စုတိစိတ်လို့ခေါ်တဲ့ သေတဲ့စိတ်နဲ့ ပဋိသန္ဓေဝိဉာဏ်စိတ်


 ◄►◄►◄►◄►◄►◄►◄►◄►◄►◄►◄►◄►◄►

“စုတိစိတ်လို့ခေါ်တဲ့ သေတဲ့စိတ်နဲ့ ပဋိသန္ဓေဝိဉာဏ်စိတ်”

◄►◄►◄►◄►◄►◄►◄►◄►◄►◄►◄►◄►◄►

လူသေသွားရင် ဝိညဉ်လိပ်ပြာ အတ္တကောင်ဟာ တဘဝကနေ တဘဝကို မပျက်မစီးပဲ ပြောင်းရွေ့ကြင်လည်နေတယ်လို့ ယူဆရင် သဿတဒိဋ္ဌိဖြစ်ပါတယ်။သေရင် ဘာမှမရှိတော့ဘူး ပြတ်စဲသွားတယ်လို့ ယူဆရင် (ဥစ္ဆေဒဒိဋ္ဌိ)ဖြစ်ပါတယ်။


ဥပမာ-လူတယောက်ဟာ ဘုရားတည်ကျောင်းဆောက်စတဲ့ ကုသိုလ်ကောင်းမှုု့တွေကို ပြုလုပ်တယ်။ ဒီကောင်းမှု့တွေကြောင့် ငါသေရင် ငါပဲအကျိုးခံစားရမှာပဲလို့ ယူဆရင် သဿတဒိဋ္ဌိဖြစ်ပါတယ်။ ဘာကြောင့် သဿတဒိဋ္ဌိဖြစ်ရတာလဲဆိုရင် ကောင်းမှု့ပြုတာကတစ်ယောက် အကျိုးခံစားရတာက တစ်ယောက်ဖြစ်နေလို့ပါပဲ။


ဒါဖြင့် ကုသိုလ်ရဲ့အကျိုးကို ငါကိုယ်တိုင် မခံစားရပဲတခြားတယောက်က ခံစားမယ်ဆိုမှတော့ ငါကုသိုလ်မပြုတော့ဘူးကွာ၊ မကောင်းမှု့တွေပဲ လုပ်တော့မယ်၊ ငါလုပ်တဲ့မကောင်းမှု့ကို တစ်ခြားတစ်ယောက်က ခံစားရမှာပဲလို့ ယူဆပြန်ရင်လဲ( ဥစ္ဆေဒဒိဋ္ဌိ )ဖြစ်သွားပြန်တယ်။

ဘာကြောင့်လဲဆိုတော့ ကိုယ်လုပ်တဲ့အပြစ်တွေကို ကိုယ်ကိုယ်တိုင်ပဲ ပြန်ပေးဆပ်ရမှာပဲ၊ ပြန်ခံစားရမှာပဲ။


ဒီတော့ နောက်ဘဝလဲ ငါကိုယ်တိုင်ပဲလို့ ယူဆရင်လဲ

( သဿတဒိဋ္ဌိ၊) တစ်ခြားတစ်ယောက်လို့ ယူဆပြန်ရင်လဲ ( ဥစ္ဆေဒဒိဋ္ဌိ )ဆိုတော့ ဒီအစွန်းနှစ်ပါးကနေလွတ်အောင် ဘယ်လိုဖြေရှင်းမလဲဆိုရင်။


ဦးဘဆိုတဲ့လူတယောက်ဟာ မသေခင် ကုသိုလ်ကောင်းမှု့တွေ အများကြီးပြုခဲ့ရလို့ သေတဲ့အခါ နတ်ဖြစ်ရတယ်ဆိုပါဆို့။

ဒီဘဝက ဦးဘရဲ့ ခန္ဓာကိုယ်ကြီးကလဲ ဒီဘဝမှာတင် ပုပ်သွားတယ်။ စိတ်ကလဲ ဒီဘဝမှာတင် ချုပ်သွားတယ်။ ဒီဘဝရုပ်နာမ် ဒီဘဝမှာတင်ချုပ်တယ်။ နောက်ဘဝကို မပါသွားပါဘူး။ နာမ်က ဝိညဉ်အဖြစ်နဲ့ နောက်ဘဝအထိ ပါသွားတယ်ဆိုရင် ဒီဘဝက ဦးဘရဲ့စိတ်နဲ့ နတ်ဘဝကနတ်ရဲ့စိတ် တူညီရမှာပေါ့။ အခုတော့ နတ်ဘဝမှာ နတ်ရဲ့စိတ်ကတစ်ခု၊ ဦးဘရဲ့စိတ်ကစိတ်တစ်ခုလေ။


အဲ့ဒီဦးဘက ကုသိုလ်ကောင်းမှု့တွေ မပြုပဲ မကောင်းမှု့ဒုစရိုက်တွေပဲပြုသွားလို့ သေတဲ့အခါ ခွေးဖြစ်ရတယ်ဆိုပါဆို့။

ဒီဘဝက ဦးဘရဲ့စိတ်ကလူ့စိတ်လေ။ ခွေးဘဝက ခွေးစိတ်က သတ် သတ်လေ။ မတူဘူးနော်။ စိတ်ဝိဉာဏ်က နောက်ဘဝထိအောင် လိုက်သွားတယ်ဆိုရင် ခွေးက ဘယ်မစင်စားပါ့မလဲ။


ဒါကြောင့် ဒီဘဝရုပ်နာမ်က ဒီဘဝမှာပဲချုပ်ပြီးတော့ နောက်တဘဝမှာ ရုပ်နာမ်အသစ်ပြန်ဖြစ်ပါတယ်။ သေပြီးရင် အိမ်မှာလိပ်ပြာဝိညာဉ်အဖြစ်နဲ့ (၇)ရက်နေတယ်ဆိုတာမဟုတ်ပါဘူး။


စုတိစိတ်လို့ခေါ်တဲ့ သေတဲ့စိတ်နဲ့ ပဋိသန္ဓေဝိဉာဏ်စိတ် လို့ခေါ်တဲ့ တဖန်ဘဝသစ်ပြန်စတဲ့စိတ်က တစ်ဆက်ထဲဖြစ်ပါတယ်။ စုတိနဲ့ပဋိသန္ဓေကြားမှာ အခြားမရှိပါဘူး။


အနန္တရပစ္စည်းနဲ့ ကျေးဇူးပြုပါတယ်။ ဆိုလိုတာက သေတဲ့အခါမှာကုသိုလ်ကောင်းမှု့အားကောင်းရင် နတ်ဘဝလူ့ဘ၀ ကောင်းတဲ့ဘဝတခုခုမှာ အမိဝမ်းတွင်းမှာပဋိသန္ဓေဝိဉာဏ်စိတ်ဖြစ်ရပါတယ်။ အကုသိုလ်အားများရင်တော့ ခွေးဝက်အစရှိတဲ့အပါယ်ကိုယ်ကောင်တခုခုမှာဝင်စားရပါတယ်။ ကြားခံဘဝတစ်ခုဆိုတာ မရှိပါဘူး။


အိမ်မှာခြောက်လှန့်ကြတယ်ဆိုတာကတော့ အကုသိုလ်အားကြီးလို့ပဲဖြစ်ဖြစ် သေခါနီး အကုသိုလ်စိတ်ဖြစ်ပြီး သေရလို့ပဲဖြစ်ဖြစ် အစွဲနဲ့သေရလို့ သားသမီး မိဘ ဇနီးခင်ပွန်းတွေအပေါ်မှာ စိတ်မချနိုင်ပဲ ပြိတ္တာဘဝ ဖြစ်ရတာပါ။


ကံအားလျော်စွာ ပြိတ္တာဘဝမှာ (၇)ရက် ကြာချင်ကြာမယ်။

တစ်နစ်ကြာချင်ကြာမယ်။ ကျွတ်ချိန်တန်ရင် ကျွတ်လိမ့်မယ်။

ဒီဘဝကသေရင် တခြားတယောက်ထပ်ဖြစ်တယ်ဆိုတော့ အဲ့ဒီထပ်ဖြစ်တဲ့တစ်ယောက်ကရော ဘယ်ကလာတာလဲဆိုရင် ဒီဘဝရုပ်နာမ်ကပဲ လာတာပါ။ သရက်စေ့ဘယ်ကလာ သရက်ပင်ကလာ။ သရက်ပင်ကကော ဘယ်ကဖြစ်တာလဲဆိုရင် သရက်စေ့ကဖြစ်တာပါပဲ။


ဆီမီးကူးညှိလိုက်သလိုပေါ့။ ကူးညှိလိုက်တဲ့ဆီမီးကသတ်သတ်၊ အရင်ရှိနေတဲ့ဆီမီးကသတ်သတ်။ ဒါဖြင့် နောက်ဆီမီး ဘယ်ကလာတာလဲ အရင်ဆီမီးကလာတာပါ။ အတူတူလားဆိုတော့ သတ်သတ်စီပါ။


တံစိပ်တုံးရိုက်တဲ့အခါ တံစိပ်ရာကသတ်သတ် တံစိတ်တုံးကသတ်သတ်။ တံစိတ်ရာဘယ်ကလာတာလဲဆိုရင် တံစိပ်တုံးကလာတာ။ လူသေရင်လဲ ထပ်ဖြစ်တဲ့ သတ္တဝါက အရင်ဘဝက သတ္တဝါပဲလားဆိုရင် မဟုတ်ဘူး။သတ်သတ်စီ။


ဒါဖြင့် ထပ်ဖြစ်တဲ့သတ္တဝါဘယ်ကလာတာလဲဆိုတော့ အရင်ဘဝက ရုပ်နာမ်အစဉ်ကလာတာ။ အရင်ဘဝနဲ့ဒီဘ၀ တစ်ယောက်ထဲလားဆိုတော့ မဟုတ်ဘူး သတ်သတ်စီ။ လူသေတဲ့အခါ ဒီဘဝရုပ်နာမ် ဒီဘဝမှာတင်ချုပ်ပြီးတော့ ကံသတ္တိအဟုန်က လိုက်နေတာ။ ဘယ်ကံတွေလဲဆိုတော့ အရင့်အရင်ဘဝတွေက ပြုခဲ့တဲ့ကောင်းမှု့ကံ မကောင်းမှု့ကံတွေ။


ဒါကြောင့် ကုသိုလ်ကံ အကုသိုလ်ကံချုပ်ငြိမ်းပြီးဖြစ်တဲ့ ဘုရားရဟန္တာတွေမှာ ကြိယာဗျာကတစိတ်ပဲရှိတယ်။ ဘဝသစ်ရုပ်နာမ် တဖန်ပြန်မဖြစ်တော့ဘူး။ သာမန်သတ္တဝါတွေမှာတော့ သေတဲ့အခါ ရုပ်နာမ်တဖန်ပြန်ဖြစ်ရပါတယ်။ လိပ်ပြာကောင် အတ္တကောင်လို့မရှိပါဘူး။ သင်္ချိုင်းကနေ အိမ်ကို လိပ်ပြာခေါ်တယ်ဆိုတာ မှားယွင်းတဲ့ သဿတဒိဋ္ဌိဖြစ်ပါတယ်။


#Crd

•••••••••••••••••••• 

Comments

Popular posts from this blog

သရဏဂုံသုံးပါး ပုတီးစိပ်နည်း

ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူသော ဘုရားငါးဆူတို့၏ ကွာခြားချက်များ

ဂုဏ်တော်တစ်ထောင်ပုတီးစိပ်နည်း