သစ္စာလေးပါးဆိုသည်မှာ

 ◄►◄►◄►◄►◄►◄►◄►◄►◄►◄►◄►◄►◄►

“သစ္စာလေးပါးဆိုသည်မှာ”

◄►◄►◄►◄►◄►◄►◄►◄►◄►◄►◄►◄►◄►

မြတ်စွာဘုရားသည် တရားနာသူ၏ ဉာဏ်အတိမ်အနက်ကိုမူတည်၍ ဟောကြားတော်မူသော အတုမရှိဆရာတစ်ဆူ ဖြစ်ပါသည်။ တရားတော်တစ်ပုဒ်ကိုပင် မတူသောရှုထောင့်များဖြင့် သုတ်အမျိုးမျိုးတွင်ဟောထားသည်ကို စုစည်း ဆက်စပ်ခြင်း အမြင်ရှင်းစေရန် ဖွဲ့စည်းပုံများ ဖြင့် ဖော်ပြခြင်းတို့ ဖြင့် ဖတ်ရှုသူများ အဆင်ပြေစေရန် တင်ပြထားခြင်း ဖြစ်ပါသည်။


➡️ ဒုက္ခ အရိယသစ္စာ (ဆင်းရဲခြင်းဟူသော အရိယာတို့ သိအပ်သော အမှန်တရား)

ဒုက္ခသစ္စာဟူသည်-

ဇာတိ သည်လည်း ဒုက္ခတည်း၊ ဇရာသည်လည်း ဒုက္ခတည်း၊ မရဏ သည်လည်း ဒုက္ခတည်း၊ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသ တို့သည်လည်း ဒုက္ခတို့တည်း၊ မချစ်ခင် မနှစ်သက်ဖွယ်တို့နှင့် တွေ့ဆုံပေါင်းသင်းရခြင်း သည်လည်း ဒုက္ခတည်း၊ ချစ်နှစ်လိုဖွယ်တို့နှင့် ကွဲကွာကွေကွင်းရခြင်းသည်လည်း ဒုက္ခတည်း၊ အလိုရှိသည်ကို မရခြင်းသည်လည်း ဒုက္ခတည်း၊ အကျဉ်းချုပ် အားဖြင့် ဥပါဒါနက္ခန္ဒာငါးပါးတို့သည် ဒုက္ခတို့ဖြစ်သည်။


ဇာတိဟူသည်-

ထိုထိုသတ္တဝါတို့၏ ထိုထိုသတ္တဝါ အစုအပေါင်း၌ရှေးဦးစွာ ဖြစ်ခြင်း ပြည့်စုံစွာဖြစ်ခြင်း (အမိဝမ်းတွင်း ဥခွံတွင်းသို့) သက်ဝင်ခြင်း ကိုယ်ထင်ရှားဖြစ်ခြင်းခန္ဓာတို့၏ ထင်ရှားဖြစ်ခြင်း အာယတနတို့ကို ရခြင်းတည်း။ ဤတရားသဘောကို ဇာတိ ဟူ၍ခေါ်ဆို အပ်၏။


ဇာရာဟူသည်-

ထိုထိုသတ္တဝါ တို့၏ ထိုထိုသတ္တဝါအပေါင်း၌ အိုခြင်းအိုသော အခြင်းအရာ သွားကျိုးခြင်း ဆံဖြူခြင်း အရေတွန့်ရှုံ့ခြင်း။ ရုပ်အသက်ဆုတ်ယုတ်ခြင်း (မျက်စိစသော) ဣ‌န္ဒြေတို့၏ ရင့်ခြင်းတည်း။ ဤတရားသဘောကို ဇရာဟူ၍ ခေါ်ဆိုအပ်၏။


မရဏဟူသည်-

ထိုထိုထိုထိုသတ္တဝါတို့၏ ထိုထိုထိုထိုသတ္တဝါ အပေါင်းမှရွေ့လျောခြင်း ရွေ့လျောသော အခြင်းအရာ ပျက်စီးခြင်း ကွယ်ပျောက်ခြင်း သက်ပြတ် သေဆုံးခြင်းကွယ်လွန်ခြင်း ခန္ဓာတို့၏ ပျက်စီးခြင်း ကိုယ်ကိုပစ်ချခြင်း ဇီဝိတိန္ဒြေ၏ ပြတ်စဲခြင်းတည်း။ ဤတရား သဘောကို မရဏ ဟူ၍ ခေါ်ဆိုအပ်၏။


သောကဟူသည်-

တစ်မျိုးမျိုးသော ပျက်စီးခြင်းနှင့်မလွတ်ကင်းသော တစ်မျိုးမျိုးသော ဆင်းရဲကြောင်းနှင့် တွေ့သောသတ္တဝါ၏ စိုးရိမ်ခြင်း စိုးရိမ်သောအခြင်းအရာ စိုးရိမ်သည်၏အဖြစ် အတွင်း၌စိုးရိမ်ခြင်း အတွင်း၌ ပြင်းစွာ စိုးရိမ်ခြင်းတည်း။ ဤသဘောတရားကို သောက ဟူ၍ ခေါ်ဆိုအပ်၏။


ပရိဒေ၀ဟူသည်-

တစ်မျိုးမျိုးသော ပျက်စီးခြင်းနှင့်မလွတ်ကင်းသော တစ်မျိုးမျိုးသော ဆင်းရဲကြောင်းနှင့် တွေ့သော သတ္တဝါ၏ ငိုကြွေးခြင်း ပြင်းစွာငိုကြွေးခြင်း ငိုကြွေးသော အခြင်းအရာ ငိုကြွေးခြင်း ပြင်းစွာငိုကြွေးသော အခြင်းအရာ ငိုကြွေးသည်၏အဖြစ် ပြင်းစွာငိုကြွေးသည်၏ အဖြစ်တည်း။ ဤသဘောတရားကို ပရိဒေဝ ဟူ၍ ခေါ်ဆိုအပ်၏။


ဒုက္ခဟူသည်-

ရဟန်းတို့ ကိုယ်၌ဖြစ်သောဆင်းရဲခြင်း ကိုယ်၌ဖြစ်သော မသာယာခြင်း ကိုယ်အတွေ့ကြောင့်ဖြစ်သော ဆင်းရဲသော မသာယာအပ်သော ခံစားခြင်းတည်း။ ဤသဘောတရားကို ဒုက္ခဟူ၍ ခေါ်ဆိုအပ်၏။


ဒေါမနဿဟူသည်-

စိတ်၌ဖြစ်သောဆင်းရဲခြင်း စိတ်၌ဖြစ်သော မသာယာခြင်း စိတ်အတွေ့ကြောင့်ဖြစ်သော ဆင်းရဲသော မသာယာအပ်သော ခံစားခြင်းတည်း။ ဤသဘောတရားကို ဒေါမနဿ ဟူ၍ ခေါ်ဆိုအပ်၏။


ဥပါယာသဟူသည်-

ရဟန်းတို့ တစ်မျိုးမျိုးသော ပျက်စီးခြင်းနှင့်မလွတ်ကင်းသော တစ်မျိုးမျိုးသော ဆင်းရဲခြင်း၏ အကြောင်းနှင့် တွေ့ကြုံသော သတ္တဝါ၏ ပင်ပန်းခြင်းပြင်းစွာပင်ပန်းခြင်း ပင်ပန်းသည်၏ အဖြစ် ပြင်းစွာ ပင်ပန်းသည်၏ အဖြစ်တည်း။ ဤသဘောတရားကို ဥပါယာသဟူ၍ ခေါ်ဆိုအပ်၏


မချစ်မနှစ်လိုဖွယ်တို့နှင့် တွေ့ဆုံပေါင်းသင်းရခြင်း ဆင်းရဲဟူသည် အဘယ်နည်း။

ဤလောက၌ မလိုလား မနှစ်သက် မမြတ်နိုးအပ်ကုန်သော အဆင်း အသံ အနံ့ အရသာ အတွေ့သဘော တရားတို့သော် လည်းကောင်း၊ အကျိုးမဲ့ခြင်း အစီးအပွါးမဲ့ခြင်း မချမ်းသာခြင်း ဘေးမငြိမ်းခြင်းကို လိုလားကုန်သော သူတို့သော်လည်းကောင်း ထိုသူအား ရှိကုန်၏၊ ထို (အာရုံသတ္တဝါ) တို့နှင့်တကွတွေ့ရခြင်း ဆုံရခြင်း ပေါင်းဖော်ရခြင်း ရောနှောရခြင်းတည်း။ ဤတရားသဘောကို မချစ်မနှစ်လိုဖွယ် တို့နှင့် တွေ့ဆုံပေါင်းသင်းရခြင်း ဆင်းရဲ ဟူ၍ ခေါ်ဆိုအပ်၏။


ချစ်ခင်နှစ်လိုဖွယ်တို့နှင့် ကွဲကွာကွေကွင်းရခြင်း ဆင်းရဲဟူသည် အဘယ်နည်း။

ဤလောက၌ လိုလားနှစ်သက် မြတ်နိုးအပ်ကုန်သော အဆင်း အသံ အနံ့ အရသာ အထိသဘောတရား တို့သော် လည်းကောင်း၊ အကျိုး အစီးအပွါး ချမ်းသာခြင်း ဘေးကင်းခြင်းကို လိုလားကုန်သော အမိ အဖ ညီ အစ်ကို နှမ အစ်မ မိတ်ဆွေ အပေါင်းအဖော်ဆွေမျိုးသားချင်း တို့သော်လည်းကောင်း ထိုသူအား ရှိကုန်၏၊ ထို (အာရုံသတ္တဝါ) တို့နှင့် မတွေ့ရခြင်း မဆုံရခြင်း မပေါင်းဖော်ရခြင်း မရောနှောရခြင်းတည်း။ ဤတရားသဘောကို ချစ်ခင်နှစ်လိုဖွယ်တို့နှင့် ကွဲကွာကွေကွင်း ရခြင်း ဆင်းရဲ ဟူ၍ ခေါ်ဆိုအပ်၏။


အလိုရှိသည်ကို မရခြင်း ဆင်းရဲ ဟူသည် အဘယ်နည်း။

ဇာတိသဘော ရှိကုန်သော သတ္တ၀ါတို့အား ”ငါတို့သည် ဇာတိသဘောမရှိကြကုန်မူ ကောင်းလေစွ၊ ဇာတိသည် ငါတို့ထံသို့ လာမူကား ကောင်းလေစွ” ဟု ဤသို့သော တောင့်တခြင်းသည် ဖြစ်ပေါ်၏၊ ယင်းသို့တောင့်တ သော်လည်း ဤ (ဇာတိမလာခြင်း) ကို တောင့်တခြင်းဖြင့် မရအပ်၊ ဤသည်လည်းအလိုရှိသည်ကို မရခြင်း ဆင်းရဲမည်၏။ ရဟန်းတို့ ဇရာသဘောရှိကုန်သော သတ္တဝါတို့အား ”ငါတို့သည်ဇရာသဘော မရှိကြကုန်မူ ကောင်းလေစွ၊ ဇရာသည် ငါတို့ထံ မလာမူကား ကောင်းလေစွ” ဟုဤသို့သော တောင့်တခြင်းသည် ဖြစ်ပေါ်၏၊ ယင်းသို့ တောင့်တသော်လည်း ဤ (ဇရာမလာခြင်း) ကိုတောင့်တခြင်းဖြင့် မရအပ်၊ ဤသည်လည်း အလိုရှိသည်ကို မရခြင်း ဆင်းရဲမည်၏။ ရဟန်းတို့ ဗျာဓိ၉သဘော ရှိကုန်သော သတ္တဝါတို့အား ”ငါတို့သည် ဗျာဓိသဘော မရှိကြကုန်မူ ကောင်းလေစွ၊ ဗျာဓိသည်ငါတို့ထံ မလာမူကား ကောင်း လေစွ” ဟု ဤသို့သော တောင့်တခြင်းသည် ဖြစ်ပေါ်၏၊ ယင်းသို့တောင့်တ သော်လည်း ဤ (ဗျာဓိမလာခြင်း) ကို တောင့်တခြင်းဖြင့် မရအပ်၊ ဤသည်လည်းအလိုရှိသည်ကို မရခြင်း ဆင်းရဲမည်၏။ ရဟန်းတို့ မရဏသဘောရှိကုန်သော သတ္တ၀ါတို့အား” ငါတို့သည် မရဏသဘော မရှိကြကုန်မူ ကောင်းလေစွ၊ မရဏသည် ငါတို့ထံ မလာမူကားကောင်းလေစွ” ဟု ဤသို့သော တောင့်တခြင်းသည် ဖြစ်ပေါ်၏၊ ယင်းသို့ တောင့်တ သော်လည်း ဤ(မရဏမလာခြင်း) ကို တောင့်တခြင်းဖြင့် မရအပ်၊ ဤသည်လည်း အလိုရှိသည်ကို မရခြင်း ဆင်းရဲမည်၏။ ရဟန်းတို့ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသ သဘော ရှိကုန်သော သတ္တဝါတို့အား”ငါတို့သည် သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသ သဘော မရှိကြကုန်မူ ကောင်းလေစွ၊ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသသည် ငါတို့ထံသို့မလာမူကား ကောင်းလေစွ” ဟုဤသို့သော တောင့်တခြင်းသည် ဖြစ်ပေါ်၏၊ ယင်းသို့ တောင့်တသော်လည်း ဤ (သောက စသည်တို့မလာခြင်း) ကို တောင့်တခြင်းဖြင့် မရအပ်၊ ဤသည်လည်း အလိုရှိသည်ကို မရခြင်း ဆင်းရဲမည်၏။


အကျဉ်းချုပ်အားဖြင့် ငါးပါးသော ဥပါဒါနက္ခန္ဒာ၁၀ ဆင်းရဲတို့ဟူသည် အဘယ်နည်း။

ငါးပါးသော ဥပါဒါနက္ခန္ဒာတို့ဟူသည် ရုပ် ဥပါဒါနက္ခန္ဒာ၊ ဝေဒနာ ဥပါဒါနက္ခန္ဒာ၊ သညာဥပါဒါနက္ခန္ဓာ၊ သင်္ခါရ ဥပါဒါနက္ခန္ဒာ၊ ဝိညာဏ် ဥပါဒါနက္ခန္ဒာတို့ ပေတည်း။ ရဟန်းတို့ ဤ (ဥပါဒါနက္ခန္ဒာငါးပါး) တို့ကို အကျဉ်းချုပ် အားဖြင့် ငါးပါးသော ဥပါဒါနက္ခန္ဒာ ဆင်းရဲတို့ ဟူ၍ ဆိုအပ်ကုန်၏။ ဤတရားသဘောကို ဒုက္ခအရိယသစ္စာဟူ၍ ဆိုအပ်၏။


➡️ ဒုက္ခသမုဒယ အရိယသစ္စာ (ဆင်းရဲဖြစ်ကြောင်း အရိယာတို့ သိအပ်သော အမှန်တရား)

ဒုက္ခသမုဒယအရိယသစ္စာသည်-

တစ်ဖန် ဘဝသစ်ကို ဖြစ်စေတတ်သော နှစ်သက် တပ်မက်ခြင်းနှင့်တကွဖြစ်သော ထိုထိုဘဝအာရုံ၌ အလွန်နှစ်သက်ခြင်းရှိသော တဏှာတည်း။ ထိုတဏှာသည် အဘယ်နည်း။ ကာမတဏှာ (ကာမဘုံ၌ တပ်မက်ခြင်း)၊ ဘဝတဏှာ (ရူပအရူပဘုံတို့၌ တပ်မက်ခြင်း)၊ ဝိဘဝတဏှာ (ဥစ္ဆေဒဒိဋ္ဌိနှင့်တကွဖြစ်သော တပ်မက်ခြင်း) တို့တည်း။


ထိုတဏှာ ဖြစ်သည်ရှိသော် အဘယ်၌ ဖြစ်သနည်း၊ တည်သည်ရှိသော်-

လောက၌ ချစ်ခင်ဖွယ် သာယာဖွယ် သဘောသည် (ရှိ၏)၊ ထို (တဏှာ) သည့်ဖြစ်သည်ရှိသော် ဤ (ချစ်ခင်ဖွယ် သာယာဖွယ် အာရုံ) ၌ ဖြစ်၏၊ တည်သည်ရှိသော်ဤ (ချစ်ခင်ဖွယ် သာယာဖွယ်အာရုံ) ၌ တည်၏။


ချစ်ခင်ဖွယ်သာယာဖွယ် သဘောသည်-

လောက၌ မျက်စိသည်ချစ်ခင်ဖွယ် သာယာဖွယ် သဘော ဖြစ်၏၊ ထိုတဏှာသည် ဖြစ်သည်ရှိသော် ဤမျက်စိ၌ ဖြစ်၏။ တည်သည် ရှိသော် ဤမျက်စိ၌ တည်၏။ လောက၌ နားသည်။ပ။ လောက၌ နှာခေါင်းသည်။ပ။ လောက၌လျှာသည်။ပ။ လောက၌ ကိုယ်သည်။ပ။ လောက၌ စိတ်သည် ချစ်ခင်ဖွယ် သာယာဖွယ် သဘော ဖြစ်၏၊ထိုတဏှာသည်ဖြစ်သည်ရှိသော် ဤစိတ်၌ ဖြစ်၏။ တည်သည်ရှိသော် ဤစိတ်၌ တည်၏။

အလားတူ ထိုတဏှာသည် ဖြစ်သည်ရှိသော်……

အဆင်း၊ အသံ၊ အနံ၊ အရသာ၊ အတွေ့အထိ၊ မျက်စိ၌မှီသောစိတ်၊ နား၌မှီသောစိတ်၊ နှာခေါင်း၌မှီသောစိတ်၊လျှာ၌မှီသောစိတ်၊ ကိုယ်၌မှီသောစိတ်၊ မနော၌မှီသောစိတ်၊ မျက်စိအတွေ့၊ နားအတွေ့၊ နှာခေါင်းအတွေ့၊ လျှာအတွေ့၊ ကိုယ်အတွေ့၊ မနောအတွေ့၊ မျက်စိအတွေ့ကြောင့်ဖြစ်သော ခံစားခြင်း၊ နားအတွေ့ကြောင့်ဖြစ်သော ခံစားခြင်း၊ နှာခေါင်းအတွေ့ကြောင့်ဖြစ်သော ခံစားခြင်း၊ လျှာအတွေ့ကြောင့်ဖြစ်သော ခံစားခြင်း၊ ကိုယ်အတွေ့ကြောင့်ဖြစ်သော ခံစားခြင်း၊ မနောအတွေ့ကြောင့်ဖြစ်သော ခံစားခြင်း၊ ရူပါရုံ၌ မှတ်သားခြင်း၊ သဒ္ဒါရုံ၌ မှတ်သားခြင်း၊ ဂန္ဓာရုံ၌ မှတ်သားခြင်း၊ ရသာရုံ၌ မှတ်သားခြင်း၊ ဖောဋ္ဌဗ္ဗာရုံ၌ မှတ်သားခြင်း၊ ဓမ္မာရုံ၌ မှတ်သားခြင်း၊ ရူပါရုံ၌ စေ့ဆော်ခြင်း၊ သဒ္ဒါရုံ၌ စေ့ဆော်ခြင်း၊ ဂန္ဓာရုံ၌ စေ့ဆော်ခြင်း၊ ရသာရုံ၌ စေ့ဆော်ခြင်း၊ ဖောဋ္ဌဗ္ဗာရုံ၌ စေ့ဆော်ခြင်း၊ ဓမ္မာရုံ၌ စေ့ဆော်ခြင်း၊ ရူပါရုံ၌ တပ်မက်ခြင်း၊ ရူပါရုံ၌ ကြံစည်ခြင်း၊ ရူပါရုံ၌ သုံးသပ်ဆင်ခြင်ခြင်း ၌ တည်၏။ ဤတရားသဘောကို အရိယာတို့ သိအပ်သော ဒုက္ခသမုဒယအရိယသစ္စာ ဟူ၍ ဆိုအပ်၏။

အရိယာတို့၏ အမှန်တရားဖြစ်သော ဆင်းရဲဖြစ်ကြောင်း (ဒုက္ခသမုဒယအရိယသစ္စာ) ဟူသည်-

မသိမှု ‘အဝိဇ္ဇာ’ဟူသော အကြောင်းကြောင့် ပြုပြင်စီရင်မှု ‘သင်္ခါရ’ တို့ ဖြစ်ကုန်၏၊ ပြုပြင်စီရင်မှုဟူသော အကြောင်းကြောင့် ဝိညာဉ် ဖြစ်၏။ ဝိညာဉ်ဟူသော အကြောင်းကြောင့် နာမ်ရုပ် ဖြစ်၏၊ နာမ်ရုပ်ဟူသော အကြောင်းကြောင့် တည်ရာ ‘အာယတန’ခြောက်မျိုး ဖြစ်၏၊ တည်ရာခြောက်မျိုးဟူသော အကြောင်းကြောင့် တွေ့ထိခြင်း ‘ဖဿ’ ဖြစ်၏၊ တွေ့ထိခြင်းဟူသော အကြောင်းကြောင့် ခံစားခြင်း ‘ဝေဒနာ’ ဖြစ်၏၊ ခံစားခြင်းဟူသော အကြောင်းကြောင့် တပ်မက်ခြင်း ‘တဏှာ’ ဖြစ်၏၊ တပ်မက်ခြင်းဟူသော အကြောင်းကြောင့် စွဲလမ်းခြင်း ‘ဥပါဒါန်’ ဖြစ်၏၊ စွဲလမ်းခြင်းဟူသော အကြောင်းကြောင့် ဘဝ ဖြစ်၏၊ ဘဝဟူသော အကြောင်းကြောင့် ပဋိသန္ဓေတည်နေ ဖြစ်ပွါးခြင်း ‘ဇာတိ’ ဖြစ်၏၊ ပဋိသန္ဓေတည်နေ ဖြစ်ပွါးခြင်းဟူသော အကြောင်းကြောင့် အိုခြင်း သေခြင်း စိုးရိမ်ခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့ ဖြစ်ကုန်၏၊ ဤနည်းဖြင့် ဆင်းရဲအစု သက်သက် ဖြစ်ပေါ်၏။ ဤဆိုအပ် ခဲ့ပြီးသည်ကို အရိယာတို့၏ အမှန်တရားဖြစ်သော ဆင်းရဲဖြစ်ကြောင်းဟု ဆိုအပ်၏။


➡️ ဒုက္ခနိရောဓ အရိယသစ္စာ (ဒုက္ခ၏ချုပ်ရာ အရိယာတို့ သိအပ်သော အမှန်တရား)

ဒုက္ခနိရောဓအရိယသစ္စာသည်-

ထိုတဏှာ၏သာလျှင် အကြွင်းမရှိကင်းချုပ်ရာ, တဏှာကို စွန့်ရာ, တဏှာကို ဝေးစွာ စွန့်ရာ, တဏှာမှ လွတ်မြောက်ရာ, တဏှာဖြင့်မကပ်ငြိရာ (နိဗ္ဗာန်) တည်း။


ထိုတဏှာကို ပယ်အပ်သည်ရှိသော် အဘယ်၌ ပယ်အပ်သတ်သနည်း ချုပ်သည်ရှိသော်-

လောက၌ ချစ်ခင်ဖွယ် သာယာဖွယ် သဘောသည် (ရှိ၏)၊ ထိုတဏှာကို ပယ်အပ်သည် ရှိသော် ဤချစ်ခင်ဖွယ် သာယာဖွယ် သဘော၌ ပယ်အပ်၏၊ ချုပ်သည် ရှိသော် ဤချစ်ခင်ဖွယ် သာယာဖွယ် သဘော၌ ချုပ်၏။


လောက၌ ချစ်ခင်ဖွယ်သာယာဖွယ်သဘောသည်-

လောက၌ မျက်စိသည် ချစ်ခင်ဖွယ်သာယာဖွယ် သဘော ဖြစ်၏၊ ထိုတဏှာကို ပယ်အပ်သည်ရှိသော် ဤမျက်စိ၌ ပယ်အပ်၏။ ချုပ်သည်ရှိသော် ဤမျက်စိ၌ ချုပ်၏။ လောက၌ နားသည်။ပ။ လောက၌ နှာခေါင်းသည်။ပ။ လောက၌ လျှာသည်။ပ။ လောက၌ ကိုယ်သည်။ပ။ လောက၌ စိတ်သည် ချစ်ခင်ဖွယ် သာယာဖွယ်သဘော ဖြစ်၏၊ ထိုတဏှာသည် ပယ်အပ်သည်ရှိသော် ဤစိတ်၌ ပယ်အပ်၏၊ ချုပ်သည်ရှိသော် ဤစိတ်၌ ချုပ်၏။

အလားတူ ထိုတဏှာသည် ချုပ်သည်ရှိသော်……

အဆင်း၊ အသံ၊ အနံ၊ အရသာ၊ အတွေ့အထိ၊ မျက်စိ၌မှီသောစိတ်၊ နား၌မှီသောစိတ်၊ နှာခေါင်း၌မှီသောစိတ်၊လျှာ၌မှီသောစိတ်၊ ကိုယ်၌မှီသောစိတ်၊ မနော၌မှီသောစိတ်၊ မျက်စိအတွေ့၊ နားအတွေ့၊ နှာခေါင်းအတွေ့၊ လျှာအတွေ့၊ ကိုယ်အတွေ့၊ မနောအတွေ့၊ မျက်စိအတွေ့ကြောင့်ဖြစ်သော ခံစားခြင်း၊ နားအတွေ့ကြောင့်ဖြစ်သော ခံစားခြင်း၊ နှာခေါင်းအတွေ့ကြောင့်ဖြစ်သော ခံစားခြင်း၊ လျှာအတွေ့ကြောင့်ဖြစ်သော ခံစားခြင်း၊ ကိုယ်အတွေ့ကြောင့်ဖြစ်သော ခံစားခြင်း၊ မနောအတွေ့ကြောင့်ဖြစ်သော ခံစားခြင်း၊ ရူပါရုံ၌ မှတ်သားခြင်း၊ သဒ္ဒါရုံ၌ မှတ်သားခြင်း၊ ဂန္ဓာရုံ၌ မှတ်သားခြင်း၊ ရသာရုံ၌ မှတ်သားခြင်း၊ ဖောဋ္ဌဗ္ဗာရုံ၌ မှတ်သားခြင်း၊ ဓမ္မာရုံ၌ မှတ်သားခြင်း၊ ရူပါရုံ၌ စေ့ဆော်ခြင်း၊ သဒ္ဒါရုံ၌ စေ့ဆော်ခြင်း၊ ဂန္ဓာရုံ၌ စေ့ဆော်ခြင်း၊ ရသာရုံ၌ စေ့ဆော်ခြင်း၊ ဖောဋ္ဌဗ္ဗာရုံ၌ စေ့ဆော်ခြင်း၊ ဓမ္မာရုံ၌ စေ့ဆော်ခြင်း၊ ရူပါရုံ၌ တပ်မက်ခြင်း၊ ရူပါရုံ၌ ကြံစည်ခြင်း၊ ရူပါရုံ၌ သုံးသပ်ဆင်ခြင်ခြင်း ၌ ချုပ်၏။

ဤတရားသဘောကို ဒုက္ခနိရောဓအရိယသစ္စာ ဟူ၍ ဆိုအပ်၏။


အရိယာတို့၏ အမှန်တရားဖြစ်သော ဆင်းရဲချုပ်ရာ ‘နိဗ္ဗာန်’(ဒုက္ခနိရောဓ အရိယသစ္စာ) ဟူသည်-

မသိမှု ‘အဝိဇ္ဇာ’၏ အရဟတ္တမဂ်ဖြင့် အကြွင်းမဲ့ ချုပ်ခြင်းကြောင့်သာလျှင် ပြုပြင်စီရင်မှု ‘သင်္ခါရ’ ချုပ်၏၊ ပြုပြင်စီရင်မှုချုပ်ခြင်းကြောင့် ဝိညာဉ်ချုပ်၏၊ ဝိညာဉ်ချုပ်ခြင်းကြောင့် နာမ်ရုပ် ချုပ်၏၊ နာမ်ရုပ်ချုပ်ခြင်းကြောင့် တည်ရာ ‘အာယတန’ ခြောက်မျိုးချုပ်၏၊ တည်ရာခြောက်မျိုး ချုပ်ခြင်းကြောင့် တွေ့ထိခြင်း ‘ဖဿ’ ချုပ်၏၊ တွေ့ထိခြင်းချုပ်ခြင်းကြောင့် ခံစားခြင်း ‘ဝေဒနာ’ ချုပ်၏၊ ခံစားခြင်းချုပ်ခြင်းကြောင့် တပ်မက်ခြင်း ‘တဏှာ’ ချုပ်၏၊ တပ်မက်ခြင်းချုပ်ခြင်းကြောင့် စွဲလမ်းခြင်း ‘ဥပါဒါန်’ ချုပ်၏၊ စွဲလမ်းခြင်း ချုပ်ခြင်းကြောင့် ဘဝချုပ်၏၊ ဘဝချုပ်ခြင်းကြောင့် ပဋိသန္ဓေတည်နေ ဖြစ်ပွါးခြင်း ‘ဇာတိ’ ချုပ်၏၊ ‘ဇာတိ’ ချုပ်ခြင်းကြောင့် အိုခြင်း သေခြင်း စိုးရိမ်ခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့ ချုပ်ကုန်၏၊ ဤနည်းဖြင့် ဆင်းရဲအစုသက်သက် ချုပ်၏။ ဤဆိုခဲ့အပ်ပြီးသည်ကို အရိယာတို့၏ အမှန်တရား ဆင်းရဲချုပ်ရာ ‘နိဗ္ဗာန်’ဟု ဆိုအပ်၏။


➡️ ဒုက္ခနိရောဓဂါမိနီပဋိပဒါ အရိယသစ္စာ (ဆင်းရဲချုပ်ရာသို့ ရောက်ကြောင်း အကျင့်ဟူသော အရိယာတို့ သိအပ်သော အမှန်တရား)

ဒုက္ခနိရောဓဂါမိနီပဋိပဒါအရိယသစ္စာ၁သည်-

မြတ်သောအင်္ဂါရှစ်ပါးရှိသော ဤမဂ်အကျင့်လမ်းတည်း။ အင်္ဂါရှစ်ပါးဟူသော်ကား မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’၊ မှန်ကန်သော ကြံစည်မှု ‘သမ္မာသင်္ကပ္ပ’၊ မှန်ကန်သော စကား’သမ္မာဝါစာ’၊ မှန်ကန်သောအလုပ် ‘သမ္မာကမ္မန္တ’၊ မှန်ကန်သော အသက်မွေးမှု ‘သမ္မာအာဇီဝ’၊မှန်ကန်သော အားထုတ်မှု ‘သမ္မာဝါယာမ’၊ မှန်ကန်သော အောက်မေ့မှု ‘သမ္မာသတိ’၊ မှန်ကန်သောတည်ကြည်မှု ‘သမ္မာသမာဓိ’ တို့တည်း။


ရဟန်းတို့ သမ္မာဒိဋ္ဌိသည်-

ဒုက္ခ၌ သိမြင်ခြင်း၊ ဒုက္ခ၏ ဖြစ်ကြောင်း၌ သိမြင်ခြင်း၊ ဒုက္ခ၏ ချုပ်ရာ (နိဗ္ဗာန်) ၌ သိမြင်ခြင်း၊ဒုက္ခ၏ ချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်၌ သိမြင်ခြင်းတည်း။ ဤ (သိမြင်ခြင်း)ကိုမှန်စွာ သိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’ ဟူ၍ ဆိုအပ်၏။


သမ္မာသင်္ကပ္ပသည် -

(ကာမအာရုံမှ) လွတ်ကင်းသော ကြံစည်ခြင်း၊ ဖျက်ဆီးခြင်းမှ လွတ်ကင်းသော ကြံစည်ခြင်း၊ညှဉ်းဆဲခြင်းမှ လွတ်ကင်းသော ကြံစည်ခြင်းတည်း။ ဤ (ကြံခြင်း) ကို မှန်စွာကြံခြင်း’သမ္မာသင်္ကပ္ပ’ ဟူ၍ ဆိုအပ်၏။


သမ္မာဝါစာသည်-

မဟုတ်မမှန် ပြောခြင်းမှ ကြဉ်ရှောင်ခြင်း၊ ကုန်းစကားမှ ကြဉ်ရှောင်ခြင်း၊ ရုန့်ကြမ်းသော စကားမှကြဉ်ရှောင်ခြင်း၊ ပြိန်ဖျင်းသော စကားမှ ကြဉ်ရှောင်ခြင်းတည်း။ ဤကြဉ်ရှောင်ခြင်းကို မှန်စွာပြောဆိုခြင်း ‘ သမ္မာဝါစာ ‘ ဟူ၍ ဆိုအပ်၏။


သမ္မာကမ္မန္တသည်-

အသက်ကို သတ်ခြင်းမှ ကြဉ်ရှောင်ခြင်း၊ မပေးသည်ကို ယူခြင်းမှ ကြဉ်ရှောင်ခြင်း၊ ကာမဂုဏ်တို့၌မှားယွင်းစွာ ကျင့်ခြင်းမှ ကြဉ်ရှောင်ခြင်းတည်း။ ဤ (ကြဉ်ရှောင်ခြင်း) ကို မှန်စွာပြုလုပ်ခြင်း’သမ္မာကမ္မန္တ ‘ဟူ၍ ဆိုအပ်၏။


သမ္မာအာဇီဝသည်-

ဤသာသနာတော်၌ အရိယာဖြစ်သော တပည့်သည် မှားယွင်းစွာ အသက်မွေးခြင်းကိုပယ်စွန့်၍ မှန်စွာ အသက်မွေးခြင်းဖြင့် အသက်မွေး၏။ ဤ (အသက်မွေးခြင်း) ကို မှန်စွာအသက်မွေးခြင်း ‘သမ္မာအာဇီဝ’ ဟူ၍ ဆိုအပ်၏။


သမ္မာဝါယာမသည်-

ဤသာသနာတော်၌ ရဟန်းသည် မဖြစ်သေးသော ယုတ်မာသော အကုသိုလ်တရားတို့ကိုမဖြစ်ပေါ်စေရန် ဆန္ဒကို ဖြစ်စေ၏၊ အားထုတ်၏၊ လုံ့လပြု၏၊ စိတ်ကို ချီးမြှောက်၏၊ ဆောက်တည်၏။ဖြစ်ပြီးသော ယုတ်မာသော အကုသိုလ်တရားတို့ကို ပယ်ရန် ဆန္ဒကို ဖြစ်စေ၏၊ အားထုတ်၏၊ လုံ့လပြု၏၊စိတ်ကို ချီးမြှောက်၏၊ ဆောက်တည်၏။ မဖြစ်သေးသော ကုသိုလ်တရားတို့ကို ဖြစ်စေရန် ဆန္ဒကိုဖြစ်စေ၏၊ အားထုတ်၏၊ လုံ့လပြု၏၊ စိတ်ကို ချီးမြှောက်၏၊ ဆောက်တည်၏။ ဖြစ်ပြီးသော

ကုသိုလ်တရားတို့ကို တည်မြဲစေရန် မပျောက်ပျက်စေရန် တိုးတက်ဖြစ်ပွါးစေရန် ပြန့်ပြောစေရန် ပွါးများမှု ပြည့်စုံစေရန် ဆန္ဒကို ဖြစ်စေ၏၊ အားထုတ်၏၊ လုံ့လပြု၏၊ စိတ်ကို ချီးမြှောက်၏၊ ဆောက်တည်၏။ ဤ (အားထုတ်ခြင်း) ကို မှန်စွာ အားထုတ်ခြင်း ‘သမ္မာဝါယာမ’ ဟူ၍ ဆိုအပ်၏။


သမ္မာသတိသည်-

ဤသာသနာတော်၌ ရဟန်းသည် ပြင်းစွာ အားထုတ်သော လုံ့လရှိသည်ဖြစ်၍သမ္ပဇဉ်ဥာဏ် ရှိသည်ဖြစ်၍ သတိရှိသည်ဖြစ်၍ လောက၌ အဘိဇ္ဈာ ဒေါမနဿကို ပယ်ဖျောက်၍ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊ ပြင်းစွာ အားထုတ်သော လုံ့လရှိသည်ဖြစ်၍ သမ္ပဇဉ်ဉာဏ် ရှိသည်ဖြစ်၍ သတိရှိသည်ဖြစ်၍ လောက၌ အဘိဇ္ဈာ ဒေါမနဿကိုပယ်ဖျောက်၍ ဝေဒနာတို့၌ ဝေဒနာတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏၊ ပြင်းစွာအားထုတ်သော လုံ့လရှိသည် ဖြစ်၍ သမ္ပဇဉ်ဉာဏ် ရှိသည်ဖြစ်၍ သတိရှိသည်ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်၍ စိတ်၌စိတ်ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊ ပြင်းစွာအားထုတ်သော လုံ့လရှိသည်ဖြစ်၍ သမ္ပဇဉ်ဉာဏ် ရှိသည်ဖြစ်၍ သတိရှိသည်ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်၍ သဘောတရား တို့၌ သဘောတရားတို့ကို အကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍နေ၏။ ဤ (အောက်မေ့ခြင်း သတိ) ကို မှန်စွာအောက်မေ့ခြင်း ‘သမ္မာသတိ’ ဟူ၍ ဆိုအပ်၏။


သမ္မာသမာဓိသည်-


ပဌမဈာန်

ဤသာသနာတော်၌ ရဟန်းသည် ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရား တို့မှ ကင်းဆိတ်၍သာလျှင် ဝိတက်နှင့်တကွဖြစ်သော ဝိစာရနှင့်တကွဖြစ်သော နီဝရဏ ကင်းခြင်းကြောင့်ဖြစ်သည့် ပီတိသုခရှိသော ပဌမဈာန်သို့ ရောက်၍ နေ၏။


ဒုတိယဈာန်

ဝိတက် ဝိစာရ ငြိမ်းခြင်းကြောင့် မိမိသန္တာန်၌ စိတ်ကို ကြည်လင်စေတတ်သော၊ သမာဓိကိုဖြစ်ပွါးစေတတ်သော၊ ဝိတက်လည်းမရှိသော၊ ဝိစာရ လည်းမရှိသော၊ သမာဓိကြောင့်ဖြစ်သည့်ပီတိသုခရှိသောဒုတိယဈာန်သို့ ရောက်၍ နေ၏။


တတိယဈာန်

ပီတိ၏လည်း ကင်းခြင်းကြောင့် အမျှရှုလျက် သတိရှိလျက် ဆင်ခြင်လျက် နေ၏၊ သုခကိုလည်းကိုယ်ဖြင့် ခံစား၏၊ အကြင် (တတိယဈာန်)ကြောင့် ထိုသူကို ”အမျှရှုသူ သတိရှိသူ ချမ်းသာစွာ နေလေ့ရှိသူ” ဟု အရိယာ (ပုဂ္ဂိုလ်) တို့သည် ချီးမွမ်းပြောဆို ကုန်၏၊ ထို တတိယဈာန်သို့ ရောက်၍ နေ၏။


စတုတ္ထဈာန်

ချမ်းသာ ဆင်းရဲကို ပယ်ခြင်းကြောင့်လည်းကောင်း ရှေးဦးကပင် ဝမ်းသာခြင်း နှလုံးမသာခြင်းတို့၏ချုပ်နှင့်ခြင်းကြောင့် လည်းကောင်း ဆင်းရဲချမ်းသာ ကင်းသော ဥပေက္ခာကြောင့်ဖြစ်သည့် သတိ၏စင်ကြယ်ခြင်း ရှိသော စတုတ္ထဈာန်သို့ ရောက်၍ နေ၏။ ဤ (သမာဓိ) ကို မှန်စွာတည်ကြည်ခြင်း ‘သမ္မာသမာဓိ’ ဟူ၍ ဆိုအပ်၏။ ဤတရားသဘောကိုဒုက္ခနိရောဓဂါမိနီပဋိပဒါ အရိယသစ္စာ ဟူ၍ဆိုအပ်၏။


◄ သစ္စာလေးပါးရှင်းတမ်း ဤတွင် ပြီးဆုံးပါပြီး ►


မှတ်စုများ

ဒေါက်တာလှဘေ မြန်မာဗုဒ္ဓဘာသာတစ်ယောက်၏ဘဝ စာ –၆၂

မှပြန်လည်ကောက်နှုတ် ဖေါ်ပြပါသည်။

{{သစ္စာ လေးပါး}}

•••••••••••••••••••• 

Comments

Popular posts from this blog

သရဏဂုံသုံးပါး ပုတီးစိပ်နည်း

ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူသော ဘုရားငါးဆူတို့၏ ကွာခြားချက်များ

ဂုဏ်တော်တစ်ထောင်ပုတီးစိပ်နည်း