ဂေါဓာဝတီသခင်ကြီး


 ဂေါဓာဝတီသခင်ကြီး

ဇနက(တောင်ငူ)


မြတ်ဗုဒ္ဓ လက်ထက်က တည်ရှိသော မြို့ရွာများကို ဖော်ပြသည့် ရှေးဟောင်းအိန္ဒိယမြေပုံကို စိတ်ပါ လက်ပါ ကြည့်ရှုနေသော ဖထီး အောင်လှ ပြောလာသည်က -

''မြတ်ဗုဒ္ဓဟောကြားခဲ့တဲ့ ပိဋကသုံးပုံထဲက မြို့၊ ရွာ၊ စေတီ၊ ကျောင်းကန်တွေရဲ့အမည်ကို တွေ့ရတော့ မြတ်ဗုဒ္ဓ ခေတ်ကို လွမ်းမိသလိုလိုပဲ ဆရာ၊ ဆရာပြောမယ့် ဂေါဓာဝတီမြစ်ဝှမ်းက အိန္ဒိယနိုင်ငံ တောင်ဘက်စွန်း၊ သာဝတ္ထိပြည်က အိန္ဒိယနိုင်ငံရဲ့မြောက်ဘက်စွန်းမှာ တွေ့ရတယ်။ ဗာဝရီပုဏ္ဏားကြီးက သာဝတ္ထိပြည်ကနေပြီး ဂေါဓာဝတီ မြစ်ဝှမ်းကို ဘာ့ကြောင့်ရောက်လာရတယ် ဆိုတာ သိပါရစေ၊ ပြောပြပါ ဆရာ''

''ဖထီးရေ့ ဗာဝရီပုဏ္ဏားကြီးက ကောသလ မင်းကြီးရဲ့ အကြီးတော်လို့ခေါ်တဲ့ ငယ်ဆရာလည်း ဖြစ်တယ်၊ အကြံပေး မင်းဆရာကြီးလည်း ဖြစ်တယ်၊ တစ်နေ့မှာတော့ ဗာဝရီပုဏ္ဏားကြီးက အကြံပေးမင်း ဆရာအလုပ်ကို မလုပ်ချင်တော့ဘူးတဲ့။ ဗာဝရီပုဏ္ဏားကြီး က သူတော်ကောင်းဆိုတော့ ကောင်းတဲ့အကြံÓာဏ်တွေ ပေးသည့်တိုင်အောင် ကောသလမင်းကြီးက သူ လုပ်ချင် တာပဲ လုပ်မှာပေါ့၊ ဒီတော့ မင်းလိုလိုက် မင်းကြိုက် ဆောင်ပြီး မပြောဆိုတတ်တဲ့အတွက် တစ်နေ့နေ့မှာ အန္တရာယ်ဘေး တွေ့နိုင်တယ်ဆိုတာ သိနေတယ်။ ထီးနန်းရစ တက်ကြွတဲ့မင်းမျိုးနဲ့ ပုဏ္ဏားအိုဆိုတော့ အတွဲ မညီဖြစ်နေတာ ဖထီးရေ့''

''ဖြစ်နိုင်တာပေါ့၊ နဂါးတို့မျက်စောင်းက အကြောင်း သုံးပါး ရွေးတယ်လို့ အဆိုရှိတယ်၊ သီလရှိတဲ့သူ၊ မိမိအပေါ်ကျေးဇူးရှိဖူးသူနဲ့ မိမိထက် အင်အားနည်းတဲ့ သူတွေကို ဒုက္ခ မပေးဘူးဆိုပဲ၊ မင်းတို့ မျက်စောင်း ကတော့ သူတို့အလိုကျမဖြစ်ရင် ဘာအကြောင်းမှ မထောက်ထားဘူး၊ သေဖို့သာ ပြင်ပေရော့''

''ဟုတ်တယ် ဖထီးရေ့၊ ဖထီး ပြောတာ ဖြစ်စဉ်ကိုက် ပါပဲ၊ အဲဒီလို မင်းက ပေးလာမယ့် အန္တရာယ်ကို မြင်လို့ သာဝတ္ထိပြည်ကနေ အလွန်ဝေးတဲ့ အဿကတိုင်းနဲ့ အဠကတိုင်း နယ်စပ်ဒေသဖြစ်တဲ့ ဂေါဓာဝတီမြစ်ဝှမ်းကို ထွက်လာခဲ့တာပါ၊ အတူနေတပည့် (၁၆)ယောက်နဲ့ အခြံအရံတွေလည်း ပါတယ်၊ ကာလအတန်ကြာတဲ့အခါ ဗာဝရီရသေ့ကြီးနေတဲ့ မြေနုကျွန်းပေါ်မှာ ဂါမ ဆိုတဲ့ လူနေရပ်ဝန်းကြီး ဖြစ်လာပြီး စည်ပင်ဖွံ့ဖြိုးလာတယ်၊ ဗာဝရီရသေ့ကြီးကိုလည်း ဂေါဓာဝတီသခင်ကြီးလို့ ခေါ်ကြတယ်၊ သူပိုင်တဲ့ မြေပေါ်မှာနေထိုင်ကာ အသက် မွေးကြရတဲ့ ရွာသူရွာသားတွေက ကျေးဇူးဆပ်တဲ့အနေနဲ့ တစ်နှစ်ကို အသပြာတစ်သိန်း လှူကြတယ်။ ရသေ့ ကြီးကလည်း ရသမျှအလှူငွေကို နှစ်စဉ်အလှူဒါနပွဲ ကျင်းပပြီး တစ်ပြားမချန်လှူလိုက်တယ်။ အစားလိုသူ အစားကျွေး၊ အဝတ်လိုသူ အဝတ်အစားပေး၊ ငွေကြေး လိုသူကို သင့်တင့်တဲ့ထောက်ပံ့ငွေ ပေးတယ်ပေါ့၊ နှစ်စဉ် အလှူကြီးပေးတဲ့ရက်မှာ နယ်စုံ၊ အရပ်ဒေသမျိုးစုံက အလှူခံပုဂ္ဂိုလ်တွေ လာကြတာပေါ့ ဖထီးရေ့''

''သာဓုခေါ်ရမှာပေါ့ ဆရာ၊သူတော်ကောင်းတွေဟာ မိမိကိုယ်လည်း ပစ္စည်းဥစ္စာအတွက် လောဘမီး မလောင်အောင်၊ မိမိကို လာလှူတဲ့ အလှူရှင်တွေလည်း ကုသိုလ် တိုးပွားအောင်၊ ထပ်ဆင့်ဝေငှ လှူတာက ထုံးစံပဲလေ၊ ဒီခေတ်အလိုပြောရရင်တော့ ဗာဝရီပါရမီ ဘက်စုံ ပရဟိတဖောင်ဒေးရှင်းလို့ ခေါ်ထိုက်ပါတယ်''

''ဗာဝရီရသေ့ကြီးရဲ့ လုပ်ဆောင်ချက်နဲ့ လိုက်ဖက်တဲ့ အမည်ပါပဲဗျာ၊တစ်နေ့မှာ ဗာဝရီရသေ့ကြီးရဲ့နှစ်ပတ်လည် အလှူပွဲကြီးပြီးလို့ ပရိသတ်တွေလည်း ပြန်ကြပြီ၊အလှူပွဲ ကို ကူညီဆောင်ရွက်ကြတဲ့ ဝေယျာဝစ္စအဖွဲ့သား ရသေ့များလည်း ကိုယ့်နေရာကို ပြန်ပြီးတော့ အနားယူနေ ကြပြီ၊ဗာဝရီရသေ့ကြီးလည်း အနားယူတော့မယ်ဆိုပြီး သူ့နေရာ ကျောင်းသင်္ခမ်းထဲ ဝင်မယ်အလုပ်မှာ အလှူခံ ပုဏ္ဏားတစ်ယောက်ရောက်လာတယ် ဖထီးရေ့''

''အလို-အလှူပွဲပြီးမှ လာတဲ့ပုဂ္ဂိုလ်၊ ဘယ်လို ဆိုရပါ့၊အလာကောင်းပေမဲ့ အခါနှောင်းပြီ ပုဏ္ဏားရေ''

''ဒီအလှူခံပုဏ္ဏားက ကလိင်္ဂတိုင်း၊ ဒုန္နိဝိဋ္ဌရွာက လာခဲ့တာ၊ သူ့ကို အသပြာငါးရာပေးပါလို့တောင်းတယ်၊ ဗာဝရီပုဏ္ဏားကြီးက အသင်ပုဏ္ဏား၊ မင့်ကို ပေးစရာဆိုလို့ တစ်ပြားမှ မကျန်တော့ဘူး၊ အလှူပွဲအမီ လာမှပေါ့ကွ၊ ငါက တစ်နှစ်ကို တစ်ကြိမ်ပဲ အလှူပွဲ လုပ်နိုင်တယ်၊ လာမယ့်နှစ် ဒီရက်မှာ စောစောလာခဲ့လို့ ပြောပါတယ်၊ ဒီတော့ ပုဏ္ဏားက အမလေးဗျာ၊ တစ်နှစ်လုံးလုံး ထိုင်စောင့်နေရမယ်တဲ့လား၊ ဒီလောက် ကြီးကျယ်တဲ့ အလှူပွဲလုပ်နေတဲ့ ပုဂ္ဂိုလ်မှာ ငွေကုန်ပြီဆိုတာ မဖြစ်နိုင် ဘူး၊ ငါ့ကိုမပေးချင်လို့လိမ်ပြောနေတာ၊ ငါ့အကြောင်း သိစေ့မယ်၊ခုချက်ချင်း ကျိန်စာတိုက်မယ်လို့ပြောတယ်''

''အလှူခံပုဏ္ဏားက ရက်စက်လှချည်လား၊ လှူချင် အောင် မပြောဘဲကိုး၊ နောက်ကျမှလည်း လာသေး၊ သူကပဲ စိတ်ဆိုးနေသေး''

''ဖထီးရေ့ လိုတာ မရတော့ ဒေါသထွက်ပြီပေါ့၊ လူလိမ်တို့ ထုံးစံအတိုင်း ရသေ့ကြီး ကြောက်လာအောင် အပြင်အဆင်တွေ၊ အဟိန်းအဟောက်တွေနဲ့ ခြောက်သေး တာ''

''ဘယ်ပုံဘယ်နည်း ခြောက်လှန့်တာလဲ ဆရာ''

''ပုဏ္ဏားတို့ထုံးစံပေါ့ ဖထီးရာ၊ ရသေ့ကြီးရဲ့ ကျောင်း တံခါးကို နွားချေးအစိုတွေ လိမ်းတယ်၊ ကျောင်းနားက တောပန်းအနီအဖြူတွေ ရသမျှခူးပြီး မြေပေါ်မှာ ခင်း တယ်၊ သမန်းမြက်တွေ ခင်းတယ်၊ပြီးတော့ သူ့ကိုယ်မှာ ဆင်ထားတဲ့ ချည်မျှင် စလွယ်ကို ဖြတ်၊ ပါလာတဲ့ ကရား ထဲက ရေနဲ့ ခြေဆေး၊ မြေကြီးကို ဖနောင့်နဲ့ဆောင့်ပြီး ခြောက်လှန့်လိုက်တယ်၊ ပါးစပ်ကလည်း ကျိန်စာ ရွတ် သေးတယ်၊ သူ့ရဲ့ ကျိန်စာမန္တန်က 'ဤရသေ့ကြီးသည် ငါ့ကို အသပြာငါးရာမပေးပါက ယနေ့မှစ၍ ခုနစ်ရက် မြောက်သောနေ့တွင် ဦးခေါင်း ခုနစ်စိတ်ကွဲပါစေ သတည်း'လို့ အကြိမ်ကြိမ်ဆိုပြီး ထွက်ခွာသွားတယ်၊ ပုဏ္ဏားလူလိမ်ရဲ့ ကျိန်စာကြောင့် ဗာဝရီပုဏ္ဏားကြီးမှာ စိုးရိမ်စိတ်တွေ ဖိစီးပြီး မအိပ်နိုင် မစားနိုင် တရား နှလုံးမသွင်းနိုင်အောင် ဖြစ်သွားတယ်''

''တယ်လည်း ထူးဆန်းပါလား ဆရာ၊ ဝေဒပါရဂူ၊ မင်းအကြံပေး ပုဂ္ဂိုလ်ကြီးက လူလိမ်ပုဏ္ဏား ခြောက်လှန့်တာကို ကြောက်နေရတယ်လို့''

''ကိုယ့်အတတ် ကိုယ်စူး ဖြစ်သွားတာလို့ဆိုရမှာ ပေါ့၊ကလေးငယ်တွေ,သဘင်သည်တွေနဲ့ အရူးတွေက ပြောတဲ့စကား မှန်တတ်တယ်ဆိုတဲ့ အယူဝါဒက မင်းဆရာပုဏ္ဏားတွေရဲ့ ဝါဒဖြန့်ချိရေးစကားပဲလေ၊ ဖထီးလည်း ကြားဖူးရဲ့သားနဲ့''

''ဟုတ်ပါ့ဆရာ၊ အရှင်မင်းကြီး ..ကလေးတွေ ကိုအထင်မသေးနဲ့၊ သူတို့ပြောစကား မှန်တတ်တယ်၊ နယ်တကာသွားနေတဲ့ သဘင်သည်တွေရဲ့ စကားကလည်း မှန်တတ်တယ်၊ အရူးစကားကလည်း မှန်တတ်ပါတယ်၊ အရှင်မင်းကြီး ပြည်တွင်းမှာ စနည်းနာတော်မူပါဘုရား ဆိုတဲ့စကားတွေ ကြားဖူးဖတ်ဖူးပါတယ်''

''အဲဒီလို အပြောတွေကြောင့် ဗာဝရီပုဏ္ဏားကြီး ကိုယ်တိုင်က အရူးပုဏ္ဏားပြောတဲ့အတိုင်း ငါ့ဦးခေါင်း ခုနစ်စိတ်ကွဲခဲ့သော် ခက်ရချည်သေးရဲ့ဆိုပြီး စိတ်ဆင်းရဲ နေတာ ဖထီးရေ့''

''တရားကျလိုက်ပါဘိ ဆရာရယ်၊ မင်းဆရာပုဏ္ဏား မှာ ကိုယ့်ရှူးကိုယ်ပတ် ဖြစ်နေတာကိုး''

''လောကမှာ မြတ်ဗုဒ္ဓမှတစ်ပါး အသိစုံ အကုန်သိ နိုင်တဲ့ ပုဂ္ဂိုလ်ဆိုတာ မရှိဘူး၊ လောကီပညာ ဝေဒဆိုင်ရာ ဗေဒင်ယတြာတွေ၊အတိတ်တဘောင် နိမိတ်တွေ နားလည်လို့ မင်းအကြံပေးဆရာ ဖြစ်ခဲ့ပေမဲ့ သူမသိတာ တွေ အများကြီးပါ ဖထီးရ၊ ဘက်စုံသိတဲ့သူ၊ ဘက်စုံ ထူးချွန်သူလို့ ပြောနေကြတာက မှန်တဲ့စကားမှ မဟုတ်ဘဲ၊ ဖထီးÓာဏ်နဲ့ဆင်ခြင်ကြည့်ပေါ့''

''မြတ်ဗုဒ္ဓမှတစ်ပါး ဘက်စုံသိသူ မရှိနိုင်ပါဘူး ဆရာ၊ဗာဝရီပုဏ္ဏားကြီးရဲ့သောကကို ဖြေသိမ့်ပေးမယ့် သူရှိပါဦးမလား''

''ပါရမီထူးရှိတဲ့ ဗာဝရီပုဏ္ဏားကြီးကို ကယ်မယ့်သူ ရှိတာပေါ့၊ ဗာဝရီရသေ့ကြီးရဲ့ ကျောင်းစောင့်နတ်သမီးက ဘဝဟောင်းကမယ်တော်ဘုရား ဖြစ်တယ်၊ အယူသီးသူတို့ ထုံးစံအတိုင်း ဥပါဒါန်ကြောင့် ဥပဒ်ရောက်ဖြစ်နေတဲ့ ရသေ့ကြီးကို နတ်သမီးက 'ချစ်သားဗာဝရီ၊ လူလိမ် ပုဏ္ဏားဟာ မုဒ္ဓခေါ်တဲ့ ဦးခေါင်းကိုလည်း မသိဘူး၊ မုဒ္ဓါဓိပါတဆိုတဲ့ ဦးခေါင်းကို ကွဲစေနိုင်တဲ့ တရားကို လည်း သူ့ဥာဏ်နဲ့သိနိုင်တဲ့အရာ မဟုတ်ဘူး၊ သူလိုချင်တဲ့ ငွေမရလို့ ခြောက်လှန့်နေတာ၊ ငါ့သား ဘာမှ မစိုးရိမ် နဲ့လို့အားပေးနှစ်သိမ့်ပါတယ်၊ နတ်သမီးရွတ်တဲ့ဂါထာက 'နသော မုဒ္ဓံ ပဇာနာတိ၊ ကုဟကောသော ဓနတ္ထိကော။ မုဒ္ဓနိ မုဒ္ဓပါတေဝါ၊ ဥာဏံတဿနဝိဇ္ဇတိ'တဲ့ ဖထီးရေ့''

''ပါရမီလမ်းကြောင်းက လာတဲ့ ဗာဝရီပုဏ္ဏားကို ကယ်မယ့်သူက ရှိပြီးသားကိုး၊ အားကျလိုက်ပါဘိ ဆရာရေ့''

''ဒီတော့မှ ဗာဝရီရသေ့ကြီးက အို-မိခင်နတ်သမီး၊ မုဒ္ဓ- ဦးခေါင်းဆိုတာ ဘာလဲ၊ မုဒ္ဓါတိပါတ- ဦးခေါင်းကို ကွဲစေနိုင်တဲ့တရားဆိုတာကရော ဘာလဲ၊ သိရင်ပြောပြ စမ်းပါလို့ ဝမ်းသာအားရ မေးပါတယ်၊မိခင်ဟောင်း နတ်သမီးကလည်း 'ချစ်သား ဗာဝရီ၊ ဒီတရားနှစ်ပါးကို ငါလည်း မသိပါ၊ ဒီတရားနှစ်ပါးကို သိမြင်နိုင်တဲ့ ပုဂ္ဂိုလ်မြတ်ဆိုတာ လောကသုံးပါးမှာ သဗ္ဗညုတဥာဏ် ပိုင်ရှင် မြတ်စွာဘုရားသခင်ပဲ ရှိတယ်၊လောကသုံးပါးမှာ အားကိုးစရာ ဘုရားပွင့်ပြီလို့ ပြောပါတယ်၊ ဗာဝရီ ရသေ့ကြီးဟာ မြတ်စွာဘုရားဆိုတဲ့အသံကို ကြားလိုက် ရတာနဲ့တင် စိတ်တွေ ကြည်လင် သောကတွေ စင်ပြီး၊ မြတ်စွာဘုရား ဘယ်အရပ်မှာ သီတင်းသုံးနေပါသလဲ၊ ညွှန်ပြပါမိခင်မြတ်လို့ ဝမ်းသာအားရမေးတဲ့အခါ သာဝတ္ထိ ပြည် ဇေတဝန်ကျောင်းတော်မှာ သီတင်းသုံးနေကြောင်း ပြောပါတယ်ဖထီးရေ့''

''ချိန်ဆုံးခါသင့် ပန်းနှယ်ပွင့်လို့ အဆိုရှိသားပဲ ဆရာ၊ကဿပဘုရားရှင်ရဲ့ သာသနာတော်မှာ ကဋ္ဌဝါဟန မင်းကြီးဘဝက ကျင့်ကြံဖြည့်ဆည်းခဲ့တဲ့ ပါရမီကုသိုလ်ကံ တွေ နှိုးဆော်လာပြီပေါ့ ဆရာ''

''မှန်တယ် ဖထီးရေ့၊သာဝတ္ထိပြည် ဇေတဝန် ကျောင်းတော်မှာ မြတ်ဗုဒ္ဓရှိတယ်လို့ သိတာနဲ့ ချက်ချင်း သွားရောက်ဖူးမြော်ချင်ပေမဲ့ ဗာဝရီရသေ့ကြီးအခြေအနေ က စိတ်သွားတိုင်း ကိုယ်မပါတဲ့ လူအိုကြီးလေ၊ အသက် (၁၂ဝ)ရှိနေပြီ ဖထီးရ၊ သာဝတ္ထိပြည်နဲ့ သူ့နေရာ ဂေါဓာဝတီအရပ်ဆိုတာ ယူဇနာခုနစ်ရာမက ဝေးတယ် လေ၊ ဒီလောက်ဝေးတဲ့ခရီးကို ငါသွားလို့မဖြစ်ဘူး၊မတော် လို့များ လမ်းမှာ အနိစ္စသဘောနဲ့ ကိစ္စချောသွားရင် ကိုယ်ကျိုးနည်းလိမ့်မယ်လို့ စဉ်းစားပြီး တပည့်တွေ ကိုစေလွှတ်ဖို့ စီစဉ်တယ်၊ အဲဒါနဲ့ပဲ သူ့ရဲ့အနီးနေတပည့် (၁၆)ယောက်ကိုခေါ်ပြီး သူ့ရဲ့ ရည်ရွယ်ချက်တွေ ပြီးပြည့်စုံအောင် ဆောင်ရွက်ပေးဖို့ ပြောပါတယ်၊ တပည့် (၁၆)ယောက်ကတော့ အဇိတ၊ တိဿ၊ မေတ္တယျ၊ ပုဏ္ဏက၊ မေတ္တဂူ၊ ဇောတက၊ ဥပသီဝ၊ နန္ဒ၊ ဟေမက၊ တောဒေယျ၊ ကပ္ပ၊ ဇတုကဏ္ဏိ၊ ဘဒြာဝုဓ၊ဥဒယ၊ ပေါသာလ၊ မောဃရာဇနဲ့ ပိင်္ဂိယတို့ ဖြစ်ပါတယ်၊ ပိင်္ဂိယရသေ့က ဗာဝရီ ရသေ့ကြီးရဲ့တူဖြစ်တယ် ဖထီးရေ့၊ ရသေ့ကြီးက 'ကဲ - တပည့်တို့၊ လောကသုံးပါးမှာ အားကိုးစရာ မြတ်စွာဘုရားပွင့်တော်မူပြီ၊ သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်မှာ သီတင်းသုံးနေတော်မူတယ် လို့ သိရတယ်၊ မင်းတို့တစ်တွေ အမြန်ဆုံးသွားရောက် ဖူးမြော်ကြရမယ်၊သမ္မာသမ္ဗုဒ္ဓဘုရား အစစ်ဟုတ်ရင် ငါ့ကိုလည်း ပြန်ပြီး အမြန်ဆုံးအကြောင်းပြန်ပါလို့ပြော ပါတယ်၊ ဒီတော့ တပည့်အပေါင်းက ပြန်ပြီးမေးကြတယ်၊ 'ဆရာကြီးခင်ဗျား၊ သမ္မာသမ္ဗုဒ္ဓ ဘုရားအစစ် ဟုတ်, မဟုတ်ဆိုတာကို ဘယ်နည်းနဲ့ သိနိုင်မှာလဲ၊ ခုမှ ဘုရားလို့ ကြားဖူးတာ'

'မင်းတို့ကို ဝေဒပညာ၊ အင်္ဂဝိဇ္ဇာဘာသာတွဲကို ဆရာစား မချန်ဘဲ သင်ထားပြီးသား၊ မေ့ကုန်ကြပြီ လားကွာ၊ မဟာပုရိသ လက္ခဏာကြီး (၃၂) ပါး၊ လက္ခဏာတော်ငယ် (၈ဝ)ကို ကြေညက်အောင် ပြန်ကြည့် ကွ၊တစ်ရာ့ရှစ်ကွက်ခြေစက်ပုံတော် အစုံစုံကို မြင်ရုံနဲ့ သိအောင် စာပြန်နွှေးကြ၊ လက္ခဏာတော်တွေ ပြည့်စုံ လို့ ဘုရားအစစ် သေချာရင် ငါ့ကိုတော့ မမေ့ပါနဲ့ကွာ၊ အမြန်ဆုံး ပြန်ပြီး အကြောင်းကြားပါ၊ ငါ့မှာ မင်းတိ့ုနဲ့ အတူ ဘုရားဖူးလိုက်ချင်ပေမဲ့ ဥတုက ကြမ်း၊ ခရီး ပန်းတဲ့ဒဏ်ကို ငါလူအို ခံနိုင်ပုံမပေါ်ဘူး၊ ဒီကပဲ ဘုရား ရှင်ရဲ့ သတင်းကို စောင့်နေပါ့မယ်၊ မောင်ပိင်္ဂိယရေ မင်းကတော့ ငါ့တူ အရင်းလည်း ဖြစ်တယ်၊ တပည့်ဆို လည်း ဟုတ်တယ်၊ မင့်ကို ငါ အားကိုးပါရစေ၊ ကျန်တဲ့ သူတွေ မေ့လျော့ခဲ့ရင်တောင် မင်းကတော့ မပျက်မကွက် ပြန်လာပြီး အကြောင်းကြားပါ'လို့ မှာရှာတယ် ဖထီးရေ့''

အဲဒီမှာပဲ Óာဏ်အထက်ဆုံးဖြစ်တဲ့ အဇိတရသေ့ က စဉ်းစားပြီး မေးလာတာက -

''ဆရာကြီး ခင်ဗျား၊ မဟာပုရိသလက္ခဏာတော် ကို အပြည့်အစုံ မြင်ခွင့်ရဖို့ဆိုတာ လက်တွေ့မှာမဖြစ် နိုင်ဘူး၊ လက္ခဏာတော်အစုံ မမြင်ရရင် ဘုရားအစစ် လို့တစ်ထစ်ချ မှတ်ယူလို့ဖြစ်ပါ့မလား''

''မင်းပြောတာ မှန်တယ်၊ဘုရား အစစ်ဟုတ်မဟုတ် သိရအောင် ငါ ပြောသလို လုပ်ပါကွာ၊ ဟောဒီမှာ အမေး ခုနစ်ချက်ပါတဲ့ မုဒ္ဓါတိပါတ ပုစ္ဆာကို မင်းမှတ်သွားပါ၊ မေးတဲ့အခါ မင်းစိတ်ထဲကနေ မေးလိုက်ပါ၊သမ္မာသမ္ဗုဒ္ဓ ဘုရားအစစ်ဆိုရင်တော့ ဖြေနိုင်ရမှာပေါ့ကွာလို့ ပြောပြီး မေးပုံ မေးနည်းပါမကျန် သင်ပြပေးလိုက်တယ်''

''မြတ်ဗုဒ္ဓ လက်ထက်တော်က ဘုရားဖူးအဖွဲ့လို့ ဆိုရမှာပေါ့နော်၊ အတွင်းနေ တပည့် (၁၆) ယောက်နဲ့ နောက်ပါအြေ>ွခအရံတွေလည်း လိုက်ကြမှာ မဟုတ်လား ဆရာ''

''မှန်တယ် ဖထီးရေ့၊ အဇိတရသေ့ဦးဆောင်တဲ့ ဘုရားဖူးအဖွဲ့ဟာ သာဝတ္ထိပြည်ရှိရာ မြောက်အရပ်ကို ဦးတည်လို့လာကြပြီ၊ တစ်နေဝင်ရင် တစ်ထောက်နား၊ တစ်နေထွက်တော့ ခရီးဆက်လာလိုက်ကြတာ အဟိဿတိ၊ ဥဇ္ဇေနီ၊ ကောသမ္ဘီ စတဲ့ မြို့တွေ၊ ရွာတွေ များစွာကို ဖြတ်သန်းလာကြရတာ၊ ဒီတော့ သူတို့ အဖွဲ့ ခရီးတစ်ထောက်နားတဲ့ မြို့ရွာတွေက လူတွေကလည်း တို့လည်း ဘုရားဖူးလိုက်မယ်ဆိုပြီး လိုက်လာကြတာ သာဝတ္ထိပြည်ရောက်ခါနီးတော့ ဘုရားဖူးအဖွဲ့ရဲ့ အင်အားက ခြောက်ယူဇနာအပြည့်ဆိုပဲ ဖထီးရေ့၊ တစ်စုတဝေးကြီးပေါ့''

''အမလေး များလိုက်တဲ့ ဘုရားဖူးပရိသတ်၊ မြတ်ဗုဒ္ဓ လက်ထက်တော်မှာ ဒီအဖွဲ့ အများဆုံးဖြစ်လိမ့်မယ်''

''ဗာဝရီရသေ့ကြီးရဲ့ တပည့်တွေနဲ့ ဘုရားဖူး ပရိသတ်အစုအဝေးကြီး လာနေပြီဆိုတာကို သာဝတ္ထိ ပြည် ဇေတဝန်ကျောင်းတော်ရှိ မြတ်ဗုဒ္ဓက သိတော်မူ မြင်တော်မူတယ်၊ ဗာဝရီရသေ့ကြီးးရဲ့ တပည့် (၁၆) ယောက်က သာဝတ္ထိရောက်ချိန်မှာ မဂ်ဖိုလ်ရဖို့အတွက် ဥာဏ်က မရင့်ကျက်သေးဘူး၊ များပြားလှတဲ့ဘုရား ဖူးပရိသတ်အတွက်လည်း သာဝတ္ထိပြည်ရဲ့အနေအထား က နေရာထိုင်ခင်း မပြည့်စုံဘူးဖြစ်နေတယ်၊ မြတ်ဗုဒ္ဓရဲ့ Óာဏ်တော်မှာ မြင်တော်မူတာနော်၊ မဂဓတိုင်း ရာဇဂြိုဟ် ပြည်က ပါသာဏကစေတီတော် ရင်ပြင်ကျယ်ကြီးမှာ ငါဘုရား အဖူးမြော်ခံပြီး တရားဟောမှသာ အားလုံး သော ပရိသတ်အတွက် အဆင်ပြေမယ်လို့ ဆင်ခြင် သုံးသပ်ပြီး နောက်ပါရဟန်းတော်တွေနဲ့အတူ ပါသာဏက စေတီတော်ရင်ပြင်ကို ကြိုကြိုတင်တင် သွားပြီးစောင့်နေ တော်မူတယ် ဖထီးရေ့''

''မေးစရာပေါ်လာပြီ၊ မြတ်ဗုဒ္ဓ ရာဇဂြိုဟ်ရောက်နေ တာကို ဘုရားဖူးလာကြတဲ့ ပရိသတ်က သိပါ့မလား''

''မေးသင့်တဲ့ မေးခွန်းပါ၊ ပုံမှန်အတိုင်းဆိုရင် သာဝတ္ထိပြည်ကို ဦးတည်ပြီးလာနေတဲ့ ဘုရားဖူးပရိသတ် အနေနဲ့ဘယ်သိနိုင်ပါ့မလဲ၊ သူတို့ သိနိုင်အောင် ဂန္ဓကုဋိ အဝင်ဝမှာ မြတ်ဗုဒ္ဓက အဓိဋ္ဌာန်ပြုပြီး ခြေတော်ရာ ထားခဲ့တယ်။ရသေ့(၁၆)ယောက်က ဇေတဝန် ကျောင်းတော်ကို ရောက်ရင်ပဲ ဘုရားရှင်က ဘယ်ပုဂ္ဂိုလ် လဲ၊ ဘုရားရှင် ဘယ်မှာရှိပါသလဲလို့ မေးမြန်းလာတော့ ဂန္ဓကုဋိတိုက်အဝင်မှာ မြတ်ဗုဒ္ဓရဲ့ခြေတော်ရာကို တွေ့ တယ်၊ ခြေတော်ရာကို စိစစ်ကြည့်တော့ ဟောဒါက နေဝန်းလဝန်း၊ ဒါက မုလေးပန်းဆိုင်း၊ ဟိုပုံတော်က မြင်းမိုရ်တောင်၊ ဒါက ဥဒေါင်းမင်းရုပ်၊ သေချာပြီ၊ ရာဂ ဒေါသ မောဟ ကင်းစင်၊ ကိလေသာ မရှိ၊ အသိစုံလင် တဲ့ ဘုရားရှင်ရဲ့ စက်တော်ရာဟု သိပြီး ရှိခိုးကြတယ်၊ ကျောင်းစောင့်ရဟန်းတွေထံ သွားပြီး အကျိုးအကြောင်း စုံစမ်းကြည့်တော့မှ မြတ်ဗုဒ္ဓက ရာဇဂြိုဟ်ပြည် ပါသာဏကစေတီတော် ရင်ပြင်ကို ကြွတော်မူကြောင်း သိကြတာနဲ့ မြတ်ဗုဒ္ဓရှိရာကို ခရီးဆက်ခဲ့ကြတယ်''

''ဖထီးတောင် ဘုရားဖူးလိုက်ချင်လာပြီ ဆရာ၊ လူစုလူဝေးကြီး သွားနေပုံကို မြင်ယောင်မိတယ်၊ အားကျလိုက်ပါဘိ''

''လိုက်ခဲ့ပါဗျာ၊ လာလေသမျှ ဘုရားဖူးပရိသတ် အတွက် နေရေး စားရေးပါမကျန် တာဝန်အားလုံးကို ဘိုးတော်သိကြားမင်း စပွန်ဆာပေးတယ် ဖထီးရေ၊ ဘုရားဖူးပရိသတ်နဲ့ မြို့ခံပရိသတ်စုစုပေါင်း (၁၂)ယူဇနာ အစုအဝေးကြီးအတွက် ကြီးကျယ်ခမ်းနားတဲ့ မဏ္ဍပ်တွေ က အဆင်သင့်ပါဗျာ''

''ဒါကတော့ ဆရာရယ်၊ ဘိုးတော်သိကြားဖန် ရေကန်အသင့်၊ ကြာအသင့် ဖြစ်ပြီပေါ့''

''ဘုရားဖူးပရိသတ်ကြီး မဏ္ဍပ်ထဲမှာ နေရာတကျ ဖြစ်ပြီ၊ရှေ့တော်ကိုရောက်လာတဲ့ အဇိတနဲ့ ရသေ့ အပေါင်းကို မြတ်ဗုဒ္ဓက ခရီးကြမ်းနှင့် ဥတုဒဏ်ကို ခံနိုင်ကြရဲ့လား၊ ဆွမ်းကွမ်းပြည့်စုံကြရဲ့လား စသည်ဖြင့် နှုတ်ဆက်စကား မိန့်ကြားပါတယ်၊ မြတ်ဗုဒ္ဓရဲ့ နှုတ်ဆက် စကားကို ကြားရတော့ ရသေ့တွေလည်း ဝမ်းမြောက် ဝမ်းသာစွာ ပြန်လည်လျှောက်ထားလို့ ဂါရဝပြုကြတယ်။ မြတ်ဗုဒ္ဓက မေးလိုရာကိုမေးပါလို့ ခွင့်ပြုတဲ့အခါ အဇိတရသေ့က ဆရာကြီးဗာဝရီ သင်ပေးလိုက်တဲ့ မုဒ္ဓါဓိပါတပုစ္ဆာကို မြတ်ဗုဒ္ဓထံ စိတ်ထဲကနေပြီး မေးပါ တယ်။ အဇိတရသေ့ရဲ့အမေးက ဆရာကြီးဗာဝရီရဲ့ အသက် ဘယ်လောက်ရှိပြီလဲ၊ ဆရာကြီးမှာရှိတဲ့ မဟာပုရိသလက္ခဏာက ဘယ်နှပါးလဲ၊ ဆရာကြီးရဲ့ အမျိုးအနွယ်၊ ဆရာကြီးရဲ့ ပညာအရည်အချင်းနဲ့ ဆရာကြီးထံမှာ ယခု ပညာသင်ကြားနေတဲ့ တပည့် အရေအတွက်ကို အရှင်ဘုရား မိန့်တော်မူပါလို့ လျှောက် ထားလိုက်တာ။ ဒီတော့ မြတ်ဗုဒ္ဓက ချစ်သား အဇိတ၊ မင်းတို့ဆရာကြီးက အသက် (၁၂ဝ)ရှိနေပြီ၊ ဗာဝရီ မျိုးနွယ်က ဖြစ်လို့ မင်းတို့အားလုံးက ဗာဝရီဆရာကြီး လို့ ခေါ်ကြတယ်မဟုတ်လား၊ မင်းတို့ဆရာကြီးရဲ့ ထူးခြားချက်က သူ့မှာ မဟာပုရိသလက္ခဏာသုံးပါး ရှိတယ်။ ဆရာကြီးက ဝေဒပညာ ဗေဒင်အရာမှာ ပါရဂူမြောက်တတ်ကျွမ်းတဲ့အပြင် ကေဋုဘ ခေါ်တဲ့ အလင်္ကာကျမ်း၊ နိဃဏ္ဍု ခေါ်တဲ့ အဘိဓာန်ကျမ်း၊ ဣတိဟာသကျမ်းနဲ့ မဟာပုရိသလက္ခဏာကျမ်းတွေ လည်း တတ်မြောက်သေးတယ်။ လောကီပညာမှာတော့ ဆရာတစ်ဆူပါပဲ၊ဒါပေမဲ့ မင်းတို့ဆရာကြီးလောလောဆယ် သင်ကြားပေးနေတဲ့ တပည့်ငါးရာက အပျင်းကြီး သလောက် Óာဏ်ထိုင်းလှတယ်ကွာလို့ အဖြေပေးလိုက် တယ် ဖထီးရေ''

''ကိုင်း-မှတ်ကရော၊ သိစရာမှန်က တစ်စမကျန် လုံးဝကုန်စင် သိမြင်တော်မူတဲ့ မြတ်ဗုဒ္ဓဆိုတာ ရသေ့တွေ သိကြရောပေါ့၊ မြတ်ဗုဒ္ဓကိုများ စမ်းရတယ်လို့ဗျာ''

''ဒီလိုဖြေတာတောင် သံသယ ရှိနေသေးတယ်၊ ဘဝင်မကျသေးဘူးဗျ၊ အဇိတရသေ့က မျက်လုံးလေး ပုတ်ခတ်ပုတ်ခတ်နဲ့ စဉ်းစားနေပုံက တို့ဆရာကြီးမှာ မဟာပုရိသလက္ခဏာ သုံးပါးရှိတာတော့ မှန်တယ်၊ ဒါပေမဲ့ ဘယ်လို လက္ခဏာဆိုတာ တိတိကျကျ မဖြေဘူး၊ သုံးပါးဆိုပြီး ရောကြိတ်လိုက်တာလား၊ သေချာအောင် မေးဦးမှလို့ တွေးပြီး စိတ်ထဲကနေ မေးလျှောက်တယ် ဖထီးရေ့၊ မဟာပုရိသလက္ခဏာသုံးပါးကို အမည်နှင့် တကွ တိတိကျကျ ဖြေတော်မူပါပေါ့။

ဒီတော့ မြတ်ဗုဒ္ဓက ချစ်သား အဇိတ၊ မင်းတို့ ဆရာကြီးရဲ့ မဟာပုရိသလက္ခဏာသုံးပါးက သူ့ မျက်နှာပြင် တစ်ခုလုံးကို ဖုံးအုပ်နိုင်တဲ့ ရှည်ပြန့်သော လျှာရှိတယ်၊ မျက်မှောင်နှစ်ဘက် အလယ်ချက်မှာ ဥဏ္ဏလုံ ခေါ် မွေးမင်ရှင် ရှိတယ်၊ အဝတ်ဖြင့်ဖုံးလွှမ်းထားရတဲ့ ပုရိသအင်္ဂါဟာ အအိမ်ဖြင့်ဖုံးအုပ်နေတယ်လို့ အဖြေပေး လိုက်ပါတယ်။

အဇိတရသေ့ ဆက်ပြီးမေးတာက အရှင်မြတ်ဘုရား၊ 'မုဒ္ဓံ မုဒ္ဓါဓိပါ တဉ္စ၊ ဗာဝရီ ပုစ္ဆတိ။ တံဗျာကရော ဟိ ဘဂဝါ၊ ကင်္ခဝိနယနောဣသေ' အဓိပ္ပာယ်က မုဒ္ဓဆိုတဲ့ ဦးခေါင်းဆိုတာ ဘယ်တရားပါနည်း၊ မုဒ္ဓါဓိပါတ ဆိုတဲ့ ဦးခေါင်းကိုကွဲစေနိုင်တဲ့ တရားကရော ဘယ်တရားကို ဆိုလိုပါသလဲ၊ ဆရာကြီးဗာဝရီက မေးလျှောက်လိုက် ပါတယ်ဘုရား' လို့ စိတ်ထဲကနေ လျှောက်ထားလိုက် ပြန်တယ် ဖထီးရေ့''

''မြတ်ဗုဒ္ဓဖြေကြားတဲ့ တရားကိုတော့ ကြားရပြီး မေးမြန်းတဲ့သူကိုတော့ ပရိသတ်ကြီးက မသိကြ ဘူးပေါ့''

''ဟုတ်တယ်၊ မြတ်ဗုဒ္ဓအဖြေ က 'ချစ်သားအဇိတ၊ သစ္စာလေးပါး ကို မသိအောင် ဖုံးလွှမ်းထားတဲ့ အဝိဇ္ဇာကို သံသရာ၏ဦးခေါင်းလို့ ခေါ်တယ်၊ သံသရာဦးခေါင်းအဝိဇ္ဇာ ကို ဖြုတ်ချနိုင် ဖယ်ရှားနိုင်တဲ့တရားအစုက သဒ္ဓါ၊ သတိ၊ သမာဓိ၊ဆန္ဒ နဲ့ဝီရိယယှဉ်တဲ့ ဝိဇ္ဇာဥာဏ်ဖြစ်တယ်၊ ဝိဇ္ဇာဥာဏ်အလင်းကသာ သံသရာ ရဲ့ဦးခေါင်းအဝိဇ္ဇာကို ဖြုတ်ချနိုင်တဲ့ တရားဖြစ်တယ်လို့ဖြေကြားပါတယ်။

မြတ်ဗုဒ္ဓရဲ့အဖြေစကားကို နာယူရတဲ့ ပရိသတ်ကြီးမှာတော့ 'ဘယ်လိုဖြစ်ပါလိမ့်၊ မေးလျှောက်တဲ့အသံ လည်း မကြားမိပါဘူး၊ နတ်တွေ၊ ဗြဟ္မာတွေကများ မေးလေသလား၊ သူဇာသက်နှင်း သိကြားမင်းကြီးက မေးလျှောက်တာ ဖြစ်မယ် စသည်ဖြင့် အတွေးကိုယ်စီနဲ့ အံ့အားသင့်နေကြတာပေါ့။

မေးလျှောက်သူ အဇိတနဲ့ရသေ့ (၁၆) ယောက် ကတော့ ဒါမှ ဘုရားအစစ်ဆိုပြီး မြတ်ဗုဒ္ဓရဲ့ခြေတော်အစုံ ကို ဦးတိုက်ရှိခိုးကြတာ၊ တော်ပြီ တန်ပြီပြောကာ တားယူရတယ်။ မြတ်ဗုဒ္ဓက ဆက်လက်မေးလျှောက်ခွင့် ပြုပြန်တယ်။ အဇိတရသေ့က 'အရှင်မြတ်ဘုရား၊ ဆရာကြီးဗာဝရီရဲ့ စီမံချက်အတိုင်း စိတ်ဖြင့် မေးလျှောက် ခဲ့တာကို သည်းခံခွင့်လွှတ်တော်မူပါဘုရား၊ ဆရာကြီး ဗာဝရီနဲ့ တပည့်အပေါင်းက အရှင်မြတ်ရဲ့ခြေတော်အစုံ ကို ဦးညွှတ်ရှိခိုးလိုက်ကြပါတယ်ဘုရား'လို့ ဝမ်းသာအားရ လျှောက်ထားလိုက်တော့ မြတ်ဗုဒ္ဓက - 'ဆရာကြီးဗာဝရီ နဲ့ တပည့်အပေါင်းတို့ ကိုယ်ကျန်းမာ၍ စိတ်ချမ်းသာ ကြပါစေ၊ အဇိတနဲ့တကွ သင်တို့လည်း ကျန်းမာချမ်းသာ ကြပါစေ၊ အသက်ရှည်ပါစေ'လို့ ဆုတော်ပေးပါတယ်။ တစ်ဆက်တည်းပဲ အမိန့်ရှိတာက ရသေ့အပေါင်းတို့ သင်တို့သိလိုရာကိုမေးပါလို့ ထပ်မံပြီး ခွင့်ပြုတော်မူတယ်။မဂ်ဖိုလ်ရရန် ဥပနိဿယပြည့်စုံခဲ့သလို Óာဏ်ကလည်း ရင့်ကျက်ပြီး အချိန်တန်ပြီဆိုတာကို မြတ်ဗုဒ္ဓက သိတော် မူတယ် ဖထီးရေ့''

''သာဓုခေါ်ရမှာပေါ့ဆရာ၊ ဗုဒ္ဓ သာဝကပစ္ဆိမဘဝိက ပုဂ္ဂိုလ်မွန်တွေဆိုတော့ မြတ်ဗုဒ္ဓက စောင့်ရှောက်ပြီပေါ့''

''မှန်ပါတယ် ဖထီးရေ့၊အဲဒီမှာတင် အဇိတရသေ့ အပါအဝင် ရသေ့ (၁၆)ယောက်ရဲ့ဓမ္မအတွေး ဓမ္မအမေး တွေကို မြတ်ဗုဒ္ဓက ရှင်းလင်းဟောကြားပါတယ်။ မြတ်ဗုဒ္ဓ ဟောကြားခဲ့တဲ့ ဓမ္မရတနာကို ပါရာယနသုတ္တန်လို့ ကျမ်းဂန်မှာ မှတ်တမ်းတင်ပါတယ် ဖထီးရေ့''

''ကောင်းပါပြီဆရာ၊ ဒီအပိုင်းက ဗာဝရီရသေ့ကြီး အကြောင်းနဲ့ ပါရာယနသုတ္တန် ဖြစ်ပေါ်လာပုံကို ဇာတ်ပန္နက်ရိုက်တဲ့အခန်းလို့ ဆိုရမှာပေါ့''

''မှန်တယ် ဖထီးရေ့၊ နိဗ္ဗာန်လမ်းပြ ပါရာယန အဖွင့်လို့လည်း မှတ်ထားနိုင်ပါတယ်။ အချိန်လည်း အတော်လင့်နေပြီဖြစ်လို့ နောက်ရက်ကျမှ ဆက်ပြီး နာယူကြပါစို့''


နိဗ္ဗာန်လမ်းပြ၊ ပါရာယန၊ မှတ်ကြသူငါ ကောင်းကျိုးဖြာ။


ဇနက(တောင်ငူ)

Comments

Popular posts from this blog

သရဏဂုံသုံးပါး ပုတီးစိပ်နည်း

ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူသော ဘုရားငါးဆူတို့၏ ကွာခြားချက်များ

ဂုဏ်တော်တစ်ထောင်ပုတီးစိပ်နည်း