“ဒါနပြုခြင်း အနုပညာ”

“ဒါနပြုခြင်း အနုပညာ”

•••••••••••••••••••••••••••

မြတ်စွာဘုရားလက်ထက်တော်က အမျိုးသမီးလေး

တစ်ယောက်ရှိပါတယ်။ သူက အိမ်ရှေ့မှာ

ရဟန်းတော် တွေပဲဖြစ်ဖြစ် ခရီးသွားတွေပဲဖြစ်ဖြစ်

သူတောင်းစားတွေပဲဖြစ်ဖြစ် ထိုင်ဖို့ခေတ္တနားခိုဖို့

အင်းပျဉ်ထိုင်ခုံရယ်၊ အမောပြေသောက်ဖို့

သောက်ရေအိုးစင်ရယ် စသည်တွေကို

အများအိမ်တွေနည်းတူ ပြင်ဆင်ပြုလုပ်ပေးထားပါတယ်။


တစ်ရက်မှာတော့ ရဟန်းတော်တစ်ပါး

အိမ်ရှေ့ကိုဆွမ်းခံကြွလာပါတယ်။

အမျိုးသမီးလေးက ကြည်ညိုစိတ်ရှိတာနဲ့

အိမ်ထဲကိုပင့်လိုက်ပါတယ်။ အိမ်ထဲက

အင်းပျဉ်ထိုင်ခုံလေးပေါ်မှာ ရွှေရောင်အခင်းလေးခင်းပြီး

ထိုင်စေပါ တယ်။ ပြီးတော့ အိမ်မှာချက်ထားတဲ့

ဆွမ်းဟင်းတွေကို သပိတ်ထဲလောင်းထည့်လိုက်ပြီး

ဆွမ်းကပ်ပါတယ်။ ရဟန်းတော်ကလည်း

အမျိုးသမီးလေးရဲ့ အင်းပျဉ်ထိုင်ခုံလေးပေါ်မှာပဲထိုင်ပြီး

ဆွမ်းဘုဉ်းပေးပါတယ်။

ဆွမ်းဘုဉ်းပြီးတော့ တရားစကားအနည်းငယ်

ဟောကြားပြီး ကျောင်းကိုပြန်ကြွသွားပါတယ်။

အမျိုးသမီးငယ်လေးက ရဟန်းတော်ထိုင်သွားတဲ့

အင်းပျဉ်ထိုင်ခုံလေးကို ကျောင်းကိုပို့စေပြီး

လှူလိုက်ပါတယ်။ အမျိုးသမီးငယ်လေးက

ဆွမ်းကပ်လိုက်ရတာရယ်၊ အင်းပျဉ်ထိုင်ခုံလေး

လှူလိုက်ရတာရယ်ကို

အချိန်ရှိတိုင်းတွေးတွေးပြီးပျော်နေပါတယ်။

အလုပ်လုပ်ရင်လည်း ကိုယ့်ဒါနလေးကို

တွေးပြီးပီတိဖြစ်နေပါတယ်။


ကာလတစ်ခုမှာတော့ အမျိုးသမီးငယ်လေးဟာ

ရောဂါတစ်ခုကြောင့်ပဲ ကွယ်လွန်သွားပါတယ်။

ကွယ်လွန် တော့ တာဝတိံသာနတ်ပြည်မှာ

ရွှေဗိမာန်နဲ့ နတ်သမီးအခြံအရံတွေနဲ့

သွားဖြစ်ရပါတယ်။ လူ့ဘဝက အင်းပျဉ်ထိုင်ခုံ

လှူခဲ့တဲ့ကုသိုလ်ကံကြောင့် အလားတူ

ရွှေပလ္လင်ကြီးပါ တွဲပေါက်နေပါတယ်။


အမျိုးသမီးလေး ကုသိုလ်ပြုဖြစ်သွားတာလေးက

သမိုင်းဇာတ်လမ်းတစ်ခုကြောင့် ပြုဖြစ်သွားတာပါ။


မြတ်စွာဘုရား သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်မှာ

သီတင်းသုံးတော်မူစဉ်က ပသေနဒီကောသလ

မင်းကြီးနဲ့ မလ္လိကာမိဖုရားကြီးရယ်၊

ပြည်သူပြည်သားတွေရယ် အပြိုင်အဆိုင်

သူနိုင်ကိုယ်နိုင် ဒါနပြိုင်ပွဲကြီးပြုကြပါတယ်။

ဘုရင်ဘက်ကနိုင်လိုက် ၊ ပြည်သူဘက်ကနိုင်လိုက်နဲ့

နောက်ဆုံးတော့ ပသေနဒီကောသလမင်းကြီးတို့က

နိုင်သွားပြီး သာသနာ့သမိုင်းမှာ

“အသဒိသဒါန အလှူကြီး”ရယ်လို့ ကမ္ဗည်းတင်ခဲ့ပါတယ်။


ဒီတော့ ရပ်ကွက်ထဲက ပြည်သူတွေကြားထဲမှာ

စုစု စုစုနဲ့ မေးခွန်းတွေထုတ်လာကြပါတယ်။


“ဒီလို ကြီးကျယ်ခမ်းနားတဲ့ အလှူကြီးကိုလှူမှပဲ

ကြီးကျယ်တဲ့အကျိုးဖြစ်သလား၊ ငါတို့လို

အခြေခံလူတန်းစားတွေ ကိုယ်နိုင်သလောက်

လှူတာကော ကောင်းကျိုးမဖြစ်တော့ဘူးလား”

ဆိုတဲ့မေးခွန်းတွေကို အချင်းချင်းတွေ့တဲ့အခါ

ပြောကြတော့တာပါ။


ရပ်ကွက်ထဲမှာပြောနေကြတဲ့စကားတွေကို

ရဟန်းတော်တွေက ဆွမ်းခံရင်းကြားခဲ့ရတော့

မြတ်စွာဘုရားကို ပြန်လျှောက်ပြပါတယ်။

ဒီတော့ မြတ်စွာဘုရားရှင်က

“ချစ်သားတို့… ပစ္စည်းဥစ္စာတွေ

ကြီးကြီးမားမား များများလှူနိုင်မှ

အကျိုးကြီးပေးတာမဟုတ်ပါဘူး။

တကယ်တော့ စိတ်စေတနာကောင်းကောင်းထားပြီး၊

ဆန်ကွဲတစ်ဆုပ်ပဲလှူလှူ၊

ပုဆိုး တစ်ပိုင်းပဲလှူလှူ၊

ဖျာတစ်ချပ်ပဲလှူလှူ၊

သစ်ရွက်ခင်းလေးပဲလှူလှူ၊

ဇီးဖြူသီးလေးတစ်လုံးပဲလှူလှူ

ကြည်လင်တဲ့စိတ် စေတနာနဲ့လှူရင်

အလှူပစ္စည်းသေးငယ်ပေမယ့် အကျိုးကြီးကြီး

ဖြစ်တော့တာပါ”လို့ ပြန်ဟောပြလိုက်ပါတယ်။


မြတ်စွာဘုရားရှင်ရဲ့အဖြေစကားက ရပ်ကွက်ထဲက

ပြည်သူပြည်သားတွေနားထဲကို ရောက်သွားပါတယ်။

ပြည်သူပြည်သားတွေက အားတက်သွားပြီး

“ပစ္စည်းနည်းတာများတာ အဓိကမဟုတ်ဘူး၊

စိတ်စေတနာကောင်းဖို့က အဓိကပဲ”

ဆိုပြီး မိမိတို့နိုင်သလောက် ရဟန်းတော်တွေ

အတွက်ကော၊ဆင်းရဲတဲ့လူတွေအတွက်ကော

သူတောင်းစား တွေအတွက်ကော

အလှူဒါနပြုကြတော့တာပါ။


ဒါတင်မကပါဘူး ကိုယ်စီကိုယ်စီ အိမ်ရှေ့တွေမှာလည်း

အင်းပျဉ်ထိုင်ခုံ လေးတွေ၊ ရေအိုးစင်လေးတွေပါ

ပြင်ဆင်ပြုလုပ်ပေးထားတော့တာပါ။


အမျိုးသမီးငယ်လေးကလည်း မြတ်စွာဘုရား

အဖြေစကားကြားပြီး အများနည်းတူ အိမ်ရှေ့မှာ

လမ်းသွားသူ ရဟန်းရှင်လူအားလုံးအတွက်

ပြင်ဆင်ပေးထားလိုက်တာပါ။ ဒါကြောင့်

ရဟန်းတော်ဆွမ်းခံကြွလာတဲ့အခါမှာတော့

ဆွမ်းကောအင်းပျဉ်ထိုင်ခုံလေးပါ လှူဖြစ်သွားတော့တာပါ။

(ဝိမာနဝတ္ထု အဋ္ဌကထာ၊ စာမျက်နှာ - ၅)


ဒီနေရာမှာ အင်းပျဉ်ဆိုတဲ့ ဝေါဟာရစကားလုံးလေးပါ။

ပါဠိတော် အဋ္ဌကထာတွေမှာ “ပီဌ=အင်းပျဉ်”ဆိုတဲ့

စကားလုံးလေးကို မကြာခဏတွေ့ရပါတယ်။

မြတ်စွာဘုရားရှင်လက်ထက်တော်ကတော့

ရဟန်းတော်တွေအတွက်ကော၊လူတွေအတွက်ကော

မဖြစ်မနေအသုံးပြုစရာ ဝေါဟာရစကားလုံးလေးတစ်ခုပါ။


ဒါပေမယ့် စာရေးသူလည်း အင်းပျဉ်ဆိုတာကို

သေချာမသိပါဘူး။ မြန်မာအဘိဓာန်ရယ်၊

ဆရာတော်ဘုရားကြီး တွေရဲ့ အဋ္ဌကထာမှတ်ချက်

ရေးပြချက်တွေရယ်ပြန်ဖတ်မှ အင်းပျဉ်ဆိုတာ

ဘာလဲဆိုတာသိရတာပါ။


မြန်မာအဘိဓာန် မှာတော့ အောက်ခြေနိမ့်ပြီး

လက်တင်မပါတဲ့ ထိုင်ဖို့၊အိပ်ဖို့ “ကုတင်ငယ်”လို့ဆိုပါတယ်။

အဋ္ဌကထာမှတ်ချက်ကတော့ ပျဉ်ပြားနဲ့လုပ်ထားတဲ့

နေထိုင်ဖို့ခုံလို့ဆိုပါတယ်။

ထိုင်ခုံ ၊ စားပွဲခုံ ၊ စာတင်ခုံနဲ့ ကြိမ်ကုလားထိုင်၊

သစ်သားကုလားထိုင် ခေါက်ကုတင်တွေကိုလည်း

“အင်းပျဉ်” လို့ ခေါ်ကြောင်း ဆိုထားပါတယ်။

နောက် ခြေဆေးဖို့ ပြုလုပ်ထားတဲ့ ခြေထောက်

မပါတဲ့သစ်သားတုံး သစ်သားပြားရယ်၊

နတ်ပူဇော်ဖို့လုပ်ထားတဲ့ ခြေထောက်တစ်ချောင်းပဲရှိတဲ့

စားပွဲခုံမြင့်ရယ် ကိုလည်း အင်းပျဉ်ထဲမှာထည့်ထားပါတယ်။

မြတ်စွာဘုရားလက်ထက်တော်က ရဟန်းတော်တွေရဲ့

ကျောင်းတွေမှာတော့ ခြေဆေးဖို့ခြေဆေး

အင်းပျဉ်ကိုတော့ အသုံးအဆောင်တစ်ခုအနေနဲ့

မဖြစ်မနေထားလေ့ရှိကြပါတယ်။


ဒီခေတ်မှာတော့ အင်းပျဉ်ဆိုတဲ့ဝေါဟာရကို

သုံးတာသိပ်မတွေ့ရတော့ပါဘူး။

စာထဲမှာပဲ တွေ့ရပါတော့တယ်။


အမျိုးသမီးလေး ဆွမ်းခံရဟန်းတော်ကို

လှူလိုက်တဲ့အင်းပျဉ်ကတော့ ဆွမ်းတောင်ထိုင်ဘုဉ်းလို့

ရတာဆိုတော့ သစ်သားကုလားထိုင်

ထိုင်ခုံလေး တစ်ခုခုဖြစ်ဖို့များပါတယ်။

ဘာပဲပြောပြော ထိုင်စရာထိုင်ခုံလေးလို့ပဲ

သဘောထား လိုက်လို့ရပါတယ်။


အမျိုးသမီးငယ်လေးက သူ့ရဲ့ထိုင်ခုံလေးကို

စိတ်စေတနာကောင်းကောင်းနဲ့ လှူလိုက်ရုံတင်မကပါဘူး။

ပြုလိုက်တဲ့ဒါနလေးကိုလည်း ပြန်ပြန်တွေးပြီး

ပီတိဖြစ်နေတာပါ။ ကိုယ်ပြုထားတဲ့ကုသိုလ်ကို

ပြန်ပြန်သတိရတာလည်း စိတ်ချမ်းသာမှုတစ်ခုပါပဲ။

စိတ်ညစ်နေရင် စိတ်ရှုပ်နေရင် ပြုခဲ့တဲ့ကုသိုလ်လေးတွေ

ပြန်တွေးရင်လည်း စိတ်သက်သာရာတစ်ခုပါ။


မြတ်စွာဘုရားရှင်ရဲ့ အဖြေစကားအရဆိုရင်

သိမ်တွေ ၊ကျောင်းတွေ၊ရှင်တစ်ထောင်တွေ၊

ရှင်တစ်သောင်းတွေ လှူမှရယ်မဟုတ်ပါဘူး။

ကော်ဖီလေးတစ်ခွက်လှူလိုက်ရင်လည်း

ကိုယ့်အတွက်တော့ မဟာကုသိုလ်ကြီးတစ်ခုဖြစ်သလို၊

ကောင်းကျိုးကြီးတစ်ခုမကကလည်း ကြိုကြိုနေတော့တာပါ။


အမျိုးသမီးငယ်လေးက သူပြုတဲ့ကုသိုလ်ဒါနလေးကို

မြတ်မြတ်နိုးနိုးနဲ့ တန်ဘိုးထားပြုသလို

ပြုပြီးတာနဲ့ ပြီးမသွားပါဘူး။

ပြုပြီးတဲ့ဒါနကုသိုလ်လေးကို ပြန်ပြန်တွေးနေတာလေးက

အတုခိုးစရာလေးတစ်ခုပါ။ တကယ်တော့ မြတ်စွာဘုရားရဲ့

အဖြေစကား ကြားရတာလေးရယ်၊ ရပ်ကွက်ထဲမှာ

တီးတိုးတီးတိုး သတင်းစကားပြောနေကြတာလေးရယ်

ကြားပြီး အများနည်းတူ ဒါနကုသိုလ်ပြုဖြစ်သွားတာပါ။

ကိုယ့်ဘာသာကိုယ် အပြင်သတင်းတွေကိုနားမစွင့်ဘဲ၊

ကိုယ့်အလုပ်ပဲကိုယ် မဲလုပ်နေမယ်ဆိုရင်တော့

ပြုဖြစ်ချင်မှပြုဖြစ်မှာပါ။ တချို့ကုသိုလ်တွေဟာ

ပတ်ဝန်းကျင်ရဲ့ သတင်းစကားတွေကြောင့်

ပြုဖြစ်သွားတာတွေလည်းရှိတတ်ပါတယ်။

ဒါကြောင့်သတင်းတွေနဲ့ သိပ်မျက်ချည်ပြတ်လို့လည်း

မဖြစ်ပါဘူး။


ဒါနပြုပြီးကောင်းကျိုးဖြစ်သွားတဲ့ ဝတ္ထုလေးတွေ

ကြည့်လိုက်ရင် ကိုယ်ပြုတဲ့ဒါနလေးကို

မြတ်မြတ်နိုးနိုးလေးနဲ့ တန်ဘိုးထားပြုသွားတာကို

တွေ့ရပါတယ်။


စာထဲမှာတော့ ဒါန (၃)မျိုးကို ပြထားပါတယ်။


ကျွန်ဒါနရယ်၊ သူငယ်ချင်းဒါနရယ်၊အရှင်သခင်ဒါနရယ်ပါ။

ပါဠိလိုပြောရင်တော့

“ဒါသဒါနရယ်၊ သဟာယ ဒါနရယ်၊ သာမိဒါန”ရယ်ပါ။


ကိုယ်ကိုယ်တိုင်ကတော့ ကောင်းမွန်တဲ့အစားအစာ၊

ကောင်းမွန်တဲ့ပစ္စည်းတွေကို သုံးဆောင်ပြီး

ကိုယ့်ရဲလက် အောက်ကျေးကျွန်အလုပ်သမားတွေကိုတော့

မကောင်းတဲ့အညံ့စား အစားအစာတွေ ပစ္စည်းတွေကို

ပေးသလိုမျိုး သူတပါးကို ပေးလှူတဲ့နေရာမှာတော့

ခပ်ညံ့ညံ့ပစ္စည်းကိုပဲ ပေးလှူတတ်ပါတယ်။

ဒီဒါနမျိုးကိုတော့ ကျွန်ဒါနလို့ခေါ်ပါတယ်။

ကျွန်အလုပ်သမားတွေကိုပေးတာနဲ့တူလို့

ကျွန်ဒါနလို့ခေါ်တာပါ။

ကိုယ်ကတော့ကောင်းတာသုံးပြီး သူတပါးကျတော့

မကောင်းတာကိုပေးတာပါ။


ကိုယ့်အိမ်ကို ကိုယ်ချစ်တဲ့သူငယ်ချင်း မိတ်ဆွေတွေ

လာတဲ့အခါ ကိုယ်သုံးဆောင်တဲ့ပစ္စည်း

အစားအစာတွေနဲ့ ကျွေးမွေးဧည့်ခံသလို၊

သူတပါးကို ပေးလှူတဲ့နေရာမှာလည်း

ကိုယ်သုံးဆောင်နေကျ တန်းတူပစ္စည်းကိုပေးလှူတာကျတော့

“သူငယ်ချင်းဒါန” လို့ခေါ်ပါတယ်။

သူငယ်ချင်းကို ပေးတာနဲ့တူလို့ “သူငယ်ချင်းဒါန”

လို့ ခေါ်တာပါ။


ကိုယ့်ထက်ရာထူးအာဏာကြီးတဲ့အရှင်သခင်ကို

ကျွေးမွေးဧည့်ခံတဲ့အခါ လက်ဆောင်ပစ္စည်းပေးတဲ့အခါ

ကိုယ်သုံးဆောင်တဲ့ပစ္စည်းထက် ပိုမိုကောင်းမွန်တဲ့

ပစ္စည်းတွေ အစားအစာတွေနဲ့ ကျွေးမွေးသလို၊

လက်ဆောင်ပေးသလို ၊ ကိုယ်ကိုယ်တိုင်ကျတော့

သင့်တင့်မျှတရုံပစ္စည်းလောက်ပဲသုံးစွဲပြီး

သူတပါးကို ပေးလှူတဲ့နေရာမှာတော့

ကိုယ်သုံး စွဲတဲ့ပစ္စည်းထက် ပိုမိုကောင်းမွန်တဲ့

ပစ္စည်းကို လှူဒါန်းတဲ့ဒါနမျိုးကိုတော့

အရှင်သခင်ဒါနလို့ ခေါ်ပါတယ်။

အရှင်သခင်ကို လက်ဆောင်ပေးတာနဲ့တူလို့

“အရှင်သခင်ဒါန” လို့ ခေါ်တာပါ။


ဒါကြောင့် ကိုယ်ပြုပြုနေတဲ့ဒါနလေးတွေကို

ဒါန (၃) မျိုးထဲက ကျွန်ဒါနလား၊

သူငယ်ချင်းဒါနလား၊အရှင်သခင် ဒါနလားဆိုတာ

ပြန်ဆန်းစစ်ကြည့်ရမှာပါ။ တစ်မျိုးမျိုးထဲမှာ

ပါနေမှာတော့ သေချာပါတယ်။


အမြဲတမ်း အရှင်သခင်ဒါနချည်းဖြစ်နေဖို့ ဆိုတာလည်း

မလွယ်ပါဘူး။ အခြေနေနဲ့ အချိန်ခါလည်းရှိပါသေးတယ်။

အရှင်သခင်ဒါနဖြစ်အောင်ဆိုပြီး ကိုယ့်အလုပ်သမားတွေကို

အစားကောင်းကောင်းတွေကျွေးပြီး ကိုယ်ကတော့

ဖြစ်သလို ခပ်ညံ့ညံ့ပဲစားနေရင်လည်း သဘာဝကျတဲ့

အပြုအမူတော့ မဟုတ်ပါဘူး။

သဘာဝမကျရင် စိတ်ပင်ပန်းရပါတယ်။

အခြေအနေ နဲ့ အချိန်အခါကြည့်ပြီး လုပ်သွားရမှာပါပဲ။


ဥပမာ မန္တလေးက စိန်တစ်လုံး သရက်သီး (၁၅) လုံး

ရောက်လာမယ်။“ငါတို့ ကိုးကွယ်တဲ့ဆရာတော်ကြီးကို

(၅) လုံးသွားလှူမယ်။

ငါတို့ မိသားစုက (၁၀) လုံးစားမယ်”ဆိုရင်

ဒါသဘာဝကျတဲ့ အပြုအမူတစ်ခုပါ။ အဲဒီလိုမှမဟုတ်ဘဲ

“(၁၅)လုံးလုံး ဆရာတော်ကြီးကိုသွားလှူ လိုက်တာပေါ့။

ငါတို့ မိသားစုကတော့ မစားပါနဲ့တော့”

ဆိုပြီး ကိုယ့်ရဲ့ သား၊သမီးလေးတွေက

စိန်တစ်လုံး သရက်သီးစားချင်လွန်းလို့

သွားရည်တများများနဲ့ ဆန့်ငင်ဆန့်ငင်

ဖြစ်ကျန်ခဲ့တာမျိုး ကျတော့လည်း သဘာဝမကျပြန်ပါဘူး။


တခါတလေ သူငယ်ချင်းဒါနကို ရွေးချယ်ရမှာဖြစ်သလို

တခါတလေကျတော့လည်း ဘဝမှာစွန့်စားမှုတစ်ခု

အနေနဲ့ အရှင်သခင်ဒါနကို တကူးတကကို

ရွေးချယ်ရမှာပါ။ တစ်ခုရှိတာက အမြဲတမ်း

ကျွန်ဒါနချည်းဖြစ်နေမယ် ဆိုရင်တော့ သံသရာအတွက်ကော၊

ပစ္စုပ္ဗန်ဘဝလူမှုနယ် ပယ်အတွက်ကော ဘယ်လိုမှ

အဆင်မပြေနိုင်ပါဘူး။


ဒါန (၃) မျိုးကတော့ ပုထုဇဉ်လူသားတစ်ယောက်အနေနဲ့

အခြေနေနဲ့ အချိန်ခါအရ တည်ငြိမ်မှုမရှိနိုင်ပါဘူး။

အခါအားလျှော်စွာ အပြောင်းအလဲတော့ ရှိနေနိုင်ပါတယ်။

အဓိကကတော့ ကိုယ်ပြုတဲ့ဒါနလေးကို မြတ်မြတ်နိုးနိုးနဲ့

တန်ဘိုးထားပြုလိုက်ဖို့ပါပဲ။


တကယ်လို့ ပစ္စည်းက တန်ဘိုးနည်းနေဦးတော့

ကိုယ့်ရဲ့စိတ်စေတနာနဲ့ အပြုအမူပိုင်းကိုတော့

တန်ဘိုးမြှင့်နိုင်သမျှမြှင့်ပြီး လှူလိုက်ရမှာပါ။


တစ်ခါတုန်းက ဦးဇင်းအရှင်ဆန္ဒာဓိကက

ဘန်ကောက်ကြွခါနီး “ဘာဝယ်ခဲ့ရဦးမလဲ” လို့မေးပါတယ်။

ဒီတော့ စာရေးသူက စာရေးသူသုံးတဲ့ သွားတိုက်တံဝယ်ခဲ့ဖို့

မှာလိုက်ပါတယ်။ ပြန်ကြွလာတော့ စံကျောင်းအပေါ်ထပ်မှာ

နှစ်ပါး တည်းပါပဲ၊ ဘယ်သူမှလည်းမရှိပါဘူး။

ပါလာတဲ့သွားတိုက်တံလေးကိုင်ပြီး

“ခဏနေပါဦး ဒီဝတ်ထားတဲ့သင်္ကန်းက ဟောင်းနေတယ်။

လျှော်ပြီးသား မီးပူတိုက်ပြီးသားသင်္ကန်းအသစ်လေး

ဝတ်ပြီးလှူရအောင်” ဆိုပြီး လျှော်ပြီးသား

သင်္ကန်းအသစ်နဲ့ ပြန်လဲပါတယ်။

ပြီးတော့ လက်ကန်တော့လေးထိုး စာရေးသူကို

ကုလားထိုင်ပေါ်မှာထိုင်ခိုင်းပြီး ဦးဇင်းအရှင်ဆန္ဒာဓိကကတော့

အောက်မှာဒူးထောက်ထိုင်ပြီး ဝယ်လာတဲ့သွားတိုက်တံ

(၄)ချောင်းကို လက်နှစ်ဖက်နဲ့ ရိုရိုသေသေ ကပ်ပါတယ်။


တကယ်တော့ ဦးဇင်းအရှင်ဆန္ဒာဓိကက စာရေးသူထက်

တစ်နှစ်ခွဲတိတိ ကြီးပါတယ်။ ကြီးပေမယ့်လည်း

အလှူခံပုဂ္ဂိုလ်ကိုအမြင့်မှာထိုင်ခိုင်းပြီး အလှူရှင်ကတော့

အောက်ကပဲထိုင်ပြီးလှူခဲ့တာပါ။

တကယ်ဆို သွားတိုက်တံရဲ့တန်ဘိုးက ဘာမှမရှိပါဘူး။

ဒါပေမယ့် ဦးဇင်းအရှင်ဆန္ဒာဓိကကတော့ ပေးလှူတဲ့

ပစ္စည်းတန်ဘိုးထက် ဒါနကုသိုလ်အကျိုးကို တန်ဘိုးမြှင့်ပြီး

ဆတိုးမက သိန်းသန်းကုဋေရအောင် ယူသွားတာပါ။


စာရေးသူသာ အလှူရှင်ဆိုရင်တော့ သွားတိုက်တံတွေကို

လက်နှစ်ဖက်နဲ့ ရိုရိုသေသေလောက်ပဲ ပေးလှူဖြစ်မှာပါ။

ဒီထက်တော့ပိုမယ်မထင်ပါဘူး။ ဦးဇင်းအရှင်ဆန္ဒာဓိကကတော့

သူ့ရဲ့ ဒါနကုသိုလ်လေးကို ရိုရိုသေသေ မြတ်မြတ်နိုးနိုးနဲ့

တန်ဘိုးထား လှူသွားခဲ့ပါတယ်။

ဒါနပစ္စည်းကို ရိုရိုသေသေလှူလိုက်တာဟာ

တခြားပုံစံတမျိုးနဲ့ပြောမယ်ဆိုရင်လည်း

“သက္ကစ္စဒါန” ဖြစ်သွားတာပါ။ သက္ကစ္စဒါနဆိုတာ

ရိုရိုသေသေလှူတဲ့ဒါနပါ။

ရိုရိုသေသေလှူရင် ဘာကောင်းကျိုးရသလဲဆိုတော့

“ရိုသေလှူငြား ကိုယ့်စကား အများနာယူကြ”ဆိုတဲ့အတိုင်း

ကိုယ့်စကားကို အများစုက နာယူကြပါတယ်တဲ့။

ကိုယ့်စကားက သြဇာညောင်းပါတယ်တဲ့။


တချို့ မိဘနဲ့သားသမီး၊ ဆရာနဲ့တပည့်၊

အလုပ်ရှင်နဲ့အလုပ်သမား သြဇာမညောင်းပါဘူး။

ပြောရဆိုရ သိပ်ခက်ခဲပါတယ်။ တချို့ကျတော့

စကားပြောရင် သြဇာသိပ်ညောင်းပါတယ်။

ဒါ သက္ကစ္စဒါန ၊ အသက္ကစ္စဒါန တို့ရဲ့ အကျိုးအပြစ်တွေပါ။


ကျေးဇူးတော်ရှင် မင်းကွန်းတိပိဋကဆရာတော်ဘုရားကြီးက

မဟာဗုဒ္ဓဝင်မှာ ဘုရားပန်းကို မလှလှအောင်၊

တင့်တင့်တယ်တယ်ဖြစ်အောင် သေချာပြင်ဆင်ပြီး

လှူတာလည်း သက္ကစ္စဒါနဖြစ်ပါတယ်တဲ့။

တချို့ဆို ဘုရားပန်းထိုး ထားတာ သိပ်လှတာပါပဲ။

မြင်ရတဲ့သူတွေအတွက် စိတ်ကြည်နူးစရာပါ။

တရားပွဲတွေမှာ ပန်းအလှတွေနဲ့ လှလှပပ

ပူဇော်ထားတာလည်း သက္ကစ္စဒါနပါပဲ။


ဒီနေရာမှာ မင်းကွန်းတိပိဋကဆရာတော်ဘုရားကြီးက

အရိုအသေပြု လှူတယ်ဆိုတဲ့နေရာမှာ လှူဖွယ်ဝတ္ထု

ပစ္စည်းကို ကောင်းမွန်စွာပြုပြင်စီမံပြီးလှူတာကို

ဆိုလိုရင်းဖြစ်တယ်လို့ မှတ်ချက်နဲ့မိန့်ပါတယ်။

တချို့က အလှူခံ ပုဂ္ဂိုလ်ကိုပြောတာလို့ ထင်မှတ်

မှားနေတတ်ကြပါတယ်တဲ့။ ဆရာတော်ဘုရားကြီးရဲ့

မှတ်ချက်ကိုသိရတော့ ကိုယ်က လှူဖွယ်ဝတ္ထုကော၊

အလှူခံပုဂ္ဂိုလ်ကော နှစ်မျိုးလုံးကို ရိုရိုသေသေ

လှူလိုက်နိုင်တယ် ဆိုရင်လည်း အတိုင်းထက် အလွန်ပါပဲ။

အထူးသဖြင့်တော့ ကိုယ့်ရဲ့လှူဖွယ်ဝတ္ထုကို

ရိုရိုသေသေမြတ်မြတ်နိုးနိုးနဲ့ လှူရမှာဖြစ်ပါတယ်။


ဥပမာ ကိုယ်အိမ်မှာနေတဲ့ အိမ်အကူကလေးမလေးတွေကို

ကိုယ့်ရဲ့လုံချည်အဟောင်းလေးတွေကို ပေးတော့မယ်ဆိုရင်

လျှော်ပြီးမီးပူတိုက်ပြီး လက်နှစ်ဖက်နဲ့ ရိုရိုသေသေ

ပေးလိုက်ရင် သက္ကစ္စဒါနဖြစ်သွားတာပါ။

အဲဒီလိုမှ မဟုတ်ဘဲ၊လျှော်ရုံလောက်သာ လျှော်ပြီး

မီးပူမတိုက်တော့ဘဲ၊ လက်တစ်ဖက်နဲ့

“ရော့…အင့်” ဆိုပြီး ပေးလိုက်မယ် ဆိုရင်တော့

သက္ကစ္စဒါန ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး။

လှူဖွယ်ဝတ္ထုက တန်ဘိုးနည်းချင်နည်းမယ်၊

ကိုယ့်ရဲ့ပေးလှူပုံ အပြုအမူကိုတော့ တန်ဘိုးမြှင့်နိုင်သမျှ

မြှင့်ပြီးလှူရမှာပါ။ ဒါတွေက သိပ်ခက်လှတဲ့ အရာတွေလည်း

မဟုတ်ပါဘူး။


တချို့ ဘုန်းကြီးဆွမ်းကပ်ပြီဆိုရင် စားပွဲပေါ်မှာ

နှင်းဆီပွင့်ဖတ်လေးတွေ ချွေပြီး အပြည့်ဖြန့်ခင်းထားပါတယ်။

စားပွဲလေးထောင့်မှာလည်း ရောင်စုံ ဖယောင်းတိုင်လေးတွေ

ထွန်းထားလိုက်ပါသေးတယ်။ ဆွမ်းဟင်းတွေကို လှလှပပ

ပြင်ရုံတင် မကပါဘူး၊ ငါးပိရည် တို့စရာကိုတောင်

အလှပုံဖေါ်ပြီး ပြင်ထားပါတယ်။ အချိုပွဲကိုလည်း ဒီအတိုင်း

အလှမျိုးစုံ ပုံဖေါ်ပြီးပြင်ထားတာပါ။

မစားဘဲ အလှထိုင်ကြည့်နေဖို့ပဲ ကောင်းပါတော့တယ်။

ဒါလည်း “သက္ကစ္စဒါန” ပါပဲ။

တနည်းအားဖြင့် ဆိုရင် “အနုပညာပါတဲ့ဒါနတစ်ခု” ပါ။


ဘာပဲပြောပြောလေ ကိုယ့်ဒါနပစ္စည်းဝတ္ထုလေးကို

နည်းတာ၊များတာအဓိကမထားဘဲ

ရိုရိုသေသေ မြတ်မြတ်နိုးနိုးနဲ့ ပေးလှူပုံ အပြုအမူပိုင်းကို

တန်ဘိုးမြှင့်နိုင်သမျှမြှင့်လိုက်ရင် ဒါနကုသိုလ်အကျိုးက

မြင့်သထက် မြင့်သွားတာပါပဲလေ။ ။

-【ဆရာတော်အရှင်ရာဇိန္ဒ(ရဝေနွယ်-အင်းမ)】

[News Watch စောင့်ကြည့်သတင်းဂျာနယ်

၇၊ ဇူလိုင်လ၊၂၀၁၅။]

[ဆရာတော်အရှင်ရာဇိန္ဒ(ရဝေနွယ်-အင်းမ)ထံမှ-

ကူးယူပူဇော်မျှဝေပါသည်။]

Comments

Popular posts from this blog

သရဏဂုံသုံးပါး ပုတီးစိပ်နည်း

ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူသော ဘုရားငါးဆူတို့၏ ကွာခြားချက်များ

ဂုဏ်တော်တစ်ထောင်ပုတီးစိပ်နည်း