ရဟန်းငယ်နှင့် သမဏသညာ


 ရဟန်းငယ်နှင့် သမဏသညာ

အရှင်သုမန(ကန့်ဘလူ)


အကျွန်ုပ်တို့၏ဆရာတော်ကြီးသည် မြို့ထဲသို့သွား ရာ လာရာတွင် သမဏသညာ ထား၍ သွားလာရန် တပည့်ရဟန်း သာမဏေငယ်များကို သြဝါဒ မိန့်တော် မူပါသည်။ အထူးအားဖြင့် ယဉ်ကျေးမှု မတူ၊ ဘာသာ အယူများပြားသော နိုင်ငံခြားတိုင်းပြည်သို့ ပညာသင် ကြွရောက်ကြသော တပည့် ရဟန်းတော်များကို နိုင်ငံခြားရောက်သော်လည်း အမြဲတမ်း သမဏသညာ ထားကြရန် မိန့်တော်မူပါသည်။ ဆရာတော်ကြီးသည် တပည့်ရဟန်းသာမဏေများကို သာသနာတော်၌ အမြဲ ပျော်ရွှင်စေလို၍ သာသနာ့တာဝန်ကို ထမ်းဆောင်စေလို၍ ဖြစ်ပါသည်။

သမဏသညာဆိုသည်မှာ ငါသည် ရဟန်းတစ်ပါး ပဲ၊ ငါသည် ကိုရင်ရှင်သာမဏေတစ်ပါးပဲဟူသောအသိ အမှတ်ထားနေသည်ကို ဆိုပါသည်။

မြို့ထဲသွားရောက်သောအခါတွင် ပျော်ရွှင်ကြည်နူး နေသောလူတွေကိုမြင်ရ၍ ပျော်ချင်သည်၊ ဆော့ကစား ချင်သည်၊ ခုန်ပေါက်ချင်သည်၊ မိန်းကလေးတွေမြင်ရင် စိတ်ကစားသည်၊ ကြည့်ချင်သည်၊ ရှုချင်သည်ဆိုသော စိတ်များသည် ဖြစ်ပေါ်၍လာပါသည်။ ထိုစိတ်များ ဖြစ် ပေါ်လာသောအခါတွင် သမဏသညာထား၍ စိတ်အာရုံ ကို ဖျောက်ပစ်ရပါသည်။ သမဏသညာထားသည်ဆို ပါက အကယ်၍ မြို့ထဲသို့သွားပါက မိန်းကလေးတွေ မြင်ပေမဲ့ ကိုယ်နှင့်မဆိုင်သလိုဖြစ်၍ စွဲလမ်းမှုမရှိတော့ ပေ။ အမျိုးမျိုးသောအာရုံ၏နောက်သို့ မလိုက်ပါတော့ ပေ။

တစ်ခါတလေတွင် အကျွန်ုပ်သည် ငယ်ရွယ်သူဖြစ် သည့်အလျောက် ဗွီဒီယိုကားကြည့်ရင်း ဂီဟိသညာ (လူဝတ်ကြောင်စိတ်)ဖြစ်ပေါ်၍လာပါသည်။ ထိုအခါ သမဏသညာသည် ပျောက်ဆုံးသွားပါတော့သည်။ သမဏသညာပျောက်ပါများလျှင် တွေးဝံ့စရာ မရှိတော့ ပါပေ။ ရဟန်းဘဝသည် မြင့်မြတ်သည်ဖြစ်ကြောင်း သိပေမဲ့ နှစ်သက်စရာအာရုံတွေနှင့် တွေ့ရဖန်များလာ သောအခါ၌ သမဏသညာမထားခြင်း များလာသော အခါ ထိုမြင့်မြတ်သောရဟန်းဘဝကိုပင် ငြီးငွေ့၍ လာပါတော့သည်။

ဘုရားဟော ဇာတ်တော်များထဲ၌ ပစ္စုပ္ပန်များတွင် ဘုရားရှင်လက်ထက်က ဆွမ်းခံရင်းဖြင့် ရဟန်းတော် များ သမဏသညာပျောက်၍ ရဟန်းဘဝကိုငြီးငွေ့ကာ လူထွက်ဖို့အရေးကို ကြံစည်မိကြသည်။ တချို့ ရဟန်း တော်များသည် ကျောင်းတော်ထဲ၌နေ၍ သမဏသညာ ပျောက်ဆုံး၍ ဘုရားရှင်သည် သိမြင်တော်မူကာ ထို ရဟန်းတော်များကို သမဏသညာဖြစ်စေရန် သတိပေး တော်မူရသည်။

မုဒုလက္ခဏဇာတ်၊ ဟရိတစဇာတ်တော်များ၌ကဲ့သို့ ဘုရားလောင်းရသေ့ကြီးများသည် မင်းမိဖုရားများနှင့် အမြင်ချင်း အကြည့်ချင်းဆုံမိကြ၍ စျာန်အဘိညာဉ် တွေလျောကျ၍ သမဏသညာပျောက်ဆုံးသော ဇာတ်တော်များကိုလည်း ဇာတကပါဠိ အဋ္ဌကထာ၌ လေ့လာတွေ့ရှိဖူးပါသည်။

ထိုသို့ ဘုရားအလောင်းတော်ရသေ့ကြီးများ စျာန်လျောရခြင်းသည် ဘုရားအလောင်းတော်ကြီးများ၏ အပြစ်မဟုတ်သလို မိဖုရားများ၏အပြစ်လည်း မဟုတ် ပေ။ အမှန်စင်စစ်သော်ကား တဏှာလက်သမား၏ အပြစ်သာဖြစ်ပေသည်။

မဟာဂန္ဓာရုံဆရာတော်သည် ပခုက္ကူမြို့ မဟာ ဝိသုတာရာမ အလယ်တိုက် ဓမ္မမဉ္ဇူကျောင်း၌ စာချ ဘုန်းကြီးဖြစ်ခါစက ပခုက္ကူမြို့ထဲက အလည်လာကြသော ဒကာမလေးများကိုမြင်ရ၍ အဆိပ်ဖြေတေးထပ်ကို ရေးစပ်၍ သမဏသညာကိုထိန်းတော်မူခဲ့ကြောင်းကို တစ်ဘဝသံသရာနှင့် တစ်ဘဝသာသနာကျမ်း၌ ဖတ်ရှုရ ဖူးပါသည်။ ထိုတေးထပ်ကဗျာကို သဘောကျ၍ ကျက်ခဲ့ဖူးပါသည်။ ထိုတေးထပ်ကဗျာမှာ -


ကြည့်ရုံမြင်ရုံ အဆိပ်တက်သမို့

သိပ်ခက်သကွယ့် ကြည့်ဖို့ကို။

စိတ်ပျက်သကွယ် ထိဖို့ဆိုလျှင်

အမိတို့လို မြွေအမျိုး။

နှာခေါင်းလေနှင့်အမှုတ်ခံလျှင်

တမုဟုတ်အမြန် သေတတ်ပါသတဲ့ဗျိုး။

ကိုက်များကိုက်က ငိုက်စိုက်လေပြီ

ကတိုက်ကရိုက်သေမည် အမှန်ဆိုး။

မိုက်မိုက်ပွေလီ ဥာဏ်သူခိုးဖြင့်

ကြံဆိုးကြံနှင့် အသင့်ရှောင်။

အသုဘခေါ် ဆေးတော်ကြီး

မနှေးဖော်ပြီး သုံးစွဲပါလေမောင်။

ငါတို့ဘုရား အလောင်းတော်ပင်

အကြောင်းမလျော် မိဖုရားနှင့်

ကြည့်မှားသဖြင့် မသင့်ကြံတွေချယ်

အကျင့်စျာန်တွေကွယ်။

ထိြုေ>ွမမျိုးကြောင့် တန်ခိုးပြယ်လျှင်

အမျိုးအနွယ် မှိန်တတ်ပါသတဲ့လေး။


အမြဲတမ်းမဟုတ်ပေမဲ့ အကျွန်ုပ်စိတ်သည် (၁၆) နှစ်သားအရွယ်လေးကဲ့သို့ ခုန်ပေါက် ဆော့ကစားချင် စိတ်ဖြစ်ပေါ်နေမိသည်။

စွယ်စုံရ စာပေပညာရှင်ကြီးအချို့၏အတ္ထုပ္ပတ္တိ တစ်သက်တာမှတ်တမ်းတွေ ဖတ်ရှုလေ့လာသောအခါတွင် ငယ်ငယ်က ဗွီဒီယိုဇာတ်ကားကြည့်ရသလို မကောင်းမှန်း သိပေမဲ့ စုံသောသူဖြစ်လို၍ အားကျ အတုယူချင်မိသည်။ တကယ်တော့ မိမိရဲ့(၁၆)နှစ်သားအရွယ်ကို စဉ်းစား ကြည့်တော့ စာပေနှင့် နပန်းလုံးနေသည့်အပြင် စုံချင် စူးစမ်းချင်စိတ်လည်းမရှိသည့် ရှင်သာမဏေတစ်ပါးဖြစ် ၍ ဆရာတော်ကြီးများ၏ ထေရုပ္ပတ္တိများဖြင့် ကြီးပြင်း လာရ၍ ဘဝ၏လှုပ်ရှားမှုသည် ရိုးရှင်းနေလေ၏။ အများအားဖြင့် အစ်မ ညီမများမှတစ်ပါး သူငယ်ချင်း မိန်းကလေးများဖြင့်သော်မှ စကားမပြောဖြစ်အောင် ရှောင်နေ၍ ကိုရင်က မြို့မှာနေရ၍ မာနကြီးသည်ဟု ပြောသံ ဆိုသံများကို တစ်ဆင့်စကားကြားခဲ့ရသည်။

ကိုရင်သာမဏေဘဝက လူစာရေးဆရာစာအုပ် ထက် ဆရာတော် ရဟန်းတော်များ၏ စာအုပ် စာပေ ကျမ်းဂန်တို့ဖြင့်သာ အများအားဖြင့် ဖတ်ရှုကာ အချိန် ကိုကုန်လွန်စေပါသည်။ အဘယ့်ကြောင့်ဆိုသော် လူ စာရေးဆရာများ၏ဓာတ်တွေ အားကျအတုယူစရာတွေ ယူမိ၍ လူတော်ပြန်၍သွားမည်ကို တွေးတောပူမိသော ကြောင့်ပင် ဖြစ်ပါသည်။

ယခုအခါတွင် ဆရာတော်ကြီးများ၏ ထေရုပ္ပတ္တိ အပြင် လူစာရေးဆရာကြီးများ၏ ဘဝတစ်သက်တာ မှတ်တမ်းအတ္ထုပ္ပတ္တိတွေ ဖတ်ရှုသောအခါ အကောင်း အဆိုးတွင် လူစုံတစ်ယောက်ဖြစ်ချင်လာသည်။ထိုအခါ သမဏသညာသည် ကြားမှဝင်ခံလာသောအခါ လူစုံ တစ်ယောက်ဖြစ်ဖို့ရန် မမြင်ရတော့ချေ။

ထိုသမဏသညာကိုထိန်းထားဖို့ အမြဲကိန်းဝပ်ဖို့ရန် မှာ အနာဂါမ်မိမဂ်ရမှသာ စိတ်ချရကြောင်းကို မဟာ ဝိသုဒ္ဓါရုံဆရာတော် ဦးဝိသုဒ္ဓါဘိဝံသက ကဗျာဖြင့် နောင်တော်ကြီးအနေဖြင့် တပည့်ညီငယ်များကို တေးထပ် ဖြင့် သတိပေးထားပါသည်။ ထိုကဗျာလေးကို အလွတ် ကျက်မှတ်ထားပါသည်။

ထိုကဗျာလေးမှာ -

အနာဂါမ်လောကုတ် သဘောဟုတ်မရမီ

ပြောအလုပ်နှင့် သမဏပီအောင်

'မ' မသီစေနှင့်။

သင့်အတွက် ရမ္မက်ခွာ စက္ကဝါခြား၍နေသင့်။

ဝိသဘာဂ အာရုံပျော်သည် ရှာပုံတော်တွေနှင့်။

ကာမဂုဏ်ညှော် လေပင့်တော့ လေလွင့်ရပြန်သည်။

စျာန်လက်ကိုင် ပုဂ္ဂိုလ်များသော်မှ

ယုတ်ယိုပျက်ပြား များလှလေပြီ။

ကျင့်သီလ စာမရီလို မကွာညီတည်ရစ်ဖို့။

ပြည်ချစ်တဲ့ ညီအလျာ

သိပါစိမ့်ငှာ

နောင်တော်ကြီး အစ်ကိုဝါ

ထိုကဗျာလက်ကမ်းပေါ့လေး။


အနာဂါမိမဂ်ရမှသာ သမဏသညာအတွက် စိတ် ချရပါသည်။ သို့ပေမဲ့ တရားရှုမှတ်ခြင်း၊ တရားစာပေ လေ့လာခြင်း၊ တရားနာခြင်းဖြင့် ရဟန်းသာမဏေငယ် လေးများအတွက် သမဏသညာကိုယိမ်းမသွားအောင် ထိန်းထားရပါဦးမည်။

မြတရာဆရာတော်ကြီးသည်လည်း တပည့်ရဟန်း သာမဏေများကို သမဏသညာရရှိစေရန် မင်းတို့လို ငယ်ရွယ်သူ မပြောနှင့်၊ ငါကဲ့သို့သော ဆရာတော်ကြီး တောင် သတိထားရကြောင်း တေးထပ်ကဗျာဖြင့် သတိ ပေးတော်မူထားပါသည်။ ထိုကဗျာကိုလည်း အလွတ် ကျက်မှတ်ခဲ့ပါသည်။ စာရေးသူ အကျွန်ုပ်သည် ကဗျာ ကျက်မှတ် ရွတ်ဖတ်မှုကို ငယ်ငယ်ကတည်းက ဝါသနာ ပါခဲ့ပါသည်။ ထိုကဗျာမှာ -


ပုထုဇဉ်ဓလေ့မို့ မတွေ့တော့ ရွံဖွယ်

တွေ့ကြတော့ တကယ်ခင်သည်

စဉ်တကယ်အမြဲ။

ကညာအလှ နှိပ်သူပွေလျှင်

ဘိက္ခုတွေ ထွက်လ်ိမ့်မလွဲ။

ကိလေသာ အရှိမှန်လျှင်

ထိမခံ အလွယ်ပဲ။

ငြိပြန်တော့ တကယ်စွဲတာကြောင့်

ဖယ်လွှဲလို့ရယောင်

အဝီစိခေါ် အောက်ငရဲမှာတော့

နှစ်ယောက်တွဲ ကျ(စေဦး)တော့ မရှောင်။

ကိလေသာ ရာဂအမှောင်ကို

ကာမဘောင် ရှောင်မကွင်းနိုင်ဘူး

မောင်ပဇင်း လူသူငယ်တော်

ထွက်ပေလိမ့်နော်

မိန်းမက လာပါခေါ်လျှင်

ငါဆရာတော်ပင် ပါရချည်ပေါ့လေး။


ဆရာတော်ကြီး၏ဆိုလိုရင်းမှာ သမဏသညာ မြဲခိုင်ဖို့ဆိုသည်မှာ အရိယာဖြစ်မှ စိတ်ချရကြောင်းနှင့် အကယ်၍ ပုထုဇဉ်ဖြစ်ပါက မင်းတုိ့လို ရှင်သာမဏေ ငယ် ရဟန်းတော်ငယ်တွေ မပြောနှင့်၊ ငါကဲ့သို့သော ဆရာတော်ကြီးသည်ပင် သမဏသညာမြဲခိုင်ဖို့ စိတ်မချ ရကြောင်းကို သတိပေးဆုံးမတော်မူခြင်းဖြစ်ပါသည်။

ထို့ကြောင့် သမဏသညာ မြဲခိုင်စေဖို့ တရားစာ ဖတ်ခြင်း၊ တရားနာခြင်း၊ တရားရှုမှတ်ခြင်းဖြင့် အချိန် ကုန်ရမည်ဖြစ်ပါကြောင်းဖြင့် အကျွန်ုပ်သည် မိမိကိုယ် ကို သတိပေးရင်း . . ..


အရှင်သုမန(ကန့်ဘလူ) 

Comments

Popular posts from this blog

သရဏဂုံသုံးပါး ပုတီးစိပ်နည်း

ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူသော ဘုရားငါးဆူတို့၏ ကွာခြားချက်များ

ဂုဏ်တော်တစ်ထောင်ပုတီးစိပ်နည်း