ဓမ္မကိုအဖော်ပြုမှ ထာဝရချမ်းသာမည်
•••••••••••••••••••••••••••••••••••••••
ရှင်သာရိပုတ္တရာ မထေရ်မြတ်က ဘယ်လိုပြောလဲဆိုရင်
“ဘာရိတော ဘဝဘာရေန”- ဘဝရဲ့ ဝန်ထုပ်ဝန်ပိုးကြီးဟာ
အလွန်ကို ဝန်ပိပါတယ်။အင်မတန်မှ လေးလံလှတယ်။
“ဂိရိံ ဥစ္စရိတော ယထော”- တောင်ကြီးကို ရွက်ထားရ
သလိုကို ဘဝကြီးဟာ လေးလံ လှတယ်လို့
ညည်းညူပြီးတော့ကို ပြောတာ။
ဘဝကြီးဟာ ကြောက်စရာကောင်းတယ်။
ရှင်သာရိပုတ္တရာ မထေရ်မြတ်ဟာလဲ ပရိနိဗ္ဗာန်
စံတဲ့အခါမှာ ရောဂါမဖြစ်ဘဲနဲ့ အေးအေးချမ်းချမ်း
ပရိနိဗ္ဗာန်စံရတာ မဟုတ်ဘူး။ သူ့ကိုယ်သူ ပရိနိဗ္ဗာန်
စံရတော့မယ်၊ အသက်အကြွင်းဟာ ခုနစ်ရက်ပဲ
ကျန်တော့တယ်ဆိုတာ သိတဲ့နေ့ဟာ တန်ဆောင်မုန်း
လဆန်း (၉)ရက်နေ့ပဲ။
လပြည့်မတိုင်ခင် ခုနစ်ရက်ကြိုပြီးတော့ သိတယ်။
အဲဒီလိုသိတာနဲ့ ဘုရားဆီ ခွင့်တောင်းပြီး မယ်တော်ကြီးကို
တရားဟောချင်လို့ တစ်နေ့တစ်ယူဇနာ ၊ တစ်နေ့
တစ်ယူဇနာ ကုန်းကြောင်းလျှောက်ပြီး သူ့ဇာတိရွာကို
သွားတာ။ သူ့ဇာတိရွာက နာလက ရွာလို့ ခေါ်တယ်။
(အခု နာလန္ဒ တက္ကသိုလ်ကြီး ရှိတဲ့နေရာ မဟုတ်ဘူး။
အဲဒီနဲ့ အနီးအပါး ဖြစ်ကောင်း ဖြစ်လိမ့်မယ်။)
နာလက ရွာကို ကြွသွားတာ။ အဲဒီလို ကြွသွားတာဟာ
တစ်နေ့တစ်ယူဇနာ နားနားနေနေနဲ့ကြွသွားတာ။
အဲဒီတုန်းက ကျန်းကျန်းမာမာကြီးပဲ။ အေး၊
တန်ဆောင်မုန်းလပြည့် ညနေပိုင်းကျတော့
ရောက်သွားတယ်။ ရောက်သွားပြီး တခြားနေရာမှာ
မတည်းဘူး။သူမွေးတဲ့အခန်း၊ အဲဒီအခန်းကို
သန့်ရှင်းရေးလုပ်ပြီးတော့ အဲဒီမှာ သူ တစ်ည
ကျိန်းတယ်။အိမ်မှာပဲ ပြန်တစ်ညအိပ်မယ်ပြောတာ။
အဲဒါနဲ့ သူ့တူတွေ၊ ဆွေတွေမျိုးတွေက အဲဒီအခန်းကို
ကျကျနန ပြင်ဆင်ပေးကြတယ်။ ရှင်သာရိပုတ္တရာက
အဲဒီကို ကြွသွားပြီး တစ်ညကျိန်းတယ်။
မယ်တော်ကြီးက ဘုရား၊တရား၊သံဃာ မယုံကြည်ဘူး။
ဗြဟ္မာ ကိုးကွယ်နေတာ။ သူက ဗြဟ္မာမင်းကြီးကိုပဲ
အထင်ကြီးတယ်။ကောင်းကင်ကိုပဲ မော့ပြီး
ဆုတောင်းနေတုန်းပဲ ရှိတယ်နော်။ အဲဒီနေ့ညမှာ
ရဟန်းသံဃာတော်တွေကို ဆုံးမသြဝါဒပေးလို့
ပထမယာမ်ကုန်တာနဲ့ သံဃာတွေကို သီတင်းသုံးတဲ့
နေရာ ပြန်လွှတ်လိုက်တယ်။ အဲဒီအချိန်မှာ
ဘာဖြစ်လာလဲဆို ရောဂါဖောက်လာတယ်။
ဝမ်းစလျှောတော့တာပဲ၊ သွေးဝမ်းတွေ သွားတာ။
သက်သက်သာသာသွားတာ မဟုတ်ဘူး၊ ခဏခဏ။
ညီတော် စုန္ဒက တစ်အိုးပြီးတစ်အိုး၊ တစ်အိုးပြီး
တစ်အိုး၊ ဝမ်းက တရစပ်သွားနေတာဆိုတော့
သွေးတွေပါ ပါလာတယ်။ သွေးဝမ်းသွန်တဲ့
ရောဂါမျိုး ဖြစ်လာတယ်။
အဲဒီမှာ ညသန်းခေါင် ရောက်တဲ့အခါ ဝင်းဝင်းဝါဝါနဲ့
အရပ်လေးမျက်နှာက အလင်းရောင်ကြီးတွေ
ပေါ်လာကြတယ်။ လာပြီးတော့ ဦးခိုက်ကြတယ်။
ရှိခိုးကြတယ်။ နတ်မင်းကြီးလေးပါး လာတယ်။
သိကြားမင်းကြီး လာတယ်၊ ဗြဟ္မာမင်းကြီးတွေ
လာတယ်။ မယ်တော်ကြီးက စိုးရိမ်တကြီး
ကြည့်နေတယ်။ငါ့သားရဲ့ အခြေအနေ
သိပ်မကောင်းဘူး။သောက ရောက်နေတယ်။
နေမကောင်းဘူးဆိုတာ သိတယ်နော်။ သို့သော်
ဒီအလင်းရောင်ကြီးတွေ ခါတိုင်းမဖြစ်ဖူးဘူး။
အိမ်ထဲမှာ လာလိုက်တာ အလင်းရောင်ကြီးတွေ
ခဏခဏဖြစ်တယ်၊ ဘာတွေလဲလို့။တစ်ညလုံး မအိပ်ရဘူး။
သူကလည်း စိုးရိမ်သောကနဲ့ ကြည့်နေတယ်။
အရိပ်ကြည့်နေတယ်။
နံနက်မိုးလင်းခါနီး ရောက်လာတဲ့အခါ ညက
လာတာတွေကို မယ်တော်ကြီးက လာစုံစမ်းတာ။
ဘယ်သူတွေလာလဲ။ဘာတွေလဲ၊ အလင်းရောင်တွေ
တွေ့တယ်ဆိုတော့ ပြောပြတယ်။
သိကြားမင်းကြီး လာတယ်၊ နောက်ဆုံးအနေနဲ့
လာပြီးတော့ ကန်တော့ကြတယ်။
ဗြဟ္မာမင်းကြီးလည်း လာတယ်။ အဲဒီကျတော့မှ
ငါ့သားက တန်ခိုးကြီးလှချည်လားပေါ့။
သူကိုးကွယ်တဲ့ ဗြဟ္မာကြီးကတောင် လာတွေ့ရတယ်။
သူ့ကို လာကန်တော့တယ် ဆိုတော့မှ အဲဒီအချိန်မှာ
အထင်ကြီး လာပြီဆိုတော့မှ သူ သူ့သားတရား
နာတော့တာ။ လူဆိုတာ တော်တော်ခက်တယ်။
သူက နဂိုတုန်းက အထင်ကို မကြီးတာ။
သူ့သားကို အထင်မကြီးရုံတင် မကဘူး။
တော်တော်ဆိုးတယ်ပေါ့။ အိမ်က ကလေးတွေလဲ
အကုန်ခေါ်သွားတယ်၊ အမြင်ကပ်တယ်။
ဘာဖြစ်လို့တုန်းဆိုတော့ ရှင်သာရိပုတ္တရာက သူ့ညီတွေ၊
ညီမတွေ အကုန်ခေါ်ပြီး သင်္ကန်းဝတ်ပေးထားတာကိုး။
တစ်ယောက်မှ မကျန်ဘူးတဲ့။ခုနစ်ယောက်ရှိတယ်။
ခုနစ်ယောက်လုံး အကုန်လုံး သာသနာ့ဘောင်
ရောက်သွားကြတယ်။ အဲဒီတော့ အဖွားကြီးက
မကျေနပ်ဘူး၊ အိမ်ပြန်လာတော့တောင်မှ
အသက်ကြီးမှ ဘာလာလုပ်ပြန်တာတုန်းနဲ့ စိတ်က
အဲဒီလိုထင်တာ။
အဲဒီအချိန်မှာ ရှင်သာရိပုတ္တရာရဲ့ အသက်ဟာ
(၇၅)နှစ် ရှိပြီ။(၇၅)နှစ် အရွယ်လောက် ရောက်လာပြီ။
မြတ်စွာဘုရားထက် (၅)နှစ်လောက် ငယ်တယ်ပေါ့။
မြတ်စွာဘုရားက သက်တော် (၈၀)ရှိပြီ။
အဲဒီမှာ အသက်ကြီးခါနီးမှ ဘာလို့ အိမ်ပြန်လာတုန်း
လို့ အပြစ်တင်ချင်သေးတာ။ နောက်ဆုံးမှာ ဗြဟ္မာတွေ
လာတယ်ဆိုတာကို သူကိုယ်တိုင်လည်း မျက်စိနဲ့
အလင်းရောင်တွေ မြင်ရတယ်။
အဲဒါတွေကို ပြောပြတဲ့အခါ စိတ်ဝင်စားလာတယ်။
မယ်တော်ကြီးကို တရားဟောတာ။ အဲဒီတော့မှ
မယ်တော်ကြီးဟာ အရုဏ်မတက်ခင်
“သောတာပန်” ဖြစ်သွားတယ်။
ရှင်သာရိပုတ္တရာ မထေရ်မြတ်ဟာလည်း တစ်ညလုံး
ရောဂါဒဏ် ခံစားရပြီးတဲ့အခါ နံနက်မိုးသောက်
အလင်းလည်းရောက်ရော ဒီရောဂါဒဏ်ကို ဘာနဲ့
ကြိတ်မှိတ်ခံမလဲဆိုတဲ့အခါမှာကြည့်။
သမာပတ် ဝင်စားတယ်။
သမာဓိစွမ်းအားနဲ့ ရောဂါကို မေ့ထားတာ။
သမာဓိစွမ်းအားနဲ့ ရောဂါကို ဖယ်ထားတာ။
အဲဒီ သမာဓိစွမ်းအားနဲ့ နေသည့်အတွက်ကြောင့်
အင်မတန်ပြင်းထန်တဲ့ ရောဂါဝေဒနာဟာ သူ့အတွက်
ပြင်းထန်တယ်လို့ မထင်ရလောက်အောင်
နေနိုင်ထိုင်နိုင် ရှိသွားတယ်ပေါ့။
အဲဒါဟာ ဓမ္မကို အဖော်ပြုထားလို့။
ဒီလိုနေရာမျိုးမှာ ဓမ္မကို အဖော်ပြုပြီးတော့နေလို့
ချမ်းသာတာ။ အဲဒီတော့ နောက်ဆုံး
ရှင်သာရိပုတ္တရာမထေရ်မြတ်ဟာ နံနက်မိုးသောက်
အလင်းလည်းရောက်ရော ပရိနိဗ္ဗာန်စံသွားတယ်။
လူတိုင်းလူတိုင်းဟာ နောက်ဆုံးအချိန်ဆိုတဲ့ ဒီလိုဒုက္ခတွေ
ရောက်နေတဲ့အချိန်မှာ အခုလို တရားဓမ္မတွေကို
ကျင့်ကြံကြိုးကုတ် အားထုတ်တာဟာ ဒီလိုဒုက္ခတွေ
ခံနိုင်အောင်လို့ တရားအားထုတ်တာ။
ဒီတရားကလွဲပြီးတော့ အဲဒီအချိန်မှာ ခံနိုင်စရာ
ဘာတစ်ခုမှ မရှိဘူး။ အဲဒီအချိန်မှာ သိကြားမင်းကြီး
လာလို့ အားကိုးရမလား၊ ဆေးပေးသွားလား၊ မပေးဘူး။
ဗြဟ္မာမင်းကြီးတွေ လာလို့ မန်းမှုတ်သွားလား။
မမှုတ်ဘူး။ ဘယ်သူမှ မကူနိုင်ဘူးနော်။
အဲဒီတော့ ကိုယ့်တရားသာလျှင် ကိုယ်အားကိုးရတယ်။
ကျန်တဲ့အဖော်တွေက လာပြီးတော့
ရောဂါမေးရုံလောက်သာ မေးနိုင်တာ။
ဘယ်သူကမှ ဝင်မျှပြီးတော့ မခံဘူး။
နောက်ဆုံးအချိန်မှာ ဒီဒုက္ခတွေသက်သာအောင်
လုပ်မပေးနိုင်ဘူး။ နောက်ဆုံးအချိန် ဓမ္မကို အဖော်ပြုရမယ်
ဆိုတာ အဲဒါပြောတာပေါ့နော်။
အဲဒီတော့ ရှင်သီဝလိရဲ့ မယ်တော်နဲ့ ရှင်သာရိပုတ္တရာတို့လို
စံနမူနာယူရမယ့် သံဃာတော်တွေကို ကြည့်ပြီးတော့
သြော်၊ “သုပ္ပဋိပန္နော ဝတ ဘဂဝတော သာဝကသံဃော”
မြတ်စွာဘုရားရဲ့ တပည့်သာဝက သံဃာတွေဟာ
တကယ့်ကို မှန်ကန်တဲ့ အကျင့် ကျင့်ပါပေတယ်။
ဒီလို ဒုက္ခတွေကင်းအောင် သူတို့ ကျင့်နေကြတာပါလား။
“ယော ဣမဿ ဒုက္ခဿ ပဟာနာယ ပဋိပန္နော”
တဲ့။ ဒီလို ဒုက္ခတွေ ကင်းသွားအောင် ကျင့်တယ်။
ငါ့လိုဒုက္ခတွေ မရောက်တော့ဘူး။
ဟော သံဃာဂုဏ်ကို အာရုံပြုတယ်။
✦ဟော၊ နောက်တစ်ခု ၊ သူအာရုံပြုပြီးတော့ သူတွေးတဲ့
အတွေးလေးတစ်ခုက ဘာတုန်းဆို
“သုသုခံ ဝတ တံ နိဗ္ဗာနံ ၊ ယတ္ထ ဤဒိသံ ဒုက္ခံ န
ဝိဇ္ဇတိ”နိဗ္ဗာန်ဆိုတာ ဒီလို ဒုက္ခမျိုး မရှိဘူး။
ခု ငါခံစားနေရတဲ့ ဒုက္ခမျိုးဟာ နိဗ္ဗာန်မှာ မရှိဘူး။
နိဗ္ဗာန်ဟာ သိပ်ချမ်းသာတာပဲလို့ နိဗ္ဗာန်ရဲ့ ဂုဏ်ကို
အာရုံပြုတယ်။ ကဲ အဲဒီတော့ ဘုန်းကြီးတို့ သုပ္ပဝါသာ ရဲ့
ဒီ နှလုံးသွင်းတရားဟာ ဘယ်လောက်ကောင်းတုန်း။
ကိုယ် ရောဂါဝေဒနာ ဖြစ်လာတဲ့အခါမှာလည်း
ဒီလို နှလုံးသွင်းနိုင်ဖို့ပဲ။ဒါက အရေးကြီးတာ။
ဒါကြောင့် အမြဲမပြတ် နှလုံးသွင်းနေရမယ်။
ရောဂါဆိုတာ တစ်ခါတစ်ရံကျလို့ရှိရင် တချို့
ရောဂါတွေဟာ incurable လေ၊ ကုလို့မရဘူး။
တစ်ချို့ရောဂါတွေက မျှော်လင့်ချက်ရှိသေးတယ်။
ကုလို့ရတယ်လို့ ပြောတယ်။ အဲဒီတော့ incurable
ဖြစ်နေပြီဆိုရင် ဘယ်လိုနေမလဲ၊ ကိုယ်ကလည်း
သိနေပြီ။ ဒီရောဂါကို သိနေပြီဆိုရင် စိတ်ညစ်နေမလား။
မိသားစုနဲ့ ခွဲရမှာ အတွက် ဝမ်းနည်းနေမလား။
ကြေကွဲနေမလား။ ဒီလို ဝမ်းနည်းကြေကွဲပြီး ဘဝတစ်ခုကို
အဆုံးသတ်သွားမယ်ဆိုရင် ကိုယ့်အတွက် ဆုံးရှုံးသွားတာပဲ။
အဲဒါ ဘာဖြစ်လို့တုန်းဆိုတော့ ဓမ္မကို အဖော်မပြုသည့်
အတွက်ကြောင့် ဒီအရှုံးတွေနဲ့ ရင်ဆိုင်ကြရတာတဲ့။
ဒါကြောင့် ဓမ္မကို အဖော်ပြုမယ် ဆိုလို့ရှိရင် အခု
သုပ္ပဝါသာ စဉ်းစားသလို ဓမ္မကို စဉ်းစားရမှာနော်။
အဲဒီလို စဉ်းစားဖို့ လိုတယ်ပေါ့။ စဉ်းစားမှု စွမ်းအား
ကောင်းလာအောင် ကြိုတင်ပြီးတော့ စဉ်းစားရမယ်။
သြော် ခန္ဓာကြီး ရထားရင် ဒုက္ခတွေဟာ ခံရမှာပါလား
လို့ ဒီလို အတွေးမျိုးတွေနဲ့ တွေးပြီးတော့ ရောဂါရဲ့
ဝေဒနာသက်သာမှုကို ရရှိမယ်။
ဒါက သာမန်အတွေးလေးနဲ့ ရောဂါကို ခုခံတာ။
ဒီ့ထက် ကိုယ်ကိုယ်တိုင် လေ့ကျင့်ထားလို့ သမာဓိ
စွမ်းအားတွေ မြင့်လာပြီဆိုတဲ့အချိန်မှာဆိုရင်
ရှင်သာရိပုတ္တရာ မထေရ်မြတ်တို့လို ရောဂါဝေဒနာရဲ့
ဒဏ်ကို သမာပတ်စွမ်းအားနဲ့ ခုခံပြီးတော့ နေလို့ရတယ်။
ဘယ်လောက် ရောဂါဖြစ်ဖြစ် ရောဂါမရအောင်
သမာပတ်စွမ်းအားနဲ့ ခံထားတယ်။
ခံထားသည့်အတွက်ကြောင့် ရောဂါဝေဒနာဟာ
နာကျင်နှိပ်စက်မှုမရှိတော့ဘူး၊ နာကျင်နှိပ်စက်မှု
မရှိတော့ရင် နိဗ္ဗာန်ကို အာရုံပြုပြီးတော့ အေးချမ်းစွာ
နေနိုင်သွားတယ်ပေါ့။
လောကမှာ ဓမ္မကို အဖော်မပြုတဲ့ ပုဂ္ဂိုလ်တွေဟာ
ဝမ်းနည်းခြင်း၊ ကြေကွဲခြင်းနဲ့ပဲ အဆုံးသတ်သွားတယ်ပေါ့။
လူဆိုတာ မျှော်လင့်ချက်ကလေးတွေ ရှိတယ်။
ကိုယ့်ကိုယ်ကို အသက်ရှင်မယ်လို့ မျှော်လင့်ပေမယ့်လို့
ရှင်ချင်မှရှင်တာလေ။ အဲဒီတော့ နောက်ဆုံး
အချိန်မရောက်ခင် ဘုန်းကြီးတို့တတွေဟာ
နောက်ဆုံးဝင်သက်ကလေးနဲ့ ထွက်သက်ကလေး
မရောက်ခင် ကိုယ်လုပ်ရမယ့် ဓမ္မကို အခုကတည်းက
အဖော်ပြုထားရမယ်။ ဘယ်သူမဆို အသက်ရှင်
နေသေးတယ်ဆိုရင် နောက်ကျတယ်လို့ ပြောလို့မရဘူးပေါ့။ ။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association】
-【ပါမောက္ခချုပ်ဆရာတော်ဒေါက်တာ
အရှင်နန္ဒမာလာဘိဝံသ】ဆက်ရန်►
Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm
[“လွတ်လပ်စွာ Share နိုင်ပါသည်။
ပေ့ခ်ျများအနေဖြင့်၊ Blog များအနေဖြင့်
share မည်ဆိုရင် စာရေးသူ ဆရာတော် အမည်နဲ့
စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association ကို
credit လေးပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။”]
Comments
Post a Comment