စိတ္တသူကြွယ်၏ရှေးအကြောင်းကိုပြခြင်း

ဂေါတမဗုဒ္ဓဝင် (အပိုင်း ၇၉)

*********************

စိတ္တသူကြွယ်၏ရှေးအကြောင်းကိုပြခြင်း

-----------------------------


ကုသိုလ်နှင့် ဗျာဒိတ်ရပုံ

………………………

ရာဇဂြိုဟ်ပြည်တွင် ဘုရားရှင်ထံသို့ ဆည်းကပ်ကြသောဥပါသကာ အပေါင်းတို့တွင် စိတ္တသူကြွယ်၏အကြောင်းကား ပဒုမုတ္တရဘုရား ပွင့်တော်မူရာကာလ စိတ္တသူကြွယ်အလောင်းသည် ဟံသာဝတီပြည် သိမ်ငယ်သောအမျိုး၌ဖြစ်၍ တစ်ရံသောကာလ ဘုရားထံသို့ ဆည်းကပ်လေသော် ဘုရားထံ၌ ပုစ္ဆာပြဿနာကို မေးလျှောက်ပြောဟောကာနေသော ဧတဒဂ်ရဓမ္မကထိကသူဌေး တစ်ဦးကိုမြင်၍ "အရှင်သူဌေး၏ကုသိုလ်ကံကား ကြီးမား မြင့်မြတ်ပေစွ, ငါတို့လောကတွင် ဤသူတောင့်တစရာပင်မရှိ , အတိုင်းမသိသောရွှေငွေဥစ္စာ, အတိုင်းမသိသော သား မြေး ကျွန်တို့နှင့်လည်းပြည့်စုံ၏။ အံ့သြစဖွယ်တင့်တယ်သော အဆင်းအဝါ ဆန်းကြယ်လိမ္မာသော ပညာတို့နှင့်လည်းပြည့်စုံ၏။ ဘုရားရှင်ကိုလျက် ကျွမ်းဝင်ရောပြွမ်းနိုင်၏။ဤသူဌေးကဲ့သို့ နောင်ဘုရားရှင်တို့၏သာသနာ၌ ငါလည်းဖြစ်ရအောင် ပုညအထူးကို ဆည်းပူး၍ဆုတောင်းအံ့" ဟု ကြံလျက် သံဃာတို့၏အာရာမ်ကိုလည်း သုတ်သင်ပြင်ဆင်၏။ သံဃာတို့၏အလိုရှိသမျှသော ကိစ္စခပ်သိမ်းကိုလည်းရွက်ဆောင်၏။ အားတန်အင်မျှသော လှူဖွယ်ဝတ္ထုတို့ကိုလည်း ပြုစုလှူဒါန်း၏။ သရဏဂုံပဉ္စသီကိုလည်း ဆောက်တည်၍ တရားတော်ကိုနာပြီးလျှင် "အကျွန်ုပ်သည် ဤသို့ပြုရသောပုညအစုကြောင့် ယခုဧတဒဂ်ရသော ဓမ္မကထိက ဒါယကာကဲ့သို့ နောင်ဘုရားရှင်တို့၏ သာသနာတော်၌ ဖြစ်ပါစေသော" ဟု ဆုတောင်း၏။ ဘုရားသခင်လည်း ပြည့်စုံလတ္တံ့သောအကြောင်းကိုမြင်၍ ဗျာဒိတ်စကား မြွက်ကြားတော်မူ၏။


နောက်ထပ်ကုသိုလ်ပြုပုံ

………………………

ထိုသူဆင်းရဲလည်း ထိုဘဝမှအသက်အတိုင်းနေ၍စုတေလေသော် ကာမသုဂတိခုနစ်ဘုံ၌ ဆန်စုန်လှည့်လည်ကာဖြစ်၍ ကဿပဘုရား ပွင့်တော်မူသောအခါ တစ်ခုသောရွာငယ်မုဆိုးအိမ်၌ ပဋိသန္ဓေ နေလေ၏။ ဖွားမြောက်၍ရွယ်ရောက်သောအခါ သားငါးရှာရန် တောသို့ သွားလာလှည့်ပတ်လေသော် တောင်ဝှမ်းတစ်ခု၌ ရဟန်းတရားကိုအားထုတ်နေသော မထေရတစ်ပါးကိုမြင်၍ အရှင်မြတ်အား ဆွမ်းအဖျော်ဖြင့်ပူဇော်လှူဒါန်းမှု ကောင်းမြတ်သောလအကျိုးဖြစ်ရာ၏ ဟုဖြောင့်တန်းစွာသော သဒ္ဓါစိတ်သည်ဖြစ်၍ အိမ်သို့ပြန်ပြီးလျှင် ယမန်နေ့ကယူခဲ့၍ ကင်ထားသော သားဟင်းမျိုးတို့ကိုလည်းကောင်း တစ်ကွမ်းစားသော ဆန်ကိုလည်းကောင်း ချက်၍ ထိုသို့ချက်စဉ်ဆွမ်းခံဝင်လာသော ရဟန်းတစ်ဦးကိုလည်း အတန်ငယ်ခူး၍လှူပြီးလျှင် တစ်ပါးစာသာ ဆွမ်းနှင့်ဟင်းကိုပြင်၍ ယခင်တောသို့လာခဲ့၏။ ခရီးအကြား၌ အခြားတင့်တယ်စွာသောပန်းတို့ကိုမြင်ပြန်သော် အရှင်မြတ်၏နေရာ၌ ဤပန်းတို့ကိုခင်းရသော်ကောင်း၏ဟု ကြံ၍ ဆွတ်ယူဆောင်ခဲ့ပြီးလျှင် ယခင်ရဟန်း၏နေရာ၌ ကောင်းစွာခင်းလှူ၏။ ယူခဲ့သောဆွမ်းနှင့်ဟင်းတို့ကိုလည်း ကပ်လှူပေ၏။

ယင်းသို့ကပ်လှူပြီးသော် "အကျွန်ုပ်သည် ဤနှစ်သက်ဖွယ်သော သားဟင်းမျိုးနှင့်တကွသော ဆွမ်းပန်းနေရာတို့ကို ကပ်လှူရသော ပုညကြောင့်ဖြစ်တိုင်းဖြစ်တိုင်းသောဘဝတို့၌ တစ်ထောင်မျှလောက်သော ပဏ္ဏာကာရတို့ကို ရလတ်စေသတည်း, ငါးပါးသောအဆင်းရှိသော ပန်းမိုးတို့သည်ရွာစေသတည်း"ဟု ဆုတောင်း၏။ ထိုရဟန်းလည်း ဒါယကာ၏ သဒ္ဓါသမ္ပတ္တိကို ဆင်ခြင်လျက် ပဉ္စသီတို့ကိုပေး၍ ဒွတ္တိံသာကာရ ကမ္မဋ္ဌာန်းကို သင်စေပေ၏။ မုဆိုးသားသည်လည်း ထိုအခါမှစ၍ ဒုစ္စရိတတို့ကို ပစ်ပယ်၍ ကုသိုလ်တရားတို့ကိုအားထုတ်လျက် စုတေသောအခါ တာဝတိံသာနတ်ပြည်၌ဖြစ်လေ၏။ ဖြစ်သောခဏ၌ ပုဆစ်ဒူးကျွံမျှလောက်သော နတ်ပန်းမိုးတို့ရွာကုန်၏။ ထိုနတ်သားသည် တစ်ပါးသောနတ်သားတို့ထက် လွန်မြတ်သော အဆင်းအဝါ ပညာခွန်အားနှင့်လည်း ပြည့်စုံ၏။


နောက်ဆုံးဘဝ

………………

ဤသို့အားဖြင့် ဘုရားတစ်ဆူမှတစ်ဆူအကြားကာလပတ်လုံး နတ်ပြည်လူ့ပြည်ကျင်လည်ကာလာခဲ့၍ ငါတို့ဘုရား ဖြစ်တော်မူအံ့သောကာလ မဂဓတိုင်း ရာဇဂြိုဟ်ပြည်တွင် မစ္ဆိကာသဏ္ဍ မည်သောမြို့ဝယ် ငါ့ဆယ့်လေးကုဋေကြွယ်ဝသော သူဌေးအမျိုး၌ဖြစ်လာ၏။ ဖွားသောကာလ ပုဆစ်ဒူးကျွံလောက်သော ပန်းမိုးသည် ဆန်းကြယ်စွာရွာပေ၏။ အမည်မှည့်သောကာလ အမိ အဖတို့လည်း ငါတို့သားကား ကြီးမားသောဘုန်းကံရှိ၏။ မိမိ၏အမည်ကို မိမိပင်ဆောင်၍လာပေသည်ဟု နှလုံးပြု၍ စိတ္တ(ဆန်းကြယ်သော)သတို့သားဟူသောအမည်ကိုမှည့်၏။ထိုသတို့သားသည် အရွယ်ရောက်၍အိမ်ရာကျသောအခါ အဖသူဌေးလွန်သဖြင့် ထို မစ္ဆိကာသဏ္ဍမြို့၌ သူဌေးကြီးအရာကိုရ၏။


ဘုန်းကြီးကိုးကွယ်ပုံ

……………………

ငါတို့ဘုရားဖြစ်တော်မူ၍ ဥရုဝေလတော၌ နေတော်မူသောအခါကပင် ပဉ္စဝဂ္ဂီတို့တွင်အကျုံးမဝင်သော မဟာနာမ်ထေရ်သည် မစ္ဆိကာသဏ္ဍမြို့သို ကြွရောက်၍ စိတ္တသူဌေးမြင်လျှင် ထိုအရှင်၏ဣရိယာပုထ်၌ကြည်ညိုရကား ဆွမ်း အဖျော်တို့ဖြင့်ပူဇော်လုပ်ကျွေး၍ တရားတော်ကိုနာပြီးလျှင် ထိုအရှင်မဟာနာမ်အားတောင်းပန်၍ အမ္ဗဋ္ဌကမည်သောဥယျာဉ်၌ ကျောင်းကန်ဆောက်လုပ်၍လှူဒါန်းပြီးသော် "အကျွန်ုပ်၏အိမ်၌ အမြဲ ဆွမ်းဆောင်ပါ" ဟု လျှောက်ထား၏။

မဟာနာမ်ထေရ်လည်း သူကြွယ်အိမ်၌ဆွမ်းဘုဉ်းပေး၍ အနုမောဒနာ ပြုသောအခါ အာယတနခြောက်ပါးကိုသာ စိတ်ဖြာခွဲခြမ်း၍ဟော၏။ တရားတော်ကိုနာရလျှင် စိတ္တသူဌေးလည်း ရှေးရှေးသောဘဝက သုံးသပ်ဖူးသော သင်္ခါရတရားရှိသောသူဖြစ်၍ မကြာမြင့်မီပင် သောတာပန်အဖြစ်သို့ရောက်၏။

တစ်ရံသောကာလ စိတ္တသူကြွယ်သည် ထိုမဟာနာမ်ထေရ်အား "ထူးပြားသောတန်ခိုးပြာဋိဟာကို ပြတော်မူပါ"ဟု တောင်းပန်သော် မဟာနာမ်ထေရ်လည်း အရိယာတို့၏အစွမ်းသတ္တိကိုသိစေခြင်းငှာ အံ့ဖွယ်သူရဲဖြစ်သော တန်ခိုးပြာဋိဟာကိုပြ၏။ ထိုသို့ပြပြီးမှ ဤဒေသ၌ငါနေသဖြင့်မသင့်ပြီဟု နှလုံးထား၍ အရပ်တစ်ပါးသို့ ကြွလေ၏။

တစ်ရံသောအခါ ဣသိဒတ္တထေရ်ကြွလာ၍လည်း ရှင်မဟာနာမ်ကဲ့သို့ တောင်းပန်၍ ကိုးကွယ်ထား၏။ ထိုအခါ စိတ္တသူကြွယ်သည် ဆန်းကြယ်နက်နဲ ခက်ခဲသိမ်မွေ့သောပုစ္ဆာကိုကြံမိ၍ ဣသိဒတ္တထေရ်အား လျှောက်ကြားလေသော် အထွေထွေသော ပုံပြင်နည်းနာဖြင့် စိတ်ဖြာခွဲခြမ်း၍ဖြေပေ၏။ ဖြေပြီးလျှင် အစဉ်သော လောကီလောကုတ္တရာစကားတို့ကို ပြောကြားကြသော စကားစပ်တွင် ရှင်ဣသိဒတ္တ၏ လူ့ဘဝကအဆွေဖြစ်သော အကြောင်းကိုသိ၍ အတိုင်းထက်လွန်စွာသော သဒ္ဓါတရားဖြင့် ချီမြှောက်ပူဇော်၏။ ထိုအခါ ဣသိဒတ္တလည်း ဤအရပ်တွင် ငါနေ၍မသင့်ချေပြီဟု အရပ်တစ်ပါးသို့ကြသွားပြန်လေ၏။

ထို့နောင် သုဓမ္မထေရ်ကြွလာပြန်လျှင် ယခင်မထေရ်တို့ကဲ့သို့ တောင်းပန်၍ အမ္ဗဋ္ဌကဥယျာဉ်၌ဆောက်လုပ်သောကျောင်းတွင် သီတင်းသုံးစေ၏။ဘုရားသခင် ရာဇဂြိုဟ်ပြည်စံနေသောကာလ အရှင်သာရိပုတ္တရာ အရှင်မောဂ္ဂလာန်ဟူသော အဂ္ဂသာဝကနှစ်ဦးတို့သည် တစ်ထောင်မျှလောက်သော ရဟန်းအခြံရံနှင့်တကွ မစ္ဆိကာသဏ္ဍသို့ကြွလေသဖြင့် အမ္ဗဋ္ဌာကာရာမသို့ရောက်လေသော် စိတ္တသူကြွယ်သည် သတင်းကြား၍ ထိုအရှင်တို့အား များစွာသောပူဇော်သက္ကာရတို့ဖြင့် ပူဇော်ဆည်းကပ်၍ တရားတော်ကိုနာပါရစေဟုခွင့်တောင်း၏။

အရှင်သာရိပုတ္တရာလည်း "ဒါယကာ…ငါတို့ကား ရှည်သောခရီးကို လာရသဖြင့် ပင်ပန်းစွာဖြစ်၏, အနည်းငယ်သောတရားကိုသာ နာလော့" ဟု ဆို၍ ထိုသူနှင့်လျောက်ပတ်သော ပရမတ်တရားကို ဟောကြား၏။ သူကြွယ်လည်းတရားကိုနာရလျှင် အနာဂါမိဖိုလ်၌ တည်လေ၏။ ထိုအခါမှစ၍ သာဝကနှစ်ဦးတို့အား များစွာသော ပူဇော်သက္ကာကိုပြု၍ တစ်နေ့သုံးကြိမ်လေးကြိမ်ဆည်းကပ်၏။


ကျောင်းထိုင်ဘုန်းကြီး ဝန်တိုပုံ

………………………………

တစ်နေ့သောအခါ သံဃာတစ်ထောင်နှင့်တကွသော သာဝကနှစ်ပါးတို့ကို "အကျွန်ုပ်အိမ်၌ဆွမ်းဘုဉ်းပေးတော်မူပါ" ဟု ပင့်လျှောက်၏။ကျောင်းနေဖြစ်သော သုဓမ္မထေရ်အားလည်း ဆွမ်းဘုဉ်းပေးခြင်းငှာပင့်၏။ ထိုအခါ သုဓမ္မထေရ်ကား

ငါ "နေဝါသိက" ရဟန်းဖြစ်လျက် နောက်မှငါ့ကိုပင့်သည် , ငါ့ထံသို့ကား ဆယ်ရက်တစ်ကြိမ် လခွဲတစ်ကြိမ်သာဆည်းကပ်သည် သာဝကနှစ်ဦးတို့အား တစ်နေ့သုံးကြိမ်ဆည်းကပ်၍ ကြီးမြတ်သော ပူဇော်သက္ကာကိုပြုသည်ဟု ဣဿာမစ္ဆရိယဖြင့် ဒေါသဖုံးလွှမ်း၍ နှလုံးမသာရှိရကား "ငါမကြွလို"ဟုဆို၏။ ပင့်သောဒါယကာသည် အကြိမ်ကြိမ်တောင်းပန်သော်လည်း "တစ်ပါးမှာငါဆွမ်းရှာမည်" ဟူ၍သာနေ၏။ နံနက်သောကာလ စိတ္တသူကြွယ်လည်း သံဃာတော်တို့အားလုပ်ကျွေးရန် ကောင်းမွန်စွာသော ဆွမ်း ခဲဖွယ်တို့ကို ပြင်ဆင်၍ နေလင့်၏။

သုဓမ္မထေရ်လည်း နံနက်သောအခါ အဂ္ဂသာဝကတို့အားပြုအပ်သော ပူဇော်သက္ကာကို ငါသွား၍ရှုအံ့ဟုကြံလျက်သပိတ်သင်္ကန်းပြင်၍ သူကြွယ်အိမ်သို့ရှေးဦးစွာလာလတ်၏။ စိတ္တသူကြွယ်လည်း "အရှင်ဘုရား…ဤသို့ကြွတော်မူပါ,ဤနေရာ၌နေတော်မူပါ" ဟု လျှောက်သည်ကို "ငါကားနေခြင်းငှာမလာ, ပူဇော်သက္ကာကို ကြည့်ခြင်းငှာသာငါလာသည်" ဟု ဆို၍ ထိုထိုခဲဖွယ်ဘောဇဉ်တို့ကို ကြည့်ရှုပြီးမှ စိတ္တသူကြွယ်အား နှမ်းကြွပ်မုန့်သည်အမျိုးကို ယိုးကိုး၍ ဆိုသောစကားဖြင့် ရှုပ်ချလိုရကား "ဒါယကာ… သင်ပြုအပ်သော ပူဇော်သက္ကာသည် အလွန်များပြားပေစွ, သို့ရာတွင် နှမ်းကြွပ်မုန့်တစ်မျိုးကား မပါချေ" ဟု ဆို၏။

ထိုအခါသူကြွယ်ကလည်း "အရှင်သုဓမ္မ…အရှင်ကား တစ်ခဏမျှပင် နား၍ ရှုသော်လည်း အကုန်အစင်မြင်တတ်သော ကျီးငှက်နှင့်တူပေ၏"ဟု ဆို၍ ခြိမ်းမောင်းလိုက်၏။


ဒကာကို ကန်တော့ရပုံ

………………………

သုဓမ္မထေရ်လည်း လွန်စွာအမျက်ထွက်၍ အိမ်မှဆင်းခဲ့ပြီးသော် "ဤသူကြွယ်ကျောင်း၌ ငါမနေပြီ" ဟု မိမိပရိက္ခရာကိုယူ၍ လာခဲ့သဖြင့် ရာဇဂြိုဟ်ပြည်သို့ရောက်သော် ဘုရားထံတော်သို့ ကပ်လေ၏။

ကိုယ်တော်မြတ်လည်း အတ္ထုပ္ပတ္တိကိုမေးတော်မူ၍ စိတ္တသူကြွယ်ဆိုသောစကား, မိမိဆိုသောစကားကိုလျှောက်သော် "သင်သည် ဒါယကာတို့၏ သဒ္ဓါပသန္နကို ယုတ်မာသော ဣဿာ

မစ္ဆေရဖြင့်ဖျက်ဆီးဘိ၏, ထိုအပြစ်ကားသူတစ်ပါး၌မထင်, သင်ရဟန်းအားသာဖြစ်သည်"ဟု ဆို၍ ပဋိသာရဏီယကံကို ပညတ်တော်မူသည်။ ထိုကံကိုပြုပြီးမှ စတ္တသူကြွယ်အားသွား၍ ကန်တော့ချေဟု စေလိုက်၏။

သုဓမ္မထေရ်လည်း ဘုရားအာဏာတော်ဖြင့်လာခဲ့၍ သူကြွယ်အား "သည်းခံပါ" ဟု တောင်းပန်၏။ သူကြွယ်ကလည်း "အကျွန်ုပ်သည်းမခံလိုသေး"ဟု ဆို၍ သုံးကြိမ်တိုင်တိုင်ပယ်သဖြင့် ဘုရားထံသို့ပြန်ရလေ၏။ ဘုရားရှင်လည်း ဤရဟန်းကား ပင်ပန်းစွာသွားလာရမှ ခက်ထန်သောမာန်စောင်ကျချိမ့်မည်ဟု ရည်မှတ်လျက် သည်းခံလတ္တံ့သောအကြောင်းကိုမသင်ကြားဘဲ "သွား၍တစ်ဖန်ကန်တော့ချေ"ဟု လွှတ်တော်မူပြန်၏။ သူကြွယ့်ထံသို့ရောက်၍ ရှေးနည်းတူ "ငါ့အားသည်းခံပါ"ဟုဆိုလျှင် ထိုသူကြွယ်ကလည်း "ရှင်ပင့်အပြစ်ကို ကျွန်ုပ်သည်းမခံလို , ဘုရားကိုသာလျှောက်လော့" ဟု ဆိုသဖြင့် တစ်ဖန် ဘုရားထံသို့ ပြန်ရပြန်၏။


အထင်ကြီးသူ၏ အပြစ်များ

……………………………

ထံတော်သို့ရောက်၍ သူကြွယ်သည်းမခံကြောင်းကိုလျှောက်လျှင် ဘုရားသခင်ကလည်း "ချစ်သားသုဓမ္မ…ရဟန်းတို့မည်သည်ကား ငါ၏ကျောင်း, ငါ၏နေရာ, ငါ၏ဒါယကာဟု အမှတ်ပြု၍ မာနတရား, ဣဿာတရားတို့ကို မပွားစေအပ်, အကယ်၍မှတ်မှားသဖြင့် ထိုတရားကို ပွားစေသောသူအား စျာန်မဂ်ဖိုလ်၏အန္တရာယ်ဖြစ်သော ကိလေသာတို့သည် လွန်စွာပွားစီးကုန်၏"ဟု မိန့်တော်မူ၍-


အသန်တံ ဘာဝံ နမိစ်ဆယြေ , ပုရက်ေခာရဉ်စ ဘိက်ခုသု။

အာဝါသေသု ဣဿရိယံ , ပူဇာ ပရကုလေသု စ။

မမေဝ ကတ မညန္တု , ဂိဟီ ပဗ္ဗဇိတာ ဥဘော။

မမဝေါ တိဝသာ အဿု , ကိစ်စာကိစ်စသေု ကိသ်မိဉ်စိ။

ဣတိ ဗာလဿ သင်္ကပ္ပေါ , ဣစ္ဆာ မာနော စ ဝဍ္ဎတိ။

ဟူသော ဒေသနာကို ဟောတော်မူ၏။

အနက်ကား-

သုဓမ္မ=ချစ်သားသုဓမ္မ။ ဣဓ=ဤငါဘုရားသာသနာတော်၌။

ယောဗာလော=အကြင်ရဟန်းမိုက်သည်။

အဿဒ္ဓေါ = မိမိ၌သဒ္ဓါတရားမရှိဘဲလျက်။

သဒ္ဓေါတိ=သဒ္ဓါတရားရှိပေ၏ ဟူ၍။ မံ=ငါ့ကို။ ဇနော=လူတို့သည်။ ဇာနာတု=သိစေသတည်း။ ဣတိ စ= ဤသို့လည်းကောင်း။

ဒုဿီလော= မိမိ၌ သီလသိက္ခာ ပြည့်စုံစွာမရှိဘဲလျက်။

သီလဝါတိ=သီလရှိ၏ဟူ၍။ မံ=ငါ့ကို။ ဇနော=လူတို့သည်။

ဇာနာတု=သိစေသတည်း။ ဣတိ ဝါ=ဤသို့လည်းကောင်း။

အပ္ပဿုတော=နည်းသောအကြားအမြင်ရှိလျက်။ ဝါ=ပိဋကတ်နည်းမှာ အရာရာ၌ လေ့လာဆောင်ရွက်ခြင်းမရှိဘဲလျက်။

ဗဟုဿုတောတိ = များသော အကြားအမြင်ရှိ၏ ဟူ၍။

ဝါ=လေ့လာဆောင်ရွက်ခြင်းရှိ၏ဟူ၍။ မံ=ငါ့ကို။ဇနော=လူတို့သည်။

ဇနာတု=သိစေသတည်း။ ဣတိ စ=ဤသို့လည်းကောင်း။

အဝိဝိတ္တော=ကိလေသာစိတ်မဆိတ်ညံသည်။သမာနော=ဖြစ်လျက်။

ဝိဝိတ္တော=ဆိတ်ညံ၏ဟူ၍။ မံ=ငါ့ကို။ ဇနော=လူတို့သည်။

ဇနာတု=သိစေသတည်း။ ဣတိ စ =ဤသို့လည်းကောင်း။

ကုသိတော=ရဟန်းတရားအားထုတ်ခြင်း၌ပျင်းရိထိုင်းမှိုင်းသည်။

သမာနော=ဖြစ်လျက်။အာရဒ္ဓဝီရိယောထိ=အားထုတ်သော လုံ့လရှိ၏ဟူ၍။ မံ=ငါ့ကို။ ဇနော=လူတို့သည်။ဇနာတု=သိစေသတည်း။ ဣတိ စ= ဤသို့လည်းကောင်း။

အနုပဋ္ဌိတဿတိ= မထင်သောသတိရှိသည်။ သမာနော=ဖြစ်လျက်။

ဥပဋ္ဌိတဿတီတိ=ထင်သောသတိရှိ၏ဟူ၍။မံ=ငါ့ကို။ဇနော=လူသည်။

ဇနာတု=သိစေသတည်း။ ဣတိ စ= ဤသို့လည်းကောင်း။

အသမာဟိတော=သူတော်ကောင်းတရား၌မတည်ကြည်သည်။

သမာနော=ဖြစ်လျက်။သမာဟိတောတိ=တည်ကြည်၏ ဟူ၍။

မံ=ငါ့ကို။ ဇနော=လူတို့သည်။ ဇနာတု=သိစေသတည်း။

ဣတိ စ=ဤသို့လည်းကောင်း။ ဒုပ္ပညော=အသိပညာမရှိသည်။

အခီဏာသဝေါ= မကုန်ခန်းသော အာသဝေါရှိသည်။

သမာနော=ဖြစ်လျက်။ပညာဝါတိ=ပညာရှိ၏ဟူ၍လည်းကောင်း။

ခီဏာသဝေါတိ= အာသဝေါကုန်ခန်း၏ဟူ၍ လည်းကောင်း။

မံ=ငါ့ကို။ ဇနော=လူတို့သည်။ ဇနာတု=သိစေသတည်း။

ဣတိ စ=ဤသို့လည်းကောင်း။ အသန္တံ=မိမိ၌ထင်ရှားမရှိသော။

နံ ဘာဝံ=ထိုဂုဏ်ကို။ ဣစ္ဆေယျ= အလိုရှိတတ်ချေ၏။

သဗ္ဗေသု=အလုံးစုံကုန်သော။ ဘိက္ခူသု=ရဟန်းတို့၌။

ပုရေက္ခာရဉ္စ=အခေါင်အဖျားရှေ့သွားအမှူ း၏အဖြစ်ကိုလည်း။ ဣစ္ဆေယျ=အလိုရှိတတ်ချေ၏။

အာဝါသေသု စ=သံဃာ့အာရမ်ကျောင်းကန်ခပ်သိမ်းတို့၌လည်း။

သယမေဝ ဝိစာရိတော=မိမိသာလျှင်စီရင်ပေးကမ်းပိုင်သည်။

ဟုတွာ=ဖြစ်၍။ ဣဿရိယံ =အစိုးရခြင်းကို။ ဣစ္ဆေယျ=လိုရှိတတ်၏။

ပရကုလေသုစ=မိဘဆွေမျိုးမှတစ်ပါး အခြားသော ဒါယကာ ဒါယိကာမတို့သည်လည်း။ ပူဇာ=ပူဇော်သက္ကာရကို။

မယှမေဝ=ငါ့အားသာလျှင်။ ဒဒေယျုံ=ပေးလှူကုန်မူကား။

အညေသံ= ငါမှတစ်ပါး ရဟန်းများတို့အား။

န ဒဒေယျုံ=မလှူကုန်မူကား။အဟောဝတ=သြော်..ကောင်းရာ၏။

ဣတိ=ဤသို့။ ဣစ္ဆေယျ=အလိုရှိတတ်၏။

ဝိဟာရာနိ စ= ကျောင်းတို့ကိုလည်းကောင်း။

ဥပေါသထာဂါရာနိ စ= ဥပုသ်အိမ်တို့ကို လည်းကောင်း။

အညာနိ=အခြားတစ်ပါးဖြစ်ကုန်သော။

ဒဗ္ဗသမ္ဘာရာနိ စ= အဆောက်အဦတို့ကို လည်းကောင်း။

မမေဝကတံ=ငါပြု၏, ငါ့ကိုမှီ၍ပြု၏ ဟူ၍သာလျှင်။

မညန္တု=အောက်မေ့စေကုန်သတည်း။

ဣတိသင်္ကပ္ပေါ=ဤသို့သောအကြံသည်။ ဥပ္ပဇ္ဇတိ=ဖြစ်၏။

သဗ္ဗေ=အလုံးစုံကုန်သော။ဂိဟီ စ=လူတို့သည်လည်းကောင်း။

ပဗ္ဗဇိတာ စ=ရဟန်းတို့သည်လည်းကောင်း။

ဥဘော=နှစ်ပါးသောသူတို့သည်။ကိသ္မိဉ္စိ=အလုံးစုံကုန်သော။

ကိစ္စာကိစ္စေသု=ကိစ္စကြီးငယ်တို့၌။ မမေဝ=ငါ၏သာလျှင်။

အတိဝသာ=အလိုလိုက်ရကုန်သည်။

အဿု=ဖြစ်စေကုန်သတည်း။ ဣတိ=ဤသို့။ဗာလဿ=ရဟန်းမိုက်၏။

သင်္ကပ္ပေါ=အကြံသည်။အဟောတိ=ဖြစ်၏။

တဿ ဗာလဿ= ထိုရဟန်းမိုက်အား။

ဣစ္ဆာ စ=ရမ္မက် တဏှာ ကိလေသာသည်လည်းကောင်း။

မာနောစ=ထောင်လွှားခြင်းဟူသောမာန်ကိုးပါးသည်လည်းကောင်း။

ဝဍ္ဎတိ=တစ်နေ့တစ်ခြားတိုးပွားစည်ပင်၏။

ကုသလာ=ကုသိုလ်တရားတို့သည်။ န ဝဍ္ဎန္တိ=မတိုးပွားကုန်။

[အဓိပ္ပါယ်ထင်စိမ့်သောငှာ အဋ္ဌကထာပါဌ်ကိုသွင်း၍ ယောဇနာသည်

ပါဠိလိုတွေညှပ်ထည့်ရေးနေလို့စိတ်မပျက်ပါနဲ့ ယောဇနာဆိုတာ ယှဉ်ခြင်း, ရှေ့စကားနဲ့နောက်စကားကိုပရိယာယ်အားဖြင့်ယှဉ်ခြင်း,

အနက်ယှဉ်ခြင်း,အနက်ယောဇနာခြင်း,အနက်ပြန်ခြင်းပါ]


သုဓမ္မမထေရ် ကျွတ်တမ်းဝင်ပြီ

………………………………

သုဓမ္မထေရ်လည်း မြတ်စွာဘုရားဟောကြားဆုံးမတော်မူသော သြဝါဒကိုကြားလျှင် ဘုရားသခင်အားရှိခိုးခဲ့၍ အဖော်ရဟန်း တစ်ဦးနှင့်တကွ မစ္ဆိကာသဏ္ဍသို့လာ၍ စိတ္တဒါယကာ၏ မြင်ရာအရပ်၌ အာပတ်ကိုကုစားပြီးမှ "ငါ့အပြစ်ကိုသည်းခံပါ" ဟု တောင်းပန်၏။ စိတ္တသူကြွယ်လည်း "အရှင်ဘုရား၏အပြစ်ကို အကျွန်ုပ်သည်းခံပါတော့မည်, ကျွန်ုပ်ဆောက်သောကျောင်း၌နေ၍ အကျွန်ုပ်အလှူကိုခံပါ"ဟု လျှောက်၏။ သုဓမ္မထေရ်လည်း ကောင်းပြီ ဟု ဝန်ခံ၍ အမ္ဗဋ္ဌကကျောင်း၌နေပြီးလျှင် ဝိပဿနာတရားကို အားထုတ်သဖြင့် မကြာမြင့်မီပင် ပဋိသမ္ဘိဒါလေးပါးနှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်လေ၏။


စိတ္တသူကြွယ် ဘုရားဖူးသွားပုံ

………………………………

စိတ္တသူကြွယ်လည်း "ငါကား မြတ်စွာဘုရားကို မဖူးမြင်ရပဲလျှင် တရားတော်ကိုမှီ၍ သုံးလီသောမဂ်ဖိုလ်၌တည်လေပြီ, ဤသို့ ကျေးဇူးရှင်ဖြစ်သောမြတ်စွာဘုရားကို ယခု ငါသွား၍ ဖူးမြင်တော့အံ့, သို့ရာတွင် ဘုရားရှင်ထံ လက်ချည်းသွားသဖြင့် မသင့်ပေရာ" ဟု များစွာသော ဆီ ဆန် ထောပတ် ပျားသကာတို့ကို ငါးရာသောလှည်းတို့ဖြင့်တင်ပြီးသော် "ငါတို့မြို့တွင် ဘုရားရှင်ထံသို့ လိုက်လိုကြကုန်သော ယောက်ျားမိန်းမတို့သည် ငါ့ရိက္ခာကိုသာ စား၍ ငါနှင့်လိုက်လှည့်ကုန်လော့" ဟု စည်လည်စေ၍ သုံးထောင်မျှလောက်သော ပရိသတ်နှင့်တကွ လာခဲ့ကြ၏။

ထိုအခါ မစ္ဆိကာသဏ္ဍနှင့်ရာဇဂြိုဟ်ပြည်၏အကြား ယူဇနာ ၃၀ မျှလောက်သောခရီးဝယ် အသီးသီးနေကုန်သော ဘုမ္မစိုး ရုက္ခစိုး စသောနတ်တို့သည် တစ်ယူဇနာလျှင် တစ်ဆောင်တစ်ဆောင်စီသော တဲကွန်းမဏ္ဍပ်ကိုပြု၍ အထူးထူးသောပူဇော်သက္ကာရတို့ဖြင့် ကြိုလင့်ကာပေးကမ်းကြ၏။ထိုမျှလောက်သောခရီးပတ်လုံး မိမိ၏အိမ်ကပါသော ခဲဖွယ်ဘောဇဉ်တို့ကို တစ်ဦးတစ်လေမျှ မသုံးဆောင်ရကုန်, နတ်တို့၏ ပဏ္ဏာကာရကိုသာ သုံဆောင်ရ၏။ ဤသို့သောနည်းဖြင့် တစ်နေ့လျှင်တစ်ယူဇနာသွား၍ တစ်လစေ့သောအခါ ရာဇဂြိုဟ်ပြည်သို့ရောက်၍ ဘုရားသခင်ကို ဖူးမြင်လေသော် ထိုခဏ၌ ထက်ဝန်းကျင်သောအရပ်မှ ပုဆစ်ဒူးနစ်မျှသော ပန်းမိုးတို့သည် ရွာလတ်၏။

ထိုအခါ မြတ်စွာဘုရားလည်း ထိုသူတို့ အဇ္ဈာသယကိုသိတော်မူ၍ သဠာယတန သံယုတ္တ ဒေသနာတော်မြတ်ကိုဟောတော်မူ၏။

ထိုနေ့မှစ၍ ဘုရားကျောင်းတော်ရင်း၌နေလျက် သံဃာအပေါင်းနှင့် တကွသော မြတ်စွာဘုရားကို ဆွမ်း ယာဂု အဖျော်တို့ဖြင့် ပူဇော်လုပ်ကျွေးလျက် နံနက်တစ်ကြိမ် ညဉ့်တစ်ကြိမ် တရားတော်ကို နာလျက် လခွဲကာလပတ်လုံးနေသတည်း။

စိတ္တသူကြွယ်သည် ကြီးကျယ်များပြားလှသော ပရိသတ်တို့နှင့်တကွ ဘုရားသခင်ကိုဖူးမြင်ခြင်းငှာလာသည်ဟု ရာဇဂြိုဟ်ပြည်သားတို့ ကြားလျှင် များသွာသောလက်ဆောင်ပဏ္ဏာကိုယူလျက် သူကြွယ်၏ အသရေကိုရှုခြင်းငှာ လာကြကုန်သဖြင့် ဆီ ပျား တင်လဲ စသော အဆောက်အဦတို့သည် အတိုင်းမသိပြည့်စုံသည်သာဖြစ်၏။

စိတ္တသူကြွယ်လည်း လခွဲလွန်သောအခါ လှည်းငါးရာ၌ပါသမျှသော လှူဖွယ်ဝတ္ထုတို့ကို ဘုရားအမှူးရှိသောသံဃာတော်တို့အား လှူဒါန်းခဲ့၍ မိမိနေရာ မစ္ဆိကာသဏ္ဍမြို့သို့ပြန်လာ၏။ဝန်မပါသောလှည်းတို့ဖြင့် ပြန်လာသည်ကို နတ်တို့က ကုသိုလ်ရှင်ဖြစ်သောဤသူကြွယ်အား အချည်းနှီးသောလှည်းတို့ဖြင့် မပြန်သင့်ပေဟု တော၌ အရှင်မဲ့သော ရွှေငွေတို့ကိုယူဆောင်၍ လှည်း၌တင်သဖြင့် လာစဉ်ကထက်ပင် ပြည့်နေလေ၏။


သဒ္ဓါသီလတို့နှင့် ပြည့်စုံရကျိုး

……………………………

ထိုအကြောင်းကို များစွာသောလူတို့ ကြားသိကြ၍ အလွန်ချီးမွမ်းသောစကားဖြင့် ဘုရားရှင်အား နားတော်လျှောက်သော် ဘုရားကိုယ်တော်မြတ်လည်း လျောက်ပတ်သောတရားစကားကို ဟောကြားပြသတော်မူခြင်းငှာ-


သဒ္ဓေါ သီလေန သမ္ပန္နော , ယသော ဘောဂ သမပ္ပိတော။

ယံ ယံ ပဒေသံ ဘဇတိ , တတ္ထ တတ္ထေဝ ပူဇိတော။-

ဟု ဒေသနာတော်ကို ဟောတော်မူ၏။

အနက်ကား-

ဘောန္တော=အို သူတော်ကောင်းအပေါင်းတို့။

သဒ္ဓေါ=ရတနာသုံးပါးဂုဏ်၌ယုံကြည်ခြင်းသဒ္ဓါတရား၌ပြည့်စုံသော။

သီလေန=အကျင့်သီလနှင့်။ သမ္ပန္နော=ပြည့်စုံသော။

ယသော=အခြံအရံ အကျော်အစောနှင့်ပြည့်စုံသော။ ဘောဂသမပ္ပိတော=လောကီဥစ္စာ လောကုတ္တရာဥစ္စာရတနာတို့နှင့် ပြည့်စုံသော။ ကုလပုတ္တော=အမျိုးကောင်းသားသည်။

ယံ ယံ ပဒေသံ= အကြင် အကြင်အရပ်သို့။ ဘဇတိ=ဆည်းကပ်သွားလာ၏။တတ္ထတတ္ထေဝ=ထိုထိုအရပ်၌သာလျှင်။

ပူဇိတော=နတ်လူတကာတို့ပူဇော်သက္ကာကိုခံရသည်။ ဟောတိ=ဖြစ်၏။ တသ္မာ=ထို့ကြောင့်။တုမှေ=သင်တို့သည်။

ဧတေဟိ=ထိုသဒ္ဓါသီလတရားတို့နှင့်။သမ္ပန္နော=ပြည့်စုံအောင်။

ဥဿာဟေထ=အားထုတ်ကုန်လော့။


လူ့ဘဝဖြင့် ဧတဒဂ်ရသူ

…………………………

စိတ္တသူကြွယ်သည်လည်း ဘုရားရှင်ကိုဖူးမြင်၍ပြန်သည်မှစ၍ ငါးရာမျှလောက်သော ဗုဒ္ဓသာဝက ဥပါသကာတို့နှင့်တကွ လှည့်လည်ကာ ဒါနသီလကိုအားထုတ်နေသတည်း။ထို့ကြောင့် ထိုဒါယကာကို သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်သို့ရောက်၍ အသီးသီးဧတဒဂ်ထားတော်မူသောအခါ ဤစိတ္တသူကြွယ်ကို ဓမ္မကထိကဧတဒဂ်အရာ၌ ထားတော်မူ၏။

ထို့ကြောင့် ပါရမီခန်း၌-

ငါးရာငါးရာ , အရံပါသား , ထိုခါသင်းမှူ း, သီတင်းဦးဟု, မည်ထူးခေါ်လောက်, ခုနစ်ယောက်တွင်,လက်မြောက်တွင်ကျယ်, စိတ်သူကြွယ်နှင့်, လူဝယ်ထူးဆန်း, မာန်ဖြင့်ကျန်းသား ,မြတ်မှန်းမသိ

ရှင်မုနိအား ,ပြစ်မှားရှေးဦး, စားမူးမူးဝယ်,ဘီလူးအာဠဝက,

လှူ၍ရသား, အာဠဝကရွာစား, မင်း၏သားလျှင်,ရှည်လျားကြီးပြင်း

မိုက်မျက်ကင်း၍ ,သီတင်းဦးကြီး, မည်သီးထင်စွာ, ထိုအခါ၌

ဟတ္ထာဠဝက, ခေါ်တွင်ကြအံ့-

ဟူ၍ စပ်ဆိုတော်မူသည်။

အမှာစကားချပ်-

[ဤစိတ္တသူကြွယ်၏ အတ္ထုပ္ပတ္တိကိုပြရာ ဓမ္မပဒအဋ္ဌကထာ၌ သာဝတ္ထိပြည်တွင် ဘုရားစံနေတော်မူသောအခါ ရောက်လာသည်ဟု ဆိုသည်။ အင်္ဂုတ္တိုရ်အဋ္ဌကထာ, သံယုတ် အဋ္ဌကထာတို့၌ကား ရာဇဂြိုဟ်ပြည်တွင်နေတော်မူခိုက် ရောက်လာသည်ဟုဆိုသည်။ ထိုသုံးကျမ်းလုံးပင် အရှင်ဗုဒ္ဓဃောသ စကားချည်းဖြစ်လျက် မညီညွတ်ကြ။ ယုတ္တိကိုဆသော် ဓမ္မပဒ၌ ပမာဒလေခ ဖြစ်မည်ထင်သည်။ ဟတ္ထာဠဝကမင်းသားအကြောင်းမှာ အထက်ပိုင်းတွေမှာ ထင်ရှားဖြစ်လတ္တံ့။] 


Comments

Popular posts from this blog

သရဏဂုံသုံးပါး ပုတီးစိပ်နည်း

ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူသော ဘုရားငါးဆူတို့၏ ကွာခြားချက်များ

ဂုဏ်တော်တစ်ထောင်ပုတီးစိပ်နည်း