အကုသိုလ်ကမ္မပထ ဆယ်မျိုး နှင့် ကုသိုလ်ကမ္မပထ ဆယ်မျိုး

◄►◄►◄►◄►◄►◄►◄►◄►◄►◄►◄►◄►◄►

“အကုသိုလ်ကမ္မပထ ဆယ်မျိုး နှင့် ကုသိုလ်ကမ္မပထ ဆယ်မျိုး”

◄►◄►◄►◄►◄►◄►◄►◄►◄►◄►◄►◄►◄►

➡️ အကုသိုလ်ကမ္မပထ ဆယ်မျိုး


#ကိုယ်ဖြင့်_မစင်ကြယ်မှု_သုံးမျိုး


စုန္ဒ ကိုယ်ဖြင့် မစင်ကြယ်မှုသည် သုံး မျိုးဖြစ်၏။

နှုတ်ဖြင့် မစင်ကြယ်မှုသည် လေး မျိုးဖြစ်၏။

စိတ်ဖြင့် မစင်ကြယ်မှုသည် သုံး မျိုးဖြစ်၏။

စုန္ဒ အဘယ်သို့လျှင် ကိုယ်ဖြင့် မစင်ကြယ်မှုသည် သုံးမျိုး ဖြစ်ပါသနည်း။


၁. စုန္ဒ ဤလောက၌ အချို့သော သူသည် သူ့အသက်ကို သတ်လေ့ရှိ၏၊ ကြမ်းကြုတ်၏၊ လက်၌ သွေးစွန်း၏၊ သတ်ခြင်း၌ စိတ်ဝင် စား၏၊ သတ္တဝါတို့၌ သနားခြင်း မရှိ။


၂. မပေးသည်ကို ယူလေ့ရှိ၏၊ ရွာ၌ဖြစ်စေ တော၌ဖြစ်စေ တည်သော သူတစ်ပါး၏ ပစ္စည်းဥစ္စာ အသုံးအဆောင်ကို ခိုးလိုစိတ်ဖြင့် မပေးဘဲ ယူတတ်၏။


၃. ကာမတို့၌ မှားယွင်းစွာ ကျင့်လေ့ရှိ၏၊ အကြင်မိန်းမတို့ကို အမိစောင့်၏၊ အဖစောင့်၏၊ အမိအဖစောင့်၏၊ မောင်ကြီးမောင်ငယ်စောင့်၏၊ အစ်မညီမစောင့်၏၊ ဆွေမျိုးစောင့်၏၊ အနွယ်စောင့်၏၊ တရားကျင့် ဖော်စောင့်၏၊ အရှင် ‘လင်’ ရှိ၏၊ ဒဏ်ထား၏၊ အယုတ်သဖြင့် ပန်းခွေဖြင့်သော်လည်း ကာရံ ထား၏၊ ထိုကဲ့သို့သော မိန်းမတို့၌ သွားလာခြင်းသို့ ရောက်၏။ စုန္ဒ ဤသို့လျှင် ကိုယ်ဖြင့် မစင်ကြယ်မှု့သည် သုံးမျိုးဖြစ်၏။




#နှုတ်ဖြင့်_မစင်ကြယ်မှု_လေးမျိုး


စုန္ဒ အဘယ်သို့လျှင် နှုတ်ဖြင့် မစင်ကြယ်မှုသည် လေးမျိုးဖြစ်သနည်း။


၁. စုန္ဒ ဤလောက၌ အချို့သော သူသည် မဟုတ်မမှန် ပြောလေ့ရှိ၏၊ သဘင်သို့ ရောက်သော်လည်းကောင်း၊ ပရိသတ်သို့ ရောက်သော် လည်းကောင်း၊ ဆွေမျိုးတို့အလယ်သို့ ရောက်သော်လည်းကောင်း၊ အသင်းအလယ်သို့ ရောက်သော် လည်းကောင်း၊ မင်းမျိုးအလယ်သို့ ရောက်သော်လည်းကောင်း ”အိုယောကျာ်း လာလော့၊ သင် သိသမျှကို ပြောလော့”ဟု သက်သေခေါ်ဆောင် အမေးခံရလျှင် ထိုသူသည် မသိသည်ကို ”ငါသိ၏”ဟု လည်းကောင်း၊ သိသည်ကို ”ငါမသိ”ဟုလည်းကောင်း၊ မမြင်သည်ကို ”ငါမြင်၏”ဟုလည်းကောင်း၊ မြင်သည်ကို ”ငါမမြင်”ဟုလည်း ကောင်း၊ ဤသို့ မိမိအကြောင်းကြောင့်သော်လည်းကောင်း၊ သူ တစ်ပါး အကြောင်းကြောင့်သော်လည်းကောင်း၊ လာဘ် ‘အာမိသ’ တံစိုးလက်ဆောင်ဟူသော အကြောင်းကြောင့်သော်လည်းကောင်း သိလျက် မဟုတ်မမှန် ပြော၏။


၂. ကုန်းစကားကို ပြောကြားတတ်၏၊ ဤသူတို့ထံမှ နားထောင်၍ (ထိုသူတို့နှင့်) ဤသူတို့ ကွဲပြားရန် ထိုသူတို့ထံ၌ ပြောတတ်၏၊ ထိုသူတို့ထံမှ နားထောင်၍ (ဤသူတို့နှင့်) ထိုသူတို့ ကွဲပြားရန် ဤသူတို့ထံ၌ ပြောတတ်၏၊ ဤသို့ ညီညွတ်သူတို့ကိုလည်း ကွဲအောင် ခွဲတတ်၏၊ ကွဲပြားသူတို့ကိုလည်း အားပေး တတ်၏၊ ကွဲပြားမှုအစု ‘ဝဂ္ဂ’ ၌ မွေ့လျော်တတ်၏၊ ကွဲပြားမှုအစု’ဝဂ္ဂ’ ၌ ပျော်ပိုက်တတ်၏၊ ကွဲပြားမှု အစု ‘ဝဂ္ဂ’ ကို နှစ်သက်တတ်၏၊ ကွဲပြားမှုအစု ‘ဝဂ္ဂ’ ကို ပြုသော စကားကို ဆိုတတ်၏။


၃. ရုန့်ရင်းကြမ်းတမ်းသော စကားရှိ၏၊ အကြင်စကားသည် အပြစ်ရှိ၏၊ ကြမ်းတမ်း၏၊ သူတစ်ပါး နားကို စပ်ခါးစေတတ်၏၊ သူတစ်ပါးကို ထိခိုက်၏၊ အမျက်ထွက်ဖွယ် ကောင်း၏၊ သမာဓိကို မဖြစ်စေ တတ်၊ ထိုသို့သောသဘောရှိသော စကားကို ဆိုတတ်၏။


၄. ပြိန်ဖျင်းသော စကားရှိ၏၊ အခါမဟုတ်သည်၌ ဆိုလေ့ရှိ၏၊ မဟုတ်သည်ကို ဆိုလေ့ရှိ၏၊ အကျိုးမဲ့ ကို ဆိုလေ့ရှိ၏၊ တရားမဲ့ကို ဆိုလေ့ရှိ၏၊ ဆုံးမစကား မဟုတ်သည်ကို ဆိုလေ့ရှိ၏၊ အခါမဟုတ်သည်၌ အကြောင်းမဲ့ အပိုင်းအခြားမရှိဘဲ အစီးအပွါးမဲ့နှင့် စပ်သော မှတ်သားဖွယ်မရှိသော စကားကို ဆိုတတ်၏။ စုန္ဒ ဤသို့လျှင် နှုတ်ဖြင့် မစင်ကြယ်မှုသည် လေးမျိုးဖြစ်၏။




#စိတ်ဖြင့်_မစင်ကြယ်မှု_သုံးမျိုး


စုန္ဒ အဘယ်သို့လျှင် စိတ်ဖြင့် မစင်ကြယ်မှုသည် သုံးမျိုးဖြစ်သနည်း။


၁. စုန္ဒ ဤလောက၌ အချို့သော သူသည် အဘိဇ္ဈာများ၏၊ ”သူတစ်ပါး၏ စည်းစိမ်ဥစ္စာအဆောက်အဦသည် ငါ့ဥစ္စာ ဖြစ်မူ ကောင်း လေစွ”ဟု သူတစ်ပါး၏ စည်းစိမ်ဥစ္စာအဆောက်အဦကို ရှေးရှုကြံစည်တတ်သူ ဖြစ်၏။


၂. ဖျက်ဆီးလိုသော စိတ်ရှိ၏၊ ”ဤသတ္တဝါတို့ကို သတ်စေကုန် ဖမ်းစေကုန် ဖြတ်စေကုန် (ဤသတ္တဝါတို့သည်) ပျောက်ပျက်ကြစေကုန်၊ မရှိကြစေကုန်လင့်”ဟု ဖျက်ဆီးလိုသော စိတ်အကြံ ရှိ၏။


၃. မှားယွင်းသော အယူရှိ၏၊ ”လှူရကျိုး မရှိ၊ ပူဇော်ရကျိုး မရှိ၊ ဧည့်ဝတ်ပြုရကျိုး မရှိ၊ ကောင်းစွာ ပြုအပ် မကောင်းသဖြင့် ပြုအပ်သော ကံတို့၏ အကျိုးဝိပါက် မရှိ၊ ဤလောကဟူသည် မရှိ၊ တစ်ပါးသော လောကဟူသည် မရှိ၊ အမိ၌ ကောင်းမကောင်းပြုမှု အကျိုးဟူသည် မရှိ၊ အဖ၌ ကောင်း မကောင်းပြုမှု အကျိုးဟူသည် မရှိ၊ ဥပပါတ်သတ္တဝါတို့ဟူသည် မရှိကြ၊ ဤလောကကိုလည်းကောင်း၊ တစ်ပါးသောလောကကိုလည်းကောင်း ကိုယ်တိုင်ထူးသော ဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုကာ ဟောကြား နိုင်ကုန်သော၊ ဖြောင့်မှန်သော အရိယမဂ်သို့ ရောက်ကြကုန် ကောင်းစွာ ကျင့်ကြကုန်သော သမဏ ဗြာဟ္မဏတို့ဟူသည် လောက၌ မရှိကုန်”ဟု ဖောက်ပြန်သော အမြင်ရှိ၏။ စုန္ဒ ဤသို့လျှင် စိတ်ဖြင့် မစင်ကြယ်မှုသည် သုံးမျိုးဖြစ်၏။ (အန ၁၀.၁၇၆)


➡️ကုသိုလ်ကမ္မပထ ဆယ်မျိုး


ကိုယ်ဖြင့် စင်ကြယ်မှု သုံးမျိုး


စုန္ဒ ကိုယ်ဖြင့် စင်ကြယ်မှုသည် သုံးမျိုးဖြစ်၏။ နှုတ်ဖြင့် စင်ကြယ်မှုသည် လေးမျိုးဖြစ်၏။ စိတ်ဖြင့် စင်ကြယ်မှုသည် သုံးမျိုးဖြစ်၏။ စုန္ဒ အဘယ်သို့လျှင် ကိုယ်ဖြင့် စင်ကြယ်မှုသည် သုံးမျိုးဖြစ်သနည်း။


၁. စုန္ဒ ဤလောက၌ အချို့သော သူသည် အသက်သတ်ခြင်းကို ပယ်၍ အသက်သတ်ခြင်းမှ ရှောင်ကြဉ်သူ ဖြစ်၏၊ တုတ်ကို ချထားပြီး ဖြစ်၏၊ လက်နက်ကို ချထားပြီး ဖြစ်၏၊ ရှက်ခြင်းရှိ၏၊ သနားတတ်၏၊ ခပ်သိမ်းသော သတ္တဝါတို့၏ အစီးအပွါးကို လိုလားလျက် နေ၏။


၂. မပေးသည်ကို ယူခြင်းကို ပယ်၍ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်၏၊ ရွာ၌ဖြစ်စေ တော၌ဖြစ်စေ တည်သော သူတစ်ပါး၏ ပစ္စည်းဥစ္စာအသုံးအဆောင်ကို မပေးဘဲ မယူတတ်သူ ဖြစ်၏။


၃. ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်းကို ပယ်၍ ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်သူ ဖြစ်၏၊ အကြင်မိန်းမတို့ကို အမိစောင့်၏၊ အဖေ စာင့်၏၊ အမိအဖစောင့်၏၊ မောင်ကြီး မောင်ငယ်စောင့်၏၊ အစ်မညီမစောင့်၏၊ ဆွေမျိုးစောင့်၏၊ အနွယ်စောင့်၏၊ တရားကျင့်ဖော်စောင့်၏၊ အရှင် ‘လင်’ ရှိ၏၊ ဒဏ်ထား၏၊ အယုတ်သဖြင့် ပန်းခွေဖြင့်သော်လည်း ကာရံထား၏၊ ထိုကဲ့သို့သော မိန်းမတို့၌ သွားလာခြင်းသို့ မရောက်တတ်သူ ဖြစ်၏။ စုန္ဒ ဤသို့လျှင် ကိုယ်ဖြင့် စင်ကြယ်မှုသည် သုံးမျိုးဖြစ်၏။




#နှုတ်ဖြင့်_စင်ကြယ်မှု_လေးမျိုး


စုန္ဒ အဘယ်သို့လျှင် နှုတ်ဖြင့် စင်ကြယ်မှုသည် လေးမျိုးဖြစ်သနည်း။


၁. စုန္ဒ ဤလောက၌ အချို့သော သူသည် မဟုတ်မမှန် ပြောခြင်းကို ပယ်၍ မဟုတ်မမှန် ပြောခြင်းမှ ရှောင်ကြဉ်သူ ဖြစ်၏၊ သဘင်သို့ ရောက်သော်လည်းကောင်း၊ ပရိသတ်သို့ ရောက်သော်လည်းကောင်း၊ ဆွေမျိုးတို့အလယ်သို့ ရောက်သော် လည်းကောင်း၊ အသင်းအလယ်သို့ ရောက်သော်လည်းကောင်း၊ မင်းမျိုးအလယ်သို့ ရောက်သော် လည်းကောင်း ”အိုယောက်ျား လာလော့၊ သင်သိသမျှကို ပြောလော့”ဟု သက်သေခေါ်ဆောင် အမေးခံရလျှင် ထိုသူသည် မသိသည်ကို။ ”ငါမသိ”ဟုလည်းကောင်း၊ သိသည်ကို ”ငါသိ၏”ဟုလည်းကောင်း၊ မမြင်သည်ကို ”ငါမမြင်”ဟုလည်းကောင်း၊ မြင်သည်ကို ”ငါမြင်၏”ဟုလည်းကောင်း၊ ဤသို့ မိမိအကြောင်းကြောင့်သော်လည်းကောင်း၊ သူတစ်ပါးအကြောင်းကြောင့်သော်လည်းကောင်း၊ လာဘ် ‘အာမိသ’ တံစိုးဟူသော အကြောင်းကြောင့်သော်လည်းကောင်း သိလျက် အမှားမပြောတတ်သူ ဖြစ်၏။


၂. ကုန်းစကားကို ပယ်၍ ကုန်းစကားမှ ရှောင်ကြဉ်သူ ဖြစ်၏။ ဤသူ့ထံမှ နားထောင်၍ (ထိုသူတို့နှင့်) ဤသူတို့ ကွဲပြားရန် ထိုသူတို့ထံ၌ မပြောတတ်၊ ထိုသူတို့ထံမှ နားထောင်၍ (ဤသူတို့နှင့်) ထိုသူတို့ ကွဲပြားရန် ဤသူတို့ထံ၌ မပြောတတ်၊ ဤသို့ ကွဲပြားသူတို့ကိုလည်းစေ့စပ်တတ်၏၊ ညီညွတ်သူတို့ကိုလည်း အားပေးတတ်၏၊ ညီညွတ်ခြင်း၌ မွေ့လျော်တတ်၏၊ ညီညွတ်ခြင်း၌ ပျော်ပိုက် တတ်၏၊ ညီညွတ်ခြင်းကို နှစ်သက်တတ်၏။


၃. ရုန့်ရင်းကြမ်းတမ်းသော စကားကို ပယ်၍ ရုန့်ရင်း ကြမ်းတမ်းသော စကားမှ ရှောင်ကြဉ်တတ်သူ ဖြစ်၏၊ အကြင်စကားသည် အပြစ်ကင်း၏၊ နားချမ်းသာ၏၊ နှစ်လိုဖွယ်ရှိ၏၊ နှလုံးသို့သက်ဝင်၏၊ ယဉ်ကျေး၏၊ လူအများ နှစ်သက်၏၊ လူအများနှစ်ခြိုက်၏၊ ထိုသို့သော သဘောရှိသော စကားကိုသာ ဆိုတတ်သူ ဖြစ်၏။


၄. ပြိန်ဖျင်းသော စကားကို ပယ်၍ ပြိန်ဖျင်းသော စကားမှ ရှောင်ကြဉ်တတ်သူဖြစ်၏၊ (သင့်သော) အခါ၌သာ ဆိုလေ့ရှိ၏၊ဟုတ်သည်ကိုသာ ဆိုလေ့ ရှိ၏၊ အကျိုး (နှင့်စပ်သောစကား) ကိုသာ ဆိုလေ့ရှိ၏၊ တရား (နှင့်စပ်သော စကား) ကိုသာ ဆိုလေ့ရှိ၏၊ အဆုံးအမ (နှင့်စပ်သောစကား) ကိုသာ ဆိုလေ့ရှိ၏၊ (သင့်လျော်သော) အခါ၌ အကြောင်းနှင့်တကွ အပိုင်း အခြားရှိ၍ အနက်နှင့် ပြည့်စုံသဖြင့် မှတ်သားလောက်သော စကားကိုသာ။ ဆိုတတ်သူ ဖြစ်၏။ စုန္ဒ ဤသို့လျှင် နှုတ်ဖြင့် စင်ကြယ်မှုသည် လေးမျိုးဖြစ်၏။




#စိတ်ဖြင့်_စင်ကြယ်မှု_သုံးမျိုး


စုန္ဒ အဘယ်သို့လျှင် စိတ်ဖြင့် စင်ကြယ်မှုသည် သုံးမျိုးဖြစ်သနည်း။


၁. စုန္ဒ ဤလောက၌ အချို့သော သူသည် အဘိဇ္ဈာမများသူဖြစ်၏၊ ”သူတစ်ပါး၏ စည်းစိမ်ဥစ္စာအဆောက်အဦးသည် ငါ့ဥစ္စာဖြစ်မူ ကောင်းလေစွ”ဟု သူတစ်ပါး၏ စည်းစိမ်ဥစ္စာအဆောက်အဦကို ရှေးရှုမကြံတတ်သူ ဖြစ်၏။


၂. မဖျက်ဆီးလိုသော စိတ်ရှိ၏၊ ”ဤသတ္တဝါတို့သည် ရန်ကင်းသူတို့ ဖြစ်ကြပါစေ၊ ကြောင့်ကြ ကင်းသူတို့ ဆင်းရဲကင်းသူတို့ ဖြစ်ကြပါစေ၊ မိမိကိုယ်ကို ချမ်းသာစွာ ဆောင်ရွက်နိုင်ကြပါစေ”ဟု မဖျက်ဆီးလိုသော စိတ်အကြံရှိသူ ဖြစ်၏။


၃. မှန်ကန်သော အယူရှိ၏၊ ”လှူရကျိုး ရှိ၏၊ ပူဇော်ရကျိုး ရှိ၏၊ ဧည့်ဝတ်ပြုရကျိုး ရှိ၏၊ ကောင်းစွာပြုအပ်။ မကောင်းသဖြင့် ပြုအပ်သော ကံတရား၏ အကျိုးဝိပါက်သည် ရှိ၏၊ ဤလောကသည် ရှိ၏၊ တစ်ပါးသော လောကသည် ရှိ၏၊ အမိ၌ ကောင်းမကောင်းပြုမှု အကျိုးဟူသည် ရှိ၏၊ အဖ၌ ကောင်းမကောင်း ပြုမှု အကျိုးဟူသည် ရှိ၏၊ ဥပပါတ်သတ္တဝါတို့သည် ရှိကြကုန်၏၊ ဤလောကကိုလည်းကောင်း၊ တစ်ပါးသော လောကကိုလည်းကောင်း ကိုယ်တိုင်ထူးသော ဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုကာ ဟောကြားနိုင်ကုန်သော၊ ဖြောင့်မှန်သော အရိယမဂ်သို့ ရောက်ကြကုန် ကောင်းစွာ ကျင့်ကြကုန်သော သမဏဗြာဟ္မဏတို့ဟူသည် လောက၌ ရှိကုန်၏”ဟု မဖောက်ပြန်သော အမြင်ရှိသူ ဖြစ်၏။ စုန္ဒ ဤသို့လျှင် စိတ်ဖြင့် စင်ကြယ်မှုသည် သုံးမျိုးဖြစ်၏။ (အန ၁၀.၁၇၆)


🙏ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာခြင်းရှိကြပါစေ။🙏

Comments

Popular posts from this blog

သရဏဂုံသုံးပါး ပုတီးစိပ်နည်း

ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူသော ဘုရားငါးဆူတို့၏ ကွာခြားချက်များ

ဂုဏ်တော်တစ်ထောင်ပုတီးစိပ်နည်း