မည်ခံသုံးပါး နှစ်ထွေပြားသား


 မည်ခံသုံးပါး နှစ်ထွေပြားသား

ပြင်ဦးလွင်မြို့၊ ဓမ္မဒီပဆရာတော်


မဃဒေဝလင်္ကာသစ်၊ ပိုဒ်ရေ(၂၉၆) မှာ ဟီရိ သြတ္တပ္ပနဲ့ ပတ်သက်ပြီး ''လောကပါလ၊ သုက္ကဒေဝဓံ၊ မည်ခံသုံးပါး၊ နှစ်ထွေပြားသား'' လို့ စပ်ဆိုထားတာကို တွေ့ရှိရပါတယ်။ သူရဲ့ အဓိပ္ပာယ်ကတော့ ဟိရီသြတ္တပ္ပ တရားနှစ်ပါးကို ဟိရီသြတ္တပ္ပဆိုတဲ့ မူလနာမည်အပြင် လောကပါလ ဟူ၍ လည်းကောင်း၊ သုက္ကဓမ္မဟူ၍ လည်းကောင်း၊ဒေဝဓမ္မဟူ၍လည်းကောင်း နာမည်သုံးမျိုး တို့ဖြင့် သုံးနှုန်းမှုရှိသေးကြောင်းကိုလည်း သိစေလိုတာ ဖြစ်ပါတယ်။ လောကပါလဆိုတာ လောကသားများကို အကုသိုလ်တရားတို့မှ ကာကွယ်စောင့်ရှောက်တတ်သော တရားလို့ အဓိပ္ပာယ်ရ၍ သုက္ကဓမ္မဆိုတာ ဖြူစင်အောင် ပြုတတ်သောတရား၊ ဖြူစင်သောတရားလို့ အဓိပ္ပာယ် ရပြီး ဒေဝဓမ္မဆိုတာကတော့ ကုသိုလ်ဖြစ်ရန် သမ္မုတိ နတ်၊ ဥပပတ္တိနတ်၊ ဝိသုဒ္ဓိနတ်ဖြစ်ရန် အကြောင်းဖြစ်၍ ထိုနတ်တို့၏ တရားလို့ အဓိပ္ပာယ်ရပါတယ်။

ဟိရီသြတ္တပ္ပတရားနှစ်ပါးရဲ့ ဒေဝဓမ္မ အမည်တွင် ရခြင်းနဲ့ ပတ်သက်လို့ ငါးရာ့ငါးဆယ်ဇာတ်တော်လာ ဒေဝဓမ္မဇာတ်ကို ပြောပြလိုပါတယ်။ ဗာရာဏသီပြည် မှာ ဗြဟ္မဒတ်မင်းကြီး အုပ်ချုပ်စဉ်အခါက ဗြဟ္မဒတ် မင်းကြီးရဲ့ မိဖုရားကြီးဟာ မဟိံသကုမ္မာနှင့် စန္ဒကုမ္မာ သားတော်နှစ်ဦးကို ဖွားမြင်ပြီးနောက် နတ်ရွာစံသွားခဲ့ ပါတယ်။ မိဖုရားကြီးမရှိတော့တဲ့အတွက် မင်းကြီးဟာ နောက်ထပ် အမျိုးသမီးတစ်ယောက်ကို မိဖုရားအဖြစ် တင်မြှောက်ပါတယ်။ အဆိုပါ မိဖုရားမှ သားတော် သူရိယ ကုမ္မာကို ဖွားမြင်ပါတယ်။ တစ်နေ့ ထီးမွေနန်းလျာကိစ္စ ကြောင့် သားတော်မဟိံသကုမ္မာနဲ့စန္ဒကုမ္မာ မင်းသားနှစ်ဦး တို့ကို နန်းတော်မှ သက်ဆင်းစေပါတယ်။ နန်းရင်ပြင်မှာ သူရိယကုမ္မာမင်းသားနဲ့ သက်ဆင်းလာတဲ့ မင်းသားနှစ်ဦး တို့ တွေ့မိကြတဲ့အခါ သူရိယကုမ္မာမင်းသားက အကျိုး အကြောင်းကို မေးမြန်းပါတယ်။ အဖြစ်မှန်ကို သိရှိသွား တဲ့အခါ သူရိယကုမ္မာမင်းသားက သူလည်း နောင်တော် နှစ်ပါးနှင့်အတူ လိုက်လိုကြောင်း ခွင့်တောင်းပြီး နောင်တော်နှစ်ပါးနှင့်အတူ လိုက်သွားပါတော့တယ်။ ညီနောင် သုံးဦးတို့ဟာ နန်းတော်ကနေ သက်ဆင်းပြီး ဟိမဝန္တာတောသို့ ဝင်သွားခဲ့ကြပါတယ်။

ဟိမဝန္တာတောထဲမှာ ဘီလူးစောင့်တဲ့ ရေကန်တစ်ခု ရှိပါတယ်။ ဝေဿဝဏ်နတ်မင်းကြီးက အဲဒီဘီလူးကို ရေကန်အတွင်း သက်ဆင်းသူများအနက် ''ဒေဝဓမ္မ တရားနှစ်ပါးကို'' မသိသူများအား စားခွင့်ပေးထားပါ တယ်။ မင်းသားတွေဟာ ဟိမဝန္တာတောထဲရောက်တဲ့ အခါ ခရီးပန်းလာသဖြင့် ရေဆာကြတဲ့အတွက် သူရိယ ကုမ္မာ မင်းသားကို ရေခပ်ခိုင်းပါတယ်။ ဘီလူးဟာ ရေကန်အတွင်း သက်ဆင်းလာတဲ့ မင်းသားအား ဒေဝ ဓမ္မကို မေးမြန်းရာ ဒေဝဓမ္မကို မသိတဲ့အတွက် သူရိယ ကုမ္မာမင်းသားကို ချုပ်နှောင်ထားလိုက်ပါတယ်။ ထို မင်းသားရောက်မလာတဲ့အတွက် စန္ဒကုမ္မာမင်းသားကို စေလွှတ်ပြန်ရာ ရှေးနည်းအတူပင် ဒေဝဓမ္မကိုမသိသဖြင့် စန္ဒကုမ္မာ မင်းသားဟာလည်း ချုပ်နှောင်ခံရပြန်ပါတယ်။ ညီတော်နှစ်ဦး ရေခပ်သွားတာ ကြာနေတဲ့အတွက် မဟိံသ ကုမ္မာမင်းသားဟာ ကိုယ်တိုင်ပဲလိုက်သွားပါတော့တယ်။ ရေကန်ရောက်တဲ့အခါ ရေကန်မှာ ဘီလူးနဲ့တွေ့လို့ ဘီလူး က မင်းသားအား ရှေးနည်းအတူ 'ဒေဝဓမ္မ'ကို မေးလေ ရာ မင်းသားက -

ဟိရီသြတ္တပ္ပသမ္ပန္နာ၊ သုက္ကဓမ္မသမာဟိတာ။

သန္တော သပ္ပုရိသာ လောကေ၊ ဒေဝဓမ္မာတိ ဝုစ္စရေ။

ဇာ၊ ဋ္ဌ၊ ၁။ ၁၄၃

လောကေ-သတ္တလောက၌၊ ဟိရီသြတ္တပ္ပသမ္ပန္နာ- ကာယဒုစရိုက်စသည်တို့ကို ရှက်တတ် စက်ဆုပ်ရွံ့ရှာ တတ်သော ဟိရီတရား၊ ကာယဒုစရိုက်စသည်တို့မှ ထိတ်လန့်ကြောက်ရွံ့တတ်သော သြတ္တပ္ပတရားနှင့် ပြည့်စုံ ကုန်သော။ သုက္ကဓမ္မသမာဟိတာ-ဟိရီသြတ္တပ္ပကို အရင်း ပြု၍ ကျင့်အပ်ကုန်သော ကုသိုလ်တရားတို့နှင့် ပြည့်စုံ ကုန်သော။ သန္တော-ငြိမ်သက်သိမ်မွေ့သော ကိုယ်နှုတ် နှလုံး သုံးပါးရှိကုန်သော။ သပ္ပုရိသာ-ကတညုတ ကတ ဝေဒီဂုဏ်နှင့် ပြည့်စုံသည်ဖြစ်၍ တင့်တယ်သော ယောက်ျားမြတ်တို့ကို။ ဒေဝဓမ္မာတိ-သမ္မုတိနတ် ဥပပတ္တိ နတ် ဝိသုဒ္ဓိနတ် နတ်သုံးပါးတို့၏ အကျင့်တရားရှိကုန် သော သူမြတ်တို့ဟူ၍။ ဝုစ္စရေ-ဘုရားအစရှိသော အရိယာတို့ ချီးမွမ်းအပ်ကုန်၏။လို့ ဖြေကြားလိုက်ပါတယ်။

ဘီလူးဟာ မဟိံသကုမ္မာမင်းသားရဲ့ ဖြေကြားချက် ကို သဘောကျကြည်ညိုတဲ့အတွက်ဖမ်းထားတဲ့ ညီ နှစ်ယောက်အနက် တစ်ယောက်ကို ပြန်ပေးမယ်၊ 'ဘယ်သူ့ကို ခေါ်လာခဲ့ရမှာလဲ' လို့ မေးတဲ့အခါ အငယ်ကို ခေါ်လာခဲ့ဖို့ ပြောတဲ့အတွက် 'သင်ဟာ ဒေဝဓမ္မကို သိရုံ သာ သိတာပဲ၊ သိတဲ့အတိုင်းတော့ လိုက်နာကျင့်သုံးမှုမရှိ ဘူး' လို့ ဘီလူးက ပြောဆိုလိုက်ပါတယ်။ ဘာကြောင့် ဒီစကားကို ဘီလူးပြောရတာလဲဆိုတော့ အကြီးနဲ့ အငယ် နှစ်ဦးမှာ အကြီးကိုထားခဲ့ပြီး အငယ်ကိုခေါ်သွားမယ်ဆိုရင် ကြီးသူတွေအပေါ် ရိုသေလေးစားမှု, မြတ်နိုးပူဇော်မှု မပြု သလို (ကြီးသူတွေကို အလေးမထားသလို) ဖြစ်နေတဲ့ အတွက် ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ဒီအခါမှာ မဟိံသကုမ္မာမင်းသားက ငါဟာ ဒေဝဓမ္မ ကိုသိသလို သိတဲ့အတိုင်းလည်း ကျင့်ပါတယ်။ ငါတို့ ဒီတောထဲ ရောက်လာတာကိုက ဒီညီထွေးကြောင့်ပဲ ဖြစ်တယ်။ ဒီညီထွေးရဲ့အမေက ငါတို့အဖေဆီကို ညီထွေး အတွက် တိုင်းပြည်တောင်းတယ်။ တို့အဖေဟာ အဲဒီဆု ကို မပေးဘဲ ငါတို့ကို စောင့်ရှောက်ဖို့အတွက် တောထဲ မှာနေဖို့ ခွင့်ပြုခဲ့တာ ဖြစ်တယ်။ ငါတို့ တောထဲလာတာ အဲဒီညီထွေးလည်း ငါတို့နဲ့ အတူလိုက်ပါလာခဲ့တယ်။ တောထဲမှာ သူ့ကို ဘီလူးစားတယ်ပြောရင် ဘယ်သူမှ ယုံမှာမဟုတ်ပါဘူး။ ဒါကြောင့် အများသူငါတွေရဲ့ ကဲ့ရဲ့ ရှုံ့ချ အပြစ်ပြောဆိုကြမယ့် ဘေးကိုကြောက်လို့ အဲဒီ ညီထွေးကို ခေါ်ခိုင်းတာဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ ဒီတော့မှ ဘီလူးဟာ ''ကောင်းပေစွ၊ ကောင်းပေစွ၊ သင်ဟာ ဒေဝဓမ္မကို သိလည်းသိတယ်၊ သိတဲ့အတိုင်း လည်း လိုက်နာကျင့်သုံးတယ်''လို့ ပြောဆိုပြီး ကြည်ညို တဲ့အတွက် ညီနှစ်ယောက်လုံးကို ခေါ်လာခဲ့ပြီး မဟိံသ ကုမ္မာမင်းသားထံကို ပေးအပ်လိုက်ပါတော့တယ်။

ဒီဇာတ်တော်လာ မဟိံသကုမ္မာမင်းသားရဲ့ ဖြေ ကြားချက်အရ ဟိရီသြတ္တပ္ပတရားနှစ်ပါးကို ဒေဝဓမ္မ ခေါ်ဆိုကြောင်းသိရှိရပါတယ်။ ဒီဇာတ်တော်မှာ ဒေဝဓမ္မကို သိတဲ့အတွက် ညီနောင်သုံးဦးတို့ဟာ ဘီလူးစားမည့်ဘေးမှ လွတ်မြောက်ခဲ့ကြရပါတယ်။ ဒါကို မဃဒေဝလင်္ကာသစ်၊ ပိုဒ်ရေ၊ (၅၄၃)မှာ ''အမြတ်ထင်ရှား၊ နှစ်ပါး ကိုယ်ကြပ်၊ ဟိရောတ္တပ်နှင့်၊ မြဲကပ်ယှိသူ၊ ထိုနတ်လူမှ၊ သပ္ပူရိသ၊ ဟူထိုက်စွဟု၊ ရှေးကအထူး၊ တောမြိုင်ဦးဝယ်၊ ဘီလူး ကြည်ညွတ်၊ မစားလွတ်၏''လို့ မှတ်တမ်းတင်ကာ စပ်ဆို တော်မူထားခဲ့ပါတယ်။

ဒေဝဓမ္မဆိုတာ လူသားတို့သာမက နတ်ဒေဝါများ ပါ စောင့်သုံးရမယ့်တရားဖြစ်လို့ ဒေဝဓမ္မလို့ ခေါ်ဆိုရတာ ဖြစ်ပါတယ်။ ဒေဝဟာ သမ္မုတိဒေဝ-သမ္မုတိနတ်၊ ဥပပတ္တိ ဒေဝ-ဥပပတ္တိနတ်၊ ဝိသုဒ္ဓိဒေဝ-ဝိသုဒ္ဓိနတ်ဆိုပြီး သုံးမျိုး ရှိပါတယ်။ ဘုရင်မင်းမြတ် အိမ်ရှေ့မင်းသားနှင့်မိဖုရား တို့ကို သမ္မုတိဒေဝလို့ ခေါ်ပါတယ်။ ယနေ့ခေတ် တိုင်းပြည်ကို အုပ်ချုပ်နေကြတဲ့ အစိုးရမင်းများနဲ့ လက် အောက်ခံအုပ်ချုပ်သူများကိုလည်း သမ္မုတိဒေဝလို့ပဲ ခေါ်ပါတယ်။ ဘုမ္မဇိုးနတ်ကအစပြုလို့ အထက်နတ်ပြည် ခြောက်ထပ်မှာရှိတဲ့ နတ်ဒေဝါများကို ဥပပတ္တိဒေဝလို့ ခေါ်ဆိုပြီး ဘုရား၊ ပစ္စေကဗုဒ္ဓါနဲ့ ရဟန္တာအရှင်မြတ်တွေ ကိုတော့ ဝိသုဒ္ဓိဒေဝလို့ ခေါ်ဆိုရမှာ ဖြစ်ပါတယ်။ ဒေဝ သုံးမျိုးတို့ ကျင့်သုံးအပ်တဲ့တရားဖြစ်လို့ ဟိရီသြတ္တပ္ပ တရားနှစ်ပါးကို 'ဒေဝဓမ္မ' လို့ ခေါ်ဆိုရတာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ဒေဝသုံးမျိုးအနက် ဥပပတ္တိဒေဝနဲ့ ဝိသုဒ္ဓိဒေဝဟာ ဟိရီသြတ္တပ္ပနှစ်ပါးကို အရင်းခံတဲ့ ကုသိုလ်တရားတွေနဲ့ ပြည့်စုံတဲ့အတွက် ဖြစ်ကြရတာ ဖြစ်ပါတယ်။ ထိုကဲ့သို့ ဒေဝနှစ်မျိုးကို ဖြစ်စေတဲ့အတွက် ကြောင့်လည်း ဟိရီသြတ္တပ္ပနှစ်ပါးကို ဒေဝဓမ္မလို့ ခေါ်ဆို ရတာ ဖြစ်ပါတယ်။ တကယ်တော့ ဟိရီသြတ္တပ္ပတရား နှစ်ပါးသာ ဒေဝဓမ္မအမည်ရတာ မဟုတ်ပါဘူး။ အဆိုပါ နှစ်ပါးနဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်ကိုလည်း 'ဒေဝဓမ္မ'လို့ပဲ ခေါ် ဆိုရမှာ ဖြစ်ပါတယ်။ ဇာ၊ ဋ္ဌ၊ ၁။ ၁၄၉။ ဒေဝဓမ္မကို သိရုံမျှဖြင့် ဘီလူးစားခံရမည့်ဘေးမှ လွတ်မြောက်ခွင့် ကို ရသေး၏။ ထိုဒေဝဓမ္မအတိုင်း လိုက်နာကျင့်သုံးပါမူ ကား ပစ္စုပ္ပန်ဘေးအမျိုးမျိုးသာမက သံသရာဘေးတို့မှ ပင် လွတ်မြောက်နိုင်ကြပါလိမ့်မယ်။ ဒါ့ကြောင့် ပစ္စုပ္ပန် သံသရာနှစ်ဖြာသော ဘေးဒုက္ခတွေကနေ လွတ်မြောက် လိုကြသူများဟာ ဒေဝဓမ္မအမည်ရတဲ့ ဟိရီသြတ္တပ္ပ တရားနှစ်ပါးကို အမြဲမပြတ် လိုက်နာကျင့်သုံးကြဖို့ လိုပါ တယ်။

ဟိရီသြတ္တပ္ပတရားနှစ်ပါးကို စိတ်ကိုဖြူစင်အောင် ပြုတတ်တဲ့အတွက်ကြောင့် 'သုက္ကဓမ္မ' လို့လည်း ခေါ်ပါ တယ်။ ဒီနေရာမှာ ဖြူတယ်ဆိုတာ အရောင်ဖြူခြင်းမျိုး ကို ဆိုလိုတာ မဟုတ်ပါဘူး။ အညစ်အကြေးမှကင်းစင် သော သဘောရှိခြင်းကိုသာ ဆိုလိုခြင်းဖြစ်ပါတယ်။ (အံ၊ ဋ္ဌ၊ ၂။ ၇) မြတ်ဗုဒ္ဓက အင်္ဂုတ္တိုရ်ပါဠိတော်မှာ မကောင်းမှု မှ မရှက်ခြင်း 'အဟိရိက' နှင့် မထိတ်လန့်ခြင်း 'အနောတ္တပ္ပ' တရားနှစ်ပါးကို တဏှာဓမ္မ-မဲညစ်သော တရားလို့ ဟောတော်မူပြီး မကောင်းမှုမှ ရှက်ခြင်း 'ဟိရီ' နှင့် ထိတ်လန့်ခြင်း 'သြတ္တပ္ပ' တရားနှစ်ပါးကို သုက္ကဓမ္မ- ဖြူစင်သောတရားလို့ ဟောတော်မူထားပါတယ် (အံ၊ ၁၊ ၅၃)။ အဟိရိက၊ အနောတ္တပ္ပ တရားနှစ်ပါးဟာ ပင်ကို ကလည်း မဲညစ်ပြီး မဲညစ်တဲ့ အကုသိုလ်တရားတွေကို လည်း ဖြစ်ပွားစေပါတယ်။ အဆိုပါတရားများ ဖြစ်ပွား နေသူရဲ့ စိတ်အစဉ်ဟာ ကြည်လင်မှုမရှိဘဲ မဲညစ်နေ တတ်ပါတယ်။ ဒါကြောင့် အဟိရီက၊ အနောတ္တပ္ပ တရား နှစ်ပါးကို ကဏှဓမ္မ-မဲညစ်သော တရားလို့ ခေါ်ဆိုရတာ ဖြစ်ပါတယ်။ တကယ်တော့ အဟိရီကနှင့် အနောတ္တပ္ပ တရားနှစ်ပါးကိုသာ ကဏှဓမ္မလို့ ခေါ်ဆိုရတာ မဟုတ်ပါ ဘူး။ အကုသိုလ်တရားအားလုံးကိုပင် ကဏှဓမ္မလို့ ခေါ် ဆိုရမှာ ဖြစ်ပါတယ်။

ဟိရီနဲ့သြတ္တပ္ပ တရားနှစ်ပါးကတော့ ပင်ကိုကလည်း ကုသိုလ်တရားများဖြစ်လို့ ဖြူစင်ပါတယ်။ တခြားဖြူစင် တဲ့ ကုသိုလ်တရားတွေကိုလည်း ဖြစ်ပွားစေပါတယ်။ ထို တရားများ ဖြစ်ပွားနေသူရဲ့ စိတ်အစဉ်ဟာ ကြည်လင် ပြီး ဖြူစင်နေပါတယ်။ ဒါကြောင့် ဟိရီသြတ္တပ္ပ တရား နှစ်ပါးကို သုက္ကဓမ္မ-ဖြူစင်အောင် ပြုတတ်သော တရား လို့ ခေါ်ဆိုရတာ ဖြစ်ပါတယ်။ တကယ်တော့ ဟိရီသြတ္တပ္ပ တရားနှစ်ပါးကိုသာ သုက္ကဓမ္မလို့ ခေါ်ဆိုရတာ မဟုတ်ဘူး။ လောကီ လောကုတ္တရာ ကုသိုလ်တရား အားလုံးကိုပဲ သုက္ကဓမ္မလို့ခေါ်ဆိုရမှာ ဖြစ်ပါတယ်။ (အံ၊ ဋ္ဌ၊ ၂ ။ ၇)

ဟိရီသြတ္တပ္ပတရားနှစ်ပါးကို လက်ကိုင်ထားကြသူ တွေဟာ မကောင်းမှုဒုစရိုက်အမှုများကို ကျူးလွန်မိဖို့ ခဲယဉ်းလှပါတယ်။ ကျူးလွန်ဖွယ်ရာ အာရုံများနဲ့ ကြုံကြိုက်တွေ့ဆုံလာစေဦးတော့။ ဟိရီသြတ္တပ္ပတရား လက်ကိုင်ထားထားကြတဲ့အတွက် အဆိုပါ အာရုံများ အပေါ် ကျူးလွန်ရမည်ကို ရှက်ကြောက်နေတတ်ကြပါ တယ်။ ဒါကြောင့် ဟိရီသြတ္တပ္ပရှိသူတွေဟာ မည်ကဲ့သို့ သော (ဝီတိက္ကမိတဗ္ဗ) ကျူးလွန်ဖွယ်ရာ အာရုံများနဲ့ ကြုံကြိုက် တွေ့ဆုံလာစေကာမူ ကျူးလွန်မှု (ဝီတိက္ကမ) အဆင့်သို့ကား မရောက်နိုင်တော့ပါ။ ဝီတိက္ကမ မဖြစ် သဖြင့် ဒုစရိုက်အညစ်အကြေးများ ကင်းဝေးနေကြတဲ့ ထိုသူတို့ရဲ့ စိတ်အစဉ်ဟာလည်း ကြည်လင်သန့်ရှင်းတဲ့ ရေစင်ပမာ ဖြူစင်သန့်ရှင်းလို့နေပါတော့တယ်။ စိတ် အစဉ်ဖြူစင် သန့်ရှင်းနေတဲ့အတွက် စိတ်နဲ့အတူဖြစ်တဲ့ စိတ္တဇရုပ်များလည်း ကြည်လင်သန့်ရှင်းလာပါတယ်။ စိတ္တဇရုပ်များ ကြည်လင်သန့်ရှင်းလာတဲ့အတွက် စိတ္တဇ ရုပ်နဲ့အတူ တွဲဖက်ပြီးဖြစ်နေရတဲ့ စတုဇရုပ်လို့ခေါ်တဲ့ ဒီရုပ်ခန္ဓာကြီးဟာလည်း ကြည်လင်သန့်ရှင်းလို့ လာရပါ တော့တယ်။ ယင်းကဲ့သို့ အဆင့်ဆင့် သန့်ရှင်းဖြူစင်စေ တာ ဖြစ်လို့ အရင်းခံဖြစ်တဲ့ ဟိရီသြတ္တပ္ပတရားနှစ်ပါးကို သုက္ကဓမ္မ-ဖြူစင်တဲ့တရား၊ ဖြူစင်အောင်ပြုလုပ်တတ်တဲ့ တရားလို့ ခေါ်ဆိုရတာ ဖြစ်ပါတယ်။

ဟိရီသြတ္တပ္ပတရားနှစ်ပါးကို လောကသားတို့ကို အကုသိုလ်တရားတို့မှ ကာကွယ်စောင့်ရှောက်တတ်တဲ့ အတွက်ကြောင့် 'လောကပါလ' လို့လည်း ခေါ်ပါတယ်။ လောကမှာ တိုင်းပြည်အုပ်ချုပ်ကြတဲ့ အစိုးရမင်းတွေ ဟာ မြို့စောင့်တပ်၊ နိုင်ငံစောင့်တပ်စတဲ့ တပ်ဖွဲ့များ အသီးသီးဖွဲ့ထားပြီး လောကလူသားများကို ထိန်းသိမ်း စောင့်ရှောက်ထားကြပါတယ်။ ထိုသို့ ထိန်းသိမ်း စောင့်ရှောက်ထားကြတဲ့အတွက် ဒုစရိုက်မူခင်းများ နည်းပါးပြီး လူအများဟာ အေးချမ်းသာယာစွာ အသက် ရှင်နေထိုင်ကြရပါတယ်။ ဒါပေမဲ့လည်း အစိုးရမင်းများရဲ့ စောင့်ရှောက်မှုဟာ အပေါ်ယံမျှသာ ဖြစ်နေတဲ့အတွက် ဒုစရိုက်အမှုများ လုံးဝကင်းရှင်းပြီး ပပျောက်မသွားကြပါ ဘူး။ ဒုစရိုက်အမှုများ လုံးဝကင်းရှင်းပပျောက်သွားဖို့ ကတော့ ဟိရီသြတ္တပ္ပတရားနှစ်ပါးကို လူတိုင်းကိုယ်စီ လက်ခံ ကျင့်သုံးနေကြဖို့လိုပါတယ်။ ဟိရီသြတ္တပ္ပတရား နှစ်ပါးကိုသာ လက်ခံကျင့်သုံးမှု မရှိလို့ကတော့ ဒုစရိုက် အမှုများ တိုးပွားလာပြီး လူသားတွေဟာလည်း တိရစ္ဆာန် တွေနဲ့မခြား တိရစ္ဆာန်တွေလိုပဲ ဖြစ်သွားကြမှာ ဖြစ်ပါ တယ်။

ဒါနဲ့ပတ်သက်ပြီး မြတ်ဗုဒ္ဓက အင်္ဂုတ္တိုရ်ပါဠိတော်၊ စရိယသုတ်မှာ ''ရဟန်းတို့ ...ဖြူစင်သော တရား နှစ်မျိုးသည် လောကကို စောင့်ရှောက်ကုန်၏။ အဘယ် နှစ်မျိုးတို့နည်းဟူမူ မကောင်းမှုမှ ရှက်ခြင်း ဟိရီနှင့် မကောင်းမှုမှ ထိတ်လန့်ခြင်း သြတ္တပ္ပတို့ ဖြစ်သည်။ ရဟန်းတို့ ...ဖြူစင်သော ဤတရားနှစ်မျိုးသည် လောကကို မစောင့်ရှောက်ကုန်အံ့၊ (ယင်းသို့ မစောင့်ရှောက်သည်ရှိသော်) ဤလောက၌ အမိဟူ၍ လည်းကောင်း၊ မိကြီး၊ မိထွေးဟူ၍ လည်းကောင်း၊ ဦးရီး၏ မယားဟူ၍ လည်းကောင်း၊ ဆရာ၏မယားဟူ၍ လည်းကောင်း၊ ရိုသေလေးစားအပ်သူတို့၏ မယားဟူ၍ လည်းကောင်း၊ မထင်ရှား မသိသာကုန်ရာ။ ယင်းသို့ မထင်ရှား မသိသာကုန်သော် လောကသည် ဆိတ်များ၊ သိုးများကဲ့သို့ လည်းကောင်း၊ ကြက်၊ ဝက်တို့ကဲ့သို့ လည်းကောင်း၊ အိမ်ခွေး၊ တောခွေးတို့ကဲ့သို့ လည်းကောင်း ရောယှက်ခြင်းသို့ ရောက်ရာ၏။ ရဟန်းတို့ ဖြူစင်သော ဤတရားနှစ်မျိုးသည် လောကကို စောင့်ရှောက်သောကြောင့် အမိဟူ၍လည်းကောင်း၊ မိကြီး၊ မိထွေးဟူ၍ လည်းကောင်း၊ ဦးရီး၏ မယားဟူ၍ လည်းကောင်း၊ ဆရာ၏ မယားဟူ၍ လည်းကောင်း၊ ရိုသေ လေးစားအပ်သူတို့၏ မယားဟူ၍ လည်းကောင်း ထင်ရှား သိသာကုန်၏'' လို့ မိန့်ဆိုတော်မူထားခဲ့ပါတယ် အံ၊ ၁။ ၅၃။

မိန့်ဆိုတော်မူခဲ့တဲ့ မြတ်ဗုဒ္ဓစကားတော်အရ တိရစ္ဆာန်လောကမှာ ဟိရီသြတ္တပ္ပ-အရှက်အကြောက် တရားနှစ်ပါးမရှိတဲ့အတွက် မလွန်ကျူးသင့်တဲ့ မကောင်းမှု အကုသိုလ်ဒုစရိုက်အမှုများကို ပြုလုပ်ကျူးလွန်လျက်ရှိ နေကြပါတယ်။ ဒါကြောင့်လည်း မိမိကိုမွေးဖွားပေးထား တဲ့ မိခင်ကိုတောင် ပြန်လည်ပြီးတော့ မေထုနသံဝါသ အမှုကို ပြုလုပ်နေကြတာ ဖြစ်ပါတယ်။ ဒီလိုပြုလုပ်နေ ကြတာတွေဟာ ဟိရီသြတ္တပ္ပလို့ခေါ်တဲ့ အရှက်အကြောက် မရှိလို့ဘဲ ဖြစ်ပါတယ်။ လူ့လောကမှာတော့ ဟီရိသြတ္တပ္ပ တရားရှိနေတဲ့အတွက် အဆိုပါ ဒုစရိုက်အမှုမျိုးမှ ကင်း ဝေးအောင် ရှောင်ရှားနိုင်ကြတာ ဖြစ်ပါတယ်။ အမိအဖ စသည်အားဖြင့်လည်း အသိတွေ ရှိနေကြပါတယ်။ ထိုကဲ့သို့ သိရှိနေကြသေးတဲ့အတွက် မပြစ်မှားသင့်သူ, မကျူးလွန်သင့်သူတို့အပေါ်မှာ မပြစ်မှား မကျူးလွန်ကြ တာပဲ ဖြစ်ပါတယ်။ တကယ်လို့ လူ့လောကမှာလည်း ဟိရီသြတ္တပ္ပ တရားနှစ်ပါးသာ ကင်းမဲ့သွားပြီဆိုရင်တော့ တိရစ္ဆာန်တွေလိုပဲ ပြုကျင့်လာနိုင်ကြောင်း ....

န ဘတိဿတိ မာတာတိ ဝါ မာတုစ္ဆာတိ ဝါ မာတုလာနီတိ ဝါ အာစရိယဘရိယာတိ ဝါ ဂရူနံ ဒါရာတိ ဝါ သမ္ဘေဒံ လောကော ဘဝိဿတိ၊ ယထာ အဇေဠကာ ကုက္ကုဋသူကရာ သောဏသိင်္ဂါလာဒီ၊ ၃။ ၆ဝ။

မာတာတိ ဝါ -အမေဟူ၍ လည်းကောင်း၊ မာတုစ္ဆတိ ဝါ - မိကြီး၊ မိထွေး ဟူ၍ လည်းကောင်း။ မာတုလာနီတိ ဝါ - ဦးရီး၏ မယားဟူ၍ လည်းကောင်း။ အာစရိယဘရိယာတိ ဝါ - ဆရာ၏ မယား(ဆရာ ကတော်)ဟူ၍ လည်းကောင်။ ဂရူနံ - အလေးပြုအပ် ကုန်သော ဘကြီး၊ ဘထွေး အစရှိကုန်သော သူတို့၏။ ဒါရာတိ ဝါ - မယားဟူ၍ လည်းကောင်း။ ဂရုစိတ္တံ- အလေးပြုတတ်သော စိတ်သည်။ န ဘဝိဿတိ- မဖြစ် တော့လိမ့်လတ္တံ့။ အဇေဠကာ-ဆိတ်၊ သိုးတို့သည် လည်းကောင်း။ ကုက္ကုဋသူကရာ - ကြက်၊ ဝက်တို့သည် လည်းကောင်း။ သောဏသိင်္ဂါလာ - အိမ်မွေး၊ တောခွေး တို့သည် လည်းကောင်း။ သမ္ဘေဒံ - မေထုန်အကျင့်၏ အစွမ်းအားဖြင့် ရောနှောဆက်ဆံသည်၏ အဖြစ်သို့(ဝါ) စည်းကမ်းအပိုင်းအခြား၏ ပျက်ခြင်းသို့။ အာပန္နာ- ရောက်ကုန်သည်။ ဘဝန္တိ ယထာ - ဖြစ်ကုန်သကဲ့သို့။ တထာ - ထို့အတူ။ လောကော - သတ္တလောကသည်။ သမ္ဘေဒံ - မေထုန်အကျင့်၏ အစွမ်းအားဖြင့် ရောနှော ဆက်ဆံသည်၏ အဖြစ်သို့ (ဝါ) စည်းကမ်းအပိုင်းအခြား ၏ ပျက်ခြင်းသို့။ အာပန္နာ-ရောက်သည်။ ဘဝိဿတိ- ဖြစ်လတ္တံ့ ဟူ၍ မြတ်ဗုဒ္ဓ မိန့်ကြားတော်မူခဲ့ပါတယ်။ မြတ်ဗုဒ္ဓ မိန့်ကြားတော်မူခဲ့တဲ့ အဆိုပါ ပါဠိတော်စကား ရပ်ကို အမှီပြုပြီး မဃဒေဝ လင်္ကာသစ်၊ ပိုဒ်ရေ(၅၄၃) မှာ ဟိရီသြတ္တပ္ပ၊ ကိုယ်ကိုကြပ်၍၊ တည်းကွပ်မယှိ၊ သတိ မရ၊ လူထိုမျှကား၊ လောကလူ့ဝယ်၊ ကဲ့ရဲ့ဖွယ်နှင့်၊ အပါယ်ဆင်းခွင့်၊ ဟင်းလင်းပွင့်ခဲ့၊ ခွေးနှင့်ဝက်လား၊ ကျွဲ နွားသိုးဆိတ်၊ အဟိတ်တိရစ္ဆာန်၊ သဏ္ဌာန်တမျှ၊ မိုက် မောဟဖြင့် လို့ မှတ်တမ်းတင်ကာ စပ်ဆိုတော်မူထားခဲ့ တာ ဖြစ်ပါတယ်။

ထိုကဲ့သို့ မပြုလုပ်သင့်တာတွေကိုလည်း ပြုလုပ် လာကြ၊ ဒုစရိုက်အမှုတွေဟာလည်း တိုးပွားလာကြပြီ ဆိုရင်တော့ ဒီကမ္ဘာလောကကြီးဟာ သာယာဝပြော သော လောကကြီးအဖြစ်မှ ဒုစရိုက်လောကကြီးအဖြစ် သို့ ရောက်ရှိသွားပြီး ဒုစရိုက်တရားများရဲ့ လွှမ်းမိုးမှုကို ခံနေရတဲ့ ဒီကမ္ဘာလောကကြီးဟာလည်း မကြာမီမှာဘဲ ဆုတ်ယုတ်ပျက်စီးသွားရတော့မှာ ဖြစ်ပါတယ်။

မြတ်ဗုဒ္ဓက စက္ကဝတ္တိသုတ်တော်မှာ လောကကြီး ဆုတ်ယုတ်ပျက်စီးကြောင်းတရား တစ်ဆယ့်ရှစ်ပါးကို မိန့်ကြားခဲ့တာ ရှိပါတယ်။ တစ်ဆယ့်ရှစ်ပါးဆိုတာ ကတော့-

၁ဝ။ ဒုစရိုက်တရားဆယ်ပါးနှင့်တကွ

၁၁။ အမိကို မလုပ်ကျွေးခြင်း၊

၁၂။ အဖကို မလုပ်ကျွေးခြင်း၊

၁၃။ ရဟန်းကို မလုပ်ကျွေးခြင်း၊

၁၄။ ရဟန္တာကို မလုပ်ကျွေးခြင်း၊

၁၅။ မိမိထက် အသက်ကြီးသူတို့ကို ရိုသေမှု

ကင်းမဲ့ခြင်း၊

၁၆။ အဓမ္မရာဂ - မသင့်လျော်သော အရာတို့၌

(အမိ၊ မိထွေး၊ အဘ၊ ဘထွေး၊ အရီးမ စသည်ဖြင့် ရာဂမဖြစ်သင့်သောအရာတို့၌) တပ်နှစ်သက်သောရာဂ။

၁၇။ ဝိသမလောဘ - ခံစားသင့်သော အရာတို့၌သော်လည်း အလွန်အားရှိသည် ဖြစ်၍ မညီ မညွတ်သော လောဘ မိမိ၏ ဇနီးအပေါ်၌ အချိန်အခါမရွေး၊ နေရာမရွေးဖြစ်သော ရာဂ။

၁၈။ မိစ္ဆာဓမ္မ - သဘာဝဓမ္မ ဖောက်ပြန်သော လောဘတရား။

(ယောက်ျားအချင်းချင်း၊ မိန်းမအချင်းချင်း မှားယွင်းသော ရာဂ။)

(ဒီ၊ ၃။ ၅၉-၆၁။ ဒီ၊ ဋ္ဌ၊ ၃၊ ၃၆) ဤတစ်ဆယ့် ရှစ်ပါးတို့ပဲ ဖြစ်ပါတယ်။

အဆိုပါတစ်ဆယ့်ရှစ်ပါးထဲက အဓမ္မရာဂနှင့် ပတ်သက်လို့ မဃဒေဝလင်္ကာသစ်ပိုဒ်ရေ (၃၉ဝ)မှာ 'သားနှင့်အမိ၊ နတ်ရွယ်ရှိလ၊ မောင်နှမတိ၊ မွေးဘသမီး၊ တူဦးရီးက၊ မိကြီးမိထွေး၊ ရှောင်မရွေးဘဲ၊ ခွေးဝက်တမျှ၊ အဓမ္မဟု၊ ရာဂမပွား' လို့ စပ်ဆိုထားတာကို တွေ့ရှိရ ပါတယ်။ ယနေ့ခတ်မှာ ရေပန်းစားလာတဲ့ လိပ်တူချင်း လက်ထပ်မှုများဟာလည်း မိစ္ဆာဓမ္မ ဖြစ်နေတဲ့အတွက် ဘာသာရေးရှုထောင့်မှ ကြည့်ပါက ဆုတ်ယုတ်ပျက်စီး နေတဲ့ လောကရဲ့ပုံရိပ်တစ်ခုအဖြစ် ရှုမြင်ထားကြရမှာ ဖြစ်ပါတယ်။ ယခုပြဆိုခဲ့တဲ့ တစ်ဆယ့်ရှစ်ပါးသော တရား ဆိုးများသာ တိုးတက်များပြားလာပါက လောကကြီးဟာ ဧကန်ပဲ ဆုတ်ယုတ်ပျက်စီးသွားတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် သာယာဝပြောတဲ့ လောကကြီး အရှည်ခံ့ပြီး တည်တံ့နေစေဖို့အတွက် လောကရဲ့တန်ဖိုးအထိန်းအကွပ် သဖွယ် ဖြစ်တဲ့ လောကပါလ တရားနှစ်ပါးကို လူတိုင်း ကိုယ်စီကျင့်သုံးနေကြဖို့ လိုပါတယ်။

ပြဆိုခဲ့တဲ့ စကားများအရ လောကပါလ၊ သုက္က ဓမ္မ၊ ဒေဝဓမ္မ သုံးမည်ရတဲ့ ဟိရီသြတ္တပ္ပ တရားနှစ်ပါးကို လောက သံသရာနှစ်ဖြာသော ကောင်းကျိုးအတွက် မိမိတို့ အသက်ရှင်တည်နေသမျှ ကာလပတ်လုံး မိမိတို့ရဲ့ အားကိုးစရာ လက်ကိုင်တရားတစ်ခုအဖြစ် လိုက်နာ ကျင့်သုံးနေထိုင်ကြဖို့ မဃဒေဝလင်္ကာသစ် ပိုဒ်ရေ(၅၄၂) မှာလာတဲ့ အောက်ဖော်ပြပါ စကားရပ်လေးနဲ့ပဲ တိုက်တွန်း မှုကို ပြုလိုက်ရပါတယ်။

'လောကပါလ၊ သုက္ကဒေဝဓံ၊ နာမံသုံးမည်၊ ရွှေဘွဲ့ ချည်လျက်၊ နတ်ပြည်ထင်ရှား၊ ဂုဏ်ထူးအားဖြင့်၊ တရား နှစ်ရပ်၊ ဟိရောတ္တပ်ကို၊ ကိုယ်ကြပ်ရကြစေသတည်း'။


ပြင်ဦးလွင်မြို့ ဓမ္မဒီပဆရာတော်

Comments

Popular posts from this blog

သရဏဂုံသုံးပါး ပုတီးစိပ်နည်း

ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူသော ဘုရားငါးဆူတို့၏ ကွာခြားချက်များ

ဂုဏ်တော်တစ်ထောင်ပုတီးစိပ်နည်း