ဘိက္ခုနီသာသနာ ခွင့်ပြုရန်
**********************
ဘိက္ခုနီသာသနာ ခွင့်ပြုရန်
……………………………
ဘုရားသခင်လည်း "မယ်တော်…ငါဘုရား၏သာသနာ၌ မာတုဂါမတို့ကို ရဟန်းပြုခြင်းငှာမသင့်, ပြုသဖြင့်လည်း ရှည်မြင့်စွာမစင်ကြယ်ရာ, ထို့ကြောင့်ရဟန်းအဖြစ်ကိုမနှစ်သက်လင့်" ဟု မိန့်တော်မူ၏။မယ်တော်ဂေါတမီလည်း ခွင့်မသနားသဖြင့် ဆာပူလှိုက်လှဲ ဆင်းရဲငြိုငြင်သောနှလုံးဖြင့် ယူကျုံးမရငိုယိုကာ မြတ်စွာဘုရားကို လက်ယာရစ်သုံးပတ်လည်၍ပူဇော်ပြီးမှ နန်းတော်သို့ပြန်လေ၏။ ဘုရားရှင်လည်း ကပိလဝတ်ပြည်၌ မွေ့လျော်သမျှနေခဲ့၍ ဝေသာလီပြည်သို့တစ်ဖန် ပြန်တော်မူလာသဖြင့် မဟာဝုန်တော ကူဋာဂါရဇရပ်အတွင်းဝယ် သီတင်းသုံးကာ နေတော်မူသတည်း။
သာကီဝင်မင်းသားရဟန်းငါးရာတို့ ရဟန်းပြုသွားကြ၍ ရဟန္တာဖြစ်ကြပြီးသောအခါ ထိုရဟန်းငါးရာတို့၏ လူဖြစ်စဉ်အခါ ကြင်ယာဇနီးဟောင်းငါးရာတို့သည် "ယခုအခါ ငါတို့မှာ သူတစ်ပါးအိမ်သို့သွားဖို့ရန်(=အိမ်ထောင်သစ် ပြုဖို့ရန်) မသင့်လျော်တော့ချေ , မိထွေးတော်ကြီး မဟာပဇာပတိဂေါတမီထံသို့ သွားရောက်ကြပြီးလျှင် မြတ်စွာဘုရားက အမျိုးသမီးများကို ဘိက္ခုနီပြုလုပ်ရန် ခွင့်မပြု ပြုအောင် တောင်းပန်စေ၍ ရှင်ရဟန်းမ ပြုလုပ်ကြတော့အံ့" ဟု ကြံစည်၍ မိထွေးတော်ကြီး မဟာပဇာပတိဂေါတမီထံသို့ သွားရောက်ကြလျက်
"အို မိထွေးတော်အရှင်မကြီးဘုရား… ကျွန်တော်မျိုးမတို့ကို မြတ်စွာဘုရားရှင်က သာသနာတွင်းသို့ဝင်ရောက်၍ ဘိက္ခုနီပြုရန် ခွင့်မပြု ပြုအောင် တောင်းပန်လျှောက်ထားပေးပါကုန်ဘုရား" ဟု တစ်ညီတစ်ညွတ်တည်း ပြောဆိုကြလေ၏။
မိထွေးတော်မဟာပဇာပတိဂေါတမီသည် ဘုရားရှင်နိဂြောဓာရုံ၌ သီတင်းသုံးနေတော်မူစဉ်ကပင် ပထမတစ်ကြိမ် ဘုရားရှင်ကို မာတုဂါမမင်းမိန်းမများ ဤဘုရားသာသနာတော်၌ ဘိက္ခုနီပြုရန် ခွင့်တောင်းလျှောက်ထားပါသော်လည်း အခွင့်မရခဲ့သဖြင့် ယခုဒုတိအကြိမ်၌ကား ဆေတ္တာသည်ကိုခေါ်စေ၍ မိမိနှင့်တကွ သာကီဝင်မင်းသမီးငါးရာတို့၏ ဆံများကို ရိတ်ပယ်စေပြီးလျှင် ဖန်ရည်စွန်းသောအဝတ်တို့ကိုဝတ်ရုံကြကာ နန်းတော်တွင်းမှာပင် မြတ်စွာဘုရားရှင်ကိုရည်ညွှန်း၍ ရဟန်းမိန်းမအသွင်ကို ကိုယ်တိုင်လည်းယူ သာကီဝင်မင်းသမီးငါးရာတို့ကိုလည်း ယူစေပြီးလျှင် ထို သာကီဝင်မင်းသမီး(ရဟန်းမလောင်း) ၅၀၀ တို့နှင့် အတူတကွ ကပိလဝတ်ရွှေနန်းတော်မှသည် ဝေသာလီပြည် မြတ်စွာဘုရားသီတင်းသုံးတော်မူရာ မဟာဝုန်တောသို့ သွားရောက်ဖို့ရန် စီမံကြလေ၏။
ထိုအမျိုးသမီးတို့သည် ၅၁ ယူဇနာဝေးလှစွာသောခရီးကို ခြေကျင်လာခဲ့ကြရသဖြင့် အလွန်နူးညံ့သူများဖြစ်ရကား ထိုမိန်းမတို့၏ ခြေတို့၌ အဖုအလုံးကြီးများ တစ်လုံးပေါက်လိုက်တစ်လုံးကွဲလိုက်ဖြင့် ခြေနှစ်ဖက်လုံးပင် ဖူးဖူးရောင်ကြွလျက်ရှိကုန်၏။ သို့ဖြစ်ရကား မိထွေးတော်မဟာပဇာပတိဂေါတမီသည် သာကီဝင်မင်းသမီး ငါးရာနှင့်တကွ ဝေသာလီပြည် မဟာဝုန်တော ကူဋာဂါရ ကျောင်းတိုက်တံခါးမုခ်သို့ရောက်လေသောခါ ဖူးဖူးရောသောခြေ, မြူလိမ်းကျံသောကိုယ်ရှိလျက် ကိုယ်စိတ်နှစ်ဖြာဆင်းရဲလှစွာ မျက်ရည်ဖြင့်ပြည့်သောမျက်နှာရှိလျက် ငိုကြွေး၍သာလျှင် တံခါးမုခ်၏ အပြင်ဘက်၌ ရပ်တည်နေလေ၏။
အရှင်အာနန္ဒာ မြင်တော်မူပုံ
……………………………
ထိုသို့တံခါးမုခ်၏အပြင်ဘက်၌ ငိုကြွေးလျက်သာရပ်တည်နေသော မယ်တော်မိဖုရားကို အရှင်အာနန္ဒာတွေ့မြင်တော်မူလေလျှင် "အို ကျေးဇူးရှင် ဒါယိကာမ…အဘယ်သို့နည်း, သာကိယ ကောလိယ မင်းမျိုးတို့၏ ပျက်စီးခြင်းပင်ဖြစ်ခဲ့လေသလော, အဘယ်ကြောင့် ဖူးရောင်သောခြေ, မြူလိမ်းကျံသောကိုယ်ရှိလျက် ကိုယ်စိတ်နှစ်ဖြာ ဆင်းရဲလှစွာ မျက်ရည်ဖြင့်ပြည့်သောမျက်နှာရှိလျက် တံခါးမုခ်၏ အပြင်ဘက်၌ ငိုကြွေးလျက်သာရပ်တည်ဘိသနည်း, ဤ ဝေးလံကြမ်းတမ်းသောခရီးမှ အဘယ်အကြောင့်ကြောင့် လာခဲ့နည်း" ဟူ၍ မေးမြန်းတော်မူလေ၏။
အရှင်အာနန္ဒာ တောင်းပန်လျှောက်ထား
…………………………………………
ထိုအခါမိထွေးတော်ဂေါတမီက "အရှင်ဘုရား အာနန္ဒာ… မြတ်စွာဘုရားရှင်က မာတုဂါမမင်းမိန်းမများ ဤ ဓမ္မဝိနယ သာသနာတော်၌ ရှင်ရဟန်းမပြုလုပ်ရန် ခွင့်ပြုတော်မမူသောကြောင့် ဤကဲ့သို့ဆင်းရဲကြီးစွာ အပြင်ဘက်၌ငိုကြွေးလျက်သာ ရပ်တည်နေရခြင်းဖြစ်ပါသည်"ဟု အရှင်အာနန္ဒာအား အကြောင်းစုံ လျှောက်ထားလေ၏။
ထိုစကားကိုကြားလျှင် ရှင်အာနန္ဒာလည်း "မယ်တော်…ထိုသို့ ရဟန်းပြုလိုတပြီးကား နောင်တော်ဘုရားကို အကျွန်ုပ်သွား၍ နားတော်လျှောက်ဦးအံ့, ဤအရပ်၌ပင် စောင့်ဆိုင်းနှင့်လော့" ဟု ဆို၍ ဘုရားရှင်ထံကပ်ပြီးလျှင် "အရှင်ဘုရား… မယ်တော် ဂေါတမီ မိဖုရားသည် မိမိဆံတို့ကို မိမိအလိုလိုဖြတ်ပယ်လျက် သာသနာတော်၌ ရဟန်းပြုလိုသောဆန္ဒဖြင့် ဖဝါးမှ သွေးဒီးဒီး ယိုစီးကွဲပြတ်အောင်လာ၍ မြူလွှာလိမ်းကျံသောကိုယ်ဖြင့် ငိုယိုရှိုက်ငင် မမြင်ဝံ့မျှရှိလျက် ကျောင်းထွက်တံခါးဝ၌ နေလာပါသည်,
အရှင်ဘုရား…အကျွန်ုပ်တောင်းပန်ပါအံ့, ကိုယ်တော်မြတ်သည် သိအပ်သောသာသနာဝယ် မာတုဂါမတို့ကို ရဟန်းပြုခြင်းငှာ အခွင့်ပေးတော်မူပါ"ဟု လျှောက်၏။
ဘုရားသခင်ကလည်း "ချစ်သား အာနန္ဒာ…ငါဘုရား၏သာသနာ၌ မာတုဂါမတို့ကို ရဟန်းပြုစေသဖြင့် မသင့်မလျော်ချေ, အကယ်၍ ပြုစေမူကား ရှည်လျားစွာမစင်ကြယ်ရာ, ထို့ကြောင့် မာတုဂါမတို့ ရဟန်းပြုခြင်းကို သင်အလိုမရှိလင့်" ဟု မိန့်တော်မူ၏။
အရှင်အာနန္ဒာလည်း ဤနည်းဖြင့်သာ သုံးခါသုံးကြိမ်တိုင်အောင် လျှောက်ထားလျက် ဘုရားခွင့်ပြုတော်မမူလေသော် မယ်တော်၏ ဂုဏ်ကိုချီးပ၍ ခွင့်ရအောင်တောင်းလိုရကား ဤသို့လျှောက်၏-
"ဘုန်းတော်အလွန်ကြီးမြတ်တော်မူလှသော မြတ်စွာဘုရား… ကိုယ်တော်မြတ်သည် သိအပ်, ရအပ်, ဆုံးမအပ်သော သာသနာ၌ မာတုဂါမတို့သည် ရဟန်းဖြစ်ခြင်းငှာမထိုက်ပါသလော, ထိုသူတို့ကို ရဟန်းပြုသဖြင့် မြတ်သော သောတာပတ္တိဖိုလ်တို့ကိုလည်းကောင်း, သကဒါဂါမိဖိုလ်, အနာဂါမိဖိုလ်, အရဟတ္တဖိုလ်တို့ကိုလည်းကောင်း မျက်မှောက်ပြုခြင်းငှာ မစွမ်းနိုင်ပါသလော။ အကယ်၍ထိုတရားတို့ကို ရခြင်းငှာစွမ်းနိုင်ပါသည်ဖြစ်အံ့, ရဟန်းပြုခြင်းငှာ အခွင့်ကို ပေးတော်မူသင့်ပါ၏။ မြတ်စွာဘုရား…မယ်တော်ဂေါတမီသည် ကိုယ်တော်မြတ်အား များသောကျေးဇူးရှိပေသည်, ငယ်ကတည်းက ထိန်းယချီပိုးလျက် မြတ်နိုးတနာပြုပေသည်, နို့ရည်ကျွေး၍ မွေးမြူပေသည်။ကိုယ်တော်မြတ်ကိုဝမ်းဖြင့်လွယ်သော မယ်တော်ရင်းနှင့် ထက်အောက်ဆင်းသောမိထွေးချစ်လည်းဖြစ်ပါ၏။ မယ်တော်ရင်းထက် တိုးတက်ကဲ၍ ဆင်းရဲခံရသူလည်းဖြစ်ပါသည်။ ထိုမျှလောက်စင် ကျေးဇူးရှင်ကို သခင်ဘုရား ခွင့်မသနားက နောက်သားနောင်လာ လူများစွာတို့ မာတုဂုဏ ဝိသေသကို မနှိုင်းဆဘဲရှိပါလိမ့်မည်။ထို့ကြောင့် မယ်တော်မြတ်ကို ရဟန်းပြုရန် ခွင်းပေးတော်မူပါ" ဟု လျှောက်၏။
ထိုအခါမြတ်စွာဘုရားကလည်း "ချစ်သား အာနန္ဒာ… ငါ၏မယ်တော် မိဖုရားသည် ရိုသေလေးမြတ်ပူဇော်လတ်၍ ရှစ်ပါးသောဂရုဓမ္မ (=ဂရုဓံ တရား)ကို အသက်ထက်ဆုံးမကျူးလွန်ရအောင် နိစ္စအမြဲ ဖြည့်စွမ်းနိုင်သည်ဖြစ်အံ့, ရဟန်းပြုခြင်းငှာ ငါခွင့်ပေးတော်မူမည်" ဟု မိန့်တော်မူ၏။
ထိုအခါ အရှင်အာနန္ဒာလည်း ရှစ်ဖြာသောဂရုဓမ္မတို့ကို ဘုရားထံတော်၌ သင်နာခဲ့ပြီးသော် မယ်တော့်အထံသို့လာ၍ မြတ်စွာဘုရားဟောကြားအပ်သော ဂရုဓမ္မကိုညွှန်ပြလိုရကား
"ဝဿသတမဘိက်ခုကံ" စသောဂါထာကိုဆို၏။ အဓိပ်ပါယျကား-
၁။ မယ်တော်… ဝါ တစ်ရာရှိသောဘိက္ခုနီမသည် ယနေ့မှပြုစသော ရဟန်းငယ်အား ရှိခိုးခြင်း, ခရီးဦးကြိုခြင်း, လက်အုပ်ချီခြင်း, အရိုအသေပြုခြင်းအမှုများကို ပြုရမည်။(ဤကျင့်ဝတ်တရားကိုလည်း ရိုသေလေးမြတ် ပူဇော်လေ၍ အသက်ထက်ဆုံး မလွန်ကျူးအပ်။)
၂။ ရဟန်းမိန်းမသည် ရဟန်းယောက်ျားတို့နှင့် ကင်းသော, မနီးသော ကျောင်းအရပ်၌ ဝါမကပ်ရ။(---------)
၃။ ရဟန်းမိန်းမသည် လခွဲတစ်ကြိမ် ရဟန်းသံဃာမှ ဥပုသ်မေးခြင်း အဆုံးအမခံယူရန်ကပ်ရောက်ခြင်း ဤတရားနှစ်ပါးတို့ကို လိုချင်တောင့်တလိုက်နာရမည်။တောင်းပန်ရမည်။(---------)
၄။ ဝါကျွတ်ပြီးအခါ ရဟန်းမသည် ဘိက္ခုသံဃာ ဘိက္ခုနီသံဃာ နှစ်ဖက်၌ မြင်ခြင်း ကြားခြင်း ရွံရှာခြင်း ဤသုံးဌာနတို့ဖြင့် (အပြစ်ရှိခဲ့သော် ပြောဆိုဆုံးမရန်) ဖိတ်ကြားမှု(=ပဝါရဏာ) ပြုရမည်။=ဝါကျွတ်ပြီး ဥဘတော သံဃာ၌ ပဝါရဏာပြုရခြင်း
(--------)
၅။ပက္ခမာနတ်ကို နှစ်စဉ်မပြတ် ကျင့်ရခြင်း။= သံဃာဒိသိသ်အာပတ်သို့ရောက်သော ဘိက္ခုနီသည် ဘိက္ခုသံဃာ ဘိက္ခုနီသံဃာနှစ်ဖက်၌ တစ်ဆယ့်ငါးရက်(=တစ်ပက္ခ)ကြာ မာနတ်အကျင့်ကိုကျင့်ရမည်။(--------)
၆။ သိက္ခမာန်အဖြစ်၌ နှစ်နှစ်တိုင်အောင်တည်ပြီးမှ ဥဘတော သံဃာ၌ ဥပသမ္ပဒကံဆောင်ရခြင်း။= ရဟန်းမသည်(မိမိထံ၌) နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါးတို့၌ မကျိုးမပေါက် မကျားမပြောက်ရအောင် ကျင့်သုံးပြီးသောသိက္ခာရှိသော သိက္ခမာန်အား ဘိက္ခုသံဃာ ဘိက္ခုနီသံဃာ နှစ်ဖက်၌ ရဟန်းမပြုပေးရန် ကြောင့်ကြစိုက်ကာရှာမှီးရမည်။(-------)
၇။ ရဟန်းမသည် ရဟန်းယောက်ျားကို တစ်စုံတစ်ခုသော အကြောင်းဖြင့်မျှ မဆဲရေးရ မရေရွတ်ရ။(--------)
၈။ ရဟန်းယောက်ျားတို့ ဟောကြားဆုံးမသည့်အတိုင်း လိုက်နာရခြင်း
=ယနေ့ကစ၍ ရဟန်းမများက ရဟန်းယောက်ျားတို့အပေါ်၌ အဆုံးအမသြဝါဒစကား ပြောကြားမှုကို တားမြစ်ပိတ်ဆို့သည်။ မပြောရ။ ရဟန်းယောက်ျားတို့က ရဟန်းမိန်းမတို့အပေါ်၌ အဆုံးအမသြဝါဒစကားပြောကြားမှုကို မတားမြစ်မပိတ်ဆို့အပ်။ ပြောကြားစေရမည်။(-------)
"ချစ်သား အာနန္ဒာ…မိထွေးတော်သည် ဤရှစ်ပါးသောဂရုဓံ ကျင့်ဝတ်တရားတို့ကို ခံယူလိုက်နာမည်ဟု ဝန်ခံလျှင် သာသနာ၌ ရှင်ရဟန်းမဖြစ်စေရမည်" ဟု ဆိုပေ၏။
ဘုရားရှင်သည် ဤသို့ဂရုဓံ ကျင့်ဝတ်တရားများကို ဟောကြားတော်မူကာ ဘိက္ခုနီသာသနာကိုခွင့်ပြုတော်မူလေ၏။ မိထွေးတော်သည် ဂရုဓမ္မတရားရှစ်ပါးကိုခံယူပြီးသည်နှင့်
အဋ္ဌဂရုဓမ္မ ပဋိဂ္ဂဟဏ ဥပသမ္ပဒါ ဘိက္ခုနီမဖြစ်တော်မူသည်။
ထိုအခါ မိထွေးတော်မဟာပဇာပတိဂေါတမီထေရီမသည် မြတ်စွာဘုရားထံသို့ သွားရောက်ချဉ်းကပ်၍ "ဘုန်းတော်ကြီးသော သားတော်မြတ်ဘုရား…အကျွန်ုပ်သည် သာကီဝင်မင်းသမီး ငါးရာတို့နှင့်စပ်လျဉ်း၍ အဘယ်သို့ပြုကျင့်စီမံရပါမည်နည်း" ဟူ၍ လျှောက်ထားလေ၏။
သိက္ခာပုဒ်တော် ပညတ်ခြင်း
……………………………
ထိုအခါ ဘုရားရှင်သည် မိထွေးတော်မဟာပဇာပတိဂေါတမီအား တရားစကား ဟောကြားတော်မူလေသည်။ ထိုအခါ မိထွေးတော်သည် တရားစကားနာကြားပြီးသော် ဘုရားရှင်ကို ရိုသေမြတ်နိုးရှိခိုးပြီးလျှင် ဖဲသွားလေ၏။ ထိုအခါ ဘုရားရှင်သည် မိထွေးတော်တောင်းပန်လျှောက်ထားသောအကြောင်းဝတ္ထု၌ တရားစကားကို ဟောကြားတော်မူပြီးလျှင် "ရဟန်းတို့… ရဟန်းယောက်ျားများသည် မာတုဂါမများအား ပဉ္စင်းခံပေးရန် ငါဘုရားခွင့်ပြု၏" ဟူ၍ သိက္ခာပုဒ် ပညတ်တော်မူလေသည်။
ဤသိက္ခာပုဒ်တော်အရ ရဟန်းတော်များသည် သာကီဝင်မင်းသမီး ငါးရာတို့ကို မဟာပဇာပတိဂေါတမီ၏ သဒ္ဓိဝိဟာရိနီ ဥပဇ္ဈာယ်ယူသည့် တပည့်များပြုလုပ်ကြရန် ပဉ္စင်းခံပေးကြလေကုန်သည်။ဤသို့လျှင် ထိုသာကီဝင်မင်းသမီး ငါးရာတို့သည် ထိုအချိန်မှာ ဘိက္ခုနီသံဃာအပြည့်အဝ မရှိသေးသည့်အတွက် ဘိက္ခုသံဃာတစ်ဖက်ဖြင့်သာ ရဟန်းမအဖြစ်သို့ ရောက်ကြရသောကြောင့် "ဧကတောဥပသမ္ပန္န" ဘိက္ခုနီမတို့ မည်ကြလေကုန်သည်။
ထိုသို့ ရဟန်းမပြုလုပ်ပြီးကြသောအခါ မဟာပဇာပတိဂေါတမီ ထေရီမသည် သံခိတ္တသုတ်ဒေသနာကို ကြားနာရသဖြင့် အရဟတ္တဖိုလ်သို့ ရောက်ရှိလေသည်။ သာကီဝင်မင်းသမီး ရဟန်းမငါးရာတို့ကား နောက်အခါ၌ နန္ဒကောဝါဒသုတ္တန်ကို ကြားနာရသဖြင့် မိမိတို့အလိုဆန္ဒအတိုင်း အချို့ သောတာပန်,
အချို့ သကဒါဂါမ်, အချို့ အနာဂါမ်, အချို့လည်း ရဟန္တာအဖြစ်သို့ ဖြစ်ကြလေကုန်သတည်း။
[အကျယ်ကိုလိုမူ စူဠဝါ ပါဠိတော်, အဋ္ဌကထာတို့မှ ယူပါ]
Comments
Post a Comment