ဇောတိကသူဌေး၏ ရှေးအကြောင်းကိုပြခြင်း

ဂေါတမဗုဒ္ဓဝင် (အပိုင်း ၈၀)

*********************

ဇောတိကသူဌေး၏ ရှေးအကြောင်းကိုပြခြင်း

--------------------------------

ဤရာဇဂြိုဟ်ပြည်၌ ဗိမ္ဗိသာရမင်းမျှမကမူ၍ ဇမ္ဗူဒိပ်ကျွန်းလုံးသိမျှ ဘုန်းရှိသောသူကား ဇောတိက, ဇဋိလ, မေဏ္ဍက, ကာကဝလိယ, ပုဏ္ဏ ဟူသော သူဌေးကြီးငါးဦးရှိသတည်း။

ထိုငါးဦးတို့တွင် ဇောတိကသူဌေးအကြောင်းကား -

ရှေးလွန်လေပြီးသောကမ္ဘာ၌ ဗာရာဏသီပြည်ဝယ် သူကြွယ်ညီနောင် နှစ်ဦးတို့သည် ကြီးစွာသောကြံခင်းကိုပြုလုပ်ကြသည်။ တစ်နေ့သ၌ ညီဖြစ်သောသူကြွယ်သည် ကြံခင်းသို့သွားလေ၍ အိမ်ပြန်လာသောခါ မိမိအလို့ငှာလည်းတစ်ချောင်း အကို့အတွက်လည်းတစ်ချောင်း ကြံနှစ်ချောင်းကိုဖြတ်၍ ထိုဖြတ်ရာမှ အရသာကိုမယိုထွက်စိမ့်သောငှာ ဖက်တို့ဖြင့်လုံခြုံစွာ ထုပ်စည်း၍ ယူခဲ့၏။[ထိုအခါကား အသီးအပင်တကာတို့တွင် သြဇာရှိသော ကာလ၌ဖြစ်၍ ကြံရည်တို့ကိုညှစ်၍မယူရ, အရင်းမှလည်းကောင်း အဖျားမှလည်းကောင်းဖြတ်၍ မှောက်သည်ရှိသော် အလုံးစုံသော အရသာတို့သည် ဓမကရိုဏ်မှကျသောရေကဲ့သို့ အကြွင်းမဲ့ ဆင်းလာကုန်၏။ထို့ကြောင့် ဖက်တို့ဖြင့်ထုပ်၍ ယူရသတည်း။]


ကြံလှူရကျိုး

……………

သူကြွယ်ငယ်လည်း ထိုကြံနှစ်ချောင်းကိုကောင်းစွာဆောင်၍ လာလတ်သော် ဂန္ဓမာဒနတောင်၌နေသော ပစ္စေကဗုဒ္ဓါသည် သမာပတ်မှထပြီး၍ ချီးမြှောက်ထိုက်သောသူကိုရှာလျက် ကြွတော်မူလာသည်နှင့် အသင့်ဖူးမြင်ရလေလျှင် အလွန်ရွှင်လန်းသောသဒ္ဓါတရားဖြစ်လာ၍ မိမိကိုယ်ဝတ်ပုဆိုးကို ခင်းပြီးလျှင် "အရှင်ဘုရား…ဤနေရာ၌ထိုင်တော်မူပါ,ကျွန်ုပ်အား သနားတော်မူသဖြင့် အကျွန်ုပ်၏အလှူကိုခံတော်မူပါ"ဟု လျှောက်၏။ ပစ္စေကဗုဒ္ဓါလည်းငြိမ်သက်စွာထိုင်တော်မူ၏။ သူကြွယ်အား သပိတ်ကိုအပ်လျှင် မိမိအတွက်ပါသောကြံချောင်းမှအရည်ကို လောင်း၍ သပိတ်ကိုပြည့်စေပြီးမှ ပစ္စေကဗုဒ္ဓါအားကပ်လှူ၏။ အရှင်မြတ်လည်းအားရဝမ်းသာ ဘုဉ်းပေးတော်မူ၏။

ထိုသို့ဘုဉ်းပေးတော်မူသည်ကိုမြင်လျှင် အတိုင်းထက်အလွန်ပင် သဒ္ဓါတရားဖြစ်ပြန်၍ အကို့ဖို့ရာပါလာသောကြံကိုလည်း "သူမလှူခဲ့ပါမူ ငါတန်ဖိုးကိုပေးတော့အံ့"ဟု ကြံ၍ တစ်ဖန် သပိတ်၌ လောင်းပြီးလျှင် "အရှင်ဘုရား…အကျွန်ုပ်သည် အဦးအဖျား ထူးပြားမွန်မြတ်လှစွာသော ဤကြံရည်ကိုလှူရသော ပုညစေတနာ အဟုန်ကြောင့် လူ့ဘုံနတ်ရွာဖြစ်လေရာဘဝတို့၌ တောင့်တတိုင်း ပြီးမြောက်သည်ဖြစ်စေသော, နောင်သောကာလ အရှင်မြတ်တို့ ရအပ်သောတရားကိုလည်း ရသည်ဖြစ်စေသော်"ဟု ဆုပတ္ထနာ၏။ ပစ္စေကဗုဒ္ဓါလည်း "ဒါယကာတောင်းသောဆုအတိုင်းပြည့်စုံစေသော" ဟု ဆုပေး၍ သူကြွယ်မြင်စဉ် ကောင်းကင်ခရီးဖြင့်မိမိနေရာဂန္ဓမာဒနတောင်သို့ ကြွလေပြီးသော် သီတင်းသုံးဖော်ဖြစ်သော ပစ္စေကဗုဒ္ဓါငါးရာတို့အား ထိုကြံရည်ကိုလှူပေ၏။

သူကြွယ်လည်း ထိုအံ့ဖွယ်ဖြစ်သောတန်ခိုးပြာဋိဟာကိုဖူးမြင်ရလျှင် အတိုင်းထက်အလွန်ပင် ရွှင်ပျဝမ်းသာခြင်းရှိလျက် မိမိအိမ်သို့ ပြန်ခဲ့သော် အစ်ကိုသူကြွယ်က "သင်အဘယ်သို့သွားသနည်း" ဟု မေး၍ ကြံခင်းသို့သွားကြောင်းကိုပြောလျှင် "သင်အဘယ့်ကြောင့် ကြံမယူခဲ့သနည်း" ဟုဆို၏။ထိုညီသူကြွယ်ကလည်း "အကို့အလို့ငှာလည်းကောင်း အကျွန်ုပ်အလို့ငှာလည်းကောင်း နှစ်ချောင်းသောကြံကိုယူဆောင်ခဲ့သည်တွင် အရှင်ပစ္စေကဗုဒ္ဓါနှင့် ခရီးမှာတွေ့ကြ၍ အကျွန်ုပ်လှူလိုက်ပေသည်။ ထိုအရှင်လည်း တစ်ချောင်းသောကြံရည်ကို ရှေ့တွင်ဘုဉ်းပေး၍ တစ်ချောင်းသော ကြံရည်ကို ကောင်းကင်ခရီးဖြင့်ဆောင်ပြီးသော် ငါးရာသော ပစ္စေကဗုဒ္ဓါတို့အား ကျွေးမွေး၏။ အစ်ကိုသည်ကုသိုလ်အဖို့ကို လိုလျှင်လည်း ယူတော်မူ, အဖိုးကိုလိုလျှင်လည်း အကျွန်ုပ်ပေပါအံ့" ဟု ဆို၏။ထိုစကားကိုကြားလျှင် အစ်ကိုကလည်း အားရဝမ်းသာစွာ ငါးဖြာသောပီတိသည်ဖြစ်လျက် "အသက်ထက်ဆုံးနေ၍မျှ ပြုရခဲစွာသောဒါနကို ငါ့ညီပြုရပေသည်။ အဘယ်မှာအဖိုးလိုအံ့နည်း, ကုသိုလ်အဖို့ကိုသာ ငါယူအံ့, မျက်မှောက်တွင်ပင် ထိုအရှင်ကဲ့သို့ ဖြစ်ရပါလိုသော" ဟု ဆုပတ္ထနာ၏။


နောက်တစ်ဘဝ

………………

ထိုညီနောင်နှစ်ဦးတို့သည် မျက်မှောက်ဘဝ၌ပင် တစ်နေ့ထက်တစ်နေ့ စည်းစိမ်ဥစ္စာတိုးပွား၍ များပြားကြီးကျယ်သော ချမ်းသာကိုခံစားလျက် အသက်အတိုင်းနေ၍ စုတေလေသော် နတ်ပြည်ခြောက်ရွာ၌သာ လူလာစုန်ဆန်ဖြစ်ရ၍ ဝိပဿီဘုရား ထင်ရှားဖြစ်တော်မူသောအခါ ဗန္ဓုမတီပြည်ဝယ် တစ်ဦးသော သူကြွယ်မျိုး၌ ညီနောင်ပင် ပဋိသန္ဓေနေလာ၏။ဖွားသောကာလ အကိုအကြီးအား သေန ဟူသောအမည်ကို, ညီငယ်အား အပရာဇိတ ဟူသောအမည်ကိုမှည့်၏။အရွယ်ရောက်၍ အိမ်ရာကျသောအခါ ထိုသူ၏ဘုန်းကြမ္မာကြောင့် များစွာသောစည်းစိမ်ဥစ္စာတို့၏ အရှင်သခင်ဖြစ်လာ၏။

ဘုရားသခင်သည် ခမည်းတော်အားချီမြှောက်ခြင်းငှာ ဗန္ဓုမတီပြည်သို့ ကြွလာ၍ ပြည်သူအများတို့သည် တရာနာခြင်း လှူဒါန်းပူဇော်ခြင်း ပြုကြသော ကာလသေနသူကြွယ်သည် လှူဖွယ်ဝတ္ထုတို့ကိုပြင်လျက် ဘုရားရှင်ထံကပ်၍ တရားတော်မြတ်ကိုနာလေသော် ဘုရားရှင်လည်း ထိုသူ၏ပါရမီအားလျောက်ပတ်သော ဒါနကထာ သီလကထာ သဂ္ဂကထာ မဂ္ဂကထာ ကာမာဒီနဝ နိက္ခမ္မာနိသံသ တည်းဟူသော အစဉ်သောတရားတို့ကိုဟောကြားတော်မူသဖြင့် သာသနာ၌ သက်ဝင်ယုံကြည်ခြင်းပြင်းစွာရှိရကား တရားတော်၏ အဆုံး၌ ဘုရားရှင်ထံသို့ကပ်၍ ရဟန်းပြုလိုပါကြောင်းဖြင့် ခွင့်တောင်း၏။ဘုရားသခင်လည်း "သင်၌ ပန်ကြားထိုက်သော ဆွေမျိုးဉာတိရှိမူ ပန်ကြားဦး" ဟု မိန့်တော်မူ၏။ ထိုသေနသူကြွယ်လည်း ကျောင်းမှပြန်ခဲ့ပြီး ညီအပရာဇိတကိုခေါ်၍ "ငါ့ညီချစ်…အမျိုးခုနစ်ဆက်မှဆင်းသက်၍လာသော ဤ ငါ၏အိမ်၌ရှိသော ဥစ္စာနှစ်ကို သင်ယူဘိလော့, ငါမူကား ဘုရားသာသနာ၌ ရဟန်းပြုတော့အံ့"ဟု ဆို၏။ ထိုစကားကို ကြားသောအခါ ညီအပရာဇိတကလည်း "နောင်တော်အဘယ်သို့ ဆိုသနည်း, မိဘနှစ်ပါးတို့လွန်လေသော် နောင်တော့်ကိုပင် ဖခင်မိခင်လုပ်၍ အကျွန်ုပ်ကိုးကွယ်ရပါသည်တကား, ကျွန်ုပ်အား ကိုးစားရာမဲ့မပြုပါလင့် များစွာသောဥစ္စာနှစ်ကို စွန့်ပစ်မခွာ စောင်မကာလျှင် ဒါန သီလ ဘာဝနာကိုသာ အားထုတ်ကာနေပါလော့"ဟု ငိုယိုလျက် တောင်းပန်၏။ အစ်ကိုသေနကလည်း "ငါ့ကိုမကန့်ကွက်လင့်, ငါ့ညီသာလျှင် ဤဥစ္စာကိုသိမ်းရုံး၍ ခံစားရစ်လော့"ဟု ဆို၍ ရဟန်းပရိက္ခရာတို့ကို ယူပြီးလျှင် ဘုရားရှင်ထံသို့သွား၍ ရဟန်းပြုလေ၏။ ရဟန်းပြု၍ မကြာမြင့်မီပင် ကမ္မဋ္ဌာန်းဝိပဿနာကို လွန်စွာအားထုတ်သဖြင့် အရဟတ္တဖိုလ်သို့ ရောက်၏။


ဂန္ဓကုဋိ လှူရကျိုး

………………

ညီ အပရာဇိတသည်လည်း နောင်တော်ရဟန်းပြုသည်မှစ၍ ဘုရား အမှူးရှိသော သံဃာတော်တို့အား များစွာအလှူကြီးကိုပေး၍ တရားတော်ကိုနာသဖြင့် ဥပါသကာမြတ်၏အဖြစ်သို့ ရောက်၏။ တစ်ရံသောအခါ ထိုအပရာဇိတသည် နောင်တော်မဟာသေန မထေရ်အား ဤသို့လျှောက်၏။ "အရှင်ဘုရားတို့သည် ဘဝသုံးပါးမှ ထွက်လွတ်ပေပြီ, အကျွန်ုပ်မှာ ကာမဂုဏ်တည်းဟူသော အနှောင်အဖွဲ့မှ မလွတ်မြောက်နိုင်သေးချေ, နောင် လွတ်မြောက်ခြင်း၏အကြောင်း ကောင်းမှုကိုယခုပြုလိုပါသည်။ အကျွန်ုပ်နှင့်လျော်သော ကောင်းမှုကို ကြားတော်မူပါ"ဟု လျှောက်၏။ နောင်တော်မထေရ်မြတ်ကလည်း "အချင်း အပရာဇိတ… အလွန်ကောင်းစွ, သင်သည် ပစ္စုပ္ပန်သံသရာ ချမ်းသာစီးပွား များလိုမူကား ဘုရားမြတ်စွာ၏ကိန်းဝပ်တော်မူရာဖြစ်သော ဂန္ဓကုဋိ တို့ကို ဆောက်လုပ်လော့"ဟု ဆိုပေ၏။

ထိုစကားကိုကြားလျှင် ညီဒါယကာလည်း "ကောင်းပါပြီ" ဟု ဝန်ခံ၍ အထူးထူးသော သစ် ကျောက် အုတ် အင်္ဂတေတို့ကိုစုပြီးလျှင် သစ် သည်တိုင်၌ အချို့ကို ရွှေဖြင့်စီသည် အချို့ကိုငွေဖြင့်စီသည် အချို့ကိုပတ္တမြားဖြင့် အချို့ကိုပုလဲဖြင့် အချို့ကိုကျောက်မျက်ရွဲဖြင့် စီသည်။ ဤသို့ရတနာခုနစ်ပါးဖြင့် စီအပ်သောရွှေသည်တိုင်တို့ကို စိုက်၍ အထက်၌ရွှေပြားအုတ်ကြွပ်တို့ဖြင့်မိုးလျက် ထက်ဝန်းကျင်သောအရပ်မှလည်း ရတနာခုနစ်ပါးဖြင့် စီခြယ်သော နံရံတို့ကိုကာလျက် နှစ်ဂါဝုတ်ကျယ်သောဂန္ဓကုဋိကိုဆောက်လုပ်၏။ ထိုမှသည် တစ်ဂါဝုတ်စီချဲ့ပတ်၍ ကောင်းမြတ်စွာသော တံတိုင်းမီးတားကိုပြုပြီးလျှင် အာရာမ်အတွင်းမြေပြင်၌ ငွေပြားအခင်းကဲ့သို့ အုတ်အင်္ဂတေတို့ကို ပြေပြစ်စွာပြုလုပ်၏။ အာရာမ်၏ထက်ဝန်းကျင်မှလည်း ပန်း သစ်ပင်အပေါင်းတို့ကို ကောင်းစွာစိုက်ထား၏။ တံခါးလေးမျက်နှာတို့၌ ကြီးကျယ်စွာသော ရေကန်လေးခုတို့ကိုတူး၍ ထူးမြတ်သောရေတို့ဖြင့် ပြည့်စေ၏။ ကျောင်းတော်၏အနီးအပါး၌လည်း ငါးပါးသောအဆင်းရှိသော တံခွန်လုံး တံခွန်ပြားတို့ကို ဆွဲထားစိုက်ဆောက်ပေ၏။ ကျောင်တော်အချက်၌လည်းရွှေကွန်ရက်ဖြင့်အုပ်လွှမ်းကာ သန္တာဖြင့်ပြီးသော အထွတ်တို့ကိုတပ်၍ အထောင့်ထောင့်သော အရပ်တို့၌ ပတ္တမြားဖြင့်ပြီးသော ကြာသွတ်အိုး, နီလာရိုးတပ်သော ရတနာပန်းခိုင်တို့ကို အပြိုင်အပြိုင်ပြုလုပ်၏။ ကျောင်းတော်လက်ရန်း အမွမ်းခြင်ပိတ် စသည်တို့၌လည်း ရတနာခုနစ်ပါးတို့ဖြင့် ထူးပြားဆန်းကြယ်စွာ ပြုလုပ်အပ်သောအရုပ်ပေါင်းတို့သည် သောင်းသောင်းခြံရံလျက် ကဟန် ခုန်ဟန်တည်ကုန်၏။ ဘုရားသခင် ဝင်တော်မူသောကာလ ရောင်ခြည်တော်ထူး၍ တောက်ပစိမ့်သောငှာ အသပြာတစ်သိန်းထိုက်သောပတ္တမြား, နှစ်သိန်းသုံးသိန်း စသည်ထိုက်သောပတ္တမြား ,အလျားလေးတောင် လုံးပတ်သုံးထွာရှိသော မနောမယပတ္တမြားတို့ကိုလည်း နေရာတော်ပါး၌ တည်ထားစီမံ၏။အာရာမ်အတွင်း၌လည်း ဆီးသီး သျှိသျှားသီး ပမာဏရှိသော ရွှေငွေကျောက်သံပတ္တမြားတို့ကို ပုဆစ်ဒူးကျွံမျှ ကြဲဖြန့်ပေ၏။

ယင်းသို့ကျောင်းဆောက်လုပ်သောကာလ မိမိနှမ၏သားဖြစ်သော အပရာဇိတအမည်ရသော တူတော်သူဌေးသည် "ဦးရီးတော်ပြုသော ကောင်းမှု၌ အကျွန်ုပ်လည်းတစ်စုံတစ်ခုဝင်ပါရစေ"ဟု ခွင့်တောင်းသော် "ငါ့ကျောင်းအာရာမ်၌ သင်မဝင်လင့် ပြုလိုသော် အခြားသာပြုလုပ်လော့"ဟု ဆို၏။ထိုအတူ အပရာဇိတလည်း အကြိမ်ကြိမ်ခွင့်တောင်း၍မျှ ခွင့်မရလေရကား ကျောင်းတော်ဦး၌ သံဃာတော်တို့၏စည်းဝေးရန် ဆိတ်ရုပ်ခံသောဇရပ်ကို ရတနာခုနစ်ပါးတို့ဖြင့်ခြယ်တပ်လျက် ကောင်းမြတ်စွာဆောက်၏။

[ထိုသူကား ငါတို့ဘုရားလက်ထက်တော်၌ မေဏ္ဍကသူဌေး အလောင်းပင်တည်း။]

ထိုအပရာဇိတဒါယကာလည်း ကြီးကျယ်ကောင်းမြတ်လှစွာသော ကျောင်းတော်ကိုဆောက်လုပ်ပြီးလျှင် အစ်ကိုမဟာသေနထေရ်အား လျှောက်ကြား၏။ မထေရ်မြတ်လည်း ဘုရားရှင်ထံတော်ကပ်၍ "ဘုန်းတော်ကြီးသောမြတ်စွာဘုရား…ကိုယ်တော်မြတ်အား ရည်မှတ်၍ အပရာဇိတမည်သော ညီ ဒါယကာသည် နေရာကျောင်းတော်အလို့ငှာ ဆောက်လုပ်ပါမည် ထိုဒါယကာအား သနားတော်မူသဖြင့် ကျောင်းအလှူကို ခံတော်မူပါ"ဟုလျှောက်၏။ ဘုရားသခင်လည်း သံဃာတော်အပေါင်းနှင့်တကွ ကြွတော်မူလေ၍ ကျောင်းသို့တက်သောအခါ အဖိုးများစွာထိုက်သောရတနာတို့ဖြင့် ပြည့်သည်ကိုမြင်လျှင် ကျောင်းတော်တွင်းသို့မဝင်ဘဲ တံခါးမုခ်တွင်သာရပ်တော်မူ၏။ ဒါယကာက "ဝင်တော်မူပါ"ဟု အကြိမ်များစွာလျှောက်လေလျှင် ဘုရားသခင်က ရှင်မဟာသေနအား ကြည့်တော်မူ၏။ ထိုမထေရ်လည်း အလိုတော်ကိုသိသဖြင့် "သင်၏ကျောင်း၌ အဖိုးထိုက်သောရတနာတို့ကား အလွန်များ၏။ ထိုရတနာတို့ကို အကျွန်ုပ်အစောင့်အရှောက်ထားပါအံ့"ဟု လျှောက်လေလော့ဟူ၍ သင်၏။ ဒါယကာလည်း မဟာသေနထေရ်သင်သည့်အတိုင်း လျှောက်သောအခါမှ မြတ်စွာဘုရားလည်း ကျောင်းတွင်းသို့ဝင်တော်မူ၏။


ယုံမှားက အပါယ်လားတတ်ကြောင်း မှတ်ချက်

________________________________

[ရတနာတို့၏အစောင့်အရှောက်ကို ဘုရားအဘယ့်ကြောင့် အလိုရှိနည်းဟူမူကား ယုတ်ယုတ်မြတ်မြတ်သောလူအများတို့သည် ငါဘုရားအားဖူးမြင်ခြင်းငှာ အခါခပ်သိမ်းရောက်ကုန်လတ္တံ့။ ထိုသူတို့သည် အဖိုးထိုက်သောရတနာတို့ကိုယူသွားခဲ့လေသော် ငါဘုရားလည်း မတားမြစ်စကောင်း ,ကျောင်း၌ယိုယွင်းသောအခါ ဤကျောင်းဒါယကာသည် ငါဘုရားအားလည်းကောင်း သံဃာတော်တို့အားလည်းကောင်း ယုံမှားယိုးကိုး၍ရန်ငြှိုးဖွဲ့သဖြင့် အပါယ်လားကြောင်းမကောင်းမှုအစုသည် ဖြစ်ခဲ့ရာ၏ဟုနှလုံးပြု၍ အစောင့်အရှောက်ကို အလိုရှိတော်မူသတည်း။]

ကျောင်းဒါယကာဖြစ်သော အပရာဇိတသူဌေးလည်း ဘုရားရှင်အား ကျောင်းတော်ကိုကပ်လှူပြီးသော် အချင်းယောက်ျားတို့ကိုခေါ်၍ တံခါးလေးမျက်နှာတို့၌ လေးယောက်လေးယောက်စီသော အစောင့်ရှောက်ကိုထား၏။ ဘုရားသခင်ထံသို့ဆည်းကပ်ဖူးမြော် ပူဇော်လာကုန်သောသူတို့တွင် အချို့လည်းကုံထံကြွယ်ဝလတ္တံ့ အချို့လည်းလျစ်လျူသာရှိလတ္တံ့ အချို့လည်းပင်ပန်းဆင်းရဲလတ္တံ့။ ထိုသူတို့သည် ဤကြဲထားသောတနာတို့ကို လက်ဖြင့်သာ ကောက်ယူမူ အလိုရှိသမျှယူစေ, ခါးပိုက်, အိတ်ထောင်, တင်း, တောင်း, အုပ်, ခွက်တို့ဖြင့်ယူသောသူသာလျှင် သင်တို့တားမြစ်ဘိလော့ ဟု ဆို၏။


ဇောတိကအလှူ မှတ်ချက်

…………………………

[ထိုသူဌေးကား ဤသို့သောအကြံသည်ဖြစ်၏- "ဘုရားရတနာ၌ သဒ္ဓါသောသူတို့သည်ကား ဘုရားရှင်ကိုဖူးမြင်ခြင်းငှာ တရားတော်ကို နာခြင်းငှာ အလှူကောင်းမှုပြုခြင်းငှာ သက်သက်ပင်လာကုန်လတ္တံ့။ မသဒ္ဓါသောသူတို့မူကား ဥစ္စာကိုလိုချင်သောလောဘဖြင့်သာ လာကုန်လတ္တံ့။ ရောက်သောအခါ တရားတော်ကိုနာရသဖြင့် ဒုက္ခ၏ကင်းလွတ်ခြင်းကိုမြင်ပါစေသတည်း" ဟု နှလုံးပြု၍ ဤရတနာတို့ကို လက်ဖြင့်ပါသမျှယူစေဟု ခွင့်ပြုသတည်း။]

ထိုအခါ နီးရာဝေးရာမှများစွာသောလူအများတို့သည် ကျောင်းကိုရှုခြင်းငှာလည်းကောင်း ဘုရားသခင်ကိုဖူးမြင်ခြင်းငှာ လည်းကောင်း လာကြကုန်၍ အိမ်သို့ပြန်သောကာလ ပရိဝုဏ်ထဲ၌ ကြဲအပ်သောရတနာတို့ကို ကောက်ယူကုန်၏။ အပရာဇိတသူဌေးလည်း လျော့ပါးသမျှသောအရပ်၌ ထပ်၍သာလောင်းစေ၏။ဘုရားရှင်၏ခြေတော်ရင်း၌လည်း ရောင်ခြည်တော်ကိုနှိုင်းစံခြင်းငှာ သခွားသီးပမာဏရှိသော အဖိုးအနဂ္ဃထိုက်သော ပတ္တမြားရတနာကိုထားပေ၏။ ထိုပတ္တမြားကြောင့်လည်း ရောင်ခြည်တော်တို့သည်အထူးသဖြင့် တောက်ပတင့်တယ်သည်ဖြစ်၍ လူအပေါင်းတို့ပင် ဖူးမြင်၍ မရောင့်ရဲနိုင်သော အသရေတော်ဖြစ်သတည်း။


ပစ္စည်းမပျောက်ရန် ဆုတောင်း

………………………………

တစ်နေ့သ၌ တစ်ယောက်သောမိစ္ဆာဒိဋ္ဌိပုဏ္ဏားသည် ဘုရားသခင်ကို ဖူးမြင်လိုသကဲ့သို့ ကျောင်းတော်သို့သွား၍ ဘုရားခြေတော်ရင်းသို့ ကပ်ပြီးသော် ပရိသတ်ရှင်းခိုက်တွင် အဖိုးအနဂ္ဃထိုက်သော ပတ္တမြားရတနာကိုခိုးယူလေ၏။ ကျောင်းဒါယကာသူဌေးလည်း ပတ္တမြားမရှိသည်ကိုမြင်လျှင် စိတ်ကြည်လင်ခြင်းငှာမတတ်နိုင်ရကား အလွန်တုန်လှုပ်ချောက်ချားလျက် "ဘုန်းတော်ကြီးသောမြတ်စွာဘုရား အကျွန်ုပ်သည် ဂန္ဓကုဋိကိုရစ်၍ ပုဆစ်ဒူးကျွံမျှလောက်သောရတနာတို့ကိုကြဲဖြန့်ရာ လာသမျှသောလူတို့ကျုံးယူသည်ကိုမျှ နှလုံးမသာမရှိပါ, အလွန်ပင် ရွှင်လန်းဝမ်းမြောက်ခြင်းရှိပါ၏။ ယခုမူကား အရှင်ဘုရား၏ ရောင်ခြည်တော်ကိုထောက်ပံ့ခြင်းငှာထားသော ပတ္တမြားရတနာကို ဤမိစ္ဆာဒိဋ္ဌိပုဏ္ဏားသည် ဝှက်သွားခိုးယူလေခြင်းကြောင့် နှလုံးသာရွှင်ခြင်းငှာ မတတ်နိုင်ပါ"ဟု လျှောက်၏။ ဘုရားရှင်ကလည်း "ဥပါသကာ…ရှေးဆုတောင်းမပါသောကြောင့် သင်၏ဥစ္စာကို သူတစ်ပါးယူနိုင်လေသည်, ယခုဆုတောင်းလော့" ဟု မိန့်တော်မူ၏။သူဌေးလည်း "အရှင်ဘုရား…ယနေ့မှစ၍ နိဗ္ဗာန်ရသည့်ဘဝတိုင်အောင် ဖြစ်ဖြစ်သမျှ၌ အကျွန်ုပ်ရအပ်သော စည်းစိမ်ဥစ္စာကို ငါးဖြာသောရန်သူတို့သည် ယးလုယက်ဖျက်ဆီးခြင်းငှာ မတတ်နိုင်သည်ဖြစ်စေသော, မြိတ်ဆာချည်မျှင်ကိုမျှ အကျွန်ုပ်မပေးက အရာမကသောမင်း အရာမကသောသူခိုးတို့သည် လုယူ၍မရသည်ဖြစ်စေသော"ဟု ဆုပန်၏။ဘုရားသခင်ကလည်း သင်တောင်းသောဆုအတိုင်း ပြည့်စုံစေသော"ဟု အနုမောဒနာပြုတော်မူ၏။

ထိုအပရာဇိတသူဌေးလည်း ထိုနေ့မှစ၍ ဂန္ဓကုဋိတော်ကို ပူဇော်ပွဲအလို့ငှာ ခြောက်သန်းရှစ်သိန်းသောသံဃာတို့အား ကိုးလပတ်လုံး ယာဂု ဆွမ်း အဖျော်တို့ဖြင့် လုပ်ကျွေး၍ အဆုံးနေ့သို့ရောက်သောအခါ သံဃာတော်အပေါင်းတို့အား တိစီဝရိတ်သင်္ကန်းဖြင့် လှူဒါန်းပူဇော်ပေ၏။ အငယ်ဆုံးသံဃာတို့ရအပ်သော သင်္ကန်းသည်ပင် အသပြာတစ်ထောင်ထိုက်သတည်း။


နောက်ဆုံးဘဝ

………………

ဤသို့ ကုသိုလ်ကောင်းမှုကိုသာများစွာအားထုတ်လျက် အသက်တိုင်းနေ၍စုတေသောခါ လူ့ပြည်နတ်ရွာ၌ ကြီးကျယ်စွာသော လူ့ချမ်းသာနတ်ချမ်းသာကိုခံစားခဲ့၍ ငါတို့ဘုရားပွင့်တော်မူအံ့သောခါ ရာဇဂြိုဟ်ပြည်၌ တစ်ဦးသောသူဌေးအိမ်ဝယ် ပဋိသန္ဓေနေလာ၍ ကိုးလနှင့်တစ်ဆယ့်ငါးရက်လွန်သဖြင့် ဖွားမြင်သတည်း။

ဖွားသောနေ့မှာပင် ရာဇဂြိုဟ်တစ်ပြည်လုံး၌ရှိသော လက်နက် အသုံးအဆောင်ပစ္စည်းတို့သည်လည်းကောင်း အလုံးစုံသော ယောက်ျားမိန်းမတို့၏ကိုယ်တွင်ဆင်အပ်သော ရတနာတန်ဆာ တို့သည်လည်းကောင်း လွန်စွာတောက်ပကုန်သည်ဖြစ်၍ တစ်ခဲနက်သောအရောင်အလျှံသည်ဖြစ်၏။ အဘသူဌေးလည်း ထိုနေ့နံနက်၌ မင်းခစားခြင်းငှာသွားလေလျှင် မင်းကြီးက ယနေ့နံနက် လက်နက်ကိရိယာတန်ဆာအရောင်တို့သည် တောက်လောင်ထွန်းပလတ်သည်ကား အကြောင်းအသို့နည်းဟု မေးတော်မူ၏။ "အရှင်မင်းကြီး…မစိုးရိမ်လင့် အကျွန်ုပ်အိမ်တွင် အရှင်တို့၏ကျွန်ယောက်ျားကိုဖွားမြင်သတည်း"ဟု လျှောက်သော် "အချင်းသူဌေး…သင်၏သားကား ထူးခြားလှလေစွ, သူခိုးသော်လည်းဖြစ်လတ္တံ့လော ငါ၏စည်းစိမ်ကိုလုယက်အံ့သော မင်းလျာသော်လည်းဖြစ်လတ္တံ့လော"ဟု မေးပြန်လျှင် "အရှင်မင်းကြီး ထိုသို့ဖြစ်အံ့သောသူမဟုတ် ပုဗ္ဗာသမ္ဘာရရှိ၍ အတိုင်းမသိသော စည်းစိမ်ချမ်းသာတို့ကို ကောင်းစွာခံစားအံ့သောသူတည်း"ဟု လျှောက်ဆို၏။ "ထိုသို့ဖြစ်လျှင် သင်၏သားကိုကောင်းစွာမွေးလော့" ဟု ဆို၍ နို့ဖိုးအလို့ငှာ တစ်ထောင်တစ်ထောင်သောအသပြာကို နေ့တိုင်း မင်းကြီးကပေးပေ၏။ အမည်မှည့်သောအခါ လက်နက်တန်ဆာတို့သည် လွန်စွာတောက်ပသော ပဝတ္တနိမိတ်ကြောင့် ဇောတိက ဟူသောအမည်ကိုမှည့်၏။


ထူးဆန်းသောအိမ်

…………………

အစဉ်အတိုင်းကြီးပွား၍ အရွယ်ရောက်သောအခါ မိဘနှစ်ပါးတို့သည် ဇောတိကသတို့သား၏နေရာအိမ်ကို ပြုပြင်ဆောက်လုပ်ခြင်းငှာ ဘူမိနက်သန်ရှာလတ်သော် တာဝတိံသာနတ်ပြည်မှ သိကြားမင်းသည် ပဏ္ဍုကမ္ဗလာတင်း၍ အကြောင်းကိုရှုမြင်လျှင် လက်သမား၏အသွင်ဖြင့်လာခဲ့၍ "အဘယ်ကိုရှာသနည်း" ဟု မေး၏။ လူလက်သမားတို့က ဇောတိက၏အလို့ငှာ အိမ်ရာ စီရင်ကြောင်းကိုဆိုလျှင် "သင်တို့ဖဲကြကုန် သင်တို့ပြုသောအိမ်၌ အရှင်ဇောတိကသည် အဘယ်မှာနေထိုင်ပေအံ့နည်း,ငါပြုလုပ်အံ့" ဟု ဆို၍ တစ်ဆယ့်ခြောက်မင်းပယ် မြေအရပ်ကို သတ်မှတ်ခြားနာလေသော် မြေဌာနသည် တစ်ခဏချင်းပင် ကသိုဏ်းဝန်းအပြင်ကဲ့သို့ သန့်စင်ညီညွတ်စွာဖြစ်၏။ ထို့နောက်မှ "ဤမြေဌာန၌ ရှေးကပြုဖူးသောကောင်းမှုနှင့်လျော်ကန်အောင် ဘုံဗိမာန်ပေါက်လော့" ဟု ဆိုပြန်လျှင် မြေပြင်ကိုခွဲဖောက်၍ ရတနာခုနစ်ပါးအတိပြီးသော ဘုံခုနစ်ဆင့်ရှိသောပြာသာဒ်သည် ထူးမြတ်စွာပေါက်လာပေ၏။

ထို့နောက်မှ တံတိုင်းရာတို့ကို လှည့်ကာသားနားပြန်လျှင် အရပ်ရှစ်မျက်နှာမှ တစ်ဂါဝုတ်စီကျယ်သော ရတနာခုနစ်ပါးဖြင့် အတိပြီးသော တံတိုင်းခုနစ်ထပ်တို့သည် ပတ်ပတ်ဝန်းရံကာ တံခါးလေးမျက်နှာနှင့်တကွ ပေါ်လာကုန်၏။

"ထိုတံတိုင်းတို့၏အကြား၌ ထူးပြားသောအဆောက်အဦတို့သည် ဖြစ်စေကုန်သတည်း"ဟု ကြည့်ရှုသားနားပြန်လျှင် လိုအင်ရှိသမျှသီးသော ပရိက္ခရာပဒေသာပင်ကြီးတို့သည် လည်းကောင်း ,ရှေးကောင်းမှုအင်အားကိုထင်ရှားပြခြင်းငှာ ထန်းလုံးပမာဏရှိသောကြံပဒေသာပင်တို့သည်လည်းကောင်း စီကာစီကာပေါက်လာပေကုန်၏။ပြာသာဒ်လေးထောင့်၏ အနီး၌လည်း တစ်ဂါဝုတ် နှစ်ဂါဝုတ် သုံးဂါဝုတ် တစ်ယူဇနာကြီးသော ရွှေအိုးကြီးလေးလုံးတို့သည်ပေါက်လာကုန်၏။ ခုနစ်ထပ်သောတံတိုင်းတို့၏ တံခါးလေးမျက်နှာတို့တွင် ပထမတံခါးမုခ်ဝ၌ ယမကောလိမည်သောနတ်ဘီလူးသည် အခြံရံတစ်ထောင်နှင့်တကွစောင့်ရှောက်၏။ ဒုတိယတံခါးမုခ်ဝ၌ ဥပ္ပလမည်သောနတ်ဘီလူးသည် အခြံရံနှစ်ထောင်နှင့်တကွ စောင့်ရှောက်၏။ တတိယတံခါးမုခ်ဝ၌ ဝဇိရမည်သော နတ်ဘီလူးသည် အခြံရံသုံးထောင်နှင့်တကွစောင့်ရှောက်၏။ စတုတ္ထတံခါးမုခ်ဝ၌ ဝဇိရဗာဟုနတ်ဘီလူးသည် အခြံရံလေးထောင် နှင့်တကွ စောင့်ရှောက်၏။ ပဉ္စမမုခ်ဝ၌ ကသန္ဒကမည်သော နတ်ဘီလူးသည် အခြံရံငါးထောင်နှင့်တကွ စောင့်ရှောက်၏။ ဆဋ္ဌမဖြစ်သောတံခါးမုခ်ဝ၌ ကဋဋ္ဌမည်သောနတ်ဘီလူးသည် အခြံရံခြောက်ထောင်နှင့်တကွစောင့်ရှောက်၏။ သတ္တမဖြစ်သော တံခါးမုခ်ဝ၌ ဒိသာပါမုခမည်သောနတ်ဘီလူးသည် အခြံအရံ ခုနစ်ထောင်နှင့်တကွ စောင့်ရှောက်ပေ၏။

ယင်းသို့တံတိုင်းခုနစ်ထပ်, လေးရပ်သောရွှေအိုး, ပဒေသာပင်တို့နှင့်တကွ ရတနာမယပြာသာဒ်သည် မြေမှပေါက်လတ်သောအခြင်းရာကို ဗိမ္ဗိသာရမင်းကြီးသိလေသော် ဇောတိကသတို့သားအား အဆက်ဆက်သောသူဌေးကြီးတို့၏ ဆောင်းမြဲဖြစ်သောထီးဖြူကိုနှင်းပေ၏။


မြောက်ကျွန်းသူဇနီး

……………………

ထိုသူဌေးနှင့်ရှေးကောင်းမှုပြုဘက်ဖြစ်သောမိန်းမသည် ဥတ္တရကုရုကျွန်း၌ ပဋိသန္ဓေနေ၏။ အရွယ်ရောက်သဖြင့် နတ်တို့ဆောင်ခဲ့၍ ပြာသာဒ်၏အချက် ကျက်သရေရှိသောတိုက်၌ ထားလာ၏။ ဤမိန်းမကား အကြိမ်တစ်ရာဖတ်အပ်သော လဲဝါဂွမ်းစုကဲ့သို့ နုထွတ်သိမ်မွေ့လှရကား တူလကာယီ အမည်ရှိ၏။ ထိုမိန်းမ၌ တစ်ကွမ်းစားသောဆန်နှင့် ဇောတိပါသာဏမည်သော မြခနောက်သုံးလုံးသာ ပါသတည်း။

ထိုတစ်ကွမ်းစားသောဆန်ကို ရွှေအိုး၌ထည့်၍ မြခနောက်တင်လျှင် တစ်ခဏချင်းပင် အငွေ့ခြောင်းခြောင်းတက်၍ ကျက်နပ်သဖြင့် အငွေ့တို့သည်ငြိမ်းကုန်၏။ ထိုထမင်းးစားလိုသမျှသောသူတို့ ခူးသော်လည်း ယောက်မရာမထင် ပြည့်မြဲပင်ပြည့်သတည်း။ ပါသောဆန်တစ်ကွမ်းစားကို အလိုရှိမူ လှမ်းတစ်ရာဖြင့်တိုက်သော်လည်းမကုန်။ ထိုသူနှစ်ပါးတို့သည် အသက်ထက်ဆုံးစား၍မျှမကုန်သော ဟူ၏။ ထမင်းချက်သောအခါ၌လည်း ထိုနည်းတူ အလိုလိုပင်အငွေ့တက်၍ ကျက်လေ၏။ ချက်သောကာလ ဇောတိပါသာဏကျောက်တို့၏ ရောင်ဟုန်ကြောင့် မြင်ကုန်သောသူတို့သည် မီးပုံမီးလျှံကဲ့သို့ ထင်သတည်း။

"ဇောတိကအား ဤမျှလောက်သောစည်းစိမ်ချမ်းသာတို့သည် မြေမှ ပေါက်လာကုန်၏"ဟူ၍ ဇမ္ဗူဒိပ်ကျွန်းအလုံး၌ ထင်ရှားလတ်သော် များစွာသောလူအပေါင်းတို့သည် ရေကြောင်းကြည်းကြောင်းဖြင့် လာ၍ရှုကြကုန်သည်။ ထို လာတိုင်းလာတိုင်းသောသူတို့အားလည်း မြောက်ကျွန်းမှပါသောဆန်တစ်ကွမ်းစားဖြင့်သာ ခက်၍ကျွေးမွေး၏။ ပဒေသာပင်၌ ဆင်ယင်အပ်သောအဝတ်တန်ဆာ ဘဏ္ဍာ အသုံးအဆောင်တို့ကိုလည်းကောင်း, တစ်ဂါဝုတ်ရှိသော ရွှေအိုးကြီးထဲမှ မီးကျီးခဲကဲ့သို့သော ရွှေဆိုင်ရွှေတုံးတို့ကို လည်းကောင်း အလိုရှိသမျှ ယူ၍ပြန်စေ၏။ ယူလေရာရာ ရွှေအိုး ပဒေသာပင်တို့၌လည်း ယူရာမထင် ပြကတေ့ပင်ဖြစ်ပြန်၏။


ဘုရင်ကြည့်ရှုလာပုံ

……………………

တစ်ရံသောအခါ ဗိမ္ဗိသာရမင်းကြီးသည် ဇမ္ဗူဒိပ်ကျွန်းသူအပေါင်းတို့ သောင်းသောင်းညံမျှ အံ့သြကြသောကောင်းချီးသံကို ကြား၍ ဇောတိကသူဌေး၏ ဘုံဗိမာန်ကို ရှုမြင်လိုသောဆန္ဒသည်ဖြစ်၍ ဇောတိက၏အဖသူဌေးကိုခေါ်ပြီးလျှင် "သင့်သားပြာသာဒ်သို့သွား၍ ရှုကြအံ့"ဟု ဆိုပြီးလျှင် ထိုသူဌေးလည်း "ကောင်းပြီ"ဟု ဝန်ခံ၍ ဇောတိကသူဌေးထံသို့ တမန်စေလိုက်၏။

ဗိမ္ဗိသာရမင်းကြီးလည်း များစွာသောစစ်သည်ဗိုလ်ပါအပေါင်းနှင့်တကွ ထွက်ကြွတော်မူ၍ ပြာသာဒ်သို့ရောက်သောအခါ ရှေးဦးစွာမုခ်ဝ၌ အမှိုက်သိမ်းခြင်းငှာစောင့်နေသော အမျိုးကျွန်မသည် ဗိမ္ဗိသာရမင်းကြီးအား လက်ကိုကမ်းလင့်၏။ မင်းကြီးလည်း ထိုမိန်းမ၏အသွင်မူရာ တန်ဆာအဝတ်လျောက်ပတ်လှသောကြောင့် ဇောတိက၏မယားပင်ဟုထင်မှတ်လျက် ရှက်နိုးရကား လက်ဖျားကိုမှ မလှမ်းဝံ့ရှိ၏။

ထိုကတစ်ဖန်တက်လေပြန်လျှင် ယခင်ကဲ့သို့ ဒုတိယ တတိယစသော တံခါးမုခ်တို့၌လည်း စောင့်နေသောမိန်းမတို့သည် လက်လှမ်းလင့်ကြသည်ကို မင်းကြီးက ဇောတိက၏မယားဟု ထင်မှတ်လျက် လက်ကိုမျှမပေးဝံ့ရှိသတည်း။ 

Comments

Popular posts from this blog

သရဏဂုံသုံးပါး ပုတီးစိပ်နည်း

ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူသော ဘုရားငါးဆူတို့၏ ကွာခြားချက်များ

ဂုဏ်တော်တစ်ထောင်ပုတီးစိပ်နည်း