အမှိုက်ကိုပယ် ပညာကြွယ်
" အမှိုက်ကိုပယ် ပညာကြွယ် "
_______________________
တံမြတ်လှည်းခြင်းကုသိုလ်များ ပြုခဲ့လို့
ဥာဏ်ပညာကြီးမားပုံ အကြောင်းကို
အတုယူစေနိုင်ရန် ပြောပြပါ့မယ် ။
ကဿပဘုရားရှင်လက်ထက်တော်အခါက
ဂင်္ဂါမြစ်အနီးရှိ ကျောင်းတိုက်တွင်ဖြစ်သည်။
တစ်ခုသောနံနက်တွင် ရဟန်းတစ်ပါးသည်
သာမဏေတစ်ဦးကို "ဤအမှိုက်ကိုသွားစွန့်ချေလော့"
ဟု ဆို၏ ၊ ထိုသို့ ခေါ် ပါသော်လည်း သာမဏေသည်
မကြားယောင် ပြုနေသဖြင့် ရဟန်းသည်
အမျက်ထွက်လာ၏ ထို့ကြောင့် သာမဏေအား တံမြက်စည်းရိုးဖြင့် ရိုက်ပုတ်၏။
ထိုအခါ သာမဏေသည် ကြောက်ရွံ့ကာ
"အမှိုက်ကိုစွန့်ပစ်၏"ထိုသို့ စွန့်ပြစ်သည့်အခါ
"ဤအမှိုက်ကိုစွန့်ပစ်ရသော ကောင်းမှုကြောင့်
နိဗ္ဗာန်ရောက်သည့်တိုင်အောင် ဤအတွင်း
ဖြစ်လေရာဘဝ၌ မွန်းတည့်နေကဲ့သို့
ဘုန်းကံကြီးသူ၊တန်ခိုးတေဇော်ကြီးသူ
ဖြစ်ရပါလို၏"ဟု ပထမအကြိမ်ဆုတောင်း၏ ။
ဂင်္ဂါမြစ်သို့ရေချိုးရန် သွားသောအခါ
တဝုန်းဝုန်းမည်နေသည့်လှိုင်းတံပိုးတို့ကိုမြင်ကာ
"အကျွန်ုပ်သည် နိဗ္ဗာန်ရောက်သည့်တိုင်အောင်
ဖြစ်လေရာဘဝ၌ ဤလှိုင်းတံပိုးအဟုန်ကဲ့သို့
အရာအားလျော်စွာဖြစ်ပေါ်လာသော
ဥာဏ်ပဋိဘာန်ရှိသူဖြစ်ရပါလို၏"ဟု
ဒုတိယအကြိမ် ဆုတောင်း၏။
သာမဏေ ထိုသို့ ဆုတောင်းနေစဉ်
သာမဏေကိုရိုက်ပုတ်သောရဟန်းသည်လည်း
ဂင်္ဂါမြစ်ဆိပ်သို့ ဆင်းလာခဲ့သည် သာမဏေ၏
ဆုတောင်းသံကိုကြားသောအခါ ဤသို့ အကြံဖြစ်၏ ။
"ဤသာမဏေသည် ယခုကဲ့သို့ ဆုတောင်းသည်မှ
ငါ၏ နှိုးဆော်ချက်ကြောင့်ဖြစ်သည်၊ငါသည် အရင်းခံ
နှိုးဆော်သူဖြစ်သည် ငါ ဆုတောင်း ခဲ့လျှင်လည်း
အဘယ်ကြောင့် မပြည့်စုံပဲ ရှိပါအံ့နည်း"
ယင်းသို့တွေးကြံမိသည်နှင့် ဤသို့ဆုတောင်းလိုက်၏ ။
"ငါသည် နိဗ္ဗာန်မရောက်သေးသမျှကာလပတ်လုံး
ဤဂင်္ဂါမြစ်ရေလှိုင်းတံပိုးတို့ကဲ့သို့ ကြီးစွာသောပညာ
မကုန်ခမ်းနိုင်သောပညာနှင့် ပြည့်စုံရသည်ဖြစ်ပါစေ၊
ဤသာမဏေ မေးသမျှသော ပြဿနာကို
ထိုးထွင်း သိမြင်နိုင်စွမ်းသော ပညာနှင့်တကွ
ကောင်းစွာဖြေရှင်းနိုင်သူ ဖြစ်ရပါစေသတည်း" ဟု
ဆုတောင်း၏ ။
ဤသို့ဖြင့် နတ်ဘုံ၊လူဘုံတို့တွင်ကျင်လည်ကြကုန်လျက်
ဂေါတမမြတ်စွာဘုရားရှင်ပရိနိဗ္ဗာန်စံတော်မူပြီးသည်မှ
နောက် " နှစ်ငါးရာကျော်သောအခါ၌" ရဟန်းသည်
"အရှင်နာဂသေန" ၊ သာမဏေသည် "မိလိန္ဒမင်းကြီး"
ရယ်လို့ဖြစ်လာခဲ့ပါတယ်။
အရှင်နာဂသေန , မိလိန္ဒမင်းကြီးတို့ရဲ့
ဥာဏ်ပဋိဘာန်ကြီးမားပုံ အမေးအဖြေများကို
"မိလိန္ဒပဉှာ" ရယ်လို့ အမည်မှည့်ပြီး သင်္ဂါယနာဝင်
ကျမ်းကြီးတွေမှာ မှတ်တမ်း တင်ထားခဲ့ပါတယ် ။
အမှိုက်ရှင်းလင်းပြီး ပယ်စွန့်ခဲ့ခြင်းရဲ့ တန်ဖိုးက
ထို့ ရဟန်းနဲ့ သာမဏေတို့ အတွက် ပညာထုထည်
အင်မတန် ကြီးမားခဲ့ပါတယ်၊
အတုယူစရာ အင်မတန်ကောင်းလှပါတယ် ။
ဒါကြောင့် မိမိတို့က...
ဘုရားစေတီတော်ဝန်းကျင်တွေ ၊
ဘုန်းတော်ကြီးကျောင်းတွေ ၊
အိမ်ကဘုရားစင်တွေအားလုံးပေါ့ ၊
အမှိုက်ကို ရှင်းလင်း ပယ်စွန့်ကြပါ
ကုသိုလ်ယူကြပါ မပျင်းကြပါနဲ့ လို့
အသိပေးချင်တာပါ။
အနှစ်ချုပ်ပြောချင်တာက...
အမှိုက်ကို ရှင်းလင်း ပယ်စွန့်ခြင်းက
ဥာဏ်ပညာကြီးမားပြီး ၊ ဘုန်းတန်ခိုးကြီးစေတယ်
ဆိုတာ သိစေချင်လို့ ဒီစာကိုရေးလိုက်တာပါ။
Comments
Post a Comment