အရှင်သောဏမထေရ်၏ ရှေးအကြောင်းကိုပြခြင်း
*********************
အရှင်သောဏမထေရ်၏ ရှေးအကြောင်းကိုပြခြင်း
------------------------------------
ဤကမ္ဘာမှပြန်၍ရေတွက်သော် တစ်သင်္ချေနှင့်ကမ္ဘာတစ်သိန်းအခါ ဝရကမ္ဘာ၌ အနောမဒဿီ အမည်ရှိသောဘုရားရှင်ထင်ရှားပွင့်ထွန်း၏။ ထိုကာလ အရှင်သောဏမထေရ်၏အလောင်းသည် တစ်ဦးသော အမျိုးကောင်းသားဖြစ်၍ ဘုရားသခင်ထံ၌ နိယံမပြတ် ဆည်းကပ်ကိုးကွယ်သတည်း။
ကုသိုလ်စိတ်နှင့် ပထမဗျာဒိတ်
………………………………
တစ်ရံသောအခါ မြတ်စွာဘုရားသည် လွင်တီးခေါင်၌သာ စင်္ကြံကြွတော်မူသည်ကိုမြင်၍ ပြည့်ရှင်မင်းနှင့်တကွသော လူအများတို့သည် "မကြံမစည်မိသောအရာဝယ် ငါကုသိုလ်ပြုအံ့"ဟု ကြံလျက် သစ်ကျောက်အုတ်အင်္ဂတေတို့ကို စုရုံးပြီးလျှင် ဘုရားသခင် ကြွတော်မူသောဌာန၌ သံတောင်တစ်ရာမျှ အလျားရှိသော ရတနာစင်္ကြံကိုကောင်းမွန်စွာဆောက်လုပ်၍ လှူဒါန်းပူဇော်၏။ အနုမောဒနာပြုသောကာလ ဘုရားအမှူးရှိသောသံဃာတော်တို့အား ပရိက္ခရာရှစ်ပါးနှင့်တကွ လှူဒါန်းပူဇော်၍ တရားတော်ကိုနာ၏။ ထိုအခါ ဘုရားရှင်လည်း ခံစားရလတ္တံ့သောအကျိုးဆက်ကို ပြတ်ပြတ်ထင်ထင် သိမြင်စေခြင်းငှာ-
ယော သော ဟဋ္ဌေန စိတ္တေန,ဒီဃသာလံ အဒါသိ မေ-
အစရှိသောဂါထာဖြင့် ဗျာဒိတ်ကြားတော်မူ၏။
ထိုဂါထာတို့ကို မြန်မာပြန်သော်=
အကြင်ဒါယကာသည် ငါ၏လေးပါးသော ဣရိယာပုထ်ကို မျှတစေခြင်းငှာ ကြွရာဖြစ်သောဤရတနာစင်္ကြံကိုလည်း ဆောက်လုပ်လှူဒါန်း၏။သပရိဝါရဒါန ဖြစ်သော သုံးဆောင်စရာ ပရိက္ခရာတို့ကိုလည်းလှူဒါန်း၏။ သရဏဂုံသီလတို့ကိုလည်း နိစ္စ ဆောက်တည်၏။ ထိုဒါယကာကား မျက်မှောက်လောကဓံ ပစ္စုပ္ပန်လည်း ကြံကြံသမျှသော ဣစ္ဆာသယတို့သည်ပြည့်စုံလတ္တံ့ ရောဂါဘေးဒဏ် အန္တရာယ်မနှောင့် မကြောင့်မကြ သုခပွားလျက် အသက်ရှည်သည်ဖြစ်လတ္တံ့, ဘဝပြောင်းစေ့ စုတေသောအခါ နတ်တို့ရွာမှ ဝေဇယန္တာရထားဖြင့် သိကြားဆောင်ယူလာလတ္တံ့ နတ်ပြည်ရောက်သောအခါ ရတနာခုနစ်သွယ်တို့ဖြင့် စီခြယ်မွမ်းမံအပ်သော ပြာသာဒ်ဗိမာန် ဝေဇယန်ဘုံကြီး၌ နတ်သမီး နတ်သား ဝန်းလျားခယ ဖျောင်းဖျရိုညွတ်သော နတ်မင်း၏စည်းစိမ်ကို အကြိမ်အားဖြင့်မရေတွက်သော, ကမ္ဘာအားဖြင့် သုံးသောင်းပတ်လုံး ခံစားမွေ့လျော်ရလတ္တံ့, ထို့နောက်တွက်ဖွဲ့၍ ၂၅ ကမ္ဘာတိုင်တိုင် နတ်တကာတို့ကိုစိုးပိုင်သော သိကြားမင်းဖြစ်လတ္တံ့, ထိုမှလူ့ရွာ စုတေလာသော် ယသော်ဓရာ သညာနာမ သမုတ်ကြသော စတုဒီပဿရ စကြဝတေးမင်း၏အဖြစ်သည် ၇၇ ကြိမ်ဖြစ်လတ္တံ့, ထိုဤအန္တရဘဝ အဆစ်ဆစ်တို့၌လည်း ပဒေသရာဇ် ဧကရာဇ် သူဌေး သူကြွယ် အဖြစ်သာ အကြိမ်များစွာဖြစ်လတ္တံ့, ငါ့နောက်စဉ်ကာပွင့်လာကုန်သော ဘုရားတို့၏ထံ၌ ကုသိုလ်သမ္ဘာရ အလွန်ဆည်းပူးသဖြင့် လူနတ်ဗြဟ္မာ ဘုံသုံးရွာ၌ ကြီးကျယ်စွာသော ချမ်းသာစည်းစိမ်ကို ခံစားရလတ္တံ့, ဘဒ္ဒကမ္ဘာဖြစ်သောအခါဝယ် ဥက္ကာကရာဇ် မင်းစစ်ဧကန်ဖြစ်လတ္တံ့, ထိုအနွယ်မှဆက်သွယ်ပွား၍ ဘုရားဂေါတမ လူ့ဘသင်းကျစ်ဖြစ်သောအခါ ထိုဒါယကာသည် သာဝကပါရမီဉာဏ်၏ အဆုံးသို့ရောက်လတ္တံ့ ဟူ၍ အနုမောဒနာဖြင့် ဗျာဒိတ်စကား မြွက်ကြားတော်မူ၏။
(ပါဠိဂါထာကိုလိုလျှင် အပဒါန်ပါဠိတော်မှယူပါ)
ကုသိုလ်ကောင်းမှုအစုစုနှင့် ဒုတိယဗျာဒိတ်
……………………………………………
ထိုအမျိုးကောင်းသားသည် ဗျာဒိတ်ကိုကြားလျှင် အားရဝမ်းသာ သဒ္ဓါတရားတိုးတက်ပွားများခြင်းရှိရကား ဒါန သီလ စသော ကုသိုလ်ကံကို အလွန်အားထုတ်လျက် အသက်အတိုင်းနေ၍ စုတေသော် နတ်ပြည်လူ့ရွာ၌ ဘုရားဗျာဒိတ်တော်အတိုင်း အကြိမ်ကြိမ်ခံစားခဲ့၍ ပဒုမုတ္တရဘုရားပွင့်တော်မူသောကာလ ဟံသာဝတီပြည်ကြီးဝယ် ကြွယ်ဝကုံထံသော သိရီဝဍ္ဎန အမည်ရ သူဌေးဖြစ်လာ၏။ အရွယ်ရောက်သော် တရားတော်ကိုနာရ၍ သာသနာ၌ သဒ္ဓါခြင်းရှိရကား ဘုရားရှင်အား ပစ္စည်းလေးပါးတို့ဖြင့် လှူဒါန်းလုပ်ကျွေး၏။
တစ်နေ့သောခါ ဘုရားရှင်သည် ရဟန်းတရား၌ အလွန်အားထုတ်သော ရဟန်းတစ်ဦးအား များစွာကောင်းချီး ပေးတော်မူ၍ ဧတဒဂ်အရာ၌ထားသည်ကိုမြင်လျှင် ဤအရှင်ကဲ့သို့ ဖြစ်ချင်သောဆန္ဒရှိရကား ဘုရားသခင်နှင့်တကွသော သံဃာတော်တို့အား အလှူ ကြီးပေး၍ "ယမန်နေ့ ဧတဒဂ်ရသော ရဟန္တာကဲ့သို့ နောင်ဘုရားတို့သာသနာ၌ ဖြစ်ပါစေသော"ဟု ဆုတောင်း၏။ ဘုရားသခင်လည်း အစဉ်သောဓမ္မဒေသနာဖြင့် ဗျာဒိတ်စကား ကြားတော်မူခဲ့သတည်း။
ကုသိုလ်ကောင်းမှု
…………………
သိရီဝဍ္ဎနသူဌေးလည်း ကုသိုလ်ကောင်းမှုကိုသာ လွန်စွာ အားထုတ်လျက် အသက်အတိုင်းနေ၍ စုတေလေသော် လူ့ပြည်နတ်ရွာ၌ ကမ္ဘာတစ်သိန်းပတ်လုံးကျင်လည်ခဲ့ရ၍ ကဿပဘုရား နိဗ္ဗာန်လားသည့်နောက် ထားတော်မူအပ်သောသာသနာသည် ကုန်သောအခါ ဗာရာဏသီပြည်ဝယ် သူကြွယ်မျိုး၌ဖြစ်လာ၍ မဟာသာလဟူသောအမည်ကိုရ၏။ ထိုသတို့သားသည် ငါးရာသော အဆွေခင်ပွန်းတို့နှင့်အတူတကွသာ သွားလာလှည့်ပတ်လေ့ပြု၏။
တစ်ရံသောအခါ ပစ္စေကဗုဒ္ဓါတစ်ဆူသည် ဗာရာဏသီပြည်ကိုမှီပြု၍ ဝါကပ်လိုသဖြင့် ဝါဆိုကျောင်းအလို့ငှာ ဂင်္ဂါမြစ်၌မျောလာသော သစ် ဝါး ကြိမ် နွယ်တို့ကို ဆယ်ငင်ရုံးစု၍နေ၏။ ထိုသို့နေသည်ကို မဟာသာလသတို့သားမြင်လျှင် ငါးရာသောဆွေခင်ပွန်းတို့နှင့်တကွ ပစ္စေကဗုဒ္ဓါထံသို့ကပ်၍ "အရှင်မြတ် အဘယ်အလို့ငှာ စုရုံးပါသနည်း" ဟု မေး၏။ ပစ္စေကဗုဒ္ဓါလည်း "ဒါယကာ… ငါတို့ရဟန်းမည်သည်ကား ဝါတွင်းကာလ၌ ဝါဆိုကျောင်းကို ရခြင်းငှာအပ်၏" ဟု ပြောလျှင် "အရှင်ဘုရား…ယနေ့ကား မပြီးရာပြီ နက်ဖြန်အကျွန်ုပ်ဆောက်ပါအံ့. သန်ဘက်ခါသာ ကြွလာ၍ အလှူခံတော်မူပါ"ဟု လျှောက်၏။ ပစ္စေကဗုဒ္ဓါလည်း ထိုဒါယကာအား ချီးမြှောက်ခြင်းငှာပင် ကြွလာသည်ဖြစ်၍ "ကောင်းပြီ"ဟု ဝန်ခံ၏။
မဟာသာလလည်း အိမ်သို့ရောက်လျှင် အကျွမ်းဝင်သော အဆွေခင်ပွန်းတို့ကို ညီညွ၍လျောက်ပတ်သောဌာန၌ သစ်ရွက်မိုးသော ကျောင်းသင်္ခမ်း, နေသန့်ရာ, ညဉ့်သန့်ရာတို့ကိုလည်းကောင်း, စင်္ကြံ ,မဏ္ဍပ်, ဇရပ်, တဲကွန်းတို့ကို လည်းကောင်း စောင်ရန်းမီးတားတို့ဖြင့် ခြံရံကာ ကောင်းမွန်စွာပင် ဆောက်လုပ်ပေး၏။ပြီးလျှင် ဆွမ်း ယာဂု စသော ပူဇော်သက္ကာရကို ပြင်ဆင်လျက် အရှင်ကောင်း၏လာခြင်းကို မျှော်လင့်ကာနေ၏။ အချိန်းအချက်စေ့၍ ပစ္စေကဗုဒ္ဓါကြွလာလျှင် ဘောဇဉ်ငါးပါးတို့ဖြင့် လုပ်ကျွေး၍ အလုံးစုံသော အဆောက်အဦးတို့ကို ပေးလှူ ပူဇော်၏။ ပစ္စေကဗုဒ္ဓါ ကျောင်းသို့ဝင်သောအခါ "မြူလွှာဖြင့်လိမ်းကပ်ခြင်း မရှိစေသတည်း"ဟု မိမိအပေါ်ရုံဖြစ်သော အသပြာတစ်သ်ိန်း ထိုက်တန်သော ကမ္ဗလာနီကို မြေအခင်းပြုပေ၏။ ပစ္စေကဗုဒ္ဓါတက်၍ ထိုင်တော်မူလျှင် ယခင်ကမ္ဗလာနီ၏အရောင်ဖြင့်ဟပ်၍ လျှပ်စစ်တိမ်မီးခိုးကဲ့သို့ တညီးညီးတောက်ပလျက် အလွန်နှစ်သက်စဖွယ်ဖြစ်၏။
ဆုတောင်းခဲ့ခြင်း
…………………
ထိုသို့ တင့်တယ်သည်ကိုမြင်လျှင် ကြည်ရွှင်ဝမ်းမြောက်သောစိတ် ရှိသည်ဖြစ်၍ "အကျွန်ုပ်သည် ဤသို့ပြုရသောကုသိုလ်သမ္ဘာရကြောင့် ဖြစ်လေရာဘဝတို့၌ လယ်ခေါင်ရမ်းပန်းကဲ့သို့ တတ်စွမ်းလှပသော လက်ျခြအဆင်းရှိသည်ဖြစ်စေသော, အကြိမ်တစ်ရာဖတ်သော ဝါဂွမ်းစုကဲ့သို့ နုထွတ်သ်ိမ်မွေ့သော ကိုယ်အသားရေရှိသည် ဖြစ်စေသော. လျှပ်စစ်တိမ်တောင်ကဲ့သို့ ကိုယ်ရောင်ထွန်းပသည် ဖြစ်စေသော" ဟု သုံးပါးသောဆုကို ပတ္ထနာ၏။ ထိုအခါမှစ၍ ပစ္စေကဗုဒ္ဓါတို့အား ဝါတွင်းသုံးလပတ်လုံး လုပ်ကျွေးပြုစုလျက် ဝါကျွတ်သောအခါ အသပြာတစ်သိန်းထိုက်သော ကမ္ဗလာသင်္ကန်းတို့ဖြင့် လှူ ဒါန်းပူဇော်၏။ ပဝါရဏာပြုပြီးသောအခါ ပစ္စေကဗုဒ္ဓါလည်း ဟိမဝန္တာသို့ ပြန်ကြွတော်မူ၏။
သာကီဝင်မင်းမျိုးဖြစ်လာပုံ
…………………………
မဟာသာလလည်း ထိုဘဝ၌ အသက်တိုင်းနေ၍ စုတေသော် သာဝတိံသာ၌ နတ်မင်းဖြစ်ရ၏။ဤသို့ လူ့ပြည်နတ်ရွာ လှည့်လည်ကာဖြင့် ဤကမ္ဘာဝယ် ဧကာဒသမမြောက်သော မဟာသမ္မတမင်းမှစ၍ ၂၅၂၅၅၅ ယောက်သော မင်းတို့၏နောက်၌ ဗာရာဏသီပြည်ဝယ် ဥက္ကာကရာဇ်အမည်ရှိသော မင်းကြီးဖြစ်လာ၏။
(မှတ်ချက်= ဒီကနေ သာကီဝင်မင်းမျိုးဖြစ်လာသည်အထိကို "ခမည်းတော်နှင့်မယ်တော်" ဆိုတဲ့အမည်နဲ့ အစပိုင်းက တစ် နှစ် ခွဲပြီး နှစ်ပိုင်းတင်ပေးခဲ့ပြီးဖြစ်လို့ ဆက်လက်မဖေါ်ပြပါ)
သောဏသူဌေးသားစည်းစိမ်
……………………………
ဤသာကီဝင်မင်းတို့၏ အဖဖြစ်သော ဥက္ကာကရာဇ်မင်းကြီးသည် စုတေလေသော် လူ့ပြည်နတ်ရွာများစွာကျင်လည်ခဲ့ပြီးမှ ငါတို့ဘုရား ပွင့်တော်မူအံ့သောအခါကာလ စမ္ပာနဂိုရ်ပြည်ဝယ် ဥပသေဋ္ဌိ အမည်ရှိသော သူဌေးအိမ်၌ ပဋိသန္ဓေနေလာ၏။
ထိုအခါမှစ၍ သူဌေးအိမ်၌ များစွာသောလာဘ်ပူဇော်သက္ကာတို့သည် ရောက်လာကုန်၏။ ဘဏ္ဍာတိုက်တို့၌ထားသော ရွှေ ငွေ ရတနာတို့သည်လည်း လွန်စွာတိုးတက်ပွားစည်းကုန်၏။ ဖွားမြင်သောအခါကာလ၌လည်း တစ်ပြည်လုံးက ဝိုင်းဝန်းပူဇော်ကုန်သတည်း။ အမည်မှည့်အံ့သောနေ့သို့ ရောက်သောအခါ မိဘတို့သည် ငါတို့သားကား ဇမ္ဗူဒိပ်တစ်လွှား၌ တိုင်းစာနှိုင်းရှည့်အပ်သောသူမရှိ, မီးကျီးခဲကဲ့သို့ ရဲရဲပြောင်ပြောင် လောင်လုဘနန်းသော ဇမ္ဗူရစ်ရွှေရုပ်ကို သွန်းလုပ်ဘိသကဲ့သို့ တင့်တယ်သော အဆင်းအရောင်ရှိသည်ဖြစ်၍ မိမိအမည်ကို မိမိပင်ဆောင်သောသူဖြစ်ရကား သောဏသတို့သား ဟူသော အမည်ကိုမှည့်ကြကုန်၏။ ထိုသတို့သား၏ လက်ဖဝါးခြေဖဝါး အပြင်တို့သည် နီလွင်တပ်စွန်းသော လက်ခေါင်ရန်းပန်းကဲ့သို့ ထူးဆန်းတင့်တယ်စွာဖြစ်ကုန်၏။အကြိမ်တစ်ရာဖတ်သော ဝါဂွမ်းစုပမာ နူးညံ့သိမ်မွေ့စွာသော ကိုယ်အတွေ့သည်လည်းဖြစ်၏။
ထိုသတို့သားသည် အရွယ်အဆင်းအားဖြင့် သင့်တင့်ကောင်းမြတ်သော ၆၄ ယောက်မျှလောက်သော အထိန်းအယ မိန်းမကိုယ်လုပ်တို့နှင့်တကွ ချမ်းသာစွာ ကြီးပွားရ၏။
ဆန်မွှေးစီမံပုံ
………………
ထမင်းစားခြင်းကိစ္စ၌ ဤမျှလောက်သောအသရေသည်ဖြစ်၏။ ပယ်ခြောက်ဆယ်မျှလောက်သော မြေအကွက်ကိုညက်ညောစွာ ထွန်ပြီးသော် ပကတိရေ,နံ့သာရေ, နို့ရည်ဟူသော ရေသုံးပါးဖြင့် အကြိမ်များစွာသွန်းလောင်း၍ ကောင်းမြတ်နူးညံ့လှသော သလေးစပါးတို့ကိုစိုက်ပြီးလျှင် ယခင်ရေသုံးပါးတို့ဖြင့်ဖျန်းလျက် အဖုံးအလုံးတက်သောအခါ ကျေးငှက်တို့မလာစိမ့်သောငှာ ရတနာချည်တို့ဖြင့်ပြီးသော ကွန်ရက်တို့ဖြင့်အုပ်မိုးလျက် အရပ်ရှစ်မျက်နှာမှ ဖျာတို့ဖြင့်ကာရံ၍ စောင့်ရှောက်ရန် ယောက်ကျားတို့နှင့်တကွထားပေ၏။ကောက်မှည့်သောအခါ နံ့သာမျိုးလေးပါးတို့ဖြင့်ပက်ဖျန်းလျက် သိန်းသန်းမျှလောက်သော ယောက်ျားတို့သည် သီးနှံဖျားကိုသာရိတ်ယူပြီးသော် ကြီးစွာသော တလင်း၌ ခြောက်စေ၍ကျီသွင်းသောအခါ လုံခြုံသောနံရံ၌ အင်္ဂတေ သရွတ်တို့ကိုမံပြီးမှ စတုဇာတိကဖြစ်သော နံ့သာမှုန့်တို့ကိုခံလျက် အထက်၌သလေးနှံတို့ကိုထားကုန်၏။ဤသို့ နံ့သာမှုန့်တစ်ထပ် သလေးနံ့တစ်ထပ် စီ၍ ကျီပြည့်သောအခါလုံခြုံစွာပိတ်ထားလျက် သုံးနှစ်လည်မှ စပါးကျီကိုဖွင့်ယူသော် နတ်ကက္ကရုပန်းကဲ့သို့ မြို့အနှံ့လွှမ်း၍ကြိုင်လှိုင်၏။
ထိုသလေးစပါးကိုထောင်းဖွပ်သောအခါ ကွာလာသော ဖွဲနု ဖွဲကြမ်းတို့ကို သေသောက်ကြူးတို့သည် သေအိုး၌ဖြူးရန်ယူကုန်၏။ ကျိုးသောဆန်ကွဲတို့ကို အလုပ်အကျွေးဖြစ်သော မိန်းမယောက်ျားတို့စားသုံးရကုန်၏။ မကွဲမဖျ လှပကောင်းမွန်သော ဆန်တို့ကိုသာလျှင် ရတနာဖြင့်ပြီးသောတောင်း၌ထည့်၍ အကြိမ်တစ်ရာဆေးပြီးသော် ကျိုက်ကျိုက်ဆူသောရေ၌ တစ်ကြိမ်နှစ်၍ ရေစစ်ပြီးမှ ရွှေခွက်၌ထားကာ ကျိုက်ကျိုက်ဆူသော ထောပတ်, ဃနာ, ပျားသကာတို့ဖြင့်သွန်းလျက် အငွေ့ဖြင့်နပ်စေပြီးမှ ငွေလင်ပန်းထက်၌ခူး၍ သူဌေးသား၏ထံသို့ပို့ဆောင်ရ၏။
စည်းစိမ်ရှင်ဘဝ
………………
သတို့သားလည်းမျှလောက်ရုံသာစားပြီးလျှင် နံ့သာတို့ဖြင့်မွှေးသော ရေဖြင့် ခံတွင်းကိုဆေး၍ မွှေးလှစွာသောနံ့သာဆီတို့ကို ပွတ်လိမ်းလျက် အသပြာတစ်သိန်းထိုက်သော ခြင်္သေ့ သစ် ကျား သားရဲရုပ်တို့ဖြင့်ဆန်းကြယ်သော သားမွေးလက်လေးသစ်,ရှစ်သစ် ရှိသော ကော်ဇောအခင်း၌သာ စင်္ကြံလူးလာသွားပြီးမှ ရတနာသလွန်ထက်၌ အိပ်စက်ပေ၏။
ထိုအခါ ဝဲဘက် ယာဘက်မှ တစ်ရာတစ်ရာစီသော မိန်းမကညာတို့သည် ရတနာခြယ်တတ်သော ရွှေယပ်ငွေယပ်တို့ဖြင့် တလွှဲလွှဲခပ်ကုန်လျက် အတိုင်အဖောက်သီချင်းကောက်၍ လျှောက်ကြရကုန်၏။ ဤသို့ကြီးကျယ်စွာသော ချမ်းသာစည်းစိမ်ကိုသာခံစံကာကြီးပွားရကား ထိုသောဏသတို့သား၏ လက်ဖဝါးခြေဖဝါးအပြင်၌ ပတ္တမြားနားတောင်းဝယ် လက်ယာရစ်လည်၍တည်သော ကြာခြည်၏သဏ္ဌာန်ကဲ့သို့ အလွန်တင့်တယ်သောမွေးညင်းတို့သည် ပေါက်ရောက်ကုန်၏။ တစ်စုံတစ်ယောက်သောအထိန်းအယ မောင်းမကျေးကျွန်တို့အား မျက်မာန်ပွားသောအခါ "ငါ မြေကို နင်းအံ့" ဟုဆို၍ ခြိမ်းခြောက်သတည်း။ ထိုသောဏသတို့သားသည် အရွယ်ရောက်သော် ဥတုသုံးပါးနှင့်လျော်သော ပြာသာဒ်သုံးဆောင်ကို တည်ထောင်ပြုစု၍ တစ်ခုခုသောပြာသာဒ်၌ နတ်ကညာကဲ့သို့ အဆင်းအဝါလှပသော မိန်းမ ငါးရာ ငါးရာ အရံဖြင့် စံစားရသတည်း။
ဘုရားပွင့်ပြီ ဟူသော သတင်းစကား
……………………………………
ငါတို့ဘုရားပွင့်တော်မူ၍ ရာဇဂြိုဟ်ပြည်၌ စံနေတော်မူသောအခါ ဗိမ္ဗိသာရမင်းကြီးသည် မိမိနှင့်အဆွေခင်ပွန်းဖြစ်ကြသော ထိုသောဏသတို့သား ဘုရားသခင်ကိုဖူးမြင်စေခြင်းငှာ -
တထာဂတော လောကေ သမုပ္ပန္နော- စသောဂါထာကို ရတနာရွှေပေဖြင့်ရေးသား၍ သတင်းစကား ကြားစေ၏။
သတို့သားလည်း "ဘုရား"ဟူသော အသံကိုကြားလျှင် အားရဝမ်းသာစွာဖြစ်၍ ရှစ်သောင်းမျှလောက်သော ဂါမိယ ပရိသတ်တို့နှင့်တကွ ဘုရားအထံတော်သို့လာခဲ့၏။ ထံတော်သို့ရောက်၍ တရားတော်ကိုနာရလျှင် သာသနာ၌ သဒ္ဓါခြင်း အလွန်ရှိသည်ဖြစ်၍ ရဟန်းပြုခြင်းငှာ ခွင့်တောင်း၏။
ဘုရားသခင်လည်း "အချင်း သောဏ…အမိအဖတို့သည် အနူးအညွတ်ခွင်မပြုသောသားကို ဘုရားရှင်တို့ရဟန်းပြုတော်မမူ" ဟု ပယ်တော်မူ၏။
ထိုစကားကိုကြားသော် သောဏသတို့သားလည်း မိဘတို့ထံပြန်၍ ဘုရားသာသနာ၌ ရဟန်းပြုလိုပါကြောင်းဖြင့်အခွင့်တောင်း၏။ မိဘသူဌေးတို့ကလည်း "ချစ်သား သောဏ…သင်ကား ငါတို့၏ တစ်ယောက်တည်းသောသားတည်း,အလွန်လည်းချစ်ခင်၏။ နှစ်လိုစုံမက် အသက်ပမာ ငါတို့အောက်မေ့ကုန်၏, သေမင်းခွဲမှ မလွဲစသာ ကွဲရပါအံ့ , ငါတို့မျက်မြင် သက်ရှင်ပင်လျှင် သင်ချစ်သားကို ဘယ်လိုခွင့်ပေးနိုင်အံ့နည်း"ဟု ဆိုသော် ထိုသောဏလည်း ခယရိုသေစွာ သုံးကြိမ်တိုင်အောင်ပင်ခွင့်တောင်း၏။မိဘတို့လည်း အဆအရာလွန်စွာပိတ်ပင်လေသော် ရှင်သုဒိန်ကဲ့သို့ ခုနစ်ရက်ပတ်လုံး ထမင်းအာဟာရကိုမစားဘဲ အိပ်ရာ၌ အလျားမှောက်၍ "ရဟန်းမပြုရမူ ဤဌာန၌ပင် သေတော့အံ့"ဟု နေ၏။ မိဘတို့က ပုံပြင်နည်းနာဖြင့် များစွာချော့မော့ ပြောဆိုသော်လည်း မတုန်မလှုပ်ဘဲနေလေလျှင် "သင်အလိုရှိတိုင်းပြုပါလော့"ဟု ခွင့်ပေးရ၏။
ထိုအခါမှအားရဝမ်းသာထ၍ ထမင်းအာဟာရတို့ဖြင့် ဖြည့်တင်းလျက် သုံးလေးရက်ခန့်ရှိသော် ဘုရားရှင်ထံသို့လာ၍ ရဟန်းပြုလေ၏။
[ရဟန်းပြုရာ ဝိတ္ထာရစကားကိုလိုမူ ဝိနည်းပါဠိတော်မှာယူပါ]
ယင်းသို့ ရဟန်းပြုပြီးသောအခါ ရာဇဂြိုဟ်ပြည်၌ရှိကုန်သော အရှင်သောဏ၏ လူဘဝက ဆွေမျိုးဖြစ်ကုန်သော သူဌေးသူကြွယ်တို့သည်လည်းကောင်း ,သံဒိဋ္ဌသမ္ပတ္တဖြစ်ကုန်သော ခင်ပွန်းတို့သည်လည်းကောင်း အထူးထူးသောပူဇော်သက္ကာရတို့ဖြင့် နေ့ညဉ့်မပြတ်ဆည်းကပ်ပူဇော်လာကုန်၏။သိမ်မွေ့သပ္ပါယ် တင့်တယ်လှသောအဆင်းရောင်ကို ရှုလိုကြသော သူတစ်ပါးတို့သည်လည်း တိုးဝှေ့မရအောင်လာကြကုန်သတည်း။
ထိုအခါ အရှင်သောဏသည် ဤသို့ကြံ၏ "များစွာသောသူတို့သည် ငါ့ထံသို့သာလာကြသဖြင့် ကမ္မဋ္ဌာန်းဝိပဿနာကို စီးဖြန်းရာတွင် အခွင့်မရနိုင်ပြီ, ဤအရပ်၌ငါနေ၍ မဂ်ဖိုလ်ချမ်းသာကို အဘယ်မှာ ရချေအံ့နည်း, လူတို့စက်ဆုပ်သော ယင်းတိုက်တောသုသာန်သို့သွား၍ ရဟန်းတရားကိုအားထုတ်မှသာ ငါ၏ကိစ္စပြီးမြောက်တော့အံ့" ဟု ကြံ၍ ဘုရားထံ၌ ကမ္မဋ္ဌာန်းကို ယူပြီးလျှင် မြို့နှင့်မနီးမဝေးသော သုသာန်သို့သွားလေ၏။ ထိုသို့ ရောက်သောအခါ "ငါကား အလွန်သိမ်မွေ့နူးညံ့၏, လောကီချမ်းသာကိုခံစားလိုသဖြင့် ထို့ထက်လွန်မြတ်သော လောကုတ္တရာချမ်းသာသို့ မရောက်နိုင်ရာ,ဤခန္ဓာကိုယ်ကို ပင်ပန်းစေလျက် ရဟန်းတရားကိုအားထုတ်အံ့" ဟု ကြံပြီးလျှင် အိပ်ခြင်းဣရိယာပုထ်ကိုပယ်၍ ထိုင်ခြင်းရပ်ခြင်းဖြင့်သာလျှင် ဘာဝနာကိုပွားစေ၏။ ရုပ်ပင်ပန်းသောကာလ ထိနမိဒ္ဓ ဖြစ်လာလျှင် ထိုထိနမိဒ္ဓကိုဖျောက်ခြင်းငှာ စင်္ကြံသွားဖန်များသဖြင့် ခြေဖဝါးနှစ်ဖက်တို့သည် ဖူးရရူးထ၍ ပေါက်ပြဲကွဲအက်ကုန်ရကား စင်္ကြံသွားရာဖြစ်သောမြေတလင်းသည် ခြင်းခြင်းနီမျှသွေးတို့ဖြင့် ပြွမ်းကုန်၏။
ပုဂ္ဂိုလ်လေးမျိုး
………………
ဤသို့သာလျှင် ဝါတွင်းသုံးလပတ်လုံး လွန်စွာအားထုတ်ပါသော်လည်း စျာန်သမာပတ် မြတ်သော တရားတို့၏ အရိပ်နိမိတ်ကိုမျှ မထင်သောကြောင့် ဤသို့ ဆင်ခြင်ပြန်၏။ "သူတစ်ပါးတို့သည် ရဟန်းတရားကို အလွန် အားထုတ်၏ဟူသော်လည်း ငါတို့နှင့်တူရုံမျှသာရှိရာသည်, သို့စင်အားထုတ်ပါလျက် သြဘာသမျှငါ့အားမထင်နိုင်ချေ , အကျဉ်းပြလျှင် အကျယ်မြင်သော ဥဂ္ဃဋိတညူ ပုဂ္ဂိုလ် ,အကျယ်ဟောကြားမှ တရားကိုသိတတ်သော ဝိပဉ္စိတညူ ပုဂ္ဂိုလ်, တစ်ခုသောပုဒ်ကို ဥဒ္ဒေသ,နိဒ္ဒေသ, ပဋိနိဒ္ဒေသအားဖြင့်ဖွင့်၍ပြမှ သိစွမ်းနိုင်ကြသော နေယျပုဂ္ဂိုလ် , ဟောသမျှသာမှတ်နိုင်စွာသော ပဒပရမပုဂ္ဂိုလ်အားဖြင့် လေးပါးသောပုဂ္ဂိုလ်စုတွင် ငါသည် ပဒပရမပုဂ္ဂိုလ်သာဖြစ်လတ္တံ့။ ထို့ကြောင့် ရဟန်းပြု၍နေသဖြင့် ဘယ်အကျိုးရှိတော့အံ့နည်း။ လူထွက်၍ ကြီးမြတ်သောလောကီစည်းစိမ်ကိုပင် ခံစားဦးအံ့" ဟု အကြံဖြစ်၏။
ထိုအကြံကို ဘုရားသခင်သိတော်မူ၍ ထိုနေ့ညချမ်းအခါဝယ် သံဃာတော်အပေါင်းခြံရံလျက် ယင်းတိုက်တောသုသာန်သို့ ကြွတော်မူလေ၍ မြေပြင်အလုံး၌ ခြင်းခြင်းနီသောသွေးတို့ဖြင့် လိမ်းကျံသည်ကိုမြင်တော်မူလျှင် အရှင်သောဏမထေရ်ကိုခေါ်စေ၍ အခြင်းအရာကိုမေးပြီးမှ မတင်းမလျော့ပြု၍တီးသော စောင်း ဥပမာဖြင့် သြဝါဒပေးခဲ့၍ ကျောင်းသို့ပြန်ကြွတော်မူသည်။ အရှင်သာဏလည်း ဘုရား ဆုံးမတော်မူတိုင်း ဝီရိယနှင့်သမာဓိ, သဒ္ဓါနှင့်ပညာကို မျှစေလျက် အားထုတ်တော်မူသဖြင့် မရှည်မြင့်မီပင် ပဋိသမ္ဘိဒါလေးပါး အဘိညာဉ်ခြောက်ပါး သမာပတ်ရှစ်ပါး တရားအထူးနှင့်တကွသော အရဟတ္တဖိုလ်သို့ရောက်ပေ၏။
ထိုအရှင်သောဏကို ဇေတဝန်ကျောင်းတော်သို့ရောက်၍ သာဝကတို့ကို အရာဌာနအသီးသီးထားတော်မူသောအခါ အာရဒ္ဓ ဝီရိယ ဧတဒဂ်အရာ၌ ထားတော်မူသည်။
ကောဠိဝိသ မှတ်ချက်
*-*-*-*-*-*-*-*
[ဤအရှင်သောဏကား အထွတ်အဖျားရောက်သောစည်းစိမ် အခြံရံရှိသောအမျိုးမှ ရဟန်းပြုသည်ဖြစ်၍ "ကောဋိယသသောဏ" ဟု အမည်တွင်သတည်း။ အင်္ဂုတ္တိုရ် အဋ္ဌကထာ၌ကား ကောဠိဝိသဟူ၏။တရားစာတို့၌ ထမင်းဖြစ်ရာကိုမျှမသိသော အနုရုဒ္ဓါမထေရ်, လက်ခြေ၌အမွေးရောက်သော သောဏုတ္တရမထေရ်ဟု ရေးကြသည်ကား အမည်မှားစွ။]
Comments
Post a Comment