“ဥပုသ်စောင့်ခြင်းသည် ကာယကံနှင့် ၀စီကံကို ထိန်းခြင်း”
••••••••••••••••••••••••••••••••••••••
ဥပုသ်စောင့်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ စိတ်ရဲ့
အညစ်အကြေးတွေ မဖြစ်အောင် လုပ်တာ ဆိုပေမယ့်
အဓိကအားဖြင့် ကာယကံမှု နဲ့ ၀စီကံမှု
မကျူးလွန်အောင်သာ ထိန်းသိမ်းထားတယ်။
“စိတ်” ကို မထိန်းသိမ်းဘူး။
▬▬▬▬▬▬▬▬▬▬▬
“စိတ်ကို ထိန်းနည်း (၁)”
▬▬▬▬▬▬▬▬▬▬▬
အဲဒါကြောင့်မို့လို့ စိတ်ကို ထိန်းနိုင်အောင် ဥပုသ်စောင့်တဲ့
ပုဂ္ဂိုလ်ဟာ ဘာအာရုံနဲ့ နေရမလဲ ဆိုရင် -
နံပါတ် (၁) ဗြဟ္မုပေါသထ- မြင့်မြတ်တဲ့ ပုဂ္ဂိုလ်နဲ့
နေနိုင်အောင် ကြိုးစားတဲ့။မြင့်မြတ်တဲ့ ပုဂ္ဂိုလ်ဆိုတာ
ဘယ်သူ့ကို ပြောတာလဲဆိုရင် မြတ်စွာဘုရားတဲ့။
ဥပုသ်စောင့်တဲ့ ဥပုသ်သည် တစ်ယောက်ဟာ
ဘုရားဂုဏ်တော်ကို နှလုံးသွင်းပြီး နေရမယ်။
နှလုံးသွင်းတယ်ဆိုတာ ဘုရားဂုဏ် ကို အာရုံပြုပြီးတော့
သူ့သန္တာန်မှာ ဖြစ်မယ့် လောဘ၊ ဒေါသ၊ မောဟတွေကို
ဖယ်ရှားပစ်တာ။
စိတ်ရဲ့ အညစ်အကြေးတွေ မိမိသန္တာန်မှာ
မဖြစ်အောင် ဆေးကြောပစ်တာ။
ဘာနဲ့ဆေးကြောပစ်လဲ။ “ဘုရားဂုဏ်တော်” နဲ့
ဆေးကြောပစ်တယ်တဲ့နော်။
ခုခေတ်မှာတော့ ဂုဏ်တော်ပုတီးစိပ်တယ်ဆိုပြီး
စိပ်ကြတယ်။ဂုဏ်တော်ပုတီး စိပ်တဲ့အခါ မှာ
ဂုဏ်တော်ပေါ် စိတ်မရောက်ဘဲနဲ့ ပုတီးပတ်
အရေအတွက်ပေါ်မှာ စိတ်ရောက်နေလို့ရှိရင်
အနှစ်သာရအားဖြင့်တော့ နည်းနည်းလျော့နည်းမှု
ရှိမှာပဲနော်။ပုတီးပေါ် စိတ်ရောက်ရမှာ မဟုတ်ဘူး။
အဓိက ကတော့ ဂုဏ်တော်ပေါ် စိတ်ရောက်ရမှာ။
ဘုရားဂုဏ်တော်တွေကို တစ်ခုစီ တစ်ခုစီ
မိမိတတ်သိ နားလည်သလို ဂုဏ်တော်တွေပေါ်မှာ
စိတ်ရောက်ပြီးတော့ နှလုံးသွင်းဆင်ခြင်ပြီးတော့
ဥပုသ် စောင့်နိုင်ရမယ်။
အဲဒီလို ဥပုသ်စောင့်နိုင်ရင် လူ့ရဲ့စိတ်ထဲမှာ
အညစ်အကြေးတွေကို ဂုဏ်တော်ပေါ်
အာရုံပြုခြင်းအားဖြင့် ဆေးကြောသန့်စင်လိုက်တာပဲ။
ဘုရားဂုဏ်တော်ကို အာရုံပြုပြီးတော့ ကြည်နူးတဲ့စိတ်တွေ
ဖြစ်ပေါ်လာရင် ၀မ်းသာတယ်၊ ပီတိတွေဖြစ်တယ်။
အဲဒီပီတိကို ဝိပဿနာရှုလိုက်တယ်ဆိုလို့ရှိရင်
တစ်မဂ် တစ်ဖိုလ် ရသွားနိုင်သေးတယ်။
အဲဒီလို တစ်မဂ်တစ်ဖိုလ်ရသွားတဲ့ ပုဂ္ဂိုလ်တွေလည်း
မြောက်မြားစွာ ရှိတယ်။ဒီတော့ ဥပုသ်စောင့်ရင်းက
နေပြီးတော့ မြတ်စွာဘုရားဂုဏ်ကို အာရုံပြုပြီးတော့
နေရင် အဲဒီဥပုသ်ကို “ဗြဟ္မုပေါသထ”တဲ့။
မြင့်မြတ်တဲ့ ပုဂ္ဂိုလ်နဲ့ အတူနေပြီးတော့
စောင့်သုံးတဲ့ ဥပုသ်တဲ့။
ဒီလိုဖြစ်ဖို့ လိုတယ် နော်။
▬▬▬▬▬▬▬▬▬▬▬
“စိတ်ကို ထိန်းနည်း (၂)”
▬▬▬▬▬▬▬▬▬▬▬
နောက်တစ်ခုကျတော့ ဘုရားဂုဏ်ကို အာရုံမပြုဘူး။
ဘာကို အာရုံပြုတုန်းဆိုရင် မြတ်စွာဘုရား
ဟောကြားထားတဲ့ မိမိသိတဲ့ တရားတွေကို (သို့မဟုတ်)
“တရားရဲ့ ဂုဏ်ရည်တွေ”ကို ဆင်ခြင် စဉ်းစားပြီးတော့
နေတယ်။ မြတ်စွာဘုရားဟောတဲ့တရားဟာ
တကယ့်မှန်ကန်တဲ့တရားပဲ။
အမှန် အတိုင်းဟောတာ ဖြစ်တယ်။
သွာက္ခာတ- မှန်မှန်ကန်ကန်ဟောတဲ့ တရားဖြစ်လို့
ဘုရားဟောတဲ့ တရားဟာ ကြားနာလိုက်ရုံနဲ့
အပူစင်တယ်။
ကျင့်လိုက်လို့ ရှိရင်လည်း ချမ်းသာတယ်။
ကျင့်ပြီးလို့ ရှိရင်လည်း နိဗ္ဗာန်ချမ်းသာ ထိအောင်
ကောင်းကျိုးချမ်းသာတွေ ပေးနိုင်တယ်လို့
နာရုံနဲ့ပဲ ပူပန်မှု တွေ ကင်းသွားတယ်။
ဒီတရားကို မြတ်စွာဘုရားဟောတယ်လို့ ဓမ္မရဲ့
ဂုဏ်ရည်တွေကို “သွာက္ခာတ၊ သန္ဒိဋ္ဌိက၊ အကာလိက”-
မိမိတို့ နားလည်သလို ဆင်ခြင်စဉ်းစားပြီးတော့
ဥပုသ်စောင့်မယ်ဆိုလို့ရှိရင် ထိုပုဂ္ဂိုလ်ရဲ့ စိတ်တွေဟာ
တရားနဲ့အတူ ရှိနေသည့်အတွက်ကြောင့်
တရားတော်ကို အာရုံပြုရင်း တရားဂုဏ်နဲ့
မကောင်းတဲ့စိတ်တွေကို ဆေးကြောပစ်ရာ
မရောက်ပေဘူးလား။အဲဒီလို ဆေးကြော ပစ်လိုက်လို့
စိတ်ကလေး ဖြူစင်ပြီး ၀မ်းသာကြည်နူးတဲ့စိတ်တွေ
ဖြစ်လာတယ်။
အဲဒီ ၀မ်းသာကြည် နူးတဲ့ စိတ်ကလေးတွေနဲ့
နေလို့ရှိရင် “ဓမ္မုပေါသထ”တရားဂုဏ်ကို
အာရုံပြုပြီးတော့ စောင့်သုံးတဲ့ ဥပုသ် ဒီလိုခေါ်တယ်။
▬▬▬▬▬▬▬▬▬▬▬
“စိတ်ကို ထိန်းနည်း (၃)”
▬▬▬▬▬▬▬▬▬▬▬
ထို့အတူပဲ အရိယာသံဃာတွေရဲ့ ဂုဏ်တွေ၊
အရိယာသံဃာတွေဆိုတာ -
“သုပ္ပဋိပန္နော” -မှန်ကန်တဲ့ အကျင့်တွေ ကျင့်တယ်။
“ဥဇုပ္ပဋိပန္နော”- ဖြောင့်မှန်စွာ ကျင့်တယ်။
“ဉာယပ္ပဋိပန္နော”- နိဗ္ဗာန် လမ်းကြောင်းပေါ် ရောက်တဲ့
အကျင့်မျိုး ကျင့်တယ်။
“သာမိစိပ္ပဋိပန္နော”- မှန်ကန်တဲ့ အကျင့်တွေ ကျင့်တယ်”
လို့ ဒီလို ကျင့်ကြံကြိုးကုတ် အားထုတ်မှုအပိုင်းက
ဆင်ခြင်စဉ်းစားတာ။
အဲဒီအကျင့်တွေကို အောင်မြင်အောင် ကျင့်ထားသည့်
ပုဂ္ဂိုလ်ဖြစ်သည့်အတွက်ကြောင့် “အာဟုနေယျ”-
အဝေးက ယူလာတဲ့ ပစ္စည်းတွေနဲ့ ပူဇော်ထိုက်တဲ့
ပုဂ္ဂိုလ်တွေ၊
“ပါဟုနေယျ”- အိမ်မှာ ဧည့်သည်တွေလာရင်
ကျွေးဖို့ဆိုပြီးတော့ အဆင်သင့်ထားတဲ့ ပစ္စည်းတွေနဲ့
ကျွေးးမွေးသင့်တဲ့ ပုဂ္ဂိုလ်တွေလို့ ဒီလို သံဃာ့ဂုဏ်တွေကို
တစ်ခုစီ တစ်ခုစီ အာရုံပြုပြီးတော့ စောင့်မယ်
ဆိုလို့ရှိရင် “သံဃုပေါသထ”လို့ ခေါ်တယ်။
သံဃာ့ဂုဏ်ကို အာရုံပြုပြီးတော့ ကြည်နူး
၀မ်းသာတဲ့စိတ်တွေနဲ့ နေတာ။
▬▬▬▬▬▬▬▬▬▬▬
“စိတ်ကို ထိန်းနည်း (၄)”
▬▬▬▬▬▬▬▬▬▬▬
ထို့အတူပဲ ကိုယ့်ရဲ့ ကိုယ်ကျင့်သီလတွေကို
ဆင်ခြင်တွေးတောပြီးတော့ စောင့်သုံးမယ်ဆိုလို့ရှိရင်
“သီလာနုဿတိ”။ကိုယ့်ရဲ့ သီလကို အာရုံပြုပြီးတော့
ကိုယ့်ရဲ့စိတ်အညစ်အကြေးတွေကို ဆေးကြောပစ်တယ်။
▬▬▬▬▬▬▬▬▬▬▬
“စိတ်ကို ထိန်းနည်း (၅)”
▬▬▬▬▬▬▬▬▬▬▬
နောက်တစ်ခုက “ဒေ၀တာနုဿတိ”။
“ဒေ၀တာနုဿတိ” ဆိုတာ နတ်တွေကို သတိရတာကို
ပြောတာမဟုတ်ဘူး။ “ဒေ၀တာနုဿတိ” က
နတ်တွေကို နှိုင်းယှဉ်စရာပြုပြီးတော့ ဆင်ခြင်တာ။
ဘယ်လိုဆင်ခြင်တုန်းဆိုရင် “ကောင်းရာသုဂတိကို
ရောက်သွားကြတဲ့ နတ်တွေဟာ အခု ငါ့မှာ
သဒ္ဓါတရားရှိတယ်။ဒီသဒ္ဓါတရားမျိုးရှိသည့်အတွက်ကြောင့်
သူတို့ နတ်ပြည်ရောက်ကြတာ။ငါ့မှာလည်းပဲ
ဒီသဒ္ဓါတရားတွေ အခုဖြစ်နေပါလား” လို့
ဒီလို တွေးတာ။သီလရှိလို့ နတ်ဘ၀ ရောက်သွားကြတာ။
ငါ့မှာလည်း အဲဒီသီလတွေ အခုရှိတယ်။
အကြားအမြင် ဗဟုသုတတွေရှိလို့ နတ်ပြည်
ရောက်သွားကြတယ်။
ငါ့မှာလည်းပဲ အဲဒီအကြားအမြင်တွေ ရှိတယ်။
စွန့်ကြဲမှုတွေရှိသည့်အတွက်ကြောင့် နတ်ပြည်ကို
ရောက်သွားကြတယ်။ငါ့မှာလည်းပဲ
စွန့်ကြဲမှုဆိုတဲ့ဂုဏ်တွေရှိတယ်။
အသိကပညာရှိသည့်အတွက်ကြောင့် နတ်ပြည်ကို
ရောက်သွားကြတယ်။ငါ့မှာလည်းပဲ အဲဒီ
အသိပညာတွေရှိတယ်လို့ - နတ်တွေရဲ့
ဂုဏ်ရည်တွေကို စဉ်းစားပြီးတော့ ကိုယ့်မှာရှိတဲ့
ဂုဏ်တွေနဲ့ နှိုင်းယှဉ်ပြီး ကြည်နူး၀မ်းသာတဲ့
စိတ်ကလေးဖြစ်တယ်။အဲဒီလို ကြည်နူး ၀မ်းသာတဲ့
စိတ်ကလေးနဲ့ ကိုယ့်ရဲ့စိတ်ထဲမှာရှိတဲ့
အညစ်အကြေးတွေကို ဆေးကြောပစ်တယ်။
အဲဒါဟာ “ဒေ၀တုပေါသထ” လို့ ခေါ်တယ်။
အဲဒီလို ဥပုသ်ကို စောင့်သုံးရမယ်လို့ မြတ်စွာဘုရားက
ဟောကြားတယ်။ ။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association】
-【ပါမောက္ခချုပ်ဆရာတော်ဒေါက်တာ
အရှင်နန္ဒမာလာဘိဝံသ】ဆက်ရန်►
Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm
[“လွတ်လပ်စွာ Share နိုင်ပါသည်။
ပေ့ခ်ျများအနေဖြင့်၊ Blog များအနေဖြင့်
share မည်ဆိုရင် စာရေးသူ ဆရာတော် အမည်နဲ့
စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association ကို
credit လေးပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။”]
Comments
Post a Comment