ကွာခြားချက်များ

ဂုဏ်တော်တစ်ထောင်ပုတီးစိပ်နည်း