သာကီဝင်မင်းသမီးငါးရာတို့နှင့် မိထွေးတော်ဂေါတမီ ရဟန်းပြုခြင်း
*********************
သာကီဝင်မင်းသမီးငါးရာတို့နှင့် မိထွေးတော်ဂေါတမီ ရဟန်းပြုခြင်း
…………………………………………………………………
ဣဿရိယ စသောဘုန်းတော်ခြောက်ပါး,လောကီတန်ခိုး ရှစ်ပါး, ကျေးဇူးတော်တစ်ဆယ့်ရှစ်ပါး တရားအထူးနှင့်ပြည့်စုံတော်မူသော သုံးလူ့ထွတ်ဖျား ဘုရားသခင်သည် ဝေဠုဝန်ကျောင်းတိုက်တော်၌ပင် တတိယဝါ စတုတ္ထဝါဆိုတော်မူကာ ဝေနေယျတို့အား တရားရေအေး တိုက်ကျွေးတော်မူပြီး ပဉ္စမဝါကို ဝေသာလီပြည်အနီး မဟာဝုန်တောကြီးအတွင်း ကူဋါဂါရကျောင်းတိုက်၌ ဝါကပ်တော်မူသောအခြင်းအရာကို ဝေသာလီပြည်၏အတ္ထုပ္ပတ္တိမှစ၍ ပြဆိုပေအံ့-
လိစ္ဆဝီမင်းမျိုး
……………
လွန်လေပြီးသောအခါ ဗာရာဏသီပြည်ကိုအစိုးရသော ဗြဟ္မဒတ်မင်းကြီး၏ မိဖုရားဝမ်းဝယ် ပဋိသန္ဓေစွဲလမ်းသဖြင့် မင်းအား အကြောင်းကြားလေသော် များစွာသောအခြံရံအစောင့်ရှောက်တို့ကို ပေးတော်မူ၏။ ဆယ့်လစေ့၍ ကိုယ်ဝန်ရင့်သောအခါ သားဖွားရာအိမ်သို့ဝင်လတ်သော် ဘုန်းကံရှိသောသူတို့အား နံနက်ထ၌သားဖွားမြဲဓမ္မတာဖြစ်ရကား မိဖုရားကြီး၏သားသည်လည်း ကြီးမားသောဘုန်းပါရမီရှိသောသူဖြစ်၍ မည်းညစ်ကင်းပျောက် မိုးသောက်ထအခါဝယ် လယ်ခေါင်ရန်းပန်း အဆင်းကဲ့သို့ ခြင်းခြင်းနီသောသားတစ်စိုင်ကိုဖွား၏။ တစ်ပါးသောမိဖုရားငယ်တို့မူကား လှပတင့်တယ်စွာ သတို့သားကို ဖွားကုန်၏။
ထိုအခါမိဖုရားကြီးသည် ဤသို့ကြံ၏ "ငါ့၌ သားစိမ်းတစ် ဖွားသော အကြောင်းကို မင်းကြီးသိလေက ငါ့အား ရှုတ်ချကဲ့ရဲ့ခြင်းကိုလည်း ပြုရာသည်, စည်းစိမ်အသရေတော်ကိုလည်း လျှော့ရာသည်, မင်းကြီးမသိမီ စွန့်တော့အံ့"ဟု ကြံ၍ တစ်ခုသောအိုးသစ်၌ သားတစ်ကိုထည့်သွင်း၍ မင်းတို့ဝတ်ဆင်သောလက်စွပ်ဖြင့် တံဆိပ်ဖွဲ့ခတ်လျက် ဂင်္ဂါမြစ်ရေအလယ်၌ မျှေလေ၏။
လူတို့လက်မှလွတ်လျှင် ထက်ဝန်းကျင်သောအရပ်မှနတ်သည် စီရင်ဖန်ဆင်းလျက် "ဤအိုး၏အတွင်း၌ ကြီးမားသောဘုန်းပါရမီ ရှိသော ဗာရာဏသီမင်း၏မိဖုရားကြီး၏ သားတော်သည် တည်သတည်း" ဟု ဆေးဒန်းမြင်းသီလာဖြင့် အက္ခရာတံဆိပ် ရေးမှတ်လျက် မပြတ်စောင်မကြသဖြင့် လှိုင်းတံပိုး စသော ဘေးဘျမ်းဒုက္ခမငြိမထိတင်ဘဲ အစဉ်အတိုင်း မျောလေ၏။
ထိုအခါ ဂင်္ဂါမြစ်၏အကြော၌ ကျွဲ နွားမွေးမြူသောလူတို့၏နေရာ ရွာငယ်တစ်ခုကိုအမှီပြု၍ ရသေ့တစ်ဦးသည်နေ၏။ ထိုရသေ့သည် နံနက်ထခါ ဂင်္ဂါမြစ်သို့သက်ဆင်းလတ်သော် အထက်မှမျောလာသောအိုးကိုမြင်၍ ပံ့သကူထင်မှတ်သဖြင့် ကူးခပ်ဆယ်တင်၍ အိုးတွင်ပါသောအက္ခရာအမှတ်နှင့် လက်စွပ်တံဆိပ်ကိုကြည့်ပြီးသော် အိုးပေါ်မှအဖုံးကိုဖွင့်၍ရှုလေလျှင် နုထွတ်သိမ်မွေ့စွာ သန္တာအဆင်းကဲ့သို့သောသားတစ်စိုင်ကိုမြင်၏။
ထိုအခါ ရသေ့သည် ဤသို့ကြံ၏ "ဤသားတစ်ကား ဆိုးညစ်နံလှောင်း မကောင်းသောအနံ့လည်းမရှိ,ပုပ်လည်းမပုပ်, ဥတုဇရုပ်သာဖြစ်သောသားတစ်မျှမဟုတ်ရာ, ရှေးကြမ္မာက နှိမ်နင်းသဖြင့် မပွင့်မပွားသေးသော သူငယ်သာဖြစ်ဘိရာသည်, ငါ သိမ်း၍မွေးရသော် ကောင်း၏"ဟု ကြံ၍ မိမိနေရာသင်္ခမ်းသို့ ယူဆောင်ပြီးလျှင် သန့်စင်ချမ်းမြေ့သောနေရာ၌ထား၍ စောင့်စားကြည့်ရှု၏။
လခွဲကာလလွန်လျှင် ယခင်ကသားတစ်စိုင်သည် နှစ်ခုဖြစ်၏။ ရှင်ရသေ့လည်း ချမ်းမြေ့မွှေးကြူသောပန်းရွက်ကြား၌ အိုးကိုထား၏။ လခွဲတစ်ဖန်လွန်ပြန်လျှင် တစ်ခုတစ်ခုသောသားတစ်မှ ခြေနှစ်ဖက် လက်နှစ်ဖက်, အထက်ဦးခေါင်းအားဖြင့် ငါးဖြာသောခက်မတို့သည် ထင်ကုန်၏။ ထို့နောက် လခွဲတစ်ဖန်လွန်ပြန်သော် သားတစ်တစ်ခုမှသည် လှပတင့်တယ်စင်ကြယ်စွာသွန်းလုပ်သော ရွှေရုပ်တုကဲ့သို့ နုထွတ်လှပသော သတို့သားငယ်ဖြစ်လာ၏။ တစ်ခုသောသားတစ်မှလည်း ထိုနည်းတူ လှပတင့်တယ်သော သတို့သမီးငယ်သည် ဖြစ်လာ၏။
ရှင်ရသေ့လည်း ထိုသူငယ်နှစ်ယောက်တို့ကိုမြင်လျှင် ရင်မှဖွားသော သားသမီးကဲ့သို့ချစ်ခင်ခြင်းဖြစ်ရကား မိမိလက်ချောင်းမှ နို့ရည်ကို ဖြစ်စေ၏။ ဆွမ်းခံရွာမှ နို့ဆွမ်းရလာလျှင်လည်း မိမိမှာ ဆွမ်းကိုသာ ဘုဉ်းပေး၍ သူငယ်တို့အား နို့ရည်ကိုတိုက်ပေ၏။ ထိုသူငယ်တို့၏ ဝမ်းတွင်းသို့ ဝင်လေသမျှသောအစာအာဟာရသည် မြခွက် ဖန်ခွက် အတွင်း၌ တည်သောရေကဲ့သို့ ဆင်းသက်လေသည့်အတိုင်းပင် အပြင်ကမြင်ရလေသတည်း။
ယင်းသို့လျှင် ထိုသူငယ်တို့သည် ကာကွယ်မြှေးယှက်သော အရေအလွှာမရှိသကဲ့သို့ဖြစ်၍လည်းကောင်း, ချုပ်အပ်စပ်အပ်သကဲ့သို့ နုဖပ်တွန့်လိပ်သော အရေအလွှာ ရှိသည်ဖြစ်၍လည်းကောင်း, လိစ္ဆဝီဟူသောအမည်သည် ဖြစ်၏။ ထိုအခါမှစ၍ ရှင်ရသေ့သည် အဆောတလျင် ရွာသို့ဝင်၍ ဆွမ်းခံပြီးသော် အမြန်ပင်ကျောင်းသို့ဝင်၍ ကောင်းမွန်စွာ လုပ်ကျွေးစောင့်ရှောက်၏။
ဝဇ္ဇီတိုင်း
…………
ထိုသို့သောဗျာပါရကို ရွာသူ ဒါယကာတို့သိကြလျှင် "အရှင်ဘုရား… ရသေ့ရဟန်းတို့အား သားငယ်မွေးမြူရခြင်းကိစ္စသည် ကြောင့်ကြကြီးတစ်ခုပင်ဖြစ်ချေသည်, ထိုသူငယ်တို့ကို အပ်တော်မူပါ အကျွန်ုပ်တို့မွေးမြူပါမည်, အရှင်မြတ်မှာ ရဟန်းတရားကိုသာ အားထုတ်တော်မူပါ"ဟု လျှောက်၏။ ရှင်ရသေ့ကလည်း "ဤအရေးကား သင့်၏, ဤသူငယ်တို့ကား ကြီးမားသော ဘုန်းပါရမီရှိ၏, မမေ့မလျော့မွေးမြူကြကုန်,အရွယ်ရောက်သောအခါ သင်းတို့မောင်နှမကိုထိမ်းမြား၍ ပြည့်ရှင်မင်းကြီးအား ငါးပါးသော ဂေါရသတို့ဖြင့် နှစ်သက်စေလျက် မြို့ရွာမြေအဖို့ကိုတောင်း၍ မြို့တည်လေကုန်, ယင်းသို့တည်ပြီးသော် ငါ့သမီးငါ့သားနှစ်ပါးကို မင်းအဖြစ်၌ အဘိသိက်သွန်းလေကုန်, သင်တို့အား ရှည့်မြင့်စွာ ကောင်းကျိုးမင်္ဂလာဖြစ်လတ္တံ့" ဟု ဆိုပေ၏။
ရွာသူကြီးလည်း အိမ်သို့ပြန်၍ နက်ဖြန်နံနက်သောအခါ ခရီးကို ညီညွတ်စွာညှိ၍ ပန်းပေါက်ပေါက်တို့ဖြင့် ကြဲဖြန့်ပြီးသော် တံခွန် ကုက္ကား မုလေးပွားတို့ဖြင့်စိုက်ဆောက်၍ စည် မောင်း ပတ်သာ တူရိယာ မှုတ်တီးလျက် ကြီးစွာသောပူဇော်သက္ကာနှင့်လာ၍ မင်းသားမောင်နှံတို့ကို ဆောင်ယူ၍မွေးမြူပေ၏။ သူငယ်နှစ်ပါးတို့သည် ကစားမြူးထူးနိုင်သောအရွယ်သို့ရောက်သော် သူငယ်ဖော်ချင်းများနှင့် ဂုံညင်း, ကျေးသား စသည်ဖြင့်ကစားကြရာ ငြင်းခုံခိုက်ရန်ဖြစ်၍ ပုတ်ခတ်သောအခါ တစ်ပါးသူငယ်တို့နာကျင်၍ ငိုယိုကြလျှင် မိဘတို့က "ဤမောင်နှမကား မိဘမရှိဘဲလျက် ငါတို့သားကို ညှဉ်းဆဲကလူပြုဘိသည်,သူတို့နှင့် အပေါင်းအဖော် မပြုကြလင့်, ကြဉ်ကြကုန်"ဟု ဆို၏။ ထိုစကားကို အစွဲပြု၍ ထိုအရပ်သည် ဝဇ္ဇီတိုင်းဟု တွင်သတည်း။
ဝေသာလီပြည်
………………
ထိုမင်းသားငယ်တို့ အရွယ်ရောက်သောအခါ ရွာသူကြီးသည် ရသေ့ဆုံးမလိုက်သည့်အတိုင်း ဗာရာဏသီပြည့်ရှင်မင်းကြီးအား များစွာသောပဏ္ဏာကာရဖြင့် နှစ်သက်စေပြီးမှ ယူဇနာတစ်ရာမျှသော မြေအရပ်ကို ခွင့်တောင်း၍ လူတို့နေရာမြို့ရွာတည်ထောင်၏။ မင်းသားတို့နေစိမ့်သောငှာလည်း သုံးဂါဝုတ်ပမာဏရှိသောအရပ်ကို ကျုံးမြောင်း တံတိုင်းတို့ဖြင့် ရစ်ဝိုင်းကာရံလျက် အတန်တန်သော တိုက်ရုံး ပြာသာဒ်တို့ကိုတည်လုပ်ပြုစု၏။ မင်းသားမောင်နှမတို့ကိုလည်း ထိမ်းမြားလက်ထပ်၍ ထိုအရပ်ကို မင်းပြုစိမ့်သောငှာ အဘိသိက်သွန်းပေ၏။
မင်းသားတို့လည်း မင်းအဖြစ်ကိုရလျှင် ဤသို့ကတိကဝတ်ထားကြ၏။ "တစ်ပါးသောအမျိုးမှ မင်းမိန်းမကိုလည်း မဆူဆောင်အံ့, ငါတို့အမျိုးမှ ပွားစီးသောမင်းသမီးကိုလည်း တစ်ပါးသောမင်းတို့နှင့် ဆက်ဆံခြင်းကိုမပြုအံ့"ဟူ၍ ကတိကဝတ်ထားကြ၏။
ထိုအစစွာသောမင်း၏မိဖုရား၌ မိန်းမယောက်ျားအစုံအားဖြင့် တစ်ဆယ့်ခြောက်ကြိမ်ဖွား၍ သားသမီးသုံးကျိပ်နှစ်ယောက်ရ၏။ ထိုသားသမီးတို့အားလည်း မိဘအလားကဲ့သို့ထိမ်းမြားပြန်လျှင်လည်း ရှေးနည်းတူ အစုံအစုံစီ ၁၆ ကြိမ်လည်းဖွားသဖြင့် မင်းညီမင်းသားတို့သည် အလွန်ပွားစီးကုန်၏။ကာလရှည်သော် မြို့တွင်းမြို့ပြင်မြေပြင်အနှံ့မဆံ့နိုင်အောင် ဗိုလ်လူအများ ပွားတိုးစီပင်ရကား အရပ်လေးမျက်နှာ၌ တစ်ဂါဝုတ်စီပတ်၍ တစ်ထပ်မြို့တည်ရ၏။ ထို့နောက်တစ်ဖန်ရှည်မြင့်ပြန်လျှင်လည်း ရှေးနည်းတူတိုးပွားသဖြင့် လေးပါးသောအရပ်မျက်နှာ၌ တစ်ဂါဝုတ်စီ ချဲ့ပတ်၍ တစ်ထပ်မြို့တည်ရပြန်သတည်း။ ဤသို့ချဲ့၍ ချဲ့၍သာ သုံဂါဝုတ်မြို့တည်လေရကား ထိုအရပ်ကို ဝေသာလီပြည် ဟူ၍ ခေါ်ဝေါ်ပညတ်ကြ၏။
ကပ်ကြီးသုံးပါး ဆိုက်ရောက်ပြီ
………………………………
ဤ ဝေသာလီပြည်သည် ငါတို့ဘုရားထင်ရှားဖြစ်တော်မူသောအခါ ပြန့်ပြောစည်ပင်စွာဖြစ်၏။ ၇၇၇၇ ယောက်သော မြို့စားထီးဆောင်း မင်းအပေါင်းတို့သည်လည်းကောင်း, ၇၇၇၇ ယောက်သော အိမ်ရှေ့မင်း ,စစ်သူကြီး, ဘဏ္ဍာစိုး, စချီစမာတို့သည်လည်းကောင်း ရှိကုန်သည်ဖြစ်၍ ၇၇၇၇ ဆောင်သော ပြာသာဒ်ရှည်, ထိုမျှလောက်သောပြာသာဒ်တို, ထိုမျှလောက်သောတရားရုံး ထိုမျှလောက်သောစုလစ်မွန်းချွန်တပ်သောဇရပ် ထိုမျှလောက်သော ဥယျာဉ် အာရာမ် ရေကန် ရေတွင်းတို့သည် ရှိကုန်၏။ မရေတွက်နိုင်သော လူနေအိမ်ခြေတို့သည်လည်းရှိကုန်၏။
ထိုဝေသာလီပြည်သည် တစ်ရံသောအခါ မိစ္ဆာဝါဒီရှိကုန်သော သူတို့၏ အယူဝါဒစကားဖြင့် နှောက်ယှက်ချောက်ချားလေရကား မိုးရေဆွံ့ရှား၍ ကောက်ပဲစပါးတို့သည် သီးနှံမထွက် ရိုးတံချက်သာ ဖြစ်သဖြင့် လူအပေါင်းတို့သည် ခေါင်းပါးငတ်မွတ်ကြကုန်၏။ အနာရောဂါများစွာနှိပ်စက်ကုန်၏။ ထိုသူတို့သေလွန်လေလျှင် တစ္ဆေ ဖုတ် ပြိတ် အဟိတ် ဘီလူးတို့ဖြစ်သည်များကုန်၏။ သေသောသူကောင်တို့၏အပုပ်နံ့ကိုမှီ၍ ဘီလူးတို့သည် မြို့တွင်းသို့ဝင်သဖြင့် ရှင်သောသူတို့ကိုလည်းဖမ်းဆီးနှိပ်စက်လေရာ လူအများတို့သည် အဟိဝါတ မည်သော ကူးနာ ယဉ်းနာရောက်၍ သေပျောက်ပျက်စီးကြကုန်၏။
ထိုသို့ မွတ်သိပ်ခြင်းဘေး, ဘီလူးဘေး, အနာရောဂါဘေး ဟူသော ဘေးသုံးပါးနှိပ်စက်လေသော် ဝေသာလီပြည်သားတို့သည် လိစ္ဆဝီမင်းတို့၏ထံသို့ကပ်ကုန်၍ ဤသို့လျှောက်ကြ၏- "အရှင်မင်းကြီးတို့...ယခုအခါ အကျွန်ုပ်တို့၏ဝေသာလီပြည်သည် ရှေး ဘေး ဘိုး ဘတို့၏ လက်ထက်မှစ၍ ဆွေခုနစ်ဆက်တိုင်အောင် မဖြစ်ဖူးမြဲထူးကဲလွန်မင်းသော ဘေးသုံးပါးတို့သည်ဖြစ်ခဲ့ကုန်၏။ ဤသို့ဖြစ်ခြင်းသည်အရှင်မင်းကြီးတို့တရားမစောင့်သောကြောင့်သာ ဖြစ်သည်ဟုထင်ပါသည်။ တရားစောင့်တော်မူပါကုန်" ဟု လျှောက်ကြ၏။ ထိုအခါ မင်းပြုသောသူတို့ကလည်း "ငါတို့မတရားသောအပြစ်ကို စိစစ်ရှာဖွေကြပါကုန်, မည်သည့် အရေးအခင်း၌ ယိုယွင်းကျင့်မှားသည်ဟု ထင်ရှားမြင်လျှင် စင်ကြယ်ကောင်းမွန်အောင်ငါတို့ပြုပါမည်"ဟု ဝန်ခံ၏။ ပြည်သားတို့လည်း တရားစီရင်သော မင်းကွန်းလွှတ်ရုံး စသည်တို့၌ စုဝေး၍ မင်းတို့၏မတရားသောအပြစ်ကို စိစစ်ရှာဖွေသော်လည်း စိုးစဉ်းမျှမမြင်ကုန်, ထိုသို့မမြင်လေသော် ငါတို့ပြည်၌ ဤသုံးပါးသောဘေးသည် အဘယ်သို့ငြိမ်းချမ်းပါအံ့နည်းဟု ကြံစည်တိုင်ပင်ကြကုန်၏။
ထိုအခါ အချို့သောသူတို့က "ရာဇဂြိုဟ်ပြည်၌ မက္ခလိဂေါသာလ မည်သောဘုရားသည် လူအပေါင်းတို့အား တရားရေအေး တိုက်ကျွေးလျက်ရှိသည်, ထိုဘုရားကိုပင့်၍တရားနာရမူ ငြိမ်းချမ်းရာ၏"ဟု ဆိုကြကုန်၏။ အချို့သောသူတို့ကလည်း "ပူရဏကဿပကို ပင့်ဆောင်မူ ငြိမ်းရာ၏"ဟု ဆိုကြကုန်၏။ အချို့လည်း ပကုဓကစ္စာယနကို, အချို့လည်း နိဂဏ္ဌဆရာကို.,အချို့လည်း သိဉ္စည်းဆရာကိုပင့်ရမူ ငြိမ်းရာ၏ဟု ဆိုကြကုန်၏။ မြတ်စွာဘုရား၏ကျေးဇူးတော်ကိုသိကုန်သော အချို့သောသူတို့ကလည်း "လောကသနင်း တရားမင်း ဖြစ်တော်မူသော ဘုရားသခင်သည် တန်ခိုးအာနုဘော်လည်းကြီး၏, ပစ္စုပ္ပန် အတိတ် အနာဂတ်၌ဖြစ်သောအကျိုးအကြောင်းကိုလည်း သိမြင်တော်မူ၏, ထိုဘုရားကိုပင့်ဆောင်ရလျှင်ဤဘေးငြိမ်းလတ္တံ့" ဟု ဆိုကြကုန်၏။
ရတန သုတ်တော်စွမ်းရည်
…………………………
ထို နောက်ပြောသောစကားကို ပြည်သူပြည်သားတို့နှင့်တကွ လိစ္ဆဝီမင်းတို့နှစ်သက်ကုန်၍ "အချင်းတို့… ယခုအခါ မြတ်စွာဘုရားသည် အဘယ်ပြည်၌သီတင်းသုံးနေတော်မူသနည်း" ဟု မေး၏။သတင်းစကားကိုကြားသိသောသူတို့ကလည်း ရာဇဂြိုဟ်ပြည်၌နေတော်မူကြောင်းကိုပြောလျှင် "ဘုရားသခင်ကို ငါတို့ပင့်ခေါ်သော် ကြွတော်မူပါလတ္တံ့လော"ဟု မေးပြန်၏။ ထိုသူတို့ကလည်း "ဘုရားတို့ဓမ္မတာသည် သတ္တဝါတို့အား အလွန်သနားခြင်းရှိသည်, လူတို့၏အကျိုးစီးပွား များစေခြင်းငှာသာလျှင် ဖြစ်တော်မူသည်, ထို့ကြောင့် ကြွတော်မူရာပါ၏, သို့ရာတွင် ရာဇဂြိုဟ်ပြည့်ရှင်ဖြစ်သော ဗိမ္ဗိသာရမင်းသည် ဝပ်စင်းခယ နေ့ညဆည်းကပ် မပြတ် ကိုးကွယ်လျက်ရှိချေသည်, ထိုမင်းကလည်းအခွင့်ပေးမည်, မပေးမည်ကို မသိနိုင်" ဟု ဆိုကြကုန်၏။
ထိုစကားကိုကြားလျှင် လိစ္ဆဝီမင်းကြီးလည်း "ယင်းသို့တပြီးကား ဗိမ္ဗိသာရမင်းအား ပန်ကြားပြီးမှ ဘုရားသခင်ကိုပင့်လေကုန်"ဟု ဆို၍ နှစ်ယောက်သောလိစ္ဆဝီမင်းသားတို့ကို အခြံအရံနှင့်တကွ များစွာသောလက်ဆောင်ပဏ္ဏာတို့ဖြင့်ဗိမ္ဗိသာရမင်းထံစေလွှတ်၏။ မင်းသားနှစ်ယောက်တို့လည်း ရာဇဂြိုဟ်ပြည်သို့ရောက်လျှင် ပြည့်ရှင်မင်းအား များစွာသောလက်ဆောင်ပဏ္ဏာတို့ကိုဆက်သ၍ ဝေသာလီပြည်၌ ဘေးဖြစ်သောအကြောင်းကိုပြောကြား၍ "အရှင်မင်းဖျား…ဘုရားသခင်ကို အကျွန်ုပ်တို့ပြည်သို့ကြွအောင် ပင့်၍ပေးတော်မူပါ"ဟု လျှောက်၏။ဗိမ္ဗိသာရမင်းကလည်း "မင်းသားတို့…ဘုရားသခင်ကိုငါမဆိုင်ပေ, သင်တို့အလျောက်သာ ပင့်လျှောက်ပါတော့"ဟု ခွင့်ပေး၏။
ယင်းသို့အခွင့်ရလျှင် မင်းသားတို့လည်း ဘုရားထံတော်သို့ကပ်၍ "ဘုန်းတော်ကြီးသော မြတ်စွာဘုရား…တပည့်တော်တို့ ဝေသာလီပြည်သည် ရောဂ, အမနုဿ . ဒုဗ္ဘိက္ခဟူသော ဘေးသုံးပါးနှိပ်စက်၍ ပျက်လုဘနန်းရှိပါသည်, ကိုယ်တော်မြတ် ကြွပါမှ သတ္တဝါတို့ချမ်းသာရာရတော့မည်"ဟု လျှောက်ကုန်၏။
ဘုရားသခင်လည်း ဆင်ခြင်ရှုမြင်သော် ငါကြွတော်မူ၍ ဝေသာလီပြည်သူတို့အား ရတနသုတ်တရားကို ဟောကြားတော်မူလျှင် ဘေးသုံးပါးလည်းငြိမ်းလတ္တံ့, ကုဋေတစ်သိန်းသော စကြာဝဠာ၌ အာဏာစက် နှံ့လတ္တံ့ , ဒေသနာ၏အဆုံး၌ ရှစ်သောင်းလေးထောင်သော သတ္တဝါတို့ မဂ်ဖိုလ်ချမ်းသာကို ရလတ္တံ့ ဟု မြင်တော်မူ၍ "ငါကြွမည်" ဟု ဝန်ခံတော်မူ၏။
ဗိမ္ဗိသာရမင်းကြီးလည်း ဘုရားသခင်ဝန်ခံတော်မူကြောင်းကို ကြားလျှင် ဘုရားသခင်ထံသို့ လျင်စွာလာ၍ အခြင်းအရာကို စုံစမ်းပြီးသော် "ကြွတော်မူရာလမ်းခရီးကို အကျွန်ုပ် သုတ်သင်ပါဦးမည်, ငံ့လင့်တော်မူပါဦး"ဟု လျှောက်၏။
ယင်းသို့လျှောက်ပြီးမှ နန်းတော်သို့ပြန်ခဲ့၍ "ဘုရားသခင်သည် ဝေသာလီပြည်သို့ ကြွတော်မူလတ္တံ့, လမ်းခရီးကို သုတ်သင်ကြကုန်အံ့"ဟု ပြည်၌ စည်လည်စေ၍ ရာဇဂြိုဟ်ပြည်နှင့် ဂင်္ဂါမြစ်အကြား ငါးယူဇနာသောတောအရပ်ကို ညီညွတ်စွာ သုတ်သင်ပြီးသော် တစ်ယူဇနာလျှင် ကျောင်းကြီးတစ်ဆောင် တစ်ဆောင်စီဆောက်၍ လမ်းတစ်လျှောက်၌ ပန်းပေါက်ပေါက်တို့ဖြင့် ကြဲဖြန့်လျက် ကုက္ကား တံခွန် ဗိတာန် ရာဇမှတ် ကြာသွတ်အိုး ငှက်ပျောပင် စသည်တို့ကိုစိုက်စေ၍ လမ်း၏အသရေရှိသောအခါမှ မြတ်စွာဘုရားအား ကြွအံ့သောအခါကို လျှောက်စေ၏။ မြတ်စွာဘုရားလည်း သံဃာတော်ငါးရာခြံရံလျက် တစ်ရက်လျှင် တစ်ယူဇနာစီ ဖြန့်ချီ ထွက်ကြွတော်မူ၏။
ဗိမ္ဗိသာရမင်းကြီးလည်း ဘုရားသခင်အား ထီးဖြူနှစ်စင်း. , သံဃာတော်တို့အား ထီးဖြူတစ်စင်းစီဆောင်းစေလျက် အခြွေအရံနှင့်တကွ နောက်တော်မှလိုက်၍ ဆွမ်း အဖျော်တို့ဖြင့် ပူဇော်လုပ်ကျွေး၏။ငါးရက်တို့ဖြင့် ဂင်္ဂါမြစ်နားသို့ရောက်လေသော် အထူးထူးသောတန်ဆာတို့ဖြင့် ကောင်းစွာစီရင်အပ်သော ရွှေလှေ ရွှေဖောင်တို့ကို ပြုပြင်စေလျက် ဝေသာလီပြည်သား လိစ္ဆဝီမင်းသားတို့အားလည်း ဘုရားသခင်ကြွလာ၍ ဂင်္ဂါမြစ်ဆိပ်သို့ ရောက်ကြောင်းကိုစေလိုက်၏။ လိစ္ဆဝီမင်းတို့ကလည်း "နှစ်ဆတက် ပူဇော်ကြကုန်အံ့"ဟု ဝေသာလီပြည်နှင့် ဂင်္ဂါမြစ်အကြား သုံးယူဇနာသောခရီးကို ညီညွတ်စေ၍ ရွှေသလဲ ငွေသလဲ ကြဲဖြန့်လျက် ယူဇနာဝက်၌ ကျောင်းကြီးတစ်ဆောင်စီဆောက်၍ ပေါက်ပေါက်, ဆီမီး,ထီးဖြူ, တံခွန်တို့ဖြင့် ကောင်းမွန်စွာပူဇော်လျက် ခရီးဦး ကြိုဆိုလာကုန်၏။
ဗိမ္ဗိသာရမင်းကြီးလည်း နှစ်စင်းသောလှေတို့ကိုဖောင်ဖွဲ့ပြီးသော် အပေါ်၌ မဏ္ဍပ် ပြာသာဒ်ဆောက်၍ ပန်းဆိုင်း ကြာယပ်တို့ဖြင့် တန်ဆာဆင်လျက် ရတနာပလ္လင်တင်ပြီးသော် ပလ္လင်ပေါ်၌ ဘုရားသခင်ကို ကိန်းဝပ်စေလျက် သံဃာတော်တို့အားလည်း လျောက်ပတ်သောလှေ၌တင်၍ ပဉ္စင် တူရိယာ တီးမှုတ်လျက်ပို့စေ၏. ထိုအခါ ဗိမ္ဗိသာရမင်းကြီးလည်း လည်ပင်းအတိုင်းအရှည်ရှိသော ရေသို့ဆင်းလျက် "ကိုယ်တော်အရှင်မြတ် ကြွလာသည်တိုင်အောင် ဂင်္ဂါမြစ်နားတွင်သာ ဒကာတော်စောင့်နေပါမည်"ဟုလျှောက်၏။
ဘုရားသခင်လည်း အစဉ်သဖြင့်ကြွတော်မူလေသော် ဖောင်တော်၏ ထက်ဝန်းကျင်သောအရပ်၌ နတ်ဗြဟ္မာအပေါင်းတို့သည် လည်းကောင်း, နဂါး အသုရာ အာကာသစိုး ဘုမ္မစိုးနတ်တို့သည် လည်းကောင်း, တံခွန် ဆီမီး ထီးဖြူအထပ်ထပ်တို့ဖြင့် အဆင့်ဆင့် ပူဇော်ကုန်သတည်း။ ယင်းသို့ပူဇော်သက္ကာကိုခံလျက် တစ်ယူဇနာကျယ်သော ဂင်္ဂါမြစ်ကိုကူး၍ ဝေသာလီပြည်ဘက်သို့ ရောက်တော်မူလျှင် လိစ္ဆဝီမင်းသည် လည်ပင်းနစ်လောက်သော ရေသို့ဆင်းသက်၍ နှစ်ဆတက်သောပူဇော်သက္ကာဖြင့် ကြိုဆိုလာကုန်၏။ မြတ်စွာဘုရားလည်း ဂင်္ဂါမြစ်နား၌ ဖဝါးချတော်မူလျှင်ပင် အရပ်ကိုးခွင် ထက်ဝန်းကျင်မှ လျှပ်စစ်တိမ်မီးခိုးတို့သည်တောက်၍ ပေါက္ခရဝဿ မည်သော မိုးကြီးသည်ရွာ၏။ စိုလိုသောသူသာ စိုစွတ်သည်, မစွပ်လိုသောသူကား မစွတ်။ ဝေသာလီပြည်မြေအပြင်၌ လည်မျှလောက်သောရေအလျဉ်သည် စီးလတ်၍ အပုပ်အစပ် ဟူသမျှတို့သည် ရေ၌မျောသဖြင့် သန့်ရှင်းစင်ကြယ်စွာဖြစ်၏။
ဘုရားသခင်လည်း အစဉ်အတိုင်းကြွတော်မူလာ၍ ဝေသာလီပြည်သို့ ရောက်လေသော် ကိုယ်တော်မြတ်ကိုဆည်းကပ်ပူဇော်ခြင်းငှာ နတ်ရွာနှစ်ထပ်ကိုအစိုးရသော သိကြားမင်းသည် သင်းပင်း ကျေးကျွန်ဖြစ်သော နတ်မင်းကြီးတို့နှင့်တကွ ခစားဆည်းကပ်လာရကား များစွာသော ဖုတ် ပြိတ် ဘီလူးတို့သည် ထွက်ပြေးရလေကုန်၏။
မြတ်စွာဘုရားလည်း မြို့တံခါးဝ၌ ရပ်တော်မူ၍ ညီတော်အာနန္ဒာကို ခေါ်ပြီးသော် ရတနသုတ် ဒေသနာတော်ကိုကောင်းစွာသင်စေ၍ "ဖုတ် ပြိတ် ဘီလူးတို့ နောင်မဝင်နိုင်စိမ့်သောငှာ မြို့ရှစ်မျက်နှာမှ ရံဝိုင်းသောတံတိုင်းသုံးထပ်၏အကြား၌ အရံအတားကိုပြုလေ"ဟု မိန့်တော်မူ၏။ အရှင်အာနန္ဒာလည်း ညဉ့်သုံးယံပတ်လုံး ရွတ်ဖတ် သရဇ္ဈယ်ပေ၏။ ထိုဒေသနာတော်၏အဆုံး၌ အလုံးစုံသော ဘေးတို့သည် ငြိမ်းချမ်းသာယာ ပြေပျောက်ကုန်၏။ ရှစ်သောင်းလေးထောင်သော သတ္တဝါတို့သည်လည်း အကျွတ်တရားကို ရကုန်၏။
နဂါးပြည်၌ တရားဟောခြင်း
……………………………
ဘုရားသခင်လည်း ဝေသာလီပြည်၌ လခွဲသာနေတော်မူ၍ ပြန်ကြွသောအခါ ဝေသာလီပြည်သူပြည်သားတို့သည် နှစ်ဆတက်သောပူဇော်သက္ကာဖြင့် ဂင်္ဂါမြစ်ဆိပ်သို့ရောက်အောင် ပူဇော်လျက်ပို့ကြကုန်၏။ မြစ်ဆိပ်ရောက်သောအခါ ဂင်္ဂါမြစ်၌နေသော နဂါးမင်းတို့သည် ဤသို့ ကြံကြကုန်၏ "လူ နတ်တို့ကား မြတ်စွာဘုရားကို များစွာပူဇော်ကြရလေပြီ, ငါတို့မူကား မပူဇော်ရချေသေး, အရေးအခွင့်သင့်သော ယခုအခါတွင် ငါတို့ပြည်သို့ရောက်အောင် ပင့်ဆောင်ကြအံ့"ဟု ကြံ၍ အလျှံညီးညီး ယိုစီးဘနန်းသော လှေ ဖောင် လှော်ကားတို့ကို တန်ဆာဆင်ပြီးလျှင် ဘုရားရှင်ခြေတော်ရင်းသို့ကပ်လျက် "အရှင်ဘုရား… ဒါယကာတို့အား သနားချီးမြှောက်တော်မူပါသဖြင့် ရတနာလှေ ဖောင်ထက်သို့ တက်ကြွတော်မူပါ"ဟု ပင့်၍ နဂါးပြည်သို့ ဆောင်ပြီးလျှင် ကြီးစွာသောပူဇော်သက္ကာကို ပြုကုန်၏။
ဘုရားရှင်လည်းသံဃာတော်ငါးရာနှင့်တကွ နဂါးပြည်၌ ညဉ့်သုံးယံပတ်လုံး အမြိုက်တရားဟောကြာူပြသတော်မူလျက် နံနက်ဆွမ်းစားပြီးအခါမှ လူ့ရွာသို့ ပြန်ကြွတော်မူခဲ့၏။ ထိုအခါ အာကာသစိုး ဘုမ္မစိုးမှစ၍ အကနိဋ္ဌ ဗြဟ္မာ့ပြည်တိုင်အောင် နတ်ဗြဟ္မာအပေါင်းတို့သည် ထီး တံခွန် အဆင့်ဆင့်ဆောင်းလျက် ကောင်းချီးကြွေးကြော် ပူဇော်ကြကုန်သတည်း။
ရာဇဂြိုဟ်ပြည်ဘက်သို့ရောက်တော်မူလျှင် ကမ်းအနီးတွင် စောင့်နေသော ဗိမ္ဗိသာရမင်းကြီးလည်း ဝေသာလီမင်းတို့ထက် နှစ်ဆတက်ပူဇော်၍ ကျောင်းတော်သို့ပင့်ဆောင်လေ၏။ ဝေဠုဝန်ကျောင်းတော်သို့ရောက်သောအခါ တပည့်သံဃာတော် အပေါင်းတို့သည် တရားနာရာကျောင်း၌ စည်းဝေးကြပြီးလျှင် ဘုရားသခင် ဘုန်း, အာနုဘော်ကြီးတော်မူကြောင်း.., အတိုင်းမသိသောပူဇော်သက္ကာကို ခံရကြောင်းများကို ပြောကြားချီးမွမ်း၍နေကုန်သော် ကိုယ်တော်မြတ်သည်လည်း ကြွတော်မူလာ၍ "အဘယ်မည်သောခြင်းရာစကားကို ပြောကြား၍ နေကုန်သနည်း"ဟု မေးတော်မူသော် သံဃာတော်တို့ကလည်း အလုံးစုံသောအကြောင်းစကားကို ရွှေနားတော်လျှောက်ကုန်၏။
ထိုအခါ မြတ်စွာဘုရားသည်လည်း "ချစ်သားတို့…သင်တို့ဆရာ ငါဘုရားသည် ကြွသွားလေရာဝယ် အံ့ဖွယ်သရဲလွန်ကဲမြတ်သော ပူဇော်သက္ကာကိုခံရခြင်းသည်ကား ဘုရားတို့၏ ဘုန်း, အာနုဘော်ကြောင့်ဖြစ်သည်လည်းမဟုတ်, ဂဠုန် နဂါး သိကြား ဂန္ဓဗ္ဗတို့၏ ဘုန်း,အာနုဘော်ကြောင့်ဖြစ်သည်လည်း မဟုတ်., ရှေးသောဘဝ သင်္ခပုဏ္ဏားဖြစ်သောအခါ သုသိမမည်သော ပစ္စေကဗုဒ္ဓါ၏ ဓာတုစေတီတော်ကိုပူဇော်ချီးမြှောက်ခဲ့ဖူးသော ကုသိုလ်ပုညသမ္ဘာရ အဆောက်အဦကြောင့် ဤမျှလောက်သော ပူဇော်သက္ကာကို ငါခံရသတည်း"ဟု မိန့်တော်မူ၍ သင်္ခဗြဟ္မဏ ဇာတ်တော်ကို ဟောတော်မူ၏။
[ယင်းသို့ ဝေသာလီပြည်မှပြန်၍ တစ်ဖန် ရာဇဂြိုဟ်ပြည်၌ ဆိုတော်မူသောဝါသည် စတုတ္ထဝါနှင့်သာဆိုင်သေးသည်]
သုဒ္ဓေါဒနမင်းကြီး ပရိနိဗ္ဗာန်စံပုံ
………………………………
ဘုရားရှင်လည်း ရာဇဂြိုဟ်ပြည်၌ စတုတ္ထဝါပြည့်တော်မူလျှင် သံဃာတော်အပေါင်းတို့အား ဂမိကဝတ်ကိုနှိုးဆော်တော်မူ၍ ဒေသစာရီကြွချီလေသော် လိစ္ဆဝီမင်းတို့၏နေရာဝေသာလီပြည်သို့ ရောက်၍ မြို့အနောက်မျက်နှာ တစ်ဂါဝုတ်ကွာသောအရပ်တွင် လျောက်ပတ်တင့်တယ်ကြီးကျယ်စွာပြုလုပ်အပ်သော စုလစ်မွန်းချွန်တပ်သောအရပ်၌ တန့်ရပ်မှီတင်း သီတင်းသုံးတော်မူ၏။ ထိုအခါ ဝေသာလီပြည်သားမင်းအများတို့သည် သတင်းစကားကြားသိကုန်၍ ဘုရားရှင်ထံသို့မြန်စွာလာပြီးလျှင် "ကိုယ်တော်မြတ်သည် ဤအရပ်၌ ဝါကပ်သီတင်းသုံးတော်မူပါ"ဟု လျှောက်ထား၍ ပစ္စည်းလေးပါးဖြင့် ဖိတ်ကြားကြကုန်၏။ဘုရားရှင်လည် ဆိတ်ဆိတ်ဝန်ခံတော်မူ၏။ ထိုသို့ဝန်ခံတော်မူလျှင် ပြည်သူပြည်သားတို့သည်အားရဝမ်းသာစွာ သံဃာတော်တို့နေရန် ကျောင်းကန် ဇရပ် မဏ္ဍပ် ကနား တရားသဘင်တို့ကိုလည်းကောင်း နေ့သန့်ရာ ညဉ့်သန့်ရာ ကမ္မဋ္ဌာန်းစီးဖြန်ရာ လိုဏ်သာ ဥမင်တို့ကိုလည်းကောင်း ပြုပြင်လှူဒါန်းကုန်၏။
ယင်းသို့ ဝေသာလီပြည်သို့ရောက်တော်မူ၍ တစ်လကျော်ရှိလျှင်ပင် ဖခင်သုဒ္ဓေါမင်းတရား၌ ကြီးမားသည်းထန်စွာ ရောဂါကပ်လာ၍ "သားတော်ဘုရားကို သွား၍ပင့်ချေ"ဟု အမတ်တစ်ယောက်ကို စေလိုက်သဖြင့်ခြေတော်ရင်းသို့ရောက်လေ၏။ဘုရားရှင်လည်း အတ္ထုပတ္တိကိုကြားလျှင် ဖခင်မင်းကြီးအား ချီးမြှောက်လိုသော စိတ်တော်ရှိသည်ဖြစ်၍ အမှုသစ်ပြုလုပ်ကုန်သောသူတို့၏ ဝတ္ထုကံကို စီမံစိမ့်သောငှာ အချို့သံဃာကိုဝေသာလီပြည်၌ထားခဲ့၍ ငါးရာသောသံဃာတော်တို့နှင့်တကွ ကိုယ်တော်မြတ်သည် ကပိလဝတ်ပြည်သို့ကြွတော်မူ၏။ နိဂြောဓာရုံကျောင်းသို့ရောက်၍ သုံးရက်မြောက်သောနေ့၌ပင် သုဒ္ဓေါဒနမင်းကြီးလည်း သိအပ်သော တေဘူမကဓမ္မကို သင်္ခါရသို့တင်၍ ဆင်ခြင်သုံးသပ်သဖြင့် ဖြန့်အုပ်သောထီးဖြူအောက်ဝယ် အရဟတ္တဖိုလ်သို့ရောက်၍ ပရိနိဗ္ဗာန်စံတော်မူလေ၏။
ဘုရားသခင်လည်း ဖခင်မင်းတရားကြီး၏အလောင်းကို ကောင်းမွန်တင့်တယ်စွာတန်ဆာဆင်ယင်လျက် နန်းဥကင်အချက်၌ စကြဝတေးမင်း၏အလောင်းကို သင်္ဂြိုဟ်သောနည်းအားဖြင့် သင်္ဂြိုဟ်တော်မူ၏။ သရီရစျာပနကိစ္စပြီးဘိ၍ နိဂြောဓာရုံကျောင်းဝယ် စံပယ်တော်မူသောအခါ မဟာပဇာပတိဂေါတမီ မိဖုရားသည် သားတော်ဘုရားထံသို့ကပ်၍ လေးမြတ်ရိုကျိုးရှိခိုးပြီးသော် ဤသို့ နားတော်လျှောက်၏ "ဘုန်းတော်ကြီးသောမြတ်စွာဘုရား… သားတော်မြတ်သည် ပညတ်ဟော
Comments
Post a Comment