ကာကဝလိယ သူဌေးကြီး၏ ရှေးအကြောင်းကိုပြခြင်း

ဂေါတမဗုဒ္ဓဝင် (အပိုင်း ၈၂)

********************

ကာကဝလိယ သူဌေးကြီး၏ ရှေးအကြောင်းကိုပြခြင်း

--------------------------------------

ဆင်းရဲလှပုံ

……………

ရာဇဂြိုဟ်ပြည်တွင် ဆင်းရဲစွာသောပုဏ္ဏားလင်မယားနှစ်ဦးတို့သည် ရှိကုန်၏။ထိုနှစ်ဦးတို့တွင် လင်ပုဏ္ဏားသည် နေ့တိုင်းနေ့တိုင်း နံနက်စောစွာက တောသို့သွားလေ၍ ထင်းခွေခဲ့ပြီးလျှင် မြို့တွင် ရောင်းချ၍ တစ်ကွမ်းစားမျှသောဆန်ကိုရသဖြင့် မွန်းတည့်နီးအခါမှ အိမ်သို့လာ၍ နံနက်စာထက်ဝက် ညဉ့်စာ ထက်ဝက်ထား၍စားရ၏။ မယားပုဏ္ဏေးမလည်း သူတစ်ပါးအိမ်၌ စပါးထောင်း ဆန်ဖွပ် ငှား၍ သနားပေးကမ်းသမျှသောဥစ္စာကို ဟင်းလျာတို့ပြု၍ ကြွင်းကျန်သည်ကိုစုပြီးမှ အဝတ်တန်ဆာဝယ်ရ၏။ ထိုသူတို့၏ အိမ်၌ကား စားစရာထမင်းမျှမကြွင်းကျန်သည်သာများသောကြောင့် ကျီးငှက်မျှမနားလို, ကျီးငှက်တို့ကိုအစောင့်လွတ်ရကား ကာကဝလိယပုဏ္ဏဟု ခေါ်စမှတ်ပြုကြ၏။

တစ်ရံသောအခါ အရှင်သာရိပုတ္တရာသည် နိရောဓသမာပတ်မှ ထတော်မူပြီး ချီးမြှောက်အပ်သောဝေနေယျတို့ကို ကြည့်ရှုတော်မူလျှင် ကာကဝလိယသူဆင်းရဲလင်မယားတို့ကိုမြင်လျှင် "ဤသူတို့ကား ရှေးပြုဖူးသောကံဟောင်းရှိလျက် တစ်ခုသောမကောင်းမှု နှိပ်စက်သောကြောင့် ဖုံးဝှက်အုပ်ထားသောမီးကဲ့သို့ မကြီးပွားနိုင်ရှိချေသည်။ ငါသွား၍ချီးမြှောက်ရမှ ဒိဋ္ဌဓမ္မပင် သုခသမ္ပတ္တိကိုရရာ၏"ဟု ကရုဏာဉာဏ်တော်သက်သဖြင့် နံနက်အခါ၌ ဆွမ်းခံကြွလာတော်မူ၏။


စိတ်တူသော ဇနီးမောင်နှံ

…………………………

သူဆင်းရဲမလည်း လင်ယောက်ျားအလို့ငှာ ထက်ဝက်သောယာဂုကို ချက်ပြီးလျှင် ခရီးမကိုမျှော်လျက်နေသဖြင့် သပိတ်ပိုက်ကာ ရပ်လာသော အရှင်သာရိပုတ္တရာကိုမြင်လျှင် ကြည်လင် နူးညွတ်လှသော သဒ္ဓါတရားရှိသည်ဖြစ်၍ "ရှေးရှေးသောနေ့တို့၌ အရှင်ကောင်းကိုမြင်လျှင်လည်း အိမ်တွင် အလှူဝတ္ထုမရှိ, ဝတ္ထုရှိခိုက်ဖြစ်လျှင်လည်း အရှင်ကောင်းကိုမတွေ့ရ, ယနေ့မူကား အလှူဝတ္ထုလည်းပြည့်စုံ, အရှင်ကောင်းနှင့်လည်း ကြုံပေသည်, ဤအခါမှငါမလှူချေမူ အဘယ်မှာဒါနဖြစ်နိုင်တော့အံ့နည်း"ဟု ကြံ၍ အရှင်မြတ်ထံသို့ကပ်ပြီးလျှင် ပဉ္စပတိဋ္ဌတို့ဖြင့်ရှိခိုး၍ "အရှင်ဘုရား အကျွန်ုပ်တို့အားသနားတော်မူပါသဖြင့် အကျွန်ုပ်အလှူကိုခံတော်မူပါ" ဟု လျှောက်၍ သပိတ်တော်၌ယာဂုအိုးကိုမှောက်၍ လောင်းပေ၏။ ထိုသို့လောင်းပြီးမှ "ဤပုညကြောင့် ဒိဋ္ဌဓမ္မပင် ဒုက္ခကင်းလွတ်ရပါစေသော"ဟု ဆုတောင်း၏။ အရှင်သာရိပုတ္တရာလည်း "ဒါယိကာမတောင်းသောဆုအတိုင်း ပြည့်စုံစေ"ဟု ဆုပေး၍ကြွတော်မူ၏။ ထင်းခွေရာမှပုဏ္ဏား ပြန်လာသောအခါလည်း ထိုအခြင်းအရာကို ပြန်ကြားက လင်မယားနှစ်ဦးပင် ဝမ်းမြောက်ဝမ်းသာရှိကြသတည်း။


ထမင်းပို့မသွားဝံ့ကြပုံ

………………………

ထိုနေ့၌ ဗိမ္ဗိသာရမင်းကြီးလည်း ရထားစီး၍မြို့ကိုလှည့်ရာတွင် သုသာန်ပြင်၌ တံကျင်လျှို၍ထားသော ယောက်ျားတစ်ဦးသည် သေခြင်းသို့မရောက်သေးသည်နှင့် မင်းကြီးလာသည်ကိုမြင်လျှင် "အရှင်မင်းကြီး…အကျွန်ုပ်အား မသေမီထမင်းတစ်နပ်စာနှင့် ရေတစ်မှုတ်မျှ သနားတော်မူပါ"ဟု လျှောက်၏။ မင်းကြီးလည်း ထိုသူအားအလွန်သနားတော်မူလှ၍ ငါ့တွင်ယခုထမင်းမပါလာပြီ, နန်းတော်သို့ကျသောအခါမှ ပို့စိမ့်မည် ဆို၍ သွားလေသဖြင့် နန်းတော်သို့ရောက်ျသာအခါလည်း များစွာသော ကချေသည် မောင်းမတို့ ခယဖျော်ဖြေသည့်ကိစ္စကြောင့် မေ့လျော့သဖြင့် နေဝင်သောကာလ သတိရလတ်သော် မင်းချင်းတို့ကိုခေါ်၍ " ငါ ဝန်ခံတော်မူခဲ့သော ကတိရှိပေသည်, သုသာန်ပြင်၌ တံကျင်လျှို၍ထားသောယောက်ျား၏အထံသို့ ထမင်းနှင့်ရေကို ပို့ပါချေ" ဟု စေ၏။

မင်းချင်းတို့လည်း မည်သူမျှမသွားဝံ့ကြ, အဘယ့်ကြောင့်နည်း ဟူမူကား မြို့တံခါး ထန်းနှစ်ပင်၌နေသော ဒီဃတာလ အမည်ရှိသော ဘီလူးကို "နေဝင်သည်မှစ၍ အရုဏ်တက်သည့်တိုင်အောင် မြို့တံခါးမှထွက်သောသူ, ဝင်သောသူတို့ကို သင်ဖမ်းယူ၍ စားဘိလော့"ဟု မင်းကြီးအပိုင်စားပေးထား၏။ ထို့ကြောင့် မသွားဝံ့ကြသတည်း။


မယ်ကာက ထမင်းပို့သွားပြီ

……………………………

ထိုအခါ မင်းကြီးလည်း ကတိပျက်မည်ကိုစိုး၍ "သုသာန်ပြင်သို့ သွားဝံ့သောသူကို အသပြာတစ်ထောင်ပေးမည်"ဟု စည်လည်စေသော် ကာကဝလိယသူဆင်းရဲမကြား၍ "ငါသွား၍ ပို့ချေအံ့"ဟု လင်ယောက်ျားကိုတိုင်ပင်လျှင် "ရှင်မသွား၍ ဘီလူးစားခဲ့သော် ငါကား ဘယ်သို့အသက်ရှင်ရတော့အံ့နည်း, ကိုယ်ပင်ဆင်းရဲငြားသော်လည်း ငါတို့လင်မယားအတူနေရမူ စိတ္တသုခရှိပါသေး၏။ အသင်မှသေချေမူ လူပြည်တွင်ငါမနေနိုင်ပြီ, ထို့ကြောင့် ဥစ္စာကိုမမက်ပါလင့်"ဟု ဆို၏။သူဆင်းရဲမကလည်း "မကြောက်ကြလင့်, ဘီလူးမစားရအောင် ငါကြံနိုင်၏" ဟု ဆို၍ မင်းကြီးထံသို့ရောက်လေလျှင် "ကျွန်တော်မ သွား၍ပို့ပါမည်" ဟု ဝန်ခံ၏။ မင်းကြီးလည်းအလွန်ဝမ်းသာလျက် တစ်ယောက်စာ ထမင်းကို ခွက်တွင်း၌ထည့်၍ ရေအိုးနှင့်တကွပေး၏။ သူဆင်းရဲမကလည်း "မင်း လက်ဆောင်ပီပြင်စွာ ဤထမင်းကို မနောလင်ပန်းဖြင့်ထည့်၍ သနားတော်မူပါ"ဟု လျှောက်၏။ မင်းကြီးကလျှောက်တိုင်းပေးလေလျှင် လင်ပန်းကိုရွက်၍ တဘက်ကိုခါးပန်းလျက် ရေခွက်ရေအိုးတို့ကိုဆွဲပြီးလျှင် အစဉ်အတိုင်း ထွက်သွား၍ တံခါးဝသို့ရောက်လတ်သော် ထန်းပင်၌နေသော ဒီဃတာလဘီလူးသည် ကိုယ်ထင်ပြလျက် "ဟယ်…မိန်းမ…သင်ကား ငါ့အစာဖြစ်ပြီ ရပ်လော့, ရပ်လော့"ဟု ဆို၏။


သတင်းပို့ခဲ့ပုံ

……………

ထိုအခါ သူဆင်းရဲမကလည်း "အမောင် ဒီဃတာလ သူတစ်ပါးကို စွားခွင့်ရသော်လည်း ငါ့ကိုသင်မစားပိုင်ချေ, သင်သည်လည်း ပြည့်ရှင်မင်းကြီး၏အမှုထမ်းကျေးဇူးခံ, ငါလည်း မင်းကြီး၏ တမန်တော်ဖြစ်သည်, ငါ့စကားကိုမယုံသော် ငါ့တွင်ပါသော မနောလင်ပန်းကိုကြည့်ဦးလော့"ဟု ဆို၏။ထိုစကားကိုကြားလျှင် ဒီဃတာလဘီလူးကလည်း ဟုတ်ရာပေ၏, သို့ရာတွင် ငါတို့မင်းကြီးတမန်တော်ဖြစ်လျှင် တမန်အင်္ဂါနှင့် ပြည့်စုံရာပေလတ္တံ့ ငါမှာလိုသော သတင်းစကားကိုလည်း မှာထားလိုက်အံ့ဟု ကြံလျက် "တမန်မိန်းမ မင်းကြီးကစေလွှတ်မူသွားလော့, ငါ၏ သတင်းစကားကိုလည်း ကြားခဲ့စေချင်သည်"ဟု ဆို၏။ "အဘယ်ကိုကြားရအံ့နည်း"ဟု မေးလျှင် "သုသာန်ပြင်၏အနီး မန်ကျည်းပင်ကြီးခုနစ်ပင်၌စောင့်နေသော သုမနနတ်မင်းကြီးအား သင်နတ်မင်း၏သမီး ဒီဃတာလ၏မယားဖြစ်သော ကာလီ မည်သော နတ်သမီးဝယ် စင်ကြယ်လှပသောသားကောင်းရတနာကို ယနေ့ မျက်နှာမြင်ပါကြောင်းကို လျှောက်လိုက်ပါသည်ဟု ပြန်ကြားပါလေ" ဟူ၍ မှာလိုက်၏။

သူဆင်းရဲမလည်း "ကောင်းပြီ"ဟု ဝန်ခံ၍ လာခဲ့ပြီးလျှင် တံကျင်လျှိုထားသောသူအား စားဖွယ်ထမင်းနှင့်ရေကိုပေးပြီးလျှင် မန်ကျည်းပင်အောက်သို့လာ၍ ဒီဃတာလမှာလိုက်သောစကားကို ပြောကြားလေ၏။


နတ်တို့ မ စ ခြင်း

…………………

သုမနနတ်မင်းကြီးလည်း အလွန်ဝမ်းမြောက်ရကား ထင်ရှားစွာသော ကိုယ်ကိုပြလျက် "သုတမင်္ဂလာစကားကို ငါ့အားသင်လျှောက်သည်, သင့်ကို ငါဆုပေးမည်, ငါ့မန်ကျည်းပင်ခုနစ်ပင်တွင် တစ်ပင်စီ တစ်ပင်စီအရင်း၌ ရွှေအိုးနှစ်လုံးစီရှိသည်ကို နံနက်အခါ လာ၍ ဖော်လှည့်လော့" ဟု ဆိုပေ၏။

ထိုသူဆင်းရဲမလည်း သုမနနတ်မင်းကြီးအား ရှိခိုးလျက် "ကောင်းပြီ" ဟု ဝန်ခံ၍ လာခဲ့ပြီးလျှင် မြို့ဝင်တံခါးဝသို့ရောက်သောအခါ ဒီဃတာလ၏နေရာထန်းပင်သို့ကပ်၍ "အရှင်နတ်မင်း အရှင်မှာလိုသောသတင်းစကားကို အကျွန်ုပ်ပြောကြားခဲ့ပါပြီ, အရှင့်ယောက္ခမ သုမနနတ်မင်းက ကောင်းမြတ်လှသော သုတမင်္ဂလာကို အခါမဲ့ ငါ့အားပြောကြားလာပေသည်ဟု ဝမ်းမြောက်ဝမ်းသာရှိလှ၍ ကျွန်တော်မအား များစွာသောရွှေအိုးတို့ကို ဆုပေးလိုက်ပါသည်"ဟု ပြန်ဆိုသော် ဒီဃတာလလည်း ငါ့ယောက္ခမပင် ဤမျှဆုပေးပေသည်, ငါ စေရင်းသူကား ထို့ထက် အဆသာ၍ ပေးဖွယ်ရှိသည်ဟု ကြံလျက် "နက်ဖြန် ငါ့ထန်းပင်ရင်း၌လည်း ရွှေအိုးကြီးလေးလုံးကိုတူးယူလှည့်လော့" ဟု ဆိုလိုက်ပြန်၏။


သူဌေးကြီး ဖြစ်ပြီ

…………………

ထိုမှသည် အစဉ်အတိုင်းဝင်လာ၍ ဗိမ္ဗိသာရမင်းကြီး၏အထံသို့ ရောက်သောအခါ ရိုသေစွာရှိခိုးလျက် အကြောင်းစုံလျှောက်လျှင် ပြည့်ရှင်မင်းကြီးလည်း အလွန်အားရလျက် မိမိကပေးလိုက်သော အသပြာတစ်ထောင်ထုပ်ကိုလည်းအပ်ပေ၏။ နံနက်အခါ များစွာသောမင်းချင်းတို့နှင့်တကွ နတ်တို့ကပေးသောရွှေအိုးတို့ကို ဖော်စေ၍ မင်းရင်ပြင်၌စုပုံပြီးသော် အမတ်ကြီးတို့ကို တိုင်ပင်တော်မူ၍ "ဤမျှလောက် ရွှေရတနာရှိပေက သူဌေး၏ အရာဌာနကို ရသင့်ပေပြီ"ဟု ဆိုပြီးလျှင် သူဌေးတို့၏ ဆောင်းမြဲသော ထီးဖြူကိုပေးပေ၏။ ထိုအခါမှစ၍ ကာကဝလိယသူဌေးဟု တွင်သတည်း။

ထိုလင်မယားတို့သည် သူတစ်ပါး၏အိမ်ကြား၌သာ အိမ်ငယ်နှင့် နေကြရ၍ နေရာဌာနလည်းမရသေးရကား မင်းကြီးအား အိမ်ရာကို တောင်းလေလျှင် ပျက်စီးလေသောသူဌေးတစ်ဦး၏အိမ်ရာကို ပေး၍ ချုံပိတ်ပေါင်းတို့ကို သုတ်သင်လျက် အိမ်ဆောက်ခြင်းငှာ တွင်းတူးလေသော် တူးတိုင်းတူးတိုင်းပင် ရွှေအိုး ငွေအိုးတို့ကိုသာရ၍ အတိုင်းမသိသော စည်းစိမ်ချမ်းသာတို့သည် ဖြစ်သတည်း။

ထိုကာကဝလိယသူဌေးလင်မယားတို့သည်လည်း ငါတို့ကား အရှင်သာရိပုတ္တရာ၏ကျေးဇူးတော်ကြောင့် ဤသို့သော စည်းစိမ်ချမ်းသာကို ရပေသည်ဟု ကျေးဇူးတော်ကိုအောက်မေ့၍ တစ်နေ့တစ်နေ့ဝယ် ငါးရာမျှလောက်သောသံဃာတော်မြတ်တို့အား မပြတ်လုပ်ကျွေူလေသတည်း။


အမှာစကားအချပ်

____________

[ဤကာကဝလိယအကြောင်းကား ပပဉ္စသူဒနီမည်သော မဇ္ဈိမနိကာယ် အဋ္ဌကထာ ကမ္မဝိဘင်္ဂသုတ်တွင် လာသည်။ အင်္ဂုတ္တိုရ် အဋ္ဌကထာတို့၌ ရှင်မဟာကဿပဟူ၍ ဆို၏။ မေဏ္ဍကသူဌေး၏ အကြောင်းမှာ ဝိသာခါ၏ အတ္ထုပတ္တိကိုပြရာအထက်မှာမှ ထင်စွာဖြစ်လတ္တံ့] 

Comments

Popular posts from this blog

သရဏဂုံသုံးပါး ပုတီးစိပ်နည်း

ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူသော ဘုရားငါးဆူတို့၏ ကွာခြားချက်များ

ဂုဏ်တော်တစ်ထောင်ပုတီးစိပ်နည်း