အမျှဝေနည်းလမ်းညွှန်

အမျှဝေနည်းလမ်းညွှန်

သာမန် လူမျက်စိဖြင့် မမြင်နိုင်သော ၃၁-ဘုံသားတို့၏ ဖြစ်တည်နေမှုများ၊ ဆင်းရဲပင်ပန်းနေမှုများတို့ကို မြင်နိုင်စွမ်းသော ဆရာတော်၏ သီလ၊ သမာဓိ၊ ပညာတို့သည် အလွန်ကြီးမားပါသည်။

ဆရာတော်သည် ထိုအပါယ်ဘုံသားတို့၏ ထိတ်လန့်ဖွယ်ရာ ဒုက္ခများကို သိရ မြင်ရ၍လည်း ဒကာ ဒကာမအပေါင်းအား ထိုဘုံဘဝသို့ မရောက်စေခြင်းငှာ တစ်ခုတည်းသော ကယ်တင်နိုင်သည့် ဝိပဿနာတရားကို စိတ်ရောကိုယ်ပါ ဟောပြော ပြသ၊ ညွှန်ကြားဆုံးမ၍ ကျင့်ကြံအားထုတ်စေခြင်း ဖြစ်ပါသည်။

ရခဲလှစွာသော လူ့ဘဝရခိုက် မိမိကိုယ်မိမိ ကယ်တယ်နိုင်ရန် တစ်ခုတည်းသော လမ်းဖြစ်သည့် မြတ်စွာဘုရားရှင် ဟောပြော ပြသသွားသော မဂ္ဂင်ကျင့်စဉ်ကို အကောင်အထည်ဖော်ပေးနေသူတစ်ဦး ဖြစ်ပါသည်။

များပြားလှစွာသော ပုထုဇဉ်တို့သည် သေလွန်သည့်အခါ အထက်သို့ မရောက်ဘဲ အောက်သို့ စုန်သွားသည်က များလေသည်။
အထူးသဖြင့် သားစွဲ သမီးစွဲ ပစ္စည်းဥစ္စာစွဲ စသည်ဖြင့် တစ်ခုခု စွဲလမ်းကာ သေလွန်၍ မကျွတ်မလွတ်ဘဲ ပြိတ္တာဘုံ ရောက်ရသူများ များစွာရှိပါသည်။

တစ်ချို့သော ပြိတ္တာများမှာ လူပုဂ္ဂိုလ်တို့ ကောင်းမှုကုသိုလ်ပြုလုပ် အမျှပေးဝေသည်ကို ကြားသိပါက သာဓုခေါ်ကာ ပြိတ္တာဘဝမှ ကျွတ်လွတ်နိုင်ပါသည်။

ထို့ကြောင့် ဆရာတော်က ထိုအပါယ်ဘုံသားတို့အပေါ် ကရုဏာထား၍ ကျွတ်လွတ်စေခြင်းငှာ မှန်ကန်သော နည်းဖြင့် အမျှဝေတတ်ရန်၊ သာဓုခေါ်တတ်ရန် ဒကာ ဒကာမတို့အား သင်ကြားပေးခဲ့ပါသည်။

ဆရာတော်၏ ရှင်းပြချက်အရ အချို့သော ပြိတ္တာများမှာ အမျှပေးသံကြားလျှင် သာဓုခေါ်ပြီး ကျွတ်နိုင်သော်လည်း အခြားပြိတ္တာတို့က အမျှပေးသံ မကြားရအောင် နားကို အတင်းပိတ်ထား ခံရခြင်း၊ သာဓု မခေါ်နိုင်ရန် ပါးစပ်အပိတ်ခံထားရခြင်းများ ရှိကြောင်း သိရ၏။

ထို့အတွက်ကြောင့် ဆရာတော်က “ကြားကြားသမျှ”အပြင် “ရှိရှိသမျှ”ဟူသော စာသားကိုပါ ထည့်ဆိုစေပါသည်။

ထို့ပြင် မိမိပြုလုပ်ထားသော ဒါန ကောင်းမှု၊ ပွားများအားထုတ်ထားသော သီလ ဘာဝနာ ကောင်းမှုတို့ကိုလည်း အာရုံ စူးစိုက်ထားရပါမည်။

အရှင်သာရိပုတ္တရာကိုယ်တော်မြတ်
သည် လွန်ခဲ့သော ဘဝငါးရာက မိခင်တော်စပ်သူ ပြိတ္တာမ၏ အမျှဝေရန် တောင်းပန်လျှောက်ထားသံကို ကြားသော် သပိတ်ဆွဲ၍ ဆွမ်းခံကြွတော်မူပါသည်။ ထိုမှ ရလာသော ဆွမ်းများကို တောထဲမှာ တရားအားထုတ်နေသော သံဃာတော် ၅-ပါးတို့အား ခွဲ၍ လှူဒါန်းပါသည်။ ထိုဆွမ်းတို့အပြင် ဒကာတစ်ဦး လှူဒါန်းလိုက်သော ပိတ်စတစ်စကိုလည်း သံဃာတော် ၅-ပါးထဲမှ သက်တော်အကြီးဆုံး သံဃာအား လှူဒါန်းပါသည်။ ထိုသို့ လှူဒါန်းပြီးမှ ပြိတ္တာမ ရှိသော နေရာသို့ ပြန်လာပြီး ပြုလုပ်ခဲ့သော ဒါနကုသိုလ်တို့ကို ပြိတ္တာမအား ပြောပြ၍ အမျှပေးပါသည်။

ပြိတ္တာမလည်း ဝမ်းမြောက်စွာ သာဓုခေါ်အပြီး ပြိတ္တာဘဝမှ ကျွတ်လွတ်ကာ အထက်ဘုံသို့ တက်လှမ်းသွားပါသည်။

ထိုသာဓကကို ကြည့်ခြင်းအားဖြင့် ရဟန္တာအရှင်မြတ်ကြီးသည်ပင်လျှင် အမျှမဝေမီ အာရုံယူစရာ ကောင်းမှုကုသိုလ်အလုပ်ကို လုပ်သောကြောင့် ကျွန်မတို့အနေဖြင့်လည်း အမျှမဝေမီ ဒါန၊ သီလ၊ ဘာဝနာ ကောင်းမှုတို့ ပြုလုပ်ရန် လိုအပ်ပါသည်။

ထိုသို့ ကုသိုလ်ကောင်းမှုများ ပြုလုပ်ပြီး အမျှဝေသည့်အခါမှာလည်းကောင်း၊ သာဓုခေါ်ရာ၌လည်းကောင်း၊ စိတ်က ဟိုရောက်ဒီရောက်နှင့် တစ်ချို့ဆိုလျှင် စကားပြောနေရင်း တန်းလန်းနှင့် အမျှဝေခြင်း၊ သာဓုခေါ်ခြင်းများ မပြုလုပ်သင့်ကြောင်း ဆရာတော်က ရှင်းပြပါသည်။

ထိုသို့ ပြုလုပ်ခြင်းသည် မိရိုးဖလာ အမျှဝေခြင်း၊ သာဓုခေါ်ခြင်းသာ ဖြစ်၍ စွမ်းအား မရှိနိုင်ပါ။

အမှန်တကယ် ပြုလုပ်သင့်သည်မှာ ပထမအကြိမ် အမျှဝေပါက အထက်(ဘုံများ)သို့ စိတ်အာရုံညွှတ်ထားရပါမည်။
ဒုတိယအကြိမ် အမျှဝေပါက အောက်သို့ (အပါယ်လေးဘုံ) အာရုံညွှတ်ထားရပါမည်။
တတိယအကြိမ် အမျှဝေပါက မိမိ၏ ရှေ့, နောက်, ဝဲယာရှိ အနန္တ စကြာဝဠာသို့ အာရုံပြုထားရပါမည်။
အသံကိုလည်း ဖြည်းဖြည်းသာသာ ရွတ်ဆိုရပါမည်။
သာဓုခေါ်ရာ၌လည်း အလားတူ အာရုံပြုမှု၊ ရွတ်ဆိုမှုများ ပြုလုပ်ရပါမည်။

ဝိပဿနာ ကျင့်ကြံအားထုတ်ထားသော ပုဂ္ဂိုလ်သည် သူ၏ သန္တာန်၌သီလ၊ သမာဓိ၊ ပညာအားဖြင့် ပြည့်စုံနေရကား အထက်သို့ စိတ်ကို ညွှတ်က ဘဝဂ်တိုင် ပေါက်ထွက်နိုင်ပါသည်။ အောက်သို့ စိတ်ကို ညွှတ်က အဝီစိတိုင် ရောက်ပါသည်။

ထို့ပြင် တောထဲ တောင်ထဲတွင် တရားအားထုတ်နေကြသော ရဟန္တာပုဂ္ဂိုလ်များ၊ အရိယာသူတော်ကောင်းများတို့သည် ၃၁-ဘုံသားတို့အား မေတ္တာစွမ်းအား ပေးလျက်ရှိကြကြောင်း ဆရာတော်က ရှင်းပြပါသည်။

ထိုအရိယာသူတော်ကောင်းတို့ ပို့သသော မေတ္တာကိုလည်း အမျှပေးဝေရပါမည်။

ဆရာတော်ထံမှ နာယူမှတ်သားခဲ့ရသော အမျှပေးခြင်း၊ သာဓုခေါ်ခြင်း (စာသား)ကို ဓမ္မမိတ်ဆွေများ သိရှိနိုင်ရန် အောက်တွင် ဖော်ပြ ရေးသားလိုက်ပါသည်။

အားလုံး ကြားကြားသမျှ ရှိရှိသမျှ ကုသိုလ်
အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့ ။
အရိယာသူတော်ကောင်းတိုပ ပို့သသော မေတ္တာနှင့် အကျွန်ုပ်တို့ (ပြုလုပ်) အားထုတ်ရသော ကုသိုလ်မှန်သမျှတို့ကို ဝမ်းမြောက်ဝမ်းသာစွာ ပေးဝေပါကုန်၏၊
သာဓု သာဓု သာဓု

Credit: Young Buddha Association. 



 

Comments

Popular posts from this blog

သရဏဂုံသုံးပါး ပုတီးစိပ်နည်း

ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူသော ဘုရားငါးဆူတို့၏ ကွာခြားချက်များ

ဂုဏ်တော်တစ်ထောင်ပုတီးစိပ်နည်း