ဝမ်းမြောက်ပျော်ရွှင် ဖြစ်စေချင်


 ဝမ်းမြောက်ပျော်ရွှင် ဖြစ်စေချင်

ဦးကောဝိဒ(မြိတ်)


မျှော်လင့်ချက်နဲ့ အသက်ရှင်ကြတယ်၊ အချစ်နဲ့ အသက်ရှင်ကြတယ်၊ အချစ်ရှိမှ ပျော်ရွှင်ကြတယ်၊ အချစ်မရှိရင် ခြောက်သွေ့တယ် စတဲ့ပျော်ရွှင်မှုဖြစ်ခြင်း ရဲ့အကြောင်းကို အမျိုးမျိုးပြောဆိုနေကြတယ်။လောက လူသားများဟာ ပျော်ရွှင်မှု မရှိရင် အသက်ရှင်ရတာ လည်း အဓိပ္ပာယ်မရှိသလိုခံစားကြရတယ်။ ပျော်ရွှင်မှု ရှိရင် ဘဝမှာနေရတာ အဓိပ္ပာယ်ရှိတယ်လို့ ပြောဆို ကြပါတယ်။

ပျော်ရွှင်တာ ကောင်းတဲ့အရာတစ်ခုပါ။ ဒါကြောင့် လည်း အချို့သူများဟာ ပျော်ရွှင်မှုကို နည်းမျိုးစုံနဲ့ဖန်တီး ယူကြခြင်း ဖြစ်တယ်။ အချို့က ကာမဂုဏ်နဲ့ပျော်ကြ တယ်။ ဇနီးမယား သမီးသား လင်သားများနဲ့လည်း ပျော်ရွှင်ကြတယ်။ စည်းစိမ်ဥစ္စာများ ပိုင်ဆိုင်မှုများလာ လို့လည်း ပျော်ရွှင်ကြတယ်။ အနာရောဂါကင်းပြီး စိတ် သွားတိုင်း ကိုယ်ပါလို့လည်း ပျော်ရွှင်ကြတယ်။

ဒါပေမဲ့ ကာမဂုဏ်တွေ ဆုံးရှုံးပျက်စီးသွားရင် မပျော်နိုင်တော့ဘဲ စိတ်ဓာတ်ကျ နှလုံးတွေ ညှိုးနွမ်း ကြတယ်။ ဒါကြောင့်လည်း ကာမဂုဏ်နဲ့ ပျော်ရွှင်တာ ဟာ အနှစ်မရှိတဲ့ပျော်ရွှင်မှု ဖြစ်တယ်။ ဒါဖြင့် အနှစ်ရှိ တဲ့ပျော်ရွှင်မှုဆိုတာ ဘယ်လိုဟာလဲလို့ မေးစရာရှိတယ်။

အနှစ်ရှိတဲ့ပျော်ရွှင်မှု ဆိုတာ ကုသိုလ်နဲ့ ပျော်ရွှင် တာ၊ တရားနဲ့ပျော်ရွှင်တာကို ပြောခြင်းဖြစ်တယ်။ ဘာကြောင့်လဲဆိုရင် ကုသိုလ်ဓမ္မနဲ့ မွေ့လျော်ပျော်ပိုက် နေတဲ့လူဟာ လက်ရှိ ပစ္စုပ္ပန်ဘဝမှာလည်း ငြိမ်းချမ်းတဲ့ အတွက် အသက်ရှင်ရတာ အဓိပ္ပာယ်ရှိသလို သေလွန် တဲ့နောက်မှာလည်း လူနတ်နိဗ္ဗာန်ကိုရောက်ရှိပြီး ငြိမ်းချမ်းမှုရရှိသွားနိုင်တဲ့အတွက်ကြောင့်ဖြစ်တယ်။ တရား နဲ့ပျော်ရတာ ငြိမ်းချမ်းမှုရှိတဲ့အတွက် အဓိပ္ပာယ်ရှိတယ်။ ဒါကြောင့် ကာမဂုဏ်နဲ့ပျော်တာက အနှစ်မရှိတဲ့ ပျော်ရွှင်မှုဖြစ်ပြီး တရားနဲ့ပျော်တာက အနှစ်ရှိတဲ့ ပျော်ရွှင်မှု ဖြစ်တယ်။

ဘုရားရှင်လက်ထက်တော်က အနာထပိဏ်သူဌေး ဟာ ဘုရားရှင်နဲ့တကွ သာသနာတော်အတွက် ရည်ရွယ်ပြီး ဇေတဝန်ကျောင်းတော်ကြီးကို ဆောက်လုပ် လှူဒါန်းခဲ့တယ်။ ဒါတင်မက ဘုရားရှင်နဲ့အတူ သံဃာ တော်များအတွက် ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ပစ္စည်းလေးပါး လိုလေသေးမရှိလှူဒါန်းသမှုပြုခဲ့တယ်။ ကျောင်းဒကာကြီးဟာ သူ့ဘဝမှာ အနှစ်ရှိတဲ့ပျော်ရွှင်မှု ရရှိဖို့အတွက် ကိုယ်တိုင် ဖန်တီးယူခဲ့ရတာပါ။ လူ့ဘဝ တစ်ခုဆိုတာ ခဏတာလေးမို့ သာသနာတော်ကို အစွမ်း ကုန်ချီးမြှောက်ထောက်ပံ့လို့ အားမရသေးမီမှာ သူဌေး ကြီးဟာ ဘဝနေဝင်ချိန်ကိုရောက်လုနီးဖြစ်လာခဲ့ရတယ်။ သူဌေးကြီးဟာ ကျန်းမာရေးကောင်းစဉ်က ဇေတဝန် ကျောင်းကို တစ်နေ့ကို အနည်းဆုံးနှစ်ခေါက်ရောက်ခဲ့ ပေမဲ့ အခုလို အိပ်ရာထဲလဲနေတဲ့အချိန်မှာ ကျောင်းကို မသွားနိုင်တော့။ဒီလိုနဲ့ အိမ်မှာနေတဲ့လူတစ်ယောက်ကို ခေါ်ပြီး ဘုရားရှင်နဲ့တကွ အရှင်သာရိပုတ္တရာကို ကိုယ်စား ရှိခိုးပေးဖို့နဲ့ အရှင်သာရိပုတ္တရာကိုလည်း သနားသဖြင့် အိမ်ကိုကြွတော်မူဖို့အကြောင်းကိုလည်း လျှောက်ထား ခိုင်းလိုက်ပါတယ်။

ထိုလူလည်း ဇေတဝန်ကျောင်းတော်ကို သွားပြီး စေခိုင်းလိုက်တဲ့အတိုင်း ဘုရားရှင်နဲ့အတူ အရှင်သာရိ ပုတ္တရာကို ရှိခိုးဦးချကာ အိမ်ကြို<ွကဖို့အကြောင်း အရှင် သာရိပုတ္တရာကို လျှောက်ထားပါတယ်။ အရှင်သာရိ ပုတ္တရာလည်း နောက်ပါ အရှင်အာနန္ဒာကိုခေါ်ပြီး သူဌေး ကြီးအိမ်ကို ကြွတော်မူလာပါတယ်။ အိမ်ရောက်တဲ့အခါ မှာ အရှင်သာရိပုတ္တရာက အိပ်ရာထဲ လဲနေတဲ့ သူဌေး ကြီးကို -

''ဒကာကြီး - ဘယ်လိုလဲ နေကောင်းပါရဲ့လား၊ ဣရိယာပုတ်မျှတပါရဲ့လား၊ ရောဂါတွေ တိုးပြီးလာသ လား၊ ဆုတ်ယုတ်မှုကော မရှိဘူးလား''ဆိုပြီး မေးပါ တယ်။ အရှင်သာရိပုတ္တရာ မေးတော်မူတဲ့ မေးခွန်းထဲ မှာ ဣရိယာပုတ် ဆိုတာနဲ့စပ်လို့ ပြောချင်ပါသေးတယ်။ စာချစ်သူများ လမ်းလျှောက်လို့ညောင်းလာတဲ့အခါ ထိုင် လိုက်ရင် သက်သာသွားပါတယ်။ ထုံကျင်တဲ့အခါ ထိုင် ရာကနေ ထလိုက်ရင်လည်း ထုံတာကျင်တာ ပျောက် သွားတယ်။ ဒါကို ဣရိယာပုတ်မျှတတယ်လို့ခေါ်တယ်။တကယ်လို့ ဖြစ်ပေါ်နေတဲ့ရောဂါက ဘယ်ညာတစောင်း ပြောင်းရွှေ့ပေမဲ့ မသက်သာဘဲ နေမယ်ဆိုရင် ဣရိယာ ပုတ်မမျှတဘူးလို့ ဆိုပါတယ်။ ဒီလိုမေးတော်မူတဲ့အခါ မှာ သူဌေးကြီးက -

''အရှင်ဘုရား - တပည့်တော် နေမကောင်းဘူး ဘုရား၊ ဣရိယာပုတ်လည်း မမျှတဘဲ ဖြစ်နေပါတယ်။ ဒါ့အပြင် တပည့်တော်ရဲ့ဆင်းရဲဒုက္ခဝေဒနာတွေဟာ သက်သာတယ်လို့ကိုမရှိဘဲ တိုးတိုးပြီးတော့ လာနေပါ တယ် ဘုရား''လို့ အရှင်သာရိပုတ္တရာအား ပြန်လည် လျှောက်ထားပါတယ်။ ဆက်လက်ပြီး သူဌေးကြီးက ရောဂါဝေဒနာခံစားရပုံကို ဥပမာပေးပြီး ပြောပါတယ်။

''ဥပမာ အားရှိတဲ့လူတစ်ယောက်ဟာ အလွန် ထက်တဲ့ ခက်ရင်းနဲ့ ထိပ်ကို ထိုးပြီး နှိပ်ထားသလိုပါပဲ။ တပည့်တော်ရဲ့ထိပ်မှာ ပြင်းထန်တဲ့လေတွေ ထိုးကျင် ပြီး ခေါင်းထိုးတဲ့ ဝေဒနာ ဖြစ်နေပါတယ်။ ပြင်းထန်တဲ့ လေတွေဟာ ဦးခေါင်းကိုတက်ပြီးထိုးနေတာဖြစ်တယ်။ အခံခက်လှတဲ့ ဦးခေါင်းထိုးရောဂါဟာလည်း မသက် သာတဲ့အပြင် တိုးတိုးပြီးတော့ ခံစားနေရတာ ထင်ရှား ပါတယ် ဘုရား''လို့ ခံစားနေရတာတွေကို ရှင်သာရိ ပုတ္တရာအား လျှောက်ထားပြောဆိုပါတယ်။

ဒုတိယဥပမာတစ်ခုက ''အားရှိတဲ့ ယောက်ျား တစ်ယောက်က မြဲမြံခိုင်ခံ့တဲ့သားရေကြိုးပိုင်းပြတ်နဲ့ ရစ်ပတ်ပြီး ဆွဲဆောင့်နေသလိုပါပဲ။ တပည့်တော်ရဲ့ ဦးခေါင်းခဲ ဝေဒနာခံစားနေရတယ်။ အခံခက်လှတဲ့ ဦးခေါင်းခဲရောဂါဟာလည်း မသက်သာတဲ့အပြင် တိုးပြီး တိုးပြီးတော့ ခံစားနေရတာ ထင်ရှားလှပါတယ် ဘုရား'' လို့ သူဌေးကြီးက လျှောက်ထားတယ်။

တတိယဥပမာတစ်ခုက''ကျွမ်းကျင်လိမ္မာတဲ့ နွား သတ်သမားနဲ့ နွားသတ်သမားရဲ့ တပည့်ဟာ ထက်လှတဲ့ သားလှီးဓားနဲ့ ဝမ်းကို ရစ်ပြီး လှီးထားသလိုပါပဲ။ ပြင်းထန်တဲ့ လေတွေက တပည့်တော်ရဲ့ ဝမ်းဗိုက်ကို ထိုးရစ်ပြီး နေပါတယ်။ ဒီရောဂါကလည်း သက်သာမှု မရှိပါဘူး ဒါ့အပြင် တိုးပြီး တိုးပြီး ခံစားနေရပါတယ်။ ရောဂါတိုးလာတာကြီးက ထင်ထင်ရှားရှားပါပဲ ဘုရား''လို့ လျှောက်တယ်။

စတုတ္ထ ဥပမာတစ်ခုက ''အားရှိတဲ့ယောက်ျား နှစ်ယောက်ဟာ အလွန်အားနည်းနေတဲ့လူတစ်ယောက်ကို လက်မောင်းတစ်ဘက်တစ်ချက်ကိုင်ပြီး ပြင်းထန်တဲ့ မီးပုံပေါ်မှာ ကင်ထားသလိုပါပဲ၊ တပည့်တော်ရဲ့ခန္ဓာကိုယ် ဟာ ပြင်းပြင်းထန်ထန် ပူလောင်ပြီးတော့ နေတယ်။ အလွန်ပူလောင်နေတဲ့ ရောဂါကလည်း သက်သာမှုမရှိဘဲ တိုးပြီး တိုးပြီး ခံစားနေရတာက အထင်အရှားပါပဲ ဘုရား''လို့ လျှောက်ထားပါတယ်။

သူဌေးကြီး ခံစားရသလိုပဲ စာရေးသူနဲ့တကွ စာချစ်သူများလည်း တစ်နေ့နေ့တစ်ချိန်ချိန် ခံစားရမှာဖြစ်

တယ်။ ဒီလိုသေခါနီး ပြင်းထန်တဲ့ဝေဒနာကို ဘယ်လို ကျော်ဖြတ်ကြမလဲ၊ အလိုလေး အမယ်လေးလို့ ညည်းညူပြီး သေခြင်းတရားကို ရင်ဆိုင်မလား၊ လူတိုင်း ခံစားရဖို့တော့ သေချာနေပါတယ်။ ဒါကြောင့်လည်း မိုးကုတ်ဆရာတော်ကြီး ပျံတော်မူတဲ့ ခုတင်ပေါ်မှာ နောက်ဆုံးစကားလေးတစ်ခုကို ဖတ်ခဲ့ရပါတယ်။ ဒါက 'ဝေဒနာကျော်အောင် အားထုတ်ထားကြ'လို့ မိန့်တော်မူ ထားခဲ့တဲ့စာကြောင်းလေးပါ။

မှန်ပါတယ်။ လူတိုင်းလူတိုင်းဟာ မသေခင် ဆင်းရဲ တဲ့ ဝေဒနာကို ခံစားကြရမှာဖြစ်တယ်။ ဒါကြောင့် အခုလို ကျန်းမာရေး အသင့်အတင့် ပြည့်စုံနေတဲ့ အချိန်မှာ ဒုက္ခဝေဒနာကို သည်းခံနိုင်တဲ့(ဝေဒနာကျော်တဲ့)အထိ တရားအားထုတ်ထားနိုင်မှ တော်ကာကျမယ်။ တချို့က ဘယ်သူဟာဖြင့် သေတာမြန်လိုက်တာ၊ ဝေဒနာ သိပ်မခံစားလိုက်ရဘူး။ ငါတို့အလှည့်ရောက်ရင် ဒီလို မျိုးဖြစ်သွားရင် ကောင်းမယ်ဆိုပြီး ပြောတတ်ကြတယ်။ တကယ်တော့ သေဆုံးတာဟာ မြန်တာပဲဖြစ်စေ၊ ကြာတာပဲဖြစ်စေ အသက်ဇီဝိန်ချွေမယ့် ဝေဒနာဆိုတာ ပေါ့ပေါ့သေးသေးမဟုတ်ဘူးဆိုတာတော့ သတိထားဖို့ လိုပါတယ်။ ဒါကြောင့် အခုလို ကျန်းမာရေးကောင်းပြီး ငယ်ရွယ်တဲ့အချိန်မှာ တရားအားထုတ်စေချင်ပါတယ်။

ရှင်သာရိပုတ္တရာက သူဌေးကြီးပြောတဲ့အတိုင်းဆို ရင် သူဌေးကြီးဟာ မကြာခင်မှာ ကွယ်လွန်တော့မယ် ဆိုတာကို တွေးမိပြီး သူဌေးကြီးကို လေးနက်တဲ့တရား များ ဟောကြားတော်မူခဲ့ပါတယ်။ တရားဆုံးတဲ့အခါ ရှင်သာရိပုတ္တရာနဲ့ ရှင်အာနန္ဒာတို့ ကျောင်းကို ပြန်လည် ြ<ွကတော်မူလာခဲ့ကြပါတယ်။ (ဒီနေရာမှာ စာမျက်နှာ အခက်အခဲနဲ့မို့ အကျဉ်းချုံးဖော်ပြပေးထားပါတယ်။) မကြာခင်မှာဘဲ သူဌေးကြီး ကွယ်လွန်အနိစ္စရောက်ပါ တယ်။ အိပ်နေတဲ့ယောက်ျား နိုးလာသလိုပါပဲ။ တုသိတာနတ်ပြည်မှာ 'အနာထပိဏ္ဍိကဒေဝပုတ္တ' အနာထပိဏ်နတ်သား ဖြစ်လာရတယ်။

ဒီလိုနဲ့ ဘုရားရှင်ဟာ ဇေတဝန်ကျောင်းတော်မှာ သီတင်းသုံးနေခိုက် ညသန်းခေါင်ယံအချိန်မှာ အနာထပိဏ်နတ်သား ရောက်လာပြီး -

''အရှင်ဘုရား၊ ဒီဇေတဝန်ကျောင်းတော်ကြီးဟာ ရဟန်းအပေါင်းတို့ အမြဲသီတင်းသုံးတဲ့နေရာလည်းဖြစ် ပါတယ်၊ ဘုရားရှင်ကိုယ်တော်မြတ်ကြီး သီတင်းသုံးရာ နေရာလည်းဖြစ်တယ်။ ဒါကြောင့် တပည့်တော်ရဲ့စိတ် ဟာ အလွန်ပဲ နှစ်သက်ရွှင်ပြဝမ်းမြောက်မှုကိုဖြစ်စေပါ တယ်ဘုရား''လို့ ဘုရားရှင်အား လျှောက်ထားပါတယ်။ ဒီလိုလျှောက်ထားခြင်းဟာ လူ့ဘဝတုန်းက လှူဒါန်းခဲ့ တဲ့ ဇေတဝန်ကျောင်းတော်ကြီးမှာ ရဟန်းအပေါင်း၊ အရိယာအပေါင်း သူတော်ကောင်းတွေ အမြဲသီတင်းသုံး တဲ့နေရာလည်းဖြစ်သလို ဘုရားရှင်ကိုယ်တော်မြတ်ကြီး လည်း သီတင်းသုံးတော်မူနေတယ်ဆိုတာကို ဒိဗ္ဗစက္ခု အဘိညာဉ်နဲ့တွေ့မြင်ရတဲ့အတွက် နှစ်သက်ပျော်ရွှင်မှု တွေဖြစ်ရတာပါ။ ဒါဟာ နတ်သားအတွက် အနှစ်ရှိတဲ့ ပျော်ရွှင်မှုကိုရရှိနေတာပါပဲ။

ဒီလိုအနှစ်ရှိတဲ့ပျော်ရွှင်မှုမျိုး ရရှိအောင် လှူဒါန်း တဲ့အခါမှာ သတိထားဖို့ လိုတယ်။ ဒါနဲ့စပ်လို့ တစ်ခါ တုန်းက ဆရာတော်ကြီးတစ်ပါးဟာ -

''ဒကာ ဒကာမတို့၊ ကိုယ်လှူလိုက်တဲ့အလှူ'မအ' တဲ့အလှူ ဖြစ်ပါစေ၊ 'အ'တဲ့အလှူ မဖြစ်ပါစေနဲ့''လို့ တပည့်ဒကာများကို ဆုံးမသြဝါဒပေးလေ့ရှိတယ်။ နားလည်အောင်ပြောရရင် 'အ'တဲ့အလှူဆိုတာ ကိုယ် လှူဒါန်းလိုက်တဲ့ ကျောင်းဆောင်မှာ သံဃာတော်များ သီတင်းမသုံးကြဘူး၊ ဒီကျောင်းဟာ အပိုဖြစ်နေတယ်ဆို ရင် လှူလိုက်တဲ့ကျောင်းဒကာဟာ ထိုကျောင်းနဲ့စပ်ပြီး ဝမ်းမြောက်ပီတိဖြစ်မှုဟာ နည်းပါးလှပါတယ်။ ဒါကိုပဲ အလှူ'အ'တယ်လို့ ဆိုပါတယ်။ ဒါမှမဟုတ် လှူလိုက် တဲ့ကျောင်းဆောင်က သံဃာတော်များ သီတင်းသုံး နေထိုင်တော်မူကြတယ်ဆိုရင် 'ငါလှူဒါန်းထားတဲ့ကျောင်း မှာ သံဃာတော်များ ချမ်းသာစွာ သီတင်းသုံးနေထိုင် တော်မူနေကြပါကလား'ဆိုပြီး ပြန်တွေးမိတိုင်း ကျောင်း နဲ့စပ်လို့ အလှူဒကာမှာ နှစ်သက်ပျော်ရွှင်မှုတွေ ဝမ်းမြောက်မှုတွေ ဖြစ်ကြရတယ်။ ဒါကိုပဲ 'မအ'တဲ့အလှူ လို့ဆိုပါတယ်။

ဒါ့ကြောင့် ကိုယ့်အလှူနဲ့စပ်ပြီး ဝမ်းမြောက်မှု(မအ တဲ့ အလှူ) ဖြစ်ဖို့အတွက် အလှူခံပုဂ္ဂိုလ်များအတွက် တကယ်အသုံးဝင်ပြီး အကျိုးများတဲ့ပစ္စည်း ဖြစ်မယ်၊ တကယ်လည်း လိုအပ်နေတဲ့ပစ္စည်းဖြစ်မယ်ဆိုရင် ထို အပ်စပ်တဲ့ပစ္စည်းကို လှူဒါန်းပါက ပိုကောင်းပါတယ် ဆိုတာ ပြောပါရစေ။

အခုလည်း သူဌေးဘဝက ကွယ်လွန်လို့ အနာထ ပိဏ်နတ်သားဖြစ်တဲ့အခါ လူ့ဘဝတုန်းက လှူခဲ့တဲ့ ဇေတဝန်ကျောင်းတော်ကိုပြန်ကြည့်မိပါတယ်။ ဘုရား ရှင်နဲ့အတူ သံဃာတော်များ သီတင်းသုံးနေတာကိုမြင် တော့ နတ်သားဟာ နှစ်သက်ရွှင်လန်းမှုပီတိတွေ ဖြစ် ရပါတယ်။ ဒီလိုပျော်ရွှင်မှုဟာ လူပဲဖြစ်စေ၊ နတ်ပဲဖြစ်စေ ကုသိုလ်ရနေတဲ့အတွက် အနှစ်ရှိတဲ့ပျော်ရွှင်မှုဖြစ်တယ်။ဒီလို အားရပျော်ရွှင်မှုမျိုး မကြာ မကြာဖြစ်ဖို့ လိုအပ် တယ်။ ဒါကြောင့်လည်း တစ်နေရာမှာ နတ်သားတစ်ဦး က နေ့နေ့ညည အမြဲ ကုသိုလ်ရနေတဲ့သူ၊ တရားမှာ တည်သူ၊ သီလနဲ့ပြည့်စုံသူ၊သေလွန်တဲ့အခါ လူ့ရွာ နတ်ထံ နိဗ္ဗာန်အထိရောက်တဲ့သူဆိုတာ ဘယ်လိုလူမျိုးပါလဲလို့ ဘုရားရှင်အား လျှောက်တယ်။

ထိုအခါ ဘုရားရှင်က -

''နတ်သား၊ ပန်းမာလ်ဥယျာဉ်စိုက်ပျိုးမယ်၊ ခရီး သွားသူများ အရိပ်ခိုပြီး အေးမြစေဖို့ အရိပ်ရတဲ့ သစ်ပင် တွေကို စိုက်ပျိုးကြမယ်၊ လမ်းမကောင်းတဲ့နေရာ လမ်း ပြင်ကြမယ်၊ တံတားခင်းကြမယ်၊ ခရီးသွားများ အေးမြ တဲ့ရေကို သောက်သုံးနိုင်ဖို့ ရေချမ်းစင်ဆောက်လှူကြ မယ်၊ အများအသုံးပြုနိုင်ဖို့အတွက် လိုအပ်တဲ့ရေတွင်း ရေကန်တွေကိုလည်း တူးဖော်ကြမယ်။ အရိပ်အာဝါသ အတွက် ဇရပ်တန်ဆောင်း ကျောင်းတွေကိုလည်း စွမ်း နိုင်သလောက် ဆောက်လုပ်လှူဒါန်းကြမယ်ဆိုရင် ထို ပုဂ္ဂိုလ်အား နေ့နေ့ညည အမြဲကုသိုလ်တွေတိုးပွားနေတဲ့ သူ၊ ကုသိုလ်ဆိုတဲ့တရားမှာ တည်သူ၊ သီလနဲ့ပြည့်စုံ သူ၊ လူ့ရွာနတ်ထံ နိဗ္ဗာန်အထိရောက်နိုင်တဲ့သူများဖြစ် ကြတယ်''လို့ မိန့်တော်မူပါတယ်။ တကယ်တော့ နေ့နေ့ ညညကုသိုလ်ရနေတယ်ဆိုတာက ကိုယ်စွမ်းဆောင် ထားတဲ့အရာကို ပြန်လည်တွေးမိမှသာ ပျော်ရွှင်မှုများ ခံစားရမှာဖြစ်ပါတယ်။ ပျော်ရွှင်မှလည်း ကုသိုလ်ရမှာ ပါ။ ဒါကြောင့် အမြဲ ကုသိုလ်တိုးပွားချင်တယ် ဆိုရင် သတိရတိုင်း ပြုထားတဲ့ကုသိုလ်ကို အမြဲတွေးပေးဖို့ပါပဲ။

စာချစ်သူများလည်း အနှစ်ပါတဲ့ပျော်ရွှင်မှုမျိုး ဖြစ် စေဖို့ သာသနာတော်မှာ တကယ်လိုအပ်နေတဲ့အရာကို လှူဒါန်းရပါမယ်။ အထက်မှာဆိုခဲ့တဲ့အတိုင်း လှူဒါန်း မယ့်အရာများဟာ တကယ်တမ်းကြည့်ရင် ကိုယ်ကျိုး အတွက်မဟုတ်၊ အများအကျိုးအတွက်ဖြစ်နေတာ သိသာရပါမယ်။ အများအကျိုးအတွက် အလှူပြုလုပ်နိုင် တယ်ဆိုရင် ဒီအလှူဟာ ပါရမီမြောက်အလှူ ဖြစ်တဲ့ အတွက် ပိုပြီးတော့လည်း မွန်မြတ်ပါတယ်။ ဒါကိုသိ ကြပြီး အနှစ်ရှိတဲ့ပျော်ရွှင်မှုမျိုးကို ပိုင်ဆိုင်ကြတဲ့ စာချစ်သူများဖြစ်ကြပါစေလို့ ပြောရင်း . . .။


(ဥပရိပဏ္ဏာသပါဠိ၊ အနာထပိဏ္ဍိကောဝါဒသုတ်၊

သဂါထာဝဂ္ဂသံယုတ်၊ဝသနရောပသုတ်၊ဇေတဝနသုတ်)


ရွှင်လန်းချမ်းမြေ့ကြပါစေ။


ဦးကောဝိဒ(မြိတ်) 

Comments

Popular posts from this blog

သရဏဂုံသုံးပါး ပုတီးစိပ်နည်း

ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူသော ဘုရားငါးဆူတို့၏ ကွာခြားချက်များ

ဂုဏ်တော်တစ်ထောင်ပုတီးစိပ်နည်း