☆အရှင်အာနန္ဒာရဲ့ စိတ်ထား ☆
🍀🌿🌿🍀🌿🍀🌿🍀🌿🍀
🌿🍀🍀🌿🍀🌿🌿🍀🌿🍀
❝ မြတ်စွာဘုရား၊ မြတ်စွာဘုရားက တပည့်တော်အား
မြတ်စွာဘုရားရဲ့ သင်္ကန်းကောင်း၊ ဆွမ်းကောင်းကို မပေးရင်
ဂန္ဓကုဋိကျောင်းထဲမှာပဲ အတူတူနေခွင့် မပေးရင်၊ ဆွမ်းပင့်ကပ်ရာကို ခေါ်မသွားရင် တပည့်တော်ဟာ မြတ်စွာဘုရားကို ပြုစုလုပ်ကျွေးပါမယ်။❞
အရှင်အာနန္ဒာက မြတ်စွာဘုရားအား လျှောက်ထားတဲ့စကား ဖြစ်ပါတယ်။
ပထမဗောဓိမှ ဝါ(၂၀) ပတ်လုံး ပြုစုလုပ်ကျွေးတဲ့သူ မမြဲခဲ့ပါ။ တစ်ခါတစ်ရံ နာဂသမာလ၊ တစ်ခါတစ်ရံ နာဂိတ၊ တစ်ခါတစ်ရံ ဥပဝါန၊ တစ်ခါတစ်ရံ သုနက္ခတ္တ၊ တစ်ခါတစ်ရံ စုန္ဒသာမဏေ၊ တစ်ခါ တစ်ရံ သာဂတ၊
တစ်ခါတစ်ရံ ရာဓ၊ တစ်ခါတစ်ရံ မေဃိယတို့ ပြုစုလုပ်ကျွေးကြပါတယ်။
❝ရဟန်းတို့၊ အခု ငါဘုရား အသက်ကြီးပြီ။ တချို့ရဟန်းတွေက ဒီလမ်းက ငါတို့သွားစို့လို့ ပြောပေမယ့် အခြားလမ်းနဲ့ သွားကြတယ်။ တချို့ရဟန်းတွေက ငါဘုရားရဲ့ သပိတ်သင်္ကန်းကို မြေကြီးပေါ် ချသွား ကြတယ်။ ငါဘုရားအတွက် အမြဲပြုစုမယ့် ရဟန်းတစ်ပါးကို သိကြ❞
ဂန္ဓကုဋိပရိဝုဏ်မှာ ခင်းထားတဲ့ ဘုရားရှင့်နေရာမြတ်မှာ ရဟန်း အပေါင်းခြံရံကာ ထိုင်ရင်း ရဟန်းတွေကို အထက်ပါအတိုင်း မိန့်ပါ တယ်။ ရဟန်းတွေမှာ တရားသံဝေဂ ဖြစ်ပါတယ်။ အဲဒီအခါ အရှင်သာရိပုတ္တရာက နေရာမှ ထပြီး ဘုရားရှင်ကို ရှိခိုးကာ
❝မြတ်စွာဘုရား၊ တပည့်တော် မြတ်စွာဘုရားကိုပဲ တောင့်တပြီး တစ်အသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ခဲ့ပါတယ်။ တပည့်တော်လို ပညာကြီးသူဟာ အလုပ်အကျွေး ဖြစ်သင့်တယ် မဟုတ်ပါလားဘုရား၊ တပည့်တော် လုပ်ကျွေးပါမယ်❞ လို့ လျှောက်ပါတယ်။
❝သာရိပုတ္တရာ၊ မသင့်ဘူး။ သင် နေတဲ့အရပ်ဟာ တကယ် မဆိတ်သုဉ်းတဲ့ အရပ်ပဲ။ မှန်တယ်၊ သင့်ရဲ့ဩဝါဒဟာ ဘုရားရှင်တွေရဲ့ ဩဝါဒနဲ့ တူတယ်။ သင်က ငါဘုရားကို ပြုစုဖို့ ကိစ္စမရှိ❞လို့ ပြောကာ ဘုရားရှင်က ပယ်လိုက်ပါတယ်။ ဒီနည်းနဲ့ပဲ အရှင်မောဂ္ဂလာန်ကို အစပြုပြီး သာဝကကြီး (၈၀) ကို ပယ်တော်မူပါတယ်။
အရှင်အာနန္ဒာကတော့ ဆိတ်ဆိတ်နေပါတယ်။
အဲဒီအခါ ရဟန်းတွေက အရှင်အာနန္ဒာကို
❝ငါ့ရှင် အာနန္ဒာ၊ ရဟန်းအပေါင်းက ပြုစုတဲ့ ရာထူးကို တောင်းနေတယ်။ သင်လည်း တောင်းပါလား❞ လို့ ပြောကြပါတယ်။
❝ငါ့ရှင်တို့ တောင်းလို့ရတဲ့ ရာထူးဆိုတာ ဘယ်လို သဘောရှိသလဲ၊ မြတ်စွာဘုရားကငါ့ကို မမြင်ဘူးလား။
မြတ်စွာဘုရားက သဘော ကျရင် ❝အာနန္ဒာဟာငါ့ကိုလုပ်ကျွေးပါစေ❞လို့ မိန့်တော်မူလိမ့်မယ်❞လို့ အရှင်အာနန္ဒာက ပြောပါတယ်။
အဲဒီအခါ မြတ်စွာဘုရားက
❝ရဟန်းတို့၊ အာနန္ဒာကို အခြားရဟန်းတွေ တိုက်တွန်းစရာ မလိုပါ။ သူ့ဘာသာ သူပဲသိပြီး ငါဘုရားကို ပြုစုလိမ့်မယ်❞ လို့ မိန့်ပါတယ်၊ အဲဒီအခါ ရဟန်းတွေက
❝ငါ့ရှင်အာနန္ဒာ ထလော့၊ ငါ့ရှင် အာနန္ဒာ ထလော့၊ မြတ်စွာဘုရားကို ပြုစုတဲ့ ရာထူး တောင်းလော့❞ လို့ ပြောကြပါတယ်။
အဲဒီအခါ အရှင်အာနန္ဒာက ထပြီး ပယ်ဆု (၄) ပါးနဲ့ တောင်းဆု (၄) ပါးကို တောင်းပါတယ်။ ပယ်ဆု (၄) ပါးက အစမှာ ဖော်ပြခဲ့တဲ့ ဆု (၄) ဆု ဖြစ်ပါတယ်။
❝အာနန္ဒာ၊ ဘယ်အပြစ်ကို မြင်လို့ ပယ်ဆု (၄) ခုကို တောင်းပါသလဲ။❞
❝မြတ်စွာဘုရား၊ ဒီဝတ္ထုတွေကို တပည့်တော် ရခဲ့ရင်
အာနန္ဒာဟာ ဘုရားရှင်ရတဲ့ သင်္ကန်းကောင်း၊ ဆွမ်းကောင်းကို သုံးဆောင်ရတယ်။ ဂန္ဓကုဋိတစ်ကျောင်းတည်း နေတယ်။ ဆွမ်းပင့်ကပ်ရာကို အတူသွားတယ်။ ဒီလာဘ်ကို ရလို့ ဘုရားရှင်ကို ပြုစုလုပ်ကျွေးတာ။ ဒီလို ပြုစု လုပ်ကျွေးသူမှာ ဘာဝန်လေးစရာ ရှိမလဲ” လို့ ပြောကြပါလိမ့်မယ်။❞
(အင်္ဂုတ္တရ၊ ဌ၊ ပ၊ ၂၂၈)
အရှင်အာနန္ဒာရဲ့အခွင့်အရေးမလိုချင်တဲ့ စိတ်ထားဟာ အင်မတန်ပဲ ကြည်ညိုစရာကောင်းပါတယ်။ အခွင့်အရေးကောင်းဆိုရင် လက် မလွတ်ရအောင် အရအမိယူနေကြတဲ့ လူ့လောကကြီးထဲမှာ အခွင့် အရေးကောင်းကို မလိုချင်တဲ့ အရှင်အာနန္ဒာလို စိတ်ထားဟာ ရှားမှရှား ပါတယ်။ အခွင့်အရေးကို မလိုချင်ဘဲ ဖြူစင်မြင့်မြတ်တဲ့ စိတ်ထားနဲ့ ဘုရားရှင်ကို ပြုစုတဲ့ အရှင်အာနန္ဒာရဲ့ စိတ်ထားကို အခွင့်အရေး
မက်မောကြသူတွေ သတိပြုကာ အတုယူသင့်ကြပါတယ်။
#လင်္ကာ
၁။ အခွင့်ရေးကောင်း, သူ မတောင်း, စိတ်ကောင်း ရှိလှသည်။
၂။ စိတ်ကောင်းရှိပါ, အာနန္ဒာ, မြတ်စွာဘုရားကို ပြုစုသည်။
၃။ အခွင့်ကောင်းလိုလား, ထိုစိတ်ထား, သူကားဖယ်ရှားသည်။
၄။ သူ့လိုစိတ်ထား, အသင်ကား, များများရှိအောင် လုပ်သင့်သည်။
#သာမဏကျော် #အတုယူဖွယ်ရာစိတ်ထားများ
#သုဝဏ္ဏသျှမ် #ဓမ္မဒါန အရှင်အာနန္ဒ္
ပြန်လည်မျှဝေသူ
//☆-SaSaNa-♡
🍁🍀🍁🍀🌿🍀🍁
🌿🍁🍀🌿🍁🍀🌹
🍀🍁🌹🍀🍁🌹🍁
Comments
Post a Comment