ရှင်ဥပသေနထေရ်၏ ရှေးအကြောင်းကိုပြခြင်း
**********************
ရှင်ဥပသေနထေရ်၏ ရှေးအကြောင်းကိုပြခြင်း
---------------------------------
တရားစစ်သူကြီးဖြစ်သော ရှင်သာရိပုတ္တရာ၏ ညီတော်သုံးဦးတို့တွင် အရှင်ဥပသေန၏အကြောင်းကား-ပဒုမုတ္တရဘုရားလက်ထက်တော် ဟံသာဝတီပြည်ဝယ် သူကြွယ်တစ်ဦးဖြစ်၍ ရှေးအရှင်တို့၏ အလောင်းများကဲ့သို့ ဘုရားထံသို့ချဉ်းကပ်၍ တရားတော်မြတ်ကို နာသဖြင့် သရဏဂုံပဉ္စသီ၌ တည်၏။
ကုသိုလ်နှင့်ဆုတောင်း
………………………
တစ်ရံသောအခါ မြတ်ဘုရားသည် တစ်ခုသောတောအုပ် တောင်ဝှမ်း၌ နေသန့်တော်မူသည်ကို ထိုသူကြွယ်သည် တောလည်သွားသည်နှင့်မြင်လျှင် ထက်ဝန်းကျင်သောတောအုပ်၌ ရှိသော မဟာလှေခါးပန်းတို့ကိုဆွတ်ခြွေ၍ ဘုရားရှင်၏ နေရာတော်ကိုလည်းခင်း၏။ပန်းထီးပြု၍လည်း မိုးကာ၏။ မြို့သို့ပြန်သောအခါ များစွာသောဆွေမျိုးတို့အား နှိုးဆော်တိုက်တွန်း၍ ဆွမ်းအဖျော်တို့ကိုစီရင်လျက် ဘုရားရှင်နှင့်တကွသော သံဃာတော်အပေါင်းတို့အား ဆွမ်းလောင်းခြင်းကိုပြု၏။ မိမိအိမ်၌လည်း ရှစ်ပါးသောသံဃာတို့ကိုပင့်၍ အမြဲဆွမ်းလုပ်ကျွေး၏။ တစ်ရံသောခါ ဘုရားရှင်သည် တစ်ဦးသောသံဃာအား သမန္တပါသာဒိက ဧတဒဂ်အရာ၌ ထားသည်ကိုမြင်၍ "ဤအရှင်ကဲ့သို့ နောင်ဘုရားတို့၏သာသနာ၌ ဖြစ်ရပါလိုသော" ဟုဆုတောင်း၏။ဘုရားရှင်လည်း ယခင်မထေရ်ကဲ့သို့ ဗျာဒိတ်ကြားတော်မူသတည်း။
နောက်ဆုံးဘဝ ရဟန်းပြုပုံ
…………………………
ထိုအဖြစ်မှ စုတေခဲ့သော် ယခင်ပြုခဲ့သောကောင်းမှုအရင်းကြောင့် နတ်တကာတို့ကိုပိုင်နင်းသော နတ်မင်း၏အဖြစ် အကြိမ်သုံးဆယ်, စကြဝတေးမင်းအဖြစ် ၂၁ ကြိမ်, ပဒေသရာဇ်. ဧကရာဇ်, သူဌေး . သူကြွယ်တို့၏အဖြစ်သည် မရေမတွက်နိုင်ဖြစ်ခဲ့၍ ငါတို့ဘုရားရှင် လက်ထက်တော်၌ ရာဇဂြိုဟ်ပြည်၏အနီး နာဠန္ဒ မည်သော ရွာကြီး၏တံခါး၌ ဝင်္ကန္တပုဏ္ဏား၏မယား သာရီ မည်သော ပုဏ္ဏေးမဝမ်း၌ ပဋိသန္ဓေနေလာ၍ ဖွားသောအခါ ဥပသေန ဟူသော အမည်ကိုမှည့်၏။ အရွယ်ရောက်သောအခါ ဗေဒင်သုံးပုံကိုသင်၍ ကျွမ်းကျင်လိမ္မာသတည်း။ အစ်ကိုကြီးဖြစ်သောရှင်သာရိပုတ္တရာသည် ရဟန်းပြု၍ အဂ္ဂသာဝကကြီးအဖြစ်သို့ရောက်လျှင် နောင်တော်ကို ကြင်နာသောအားဖြင့် ဘုရားကျောင်းတော်သို့ တစ်လတစ်ကြိမ် လာသတည်း။ တရားတော်ကိုနာသဖြင့် သာသနာ၌ သဒ္ဓါတရား ဖြစ်ပွားလေ၍ ထိုနေ့ပင်လျှင် ဝင်၍ ရဟန်းပြုလေ၏။
တပည့်ကြောင့် ကဲ့ရဲ့ခံရပုံ
…………………………
ယင်းသို့ရဟန်းပြု၍ တစ်ဝါရလျှင်ပင် ငါသည်ဘုရားသာသနာတော်၌ အရိယာဖြစ်သောပရိသတ်ကို ပွားစေအံ့ဟုနှလုံးထား၍ တစ်ဦးသော အမျိုးကောင်းသားအား ရဟန်းပြု၍ပေး၏။ ထိုဆရာတပည့်နှစ်ဦးသည် ဝါကျွတ်သောအခါ မြတ်စွာဘုရားကိုပူဇော်ခြင်းငှာလာခဲ့၍ ဘုရားရှင်အား ရှိခိုးပူဇော်လေသော် ကိုယ်တော်မြတ်သည်လည်း မေးအပ်သော ပဋိသန္ဓာရစကားတို့ကိုမြွက်ကြားတော်မူပြီး၍ "ချစ်သား ဥပသေန…သင်ကား အဘယ်မျှ ဝါရပြီနည်း"ဟု မေးတော်မူ၏။ နှစ်ဝါရကြောင်းကိုလျှောက်လျှင် "သင်နှင့်အတူပါသောရဟန်းကား အဘယ်မျှဝါပြီနည်း" ဟု မေးတော်မူပြန်လျှင် တစ်ဝါသာ ရကြောင်း, သဒ္ဓိဝိဟာရိက တပည့် ဖြစ်ကြောင်းကိုလျှောက်လျှင် ဘုရားသခင်လည်း "ချစ်သား ဥပသေန…သင်၏အစီးအပွားဖြစ်သော မဂ်ဖိုလ်တရားကိုမရှာဘဲ လျင်စွာပရိသတ်ပွားစေခြင်းငှာ အဘယ့်ကြောင့်လှည့်လည်ပါဘိသနည်း။ သင်ကား သူတစ်ပါးဆုံးမထိုက်သေးသောသူသာဖြစ်ပါလျက် အဘယ့်ကြောင့် သူတစ်ပါးကိုဖျက်ဆီးခြင်းငှာ အားထုတ်သနည်း" ဟု ကဲ့ရဲ့တော်မူ၍ သိက္ခာပုဒ်ကို ပညတ်တော်မူ၏။
ထိုအခါမှစ၍ အရှင်ဥပသေနလည်း "ငါ့အား ဘုရားသခင်သည် ပရိသတ်ကိုမှီ၍ ယခုကဲ့ရဲ့တော်ချေသည်။ နောင်သောအခါ ပရိသတ်ကိုမှီ၍ပင် လပြည့်ဝန်းနှင့်တူသောရွှေမျက်နှာတော်ဖြင့် အံ့သြချီးမွမ်းခြင်းကိုရအောင် ငါလုံ့လပြုအံ့" ဟု ကြံပြီးလျှင် ဘုရားသခင်ကိုပူဇော်ခဲ့၍ မိမိနေရာသို့ပြန်လာ၏။ကျောင်းသို့ ရောက်သောအခါ ကမ္မဋ္ဌာန်းဝိပဿနာကို လွန်စွာအားထုတ်သဖြင့် မကြာမီပင် အရဟတ္တဖိုလ်သို့ရောက်၏။ ထိုအခါမှစ၍ မိမိအထံသို့ ဆည်းကပ်လာသော ဥပါသကာ ဥပါသိကာမတို့အား ကာမာဒိနဝ, နေက္ခမ္မာနိသံသ စသောတရားတို့ကိုဆန်းကြယ်စွာဟောကြား၏။
တပည့်ကြောင့် ချီးမွမ်းခံရပုံ
…………………………
ထိုအရှင်ကား ကြီးမားမြင့်မြတ်သောအမျိုးမှ ရဟန်းပြုသော ပုဂ္ဂိုလ်ဖြစ်၍လည်းကောင်း နှစ်သက်ဖွယ်သောတရားစကားကို ဟောကြားပြသတတ်သောကြောင့်လည်းကောင်း ရှင်ဥပသေန၏တရား၌ ကြည်ညိုသောအားဖြင့် များစွာသောသူတို့သည် ရဟန်းပြုကြကုန်သတည်း။ ပြုတိုင်း ပြုတိုင်းသောသူတို့အားလည်း "ငါကား အာရညကင်ဓုတင်ဆောင်သည်, သင်တို့လည်း အာရညကင်ဓုတင် ဆောင်ကြပါမူ ငါ့ထံ၌ရဟန်းပြုလော့ဟူ၍ လည်းကောင်း, ငါသည် သပဒါနဓုတင်ဆောင်သည် သင်တို့လည်း ငါကဲ့သို့ဆောင်ကြပါမူ ငါ့ထံ၌ရဟန်းပြုလော့ ဟူ၍လည်းကောင်း ဓုတင် တေရသတို့၌ အသီးသီးဝန်ခံစေပြီးမှ ရဟန်းပြုပေးသတည်း။ မိမိသည် ဆယ်ဝါပြည့်၍ ထေရသမ္မုတိကိုရသောအခါ ဝိနည်းဒေသနာကို ဝါစုဂ္ဂတပြုလျက် အလုံးစုံသောသူတို့အား ပဉ္စင်းခံစေကုန်၏။ ယင်းသို့ပဉ္စင်းခံစေ၍ အခြံရံဖြစ်သောရဟန်းတပည့် ငါးရာမျှ ရှိလတ်သော် ဘုရားကိုယ်တော်မြတ်ကိုဖူးမြင်ခြင်းငှာ ကျောင်းတော်သို့လာခဲ့၏။
ထိုအခါဘုရားရှင်လည်း ဇေတဝန်ကျောင်းတော်တွင် သီတင်းသုံး နေတော်မူ၍ ဘိက္ခုသံဃာအပေါင်းတို့ကို စည်းဝေးစေပြီးလျှင် "ချစ်သားတို့…ငါဘုရားသည် လခွဲကာလပတ်လုံးဆိတ်ငြိမ်ရာ၌ ကိန်းအောင်းခြင်းငှာ အလိုရှိတော်မူ၏။ ဆွမ်းဆောင်သောရဟန်းမှ တစ်ပါးသောရဟန်းသည် ငါဘုရားကိုမဖူးမြင်စေအပ်, အကြင်ရဟန်းသည် ဖူးမြင်လာငြားအံ့, ပါစိတ်အာပတ်သင့်စေ" ဟု ကတိကဝတ်ထား၍ ဘုရားကိန်းအောင်တော်မူသောအခါတွင် အရှင်ဥပသေနမထေရ်ရောက်လာသည်နှင့် မြတ်စွာဘုရားအား ဝင်၍ဖူးမြင်လေသော် ကိုယ်တော်မြတ်သည်လည်း အရပ်ရပ်ရှိသော အာလာပ သလ္လာပစကားကို ဆိုတော်မူပြီး၍ တစ်ဦးသောရဟန်းငယ်အား "သင်သည် ခေါင်းပါးသောပံ့သကူသင်္ကန်းကိုအဘယ့်ကြောင့်ဆောင်သနည်း" ဟု မေးတော်မူသော် "ဥပဇ္ဈာယ်ဆရာက ငါကဲ့သို့ဆောင်မှ ငါ့ထံ၌ ရဟန်းပြုရမည်ဟု ပညတ်သောကြောင့် တပည့်သံဃာငါးရာလုံးပင် အရှင်ဥပသေနကဲ့သို့ အာရညကင်ဓုတင်ဆောင်ရပါသည်, သောသာနိကဓုတင်ဆောင်ရပါသည်။အဗ္ဘောကာသိကဓုတင်, ရုက္ခမူဓုတင်, နိသဇ္ဇိကဓုတင်, တေစီဝရိကဓုတင်,ပံ့သကူဓုတင်, ပိဏ္ဍပတ်ဓုတင်,သပဒါနစာရိကဓုတင်,ဧကာသနိက်ဓုတင်, ပတ္တပိုဏ်ဓုတင်, ခလုပစ္ဆာဓုတင်, ယထာသန္တတိဓုတင်တို့ကို စွမ်းနိုင်သမျှ ဂရုဂါရဝအားဖြင့် ဆောင်ရပါသည်" ဟု နားတော် လျှောက်တင်သော် ဘုရားသခင်လည်း ရွှင်လှသောမျက်နှာတော်ဖြင့် သုံးကြိမ်သာဓုခေါ်၍ ကောင်းချီးပေးတော်မူသည်။ ယင်းသို့ချီးမွမ်းပြီးမှ အရှင်ဥပသေနအား သမန္တပါသာဒိက ဧတဒဂ်အရာ၌ ထားတော်မူသတည်း။
[ဤကား အကျဉ်းတည်း။ အကျယ်လိုမူ ဝိနည်းပါဠိတော်၌ ယူပါ]
Comments
Post a Comment