“ဥပုသ်စောင့်ခြင်း၏ အကျိုးကျေးဇူး”
••••••••••••••••••••••••••••••••••••••
အဲဒီလို ဟောကြားပြီးတော့ ဒီလိုစောင့်သုံးလိုက်တဲ့
ဥပုသ်ရဲ့ အကျိုးကျေးဇူးဟာ ဘယ်လောက်များသလဲ
ဆိုလို့ရှိရင် အင်မတန်မှ အကျိုးကျေးဇူးများတယ်တဲ့။
ဘုရားက နားလည်အောင် ဘယ်လိုဟောတုန်း
ဆိုတော့ ကမ္ဘာလောကကြီးအတွင်းမှာရှိတဲ့
အဖိုးတန်ရတနာတွေကို စုလိုက်။
အဲဒီ အဖိုးတန်ရတနာတွေရဲ့ တန်ဖိုးနဲ့
တစ်ကြိမ်တစ်ခါ စောင့်လိုက်ရတဲ့၊ အခုလို
မွန်မြတ်တဲ့ စည်းစနစ်ကျတဲ့ ဥပုသ်၊
အဓိပ္ပာယ်ရှိရှိ စောင့်လိုက်တဲ့ ဥပုသ်နဲ့
နှိုင်းယှဉ်ကြည့်လိုက်မယ် ဆိုလို့ရှိရင် ရတနာတွေရဲ့
တန်ဖိုးဟာ ဥပုသ်တစ်ခါ စောင့်ရတဲ့ ကုသိုလ်တန်ဖိုးရဲ့
၁၆- ပုံပုံ ၁-ပုံတောင်မရှိဘူး လို့ ပြောတယ်နော်။
ဘာဖြစ်လို့ ဒီလိုပြောရတုန်းလို့ ဆိုလို့ရှိရင်-
ဥပုသ်တစ်ကြိမ်တစ်ခါ စောင့်လိုက်လို့ရှိရင်
လူ့စည်းစိမ် မပြောနဲ့ ၊နတ်စည်းစိမ် နတ်ချမ်းသာတွေ
ပေးနိုင်တယ်။နတ်ချမ်းသာတွေဆိုတာ အဲဒီ
ရတနာတွေရဲ့ တန်ဖိုးထက် ကြီးတယ်။
ဥပုသ်ကလေး တစ်ခါစောင့်လိုက်တာနဲ့ ဒီပုဂ္ဂိုလ်ဟာ
လူ့ချမ်းသာထက် သာလွန်တဲ့ နတ်ချမ်းသာ၊
လူ့ချမ်းသာဆိုတာ နတ်ချမ်းသာနဲ့ နှိုင်းယှဉ်လိုက်လို့ရှိရင်
ဘာမှ မပြောပလောက်တော့ဘူး။
ချမ်းသာသုခလို့တောင် မဆိုနိုင်တော့ဘူး။
ဘာဖြစ်လို့တုန်းဆိုတော့ စဉ်းစားကြည့်လေ-
လူ့ပြည်မှာ အနှစ် ၅၀ မှ စတုမဟာရာဇ်နတ်ပြည်မှာ
၁- ရက်ပဲ ရှိသေးတာ။
သက်တမ်းခြင်းအားဖြင့်လည်း ကွာတယ်။
စည်းစိမ်ချမ်းသာခြင်းဖြင့်လည်း ကွာတယ်။
လူ့ပြည်မှာ အနှစ်- ၁၀၀ ဆိုရင် တာ၀တိံသာ
နတ်ပြည်မှာ ၁- ရက်ပဲ ရှိသေးတယ် နော်။
အဲဒီရက်တွေနဲ့ တွက်လိုက်တဲ့ အနှစ်-၅၀၀ ဟာ
စတုမဟာရာဇ်နတ်ပြည်ရဲ့ သက်တမ်းတစ်ခုပဲ။
အဲဒီရက်တွေနဲ့တွက်လိုက်တဲ့ အနှစ်-၁၀၀၀ ဟာ
တာ၀တိံသာနတ်ပြည်ရဲ့ အသက်ပဲ။
နတ်သက်ဟာ တဖြည်းဖြည်း တစ်ဆတစ်ဆ
တိုးသွားတာ နည်းတဲ့အသက်တွေ မဟုတ်ဘူး။
ရှည်လျားတယ်၊ ချမ်းသာသုခကလည်း အလွန်တရာ
ကြီးမားတယ်ဆိုတော့ လူ့ချမ်းသာနဲ့ နတ်ချမ်းသာ
နှိုင်းယှဉ်ကြည့်လိုက်မယ်ဆိုရင် မနှိုင်းယှဉ်နိုင်လောက်အောင်
နတ်ချမ်းသာက သာလွန်နေတယ်။
လူဆိုလို့ရှိရင် အသက်-၅၀ လောက်ဆို မအိုဘူးလား။
ဟိုမှာ တစ်ရက်ပဲ ရှိသေးတယ်လေ။
စည်းစိမ်ချမ်းသာ ခံစားရတာခြင်းလည်း တအားကွာတယ်။
သက်တမ်းကလည်း တအားကွာတယ်။
စတုမဟာရာဇ်နတ်ပြည်မှာ တစ်ရက်ရှိပေမယ့်၊
တာ၀တိံသာနတ်ပြည်မှာ နေ့၀က်ပဲရှိသေးတယ်။
အဲဒီလို နတ်ပြည်တွေဟာ တစ်ခုနဲ့တစ်ခု
သာလွန်သွားလို့ ဟောဒီဥပုသ်စောင့်လိုရှိရင်
အခုပြောတဲ့ နတ်ပြည်တွေအားလုံး ရောက်နိုင်တာ
ဖြစ်သောကြောင့် ဥပုသ်စောင့်ခြင်းရဲ့ အကျိုးကျေးဇူးဟာ
အလွန်ကြီးမားတယ်လို့ မြတ်စွာဘုရားက ဟောတယ်။
ဒါတင်မကဘူး သိကြားမင်းကြီးက တစ်ခါက ပြောတယ်။
“ လူ့လောကမှာရှိတဲ့ ပုဂ္ဂိုလ်တွေ လဆန်း ၈- ရက်၊
လဆုတ် ၈- ရက် လပြည့် လကွယ်တွေမှာ
ဥပုသ်စောင့်ကြမယ်ဆိုလို့ရှိရင် အဲဒီ ပုဂ္ဂိုလ်တွေ
သူ့လို သိကြားဘဝရောက်ချင်လို့ရှိရင်တဲ့ ဥပုသ်
စောင့်ကြပါ”လို့ သိကြားမင်းကြီးက နတ်သဘင်
အစည်းအဝေး တစ်ခုမှာ မိန့်ခွန်းပြောသတဲ့။
အဲဒီလို မိန့်ခွန်းပြောတာကို မြတ်စွာဘုရားက
ဘာပြောတုန်းဆို - “သိကြားမင်းပြောတဲ့
“ငါ့လို သိကြားဖြစ်ချင်လို့ရှိရင် ဥပုသ်စောင့်”
ဆိုတဲ့စကားဟာ မပြည့်စုံဘူး” တဲ့။
တကယ်ပြောရမှာ က “ရဟန္တာပုဂ္ဂိုလ်က ငါ့လို
ရဟန္တာဖြစ်ချင်ရင် ဥပုသ်စောင့်” လို့ ပြောရမယ်တဲ့။
ဒါကြောင့်မို့လို့ ဥပုသ်စောင့်တယ်ဆိုတာ နည်းတဲ့
ကုသိုလ် မဟုတ်ဘူးတဲ့။ ရဟန္တာပုဂ္ဂိုလ်က သာလျှင်
“ငါ့လို ရဟန္တာဖြစ်ချင်တဲ့ ပုဂ္ဂိုလ်တွေ ဥပုသ်စောင့်ကြပါ”
လို့ ပြောရတဲ့ - အဓိပ္ပာယ်ရှိလှတဲ့ ဗုဒ္ဓဘာသာတို့ရဲ့
ကျင့်စဉ်တစ်ခုဟာ ပုံပျက်ပန်းပျက် မဖြစ်စေဘဲနဲ့
အဓိပ္ပာယ်ရှိရှိ ဥပုသ်ကို စောင့်သုံးနိုင်ဖို့ အင်မတန်မှ
အရေးကြီးပါတယ်။
ဥပုသ်လို့ ပြောလိုက်တာနဲ့ ဘာသာခြားတွေက
သူတို့လည်း ဥပုသ်၊ ဒီလည်း ဥပုသ်- အတူတူလို့
တချို့က ထင်နေတတ်ကြတယ်။ အနှစ်သာရပိုင်းမှာ
အလွန်ကွာခြားတယ်ဆိုတာ အားလုံး သဘောပေါက်
နားလည်ပြီး ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့တဲ့
တကယ့်စစ်မှန်တဲ့ “အရိယုပေါသထ”လို့ခေါ်တဲ့
သူတော်စင်သူတော်မြတ်တို့ စောင့်သုံးတဲ့ ဥပုသ်ကို
ကိုယ်စီကိုယ်ငှ ကျင့်ကြံကြိုးကုတ် အားထုတ်
စောင့်သုံးနိုင်ကြပါစေကုန်သတည်း။ ။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association】
-【ပါမောက္ခချုပ်ဆရာတော်ဒေါက်တာ
အရှင်နန္ဒမာလာဘိဝံသ】
Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm
[“လွတ်လပ်စွာ Share နိုင်ပါသည်။
ပေ့ခ်ျများအနေဖြင့်၊ Blog များအနေဖြင့်
share မည်ဆိုရင် စာရေးသူ ဆရာတော် အမည်နဲ့
စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association ကို
credit လေးပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။”]
Comments
Post a Comment