သဗ္ဗေသတ္တာ ကမ္မဿကာ
သဗ္ဗေသတ္တာ ကမ္မဿကာ
သိန်းဆွေ(ဖောင်းပြင်)
လူသတ္တဝါတို့၏ ကံတရားကို မကြံစည်အပ်ဟု မြတ်ဗုဒ္ဓ ဟောကြားတော်မူခဲ့သည်။ ဘာကြောင့် မကြံစည် အပ်ပါလဲ၊ ပုထုဇဉ်တို့အနေဖြင့် သတ္တဝါတို့၏ ဘဝပေါင်း များစွာက ဖြစ်ပျက်ခဲ့ပြီးသည့် ကံတရား၊ အနာဂတ်တွင် ဖြစ်ပေါ်ကြုံတွေ့လာရမည့် ကံတရား စသည်တို့ကို မမြင် နိုင်၊ မသိနိုင်သောကြောင့် ဖြစ်ပါသည်။
*********
''တို့ အဝေးသင် စာမေးပွဲသွားဖြေတဲ့အခါ အောင်စိုးမိုးကျော်အမြန်ယာဉ်နဲ့သွားကြတာပေါ့၊ အဲသည် မော်တော်က ကြီးလည်းကြီးတယ်၊ ပြီးတော့ ဆိုင်ကယ် တွေပါ တင်သွားလို့ရတယ်''
''ဟုတ်တယ် ငါလည်း အဲဒီမော်တော်နဲ့ လိုက်ဖို့ စီစဉ်ထားတယ်''
ဟုမ္မလင်းမြို့ပေါ်က အဝေးသင်စာမေးပွဲ ဖြေဆို ကြမည့် ကျောင်းသားလေးနှစ်ယောက် တိုင်ပင်နေကြ ခြင်း ဖြစ်သည်။ သူတို့နှစ်ယောက်ကနေ သူငယ်ချင်း တွေစုလိုက်တော့ စာမေးပွဲဖြေ လိုက်ပါကြမည့် ကျောင်းသား(၁၅)ယောက်မျှ ဖြစ်သွားသည်။ ဆိုင်ကယ် တွေလည်း ယူသွားကြမည်တဲ့။
*********
''သီတင်းကျွတ် ကျောင်းပိတ်ရင် ညည်းတို့ မြို့ပြန် ဦးမှာလား''
''ပြန်မှာပေါ့၊ ဟိုမှာ အဘိုးအဘွားတွေ သွား ကန်တော့ရဦးမှာ''
''အေး ငါလည်း ဆွေမျိုးသားချင်းတွေ ကန်တော့ ရင်း ပြန်ရကောင်းမလား စဉ်းစားနေတာ''
''ပြန်ပေါ့အေ-ညည်းကလည်း ဟိုမှာတစ်ရက်ပဲ နေရနေရ၊ နှစ်ရက်ပဲနေရနေရပေါ့''
''ဒီလိုဆိုလည်း ပြန်ကြတာပေါ့၊ ရွှေပြည်အေး မြို့သစ်က မိချိုကလည်း ဖုန်းခဏခဏ ဆက်နေတယ်၊ အောင်စိုးမိုးကျော် အမြန်ယာဉ်နဲ့ လိုက်ခဲ့ဖို့၊ သူ့အတွက် လည်း ထိုင်ခုံနေရာ ဝယ်ခဲ့ဖို့ မှာနေတယ်''
သည်လိုနှင့် အောင်စိုးမိုးကျော် အမြန်ယာဉ်ဖြင့် သီတင်းကျွတ် ကျောင်းပိတ်ရက်မှာ အောက်ပြည် အောက်ရွာများသို့ ပြန်ကြမည့် ဟုမ္မလင်းမြို့က ဆရာ၊ ဆရာမတွေ သုံးဆယ်နီးပါး ဖြစ်သွားသည်။
*********
နံနက် ခုနစ်နာရီခန့် ရှိဦးမည်။
ဟုမ္မလင်း အမြန်ယာဉ်ဆိပ်တွင် မုံရွာ-မန္တလေး သွားကြည့်မည့် ခရီးသည်တွေ လိုက်ပို့ကြသည့် ဆွေမျိုး မိတ်သင်္ဂဟ ညီအစ်ကိုမောင်နှမတွေနှင့် ဝေစည်နေသည်။
''ဆရာမ-မင်္ဂလာဆောင်ပြီးပြီးချင်း ပြန်လာနော်၊ ဆေးရုံမှာ လူနာတွေက ဆရာမကို စောင့်နေကြတယ်''
ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေး တိုက်နယ်ဆေးရုံ မှ ဆရာဝန်မလေးအား ခင်မင်ရင်းနှီးကြသည့် ကလေးမ အချို့က ရှမ်းစကားသံဝဲဝဲဖြင့် ကျီစယ်နေကြသည်။ သူတို့ ဒေသထွက် ပေါင်းသင်း(ကောင်းညှင်းကျည်ထောက်) များ ကိုလည်း လက်ဆောင်အဖြစ် လာပေးနေကြသည်။
ဆရာဝန်မလေးနှင့် သူ၏ချစ်သူ သတို့သားလောင်း၊ ယောက္ခမလောင်းနှင့် မိသားစုအချို့သည် ဆရာဝန်မ လေး၏ မိဘများရှိရာ ခင်ဦးမြို့တွင် မင်္ဂလာအခမ်းအနား ကျင်းပရန် ခရီးထွက်ကြတော့မည် ဖြစ်ပါသည်။ ချစ်သူ နှစ်ဦးကတော့ ပျော်ရွှင်နေကြသည်ပေါ့။
*********
အောင်စိုးမိုးကျော် အမြန်ယာဉ်သည် ဟုမ္မလင်းက စထွက်ကတည်းက ခရီးသည်တွေများနေပြီ။
ခရီးသည်တွေကလည်း အမျိုးအစားစုံသည်။ ကျောင်းသားတွေ၊ ဆရာ-ဆရာမတွေ၊ ဆရာဝန်၊ သူနာပြုနှင့် အခြားအစိုးရဝန်ထမ်းတွေ၊ ကုန်ရောင်း၊ ကုန်ဝယ်သမားတွေ၊ ဘုရားဖူးတွေ စသည်-စသည် ...။ အမြန်ယာဉ်၏အမိုးပေါ်မှာလည်း ဆိုင်ကယ်တွေနှင့် လူငယ်လူရွယ်တွေ ထိုင်နေကြသည်။
သည်လိုနှင့် အမြန်ယာဉ်သည် ချင်းတွင်းမြစ် အတွင်း ဆိပ်ကမ်းများ တစ်ခုပြီးတစ်ခု ဖြတ်ကျော် မောင်းနှင်လာရာ သရောင်းဆိုသည့် ရွာကြီးတစ်ရွာ၏ ဆိပ်ကမ်းသို့ ဆိုက်ရောက်လာသည်။
သရောင်း အမြန်ယာဉ်ဆိပ်ကမ်းမှာလည်း လိုက် မည့်သူတွေ တန်းစီနေသည်။ အမြန်ယာဉ်လက်မှတ် ရောင်းသည့် စာရေးက မော်တော်ပေါ်က ခရီးသည်တွေ ကို မြင်တော့ စိုးရိမ်သွားသည်။ သူဆုံးဖြတ်ချက်တစ်ခု ကို ချလိုက်သည်။ မည်သူတစ်ဦးတစ်ယောက်ကိုမျှ လက်မှတ်ဖြတ်မရောင်းတော့ဘဲ နှုတ်အားဖြင့်လည်း ယခု မော်တော်ဖြင့် မလိုက်ကြဖို့ တားမြစ်လိုက်သည်။
''မော်တော်ပေါ်မှာ ခရီးသည်တွေ သိပ်များနေ တယ် ကျွန်တော်တော့ လက်မှတ်ဖြတ်မရောင်းတော့ဘူး၊ ခင်ဗျားတို့ သတ္တိရှိလို့ မော်တော်ပေါ် တက်လိုက်ချင်သပ ဆိုရင်တော့ လိုက်ကြပေါ့။ နေ့လယ်တို့ ညနေတို့မှာလည်း အမြန်ယာဉ်တွေ စုန်ခဲ့ကြဦးမှာပဲ-အဲဒီမော်တော်တွေကို စောင့်ပြီး လိုက်ကြဖို့ အကြံပေးချင်တယ်'' ဟုပြောတော့ ခရီးသည်တွေ မလိုက်ကြတော့ဘဲ နေ့လယ်နှင့် ညနေတို့ မှာ စုန်လာမည့် အမြန်ယာဉ်များဖြင့် လိုက်ကြဖို့ သဘော တူလိုက်ကြသည်။
နေ့တစ်ဝက်မျှ အချိန်နောက်ကျပြီး ခရီးထွက် လိုက်ရသည့်အတွက် ကြောက်မယ်ဖွယ် အန္တရာယ်ကြီး တစ်ခုနှင့် လွှဲချော်သွားစေခဲ့သည်ကိုတော့ နောက်တစ်နေ့ နံနက်မှာ သိရှိကြပေလိမ့်မည်။
အောင်စိုးမိုးကျော် အမြန်ယာဉ်သည် ဆက်လက် စုန်လာရာ ဖောင်းပြင်ဆိပ်ကမ်းသို့ နံနက်(၉)နာရီလောက် မှာ ရောက်လာသည်။
ဖောင်းပြင်ဆိပ်ကမ်းမှာလည်း လိုက်ကြမည့်သူတွေ နှင့် လိုက်ပို့ကြသူတို့ဖြင့် စည်ကားနေသည်။
''အဖေ ဒီမော်တော်က ခရီးသည်တွေ ပြည့်လျှံ နေတာပဲ။ နေ့လယ်တစ်နာရီမှာထွက်မယ့် အမြန်ယာဉ် တစ်စင်းရှိသေးတယ်၊ အဲဒီမော်တော်နဲ့မှ လိုက်ပါလား''
အောင်စိုးမိုးကျော်နှင့်လိုက်မည့် ဖခင်အား သား ဖြစ်သူက ပြောနေသည်။ ဖခင်ဖြစ်သူသည် တစ်ချက် စဉ်းစားလိုက်ပြီး -
''သားပြောတဲ့ တစ်နာရီကောင်ကလည်း ခုလို ပြည့်နေရင် ဘယ့်နှယ်လုပ်မလဲ''
''အဲဒီကောင်က ချောင်တယ်အဖေရဲ့၊ ခုလို ဆိုင်ကယ်တွေ ကျောင်းသားတွေလည်း မပါဘူး၊ သား စုံစမ်းကြည့်ခဲ့တာ ခရီးသည် နှစ်ဆယ်လောက်ပဲ ရှိသေး တယ်''
''ဟုတ်လား၊ ဒါဆိုလည်း နေ့လယ်လိုင်းကောင်နဲ့ လိုက်တာပေါ့ကွာ၊ မော်တော်လက်မှတ်တော့ မဝယ်သေး ဘူး မဟုတ်လား''
''လက်မှတ်တော့ ဝယ်ထားပြီးပြီ အဖေ၊ လက်မှတ်ရှုံးရင်ရှုံးပါစေ အဖေရာ-လက်မှတ်တစ်စောင် ရှုံးသွားလို့ ဘာမှမဖြစ်ပါဘူး''
သားစကားကြောင့် ဖခင်ဖြစ်သူ နှုတ်ဆိတ်သွား သည်။ ဤသို့ မော်တော်လက်မှတ် အရှုံးခံပြီး ခရီးစဉ် ဖျက်လိုက်ကြတာလည်း ရှိသည်။
လုပ်ချင်တာနဲ့ လုပ်သင့်တာ နှစ်ခုတွင် လုပ်သင့် တာကို ဦးစားပေးလိုက်ခြင်းဖြင့် အခြေအနေဆိုးတစ်ခုမှ လွှတ်မြောက်သွားရတာကို မကြာမီသိရှိပေလိမ့်မည်။
ဆိပ်ကမ်း တစ်နေရာမှာတော့ ပစ္စည်းတွေ သယ် ပို့ပေးရင်း သူငယ်ချင်းနှစ်ယောက် စကားပြောနေကြ သည်။
''သူငယ်ချင်း ခရီးသည်တွေ များတယ်နော်၊ နေရာ ရရဲ့လား''
''ရတယ်သူငယ်ချင်း၊ ငါက မိန်းမနဲ့သမီးရော လိုက်ကြမှာဆိုတော့ လွန်ခဲ့တဲ့ နှစ်ရက်ကတည်းက ဟုမ္မလင်းကိုလှမ်းပြီး UPPER ခန်း တစ်ခန်း ကြိုမှာ ထားတာ''
''အင်း သတိထားသွားနော်၊ မော်တော်က ဝိတ် တအား များနေတယ်''
''အေးပါ မော်တော်ကကြီးတော့ ကိစ္စမရှိပါဘူး''
ဤသို့ ခပ်ပေါ့ပေါ့သဘောထားပြီး လိုက်သွားကြ တာလည်း ရှိသည်။
ဖောင်းပြင်မြို့ တစ်ဖက်ကမ်းရှိ ကျေးရွာမှ ကူးတို့ စက်လှေသည် အမြန်ယာဉ်မော်တော်ကို ဘေးချင်းယှဉ် ကပ်ပြီး စက်လှေပေါ်မှ လေးထောင့်ပလပ်စတစ်ပုံးကြီး တွေ ဆယ်လုံးခန့် အမြန်ယာဉ်ပေါ်တင်နေသည်။
''ဘာပုံးတွေပါလိမ့်''
ခရီးသည်တစ်ယောက်က မေးသည်။
''အဲဒါ ပုရစ်တွေလေ၊ ပုရစ်တွေကို ရေခဲရိုက်ပြီး မုံရွာပို့၊ မုံရွာကနေ တရုတ်တို့ ထိုင်းတို့ဆီ ပို့တယ်ဆိုပဲ''
''သြော် ပုရစ်တွေတောင် နိုင်ငံခြားပို့ကုန်ပစ္စည်း ဖြစ်လာပါပေါ့လား''
ခရီးသည်က မှတ်ချက်စကားဆိုသည်။ မည်သို့ပင် ဆိုစေကာမူ မကြာမီအချိန်မှာ ဤပုရစ်ပုံးကြီးများသည် ခရီးသည်အချို့၏ မှီခိုအားထားရာပစ္စည်းဖြစ်လာမည် ဆိုသည်ကိုတော့ မည်သူမျှ သိနိုင်မည် မဟုတ်ပေ။
လိုက်ပို့ကြသူအချို့သည် မိမိတို့၏ မိတ်ဆွေ ညီ အစ်ကိုတွေ လိုက်ပါသွားမည့် အမြန်ယာဉ်ကို ဖုန်းဖြင့် ဓာတ်ပုံရိုက် မှတ်တမ်းတင်နေကြသည်။ အမြန်ယာဉ် မော်တော်ကြီး ဆိပ်ကမ်းမှခွာသွားတော့ လိုက်ပါပို့ဆောင် ကြသည့် မိတ်ဆွေသင်္ဂဟများသည် မော်တော်ကို ကြည့်ပြီး ရင်မောစွာ ကျန်ရစ်ခဲ့ကြသည်။
အမြန်ယာဉ်ထွက်သွားပြီး မကြာမီ လူငယ်နှစ်ဦး သည် ဆိပ်ကမ်းသို့ အပြေးအလွှား ရောက်လာကြသည်။
''ဟာ တို့မော်တော်မရှိတော့ပါလား''
''ဟင်''
လူငယ်နှစ်ဦးသည် မှုန်ပျပျသာ မြင်ရတော့သည့် မော်တော်ကိုကြည့်ပြီး မကျေမနပ်ဖြစ်နေကြသည်။
''ကျွန်တော်တို့ ဖုန်းအားမရှိတော့လို့ ဒီနားကအသိ အိမ်မှာ ဆယ်မိနစ်လောက် ဖုန်းအားသွားသွင်းဦးမယ် ပြောတော့ မော်တော်သမားက နာရီဝက်လောက်တော့ အချိန်ရပါတယ် သွားပါဆိုလို့ - ခုတော့-''
ထိုအချိန်တွင် အောင်စိုးမိုးကျော် မော်တော်နှင့် သက်ဆိုင်သည့် တာဝန်ရှိသူတစ်ဦး ရောက်လာကာ-
''ညီလေးတို့ ဘာမှမပူနဲ့ နေ့လယ်တစ်နာရီထွက် မယ့် အမြန်ယာဉ်တစ်စီးရှိသေးတယ်၊ အဲဒါနဲ့ ထည့် ပေးလိုက်မယ်နော်''
ထိုအခါမှ လူငယ်လေးတွေ ပြုံးနိုင်သွားသည်။ အမြန်ယာဉ်ပေါ်ပါသွားသည့် သူတို့သူငယ်ချင်းတွေဆီ ဖုန်းဆက်ပြီး သူတို့ပစ္စည်းတွေ ဂရုစိုက်ဖို့ မှာနေကြသည်။
ကြီးမားသော ဘေးအန္တရာယ်မှ သီသီလေး လွှဲဖယ်သွားစေသည့် မိမိတို့၏ ဆန်းကြယ်သော ကံတရား ကို မကြာမီမှာ ထိုလူငယ်လေးနှစ်ယောက် သိရှိကြမည် ဖြစ်ပါသည်။
*********
နောက်တစ်နေ့ နံနက်(၆)နာရီလောက်မှာ ဖောင်းပြင်တစ်မြို့လုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ အကြောင်းမှာ ဖောင်းပြင်ဆိပ်ကမ်းမှ လူအပြည့်၊ ကုန် အပြည့်ဖြင့် ထွက်ခွာသွားသော အောင်စိုးမိုးကျော် အမြန်ယာဉ်သည် ကနီမြို့နယ် မိချောင်းတွင်း ရွာအနီး တွင် ကျောက်ဆောင်နှင့် တိုက်မိပြီး တိမ်းမှောက်သွား သည်ဆိုသော သတင်းဆိုးကြောင့် ဖြစ်ပါသည်။
ဆက်သွယ်ရေးနည်းပညာ၏ ကျေးဇူးကြောင့် ဘယ်သူတော့ ကုန်းပေါ်ရောက်နေပြီ၊ ဘယ်သူတော့ ရှာမတွေ့သေးဘူး ဆိုတာတွေ ချက်ချင်းသိနေကြသည်။ မိချောင်းတွင်းကျေးရွာ၊ ကင်းရွာများမှ လူငယ်ပရဟိတ လူမှုကူညီရေး အဖွဲ့များကလည်း အချိန်နှင့်တပြေးညီ ကယ်ဆယ်ရေးများ ဆောင်ရွက်နေကြကြောင်း ကြားသိ နေရသည်။
''ဘုရား ဘုရား ငါ့ရဲ့သား၊ ငါ့ရဲ့သမီး၊ ငါ့ရဲ့ဇနီး၊ ငါ့ရဲ့တူ၊ ငါရဲ့ညီ၊ ငါ့ရဲ့ဦးလေး၊ ငါ့ရဲ့ခင်ပွန်း- ငါ့ရဲ့ ... ငါရဲ့''
အမြန်ယာဉ်ပေါ် ပါသွားသူများနှင့် ဆက်စပ် ပတ်သက်သူတွေ ရင်တမမဖြင့် ရေဘေးမှ လွတ်မြောက် စေဖို့ ဆုတောင်းနေကြသည်။
ဘယ်သူ-ဘယ်သူတွေကတော့ ဘယ်ဆေးရုံမှာ ပို့ ထားရသည် စသည့် သတင်းတွေလည်း ကြားနေရသည်။
''ဆေးရုံရောက်သွားတယ် ဆိုလို့ တော်ပါသေးရဲ့'' ဟု ဖြေဆည်နိုင်သူရှိသလို ရှာမတွေ့သေးဆိုသည့် သတင်း ကြောင့် စိုးရိမ်သောက ရောက်နေကြသူတွေလည်း ရှိ သည်။
ညနေပိုင်းရောက်လာတော့ သတင်းတွေက ပိုစုံ လာသည်။
''ဖောင်းပြင်မှ လိုက်သွားသည့် သူနာပြုဆရာမ လေးတစ်ဦးသည် ကံအားလျော်စွာ မိမိအနားသို့ ပုရစ် တွေ ထည့်ထားသည့် ပလပ်စတစ်ပုံးတစ်ပုံ ရေအောက်မှ ဘွားခနဲပေါ်လာသဖြင့် ထိုပုံးအားကိုင်တွယ်ပြီး မျောပါ သွားရာ ကယ်ဆယ်ရေးအဖွဲ့နှင့်တွေ့ပြီး အသက်ရှင်သွား သတဲ့''
''ထိုပုရစ်ပုံးတွေကြောင့် လူတော်တော်များများ အသက်ဘေးမှ လွတ်ကြသတဲ့''
''မော်တော်ကကြီးတော့ ကိစ္စမရှိပါဘူးဆိုသူကတော့ ဇနီးရော သမီးပါ ကွယ်လွန်သွားရှာသတဲ့'' ထူးဆန်းသည့် သတင်းအချို့လည်း ကြားလာရသည်။
''ရေမကူးတတ်သည့် လူတစ်ယောက်သည် မော်တော်မှောက်သွားပြီဆိုသည်နှင့် ကိုယ့်ကိုယ်ကို သတိ ထားကြည့်လိုက်တော့ မြစ်ကမ်းပါးအနီး ခြေဖြင့်ထောက် မိသည့် နေရာမှာ ရောက်နေသည်တဲ့၊ ဘယ်ပုံဘယ်နည်း ဤနေရာရောက်လာသည်ကို ပြောမပြတတ်ပါ တဲ့''
နောက်သတင်းတစ်ပုဒ်ကတော့ -
''မင်္ဂလာဆောင်ရန် ခင်ဦးမြို့သို့ ခွင့်ဖြင့်ပြန်သွား သည့် ရွှေပြည်အေးတိုက်နယ်ဆေးရုံမှ အမျိုးသမီး ဆရာဝန် အပါအဝင် သတို့သား၏မိဘများနှင့် ဆွေမျိုး သားချင်းအချို့ မော်တော်အတွင်းမှ မထွက်နိုင်ဘဲ အသက်ဆုံးရှုံးကုန်သတဲ့၊ သတို့သားကတော့ အသက်ရှင် လွတ်မြောက်သွားသတဲ့''
အဝေးသင်-တက္ကသိုလ် စာမေးပွဲဖြေသွားကြသည့် ကျောင်းသားတွေကတော့ တစ်ယောက်မျှ အဖိတ်အစင် မရှိဟု ကြားသိရသည်။
နောက်ဆုံးသတင်းအရ သေဆုံးကြသူတွေထဲတွင် သီတင်းကျွတ်ကျောင်းပိတ်ရက်မှာ မိဘဆွေမျိုးများထံ ပြန်ကြသည့် ဆရာ၊ ဆရာမတွေ အများဆုံးဖြစ်ကြောင်း အင်တာနက် လူမှုကွန်ရက်သတင်း၌ ပျံ့နှံ့နေသည်။
*********
ဖောင်းပြင်မြို့၏ စစ်တပ်ကုန်း ရပ်ကွက်က ပုဂ္ဂိုလ် တစ်ဦးဆိုလျှင် သမီးနှစ်ယောက်နှင့် မြေးတစ်ယောက်တို့ မော်တော်မှောက်ရာတွင် ဆုံးရှုံးသွားရှာသည်။
သမီးနှင့်မြေးအတွက် ပြုလုပ်သည့် ဆွမ်းသွတ် တရားနာပွဲသို့ တရားနြာ<ွကရောက်လာကြသည့် ဧည့် ပရိသတ်များအား ဆရာတော်တစ်ပါးက တရားဓမ္မများ ဟောကြားနေသည်။
''ယခုအချိန်မှာ ကာယကံရှင် မိဘအဘိုးအဘွား၊ အစ်ကိုမောင်နှမ စသည်တို့ရဲ့ ရင်ထဲမှာ သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿဆိုတဲ့ အပူလေးမျိုးတစ်ပြိုင် နက် ခံစားနေကြရမှာ ဖြစ်ပါတယ်။ ယခုလို လူ့အသက် ပေါင်းများစွာ ဆုံးရှုံးမှုဖြစ်ပေါ်စေခဲ့တဲ့ အမြန်ယာဉ် တာဝန်ရှိသူတွေ၊ တစ်နည်းအားဖြင့် ခရီးသည် ရချင်တာ ကိုပဲသိပြီး ရရှိလာတဲ့ခရီးသည်တွေကို တင်သင့်, မတင် သင့် စဉ်းစားဆင်ခြင်မှု မရှိသူတွေကို ဥပဒေအရ အရေးယူ ဆောင်ရွက်မှုတွေ ပြုလုပ်ကြပါလိမ့်မယ်၊ ကျန်ရစ်ခဲ့တဲ့ မိသားစုဝင် ဆွေမျိုးသားချင်းတွေကလည်း ဆုံးရှုံးသွားတဲ့ လူပုဂ္ဂိုလ်တွေအတွက် နစ်နာကြေး၊ လျော်ကြေးဆိုတာတွေ ရရှိအောင် ဆောင်ရွက်ရပါလိမ့် မယ်''
''ဒါကတော့ မိမိခန္ဓာရဲ့အပြင်ဘက်က ဆောင်ရွက် ရမယ့် လုပ်ငန်းကိစ္စတွေ ဖြစ်ပါတယ်၊ ခန္ဓာအပြင်ဘက် လုပ်ငန်းတွေ လုပ်ရသလို ခန္ဓာအတွင်းဘက် လုပ်ငန်း တွေလည်း လုပ်ဆောင်ကြရမယ်တဲ့''
''ခန္ဓာအတွင်းမှာ ယခုလောလောဆယ်မှာပင် သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ အပူမီးတွေ တောက်လောင်နေကြတယ်။ ဒီအပူမီးတွေကနေ သက်သာရာရဖို့ ကမ္မဿကတာ ဥာဏ်မျက်စိနဲ့လည်း ကြည့်တတ်ဖို့ လိုတယ်ပေါ့၊ သြော်-ဒီမြေးနဲ့ ဒီသမီးတွေ ဟာ ဒီဘဝမှာ ဒီမျှသာ အသက်ရှင်သန်ခွင့်ပါလာလို့ ဒီမျှသာနေသွားကြရတယ်။ ငါတို့လည်း သံသရာမှာ ဒီလို အဖြစ်ဆိုးတွေနဲ့ ကြုံခဲ့ဖူးလှပြီ၊ ဒီလိုကွဲကွာခဲ့ရလို့ ငိုခဲ့ရ တဲ့ဘဝတွေလည်း မနည်းတော့ဘူး၊ အိုမှု၊ နာမှု၊ သေမှု တွေဟာ လူတိုင်းကြုံတွေ့ရမယ့် သဘာဝတရားပဲ၊ အေး ငါတို့လည်းပဲ ဘယ်လိုပုံနဲ့ သေကြရမယ်ဆိုတာ မသိနိုင် ဘူး၊ သံသရာမှာ မသိမှုနဲ့ဖြစ်စေ၊ သိမှုနဲ့ဖြစ်စေ ပြုလုပ် ခဲ့ကြတဲ့ အကုသိုလ်ကံတွေဆိုတာ မနည်းဘူး၊ အကုသိုလ် ကံတွေဟာ မိမိနောက်ကို တကောက်ကောက် လိုက်နေ တဲ့အတွက် မှီရာဘဝမှာ ပေးဆပ်ကြရတယ်လို့ နှလုံးသွင်း ဆင်ခြင်ပေးမယ်ဆိုရင် သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ အပူတွေဟာ အထိုက်အလျောက် လျော့ကျ သွားနိုင်တယ်ပေါ့ -
လူသတ္တဝါတွေရဲ့ ကံတရားဟာ သိပ်ဆန်းကြယ် တယ်၊ ယခုအမြန်ယာဉ် တိမ်းမှောက်သည့် ဖြစ်စဉ်ကိုပဲ ကြည့်ပေါ့၊ အချို့သော သူတွေဟာ ကြံဖန်ပြီး ဒီရေဘေး က လွတ်မြောက်သွားတာကို တွေ့ရမယ်၊ အချို့သော သူတွေကတော့ ကြံဖန်ပြီး ဒီမော်တော်မှ ဒီမော်တော်- အခြားရွေးချယ်စရာရှိလျက်နဲ့ မရွေးချယ်တော့ဘဲ မှောက် မည့် အမြန်ယာဉ်နဲ့မှ လိုက်မိလျက် ဖြစ်သွားကြတယ်။ လူချင်းတူသော်လည်း ကံချင်းမတူကြလေတော့ မော်တော် မှောက်တဲ့အထဲ အတူတကွ ပါသွားကြပေမဲ့ ရှင်တဲ့သူ ရှင်၊ သေတဲ့သူ သေကြရတယ်။
အေး ဒါကိုပဲ ကံတူအကျိုးပေးလို့ ခေါ်တယ်။ မြန်မာနိုင်ငံအရပ်ဒေသ အသီးသီးက လူတွေဟာ ဒီ အမြန်ယာဉ်ပေါ်မှာလာပြီး ဆုံလာကြတယ်။ ယခုဘဝမှာ တခြားစီဖြစ်ပေမဲ့ ရှည်လျားတဲ့ သံသရာကြီးရဲ့ ဘဝ တစ်ခုခုမှာ ကောင်းမှု၊ မကောင်းမှုတွေကို အတူတကွ ပြုလုပ်ဖူးခဲ့ကြမှာပဲ တဲ့၊ အင်း ယခုလို ဆုံစည်းလာကြ ပြီလည်းဆိုရော အကုသိုလ် ကံတရားကြီးက ဗြုန်းခနဲ သွန်ချလိုက်ပါရော-တဲ့။
အမှိုက်တွေ ရေထဲသွန်သလို သွန်ချလိုက်တဲ့အခါ ပေါ်တဲ့သူပေါ်, မြုပ်တဲ့သူမြုပ်ပေါ့။ အေး ဘဝမှာ ယခုလို ကြုံလာပြီဆိုရင် အသက်ရှင်လွတ်မြောက်သွားသူတွေကို မေတ္တာ၊ ကရုဏာ၊ မုဒိတာစိတ် ဖြစ်ပေါ်အောင် ကြိုးစား ရမယ် တဲ့။ ကွယ်လွန်သွားကြတဲ့ သူတွေကိုလည်း သြော် ငါဘာမျှ မတတ်နိုင်တဲ့ ကိစ္စတွေပါလား၊ သဗ္ဗေသတ္တာ ကမ္မဿကာပေပဲ လို့ ဆင်ခြင်ပေးရမယ်တဲ့။ အဲဒီလို သဗ္ဗေ သတ္တာ ကမ္မဿကာလို့ ဆင်ခြင်မှုဟာ ဥပေက္ခာ ဆိုတဲ့ ဗြဟ္မစိုရ်တရားကို နှလုံးသွင်း ဆင်ခြင်ခြင်းပါပဲတဲ့။
ယခုလို ကမ္မဿကတာ ဥာဏ်မျက်လုံးမှသည် ဥပေက္ခာ ဥာဏ်မျက်လုံးရရှိသည့်တိုင်အောင် ဆင်ခြင် နှလုံးသွင်းပြီး သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ ဆိုတဲ့ အပူမီးလေးမျိုးကို မိမိရင်ထဲမှာ လျော့ပါးသွား အောင် အားထုတ်ကြိုးပမ်းနိုင်ကြပါစေ။
ဆရာတော်၏ တရားအဆုံးတွင် ပတ်ဝန်းကျင် တစ်ခုလုံး သာဓုခေါ်သံ ဖုံးလွမ်းသွားလေသည်။
သိန်းဆွေ(ဖောင်းပြင်)
Comments
Post a Comment