နောင်ပွင့်တော်မူမည့် အရိမေတ္တေယျဘုရား ဗုဒ္ဓဝင်
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸
__________________________________________
အရိမေတ္တေယျဘုရား ကို ဖူးခွင့်ရမည့် ပုဂ္ဂိုလ်များ...
၁။ ယခုကြုံတွေ့နေတဲ့ ဂေါတမ သာသနာတွင်းမှာ ကိုယ်တိုင် ရဟန်းသာမဏေ သီလရှင်၀တ်ပြီး ပရိယတ်၊ ပဋိပတ်သာသနာပြုတဲ့ ပုဂ္ဂိုလ်။
၂။ မိမိရင်မှဖြစ်တဲ့သား၊ သူတစ်ပါးရင်မှ ဖြစ်တဲ့သားတွေကို ရဟန်းခံပေးခြင်း၊ ရှင်ပြုပေးခြင်းပြုတဲ့ ပုဂ္ဂိုလ်။
၃။ မိခင်ဖခင်တို့ကို ၀တ်ကျေတန်းကျေမဟုတ်ဘဲ စိတ်ပါလက်ပါ ရိုသေစွာပြုစုလုပ်ကျွေးတဲ့ ပုဂ္ဂိုလ်။
၄။ သရဏဂုံသီလ မပြတ် ဆောက်တည်သော ပုဂ္ဂိုလ်။
၅။ ဘုရားသာသနာ တည်စိမ့်သောဌာ စေတီ၊ ပုထိုး၊ စည်းခုံ ဥမင်လိုဏ်ခေါင်း ဇရပ် စသည်တို့ကို ပြုပြင်တဲ့ပုဂ္ဂိုလ်၊ အသစ်ဆောက်လုပ်လှူးဒါန်းတဲ့ ပုဂ္ဂိုလ်။
၆။ ဗောဓိညောင်ပင် စိုက်ပျိုးသော ပုဂ္ဂိုလ်၊ ညောင်ရေသွန်းလောင်းသော ပုဂ္ဂိုလ်။
၇။ ရေတွင်း ရေကန် ရေအိမ် စတုဒီသာ ကျောင်းဇရပ် တံတား ပြုပြင်သောပုဂ္ဂိုလ်၊ အရုဏ်ဆွမ်း နေ့ဆွမ်း လောင်လှူသော ပုဂ္ဂိုလ်။
၈။ ရဟန်းတို့အား ပစ္စည်းလေးပါး လှူဒါန်းထောက်ပံံ့သော ပုဂ္ဂိုလ်။
၉။ ကမ္မဋ္ဌာန်းဘာ၀နာ ပွားများအားထုတ်သော ပုဂ္ဂိုလ်၊
နောင်ပွင့်တော်မူမည့်အရိမေတ္တေယျဘုရား အကြောင်း...
အလောင်းတော်နတ်သားက လူ့ပြည်ကိုဆင်းပြီး ပဋိသန္ဓေနေဖို့ရာအတွက် ဘုရားလောင်းတို့ရဲ့ ထုံးတမ်းအစဉ်အလာ ဓမ္မတာအရ ပဋိသန္ဓေယူတော့မယ်ဆိုရင် ကြည့်ခြင်းငါးပါး အရင်ကြည့်ပြီးမှ ပဋိသန္ဓေယူလေ့ရှိကြတယ်။
ကြည့်ခြင်းငါးပါးဖြင့်ကြည့်တော်မူခြင်းက-..
(၁)ဘုရားဖြစ်မည့်ခေတ်အခါကာလကား အနှစ်တစ်သိန်းမှစပြီး အောက်ဖြစ်သောကာလ အနှစ်တစ်ရာတန်းမှစပြီး အထက်ဖြစ်သောကာလ (တစ်သိန်းနှင့် တစ်သိန်းအောက်- ၁၀၀အထက်)
(၂)ဘုရားဖြစ်ရာကျွန်းကား ဇမ္ဗူဒိပ်ကျွန်း
(၃)ဘုရားပွင့်ရာဒေသကား မဇ္စျိမဒေသ
(၄)ဘုရားလောင်းဖြစ်ရာ အမျိုးကား မင်းမျိုး ပုဏ္ဏားမျိုး
(၅)မယ်တော်၏အသက်အပိုင်းအခြားကား ဘုရားလောင်းမွေးပြီးခုနစ်ရက်သာနေရခြင်း
ပဋိသန္ဓေယူုခြင်း...
ကေတုမတီပြည်………..သင်္ခစကြဝတေးမင်းနှင့်တိုင်ပင်ကြံစည်ဖက်ကိုးကွယ်ရာဖြစ်သော အတိတ် အနာဂတ်ကိုသိမြင်နိုင်ပြီးပစ္စုပန်သံသရာအစီးအပွားကို ဆုံးမတတ်သော သုဗြဟ္မပုဏ္ဏားကြီး၏ ဗြဟ္မဏဝတီပုဏ္ဏေးမဝမ်းမှာ ပဋိသန္ဓေနေလိမ့်မည်။
ဗြဟ္မဏဝတီပုဏ္ဏေးမဝမ်းမှာဆယ်လပြည့်တဲ့အခါမှာ ဣသိပတေနသမင်တောမှာ မယ်တော် ဗြဟ္မဏဝတီသည်ထိုင်လျက်လည်းမဟုတ် အိပ်လျက်လည်းမဟုတ်ဘဲ ရပ်လျက်သာလျှင် သစ်ပင်၏အကိုင်းအခက်ကိုကိုင်လျက် မေတ္တေယျကိုဖွားတော်မူလိမ့်မည်။ဘုရားလောင်းနဲ့အတူ တစ်ချိန်တည်းဖွားတော်မူတဲ့ဖွားဘက်တော် ၁၈ ကုဋေအားလုံးအမတ်တွေချည်းဖြစ်မယ်။ အဇိတဟူသောအမည်ကိုသာပေးလိမ့်မယ်။ ဘုရားလောင်းအဇိတမင်းသားဟာဖွားလျှင်ဖွားချင်း ခုနစ်ဖဝါးလှမ်းပြီး ခြေတော်ချတိုင်းချတိုင်း ကြာပွင့်တွေပေါ်ပေါက်လိမ့်မယ်။
ဖွားလျှင်ဖွားချင်း ခုနစ်လှမ်းလှမ်းပြီး "ယခုဘဝကား ငါ့အဖို့နောက်ဆုံးဘဝတည်း နောက်ထပ်ဘဝမရှိတော့ပြီ အာသဝေါကင်းသည် ဖြစ်သောကြောင့်ငြိမ်းအေးလတံ္တ့" ဟူသောစကားကိုအရပ်လေးမျက်နှာကိုကြည့်ပြီးပြောဆိုလိမ့်မယ်။
ပြာသာဒ်လေးဆောင်ပေါ်လာခြင်း...
အဇိတမင်းသားလောကစည်းစိမ်ခံစားဖို့ရာနေမင်း၏ရောင်ခြည်ကဲ့သို့လူသားတွေမျက်စိဖြင့်စိန်းစိန်းမကြည့်ဝံ့တဲ့ အရောင်တလက်လက်ဖြင့် ရတနာအရောင်ထွန်းလင်းပြောင်တဲ့တင့်တယ်ခန်ညားသော
ပြာသာဒ်လေးဆောင်ပေါ်ပေါက်လာလ်ိမ့်မည်။ပြာသာဒ်လေးဆောင်ကို တစ်ဆောင်မှာ ပရိဘောဂအသုံးအဆောင် အပြည့်အစုံပါတဲ့တိုက်ခန်းက ခုနစ်ထောင်စီ တစ်ဖက်တစ်ဖက်မှာ ပတ္တမြားကျောက်မျက်ရွဲစီသောနဝရတ်ကိုးပါးနဲ့ ပြည့်စုံသော ပလ္လင်ခုနစ်ထောင်စီ ရတနာခုနစ်ပါးနှင့်ပြည့်စုံသော ထီးဖြူခုနစ်ထောင်စီ ခုတင်ညောင်စောင်းခုနစ်ထောင်စီ ပြာသာဒ်တစ်ဆောင်ကို တိုက်ခန်းက
ခုနစ်ထောင်စီဆိုတော့ ပြာသာဒ်လေးဆောင်ဆိုရင် တိုက်ခန်းပေါင်း ၂၈၀၀၀ ရှိမယ်။ ပြာသာဒ်တစ်ဆောင်တစ်ဆောင်ကို ရွှေအိုးကြီးကတစ်လုံးစီ။
ရွှေအိုးတစ်လုံးစီရဲ့အဝကား တစ်ယူဇနာကျယ်မယ်။ ရွှေအိုး၏အမောက်ကား မြေကြီးနဲ့အမျှအောက်မြေကြီးအဆုံးထိ သုံးလို့မကုန်ဘူး။ ဒါတင်မကသေးဘူး
ရွှေအိုးတစ်လုံးစီမှာ ပဒေသာပင်ကြီးခြောက်ပင်စီ ပေါက်လိမ့်မယ်။ ပြာသာဒ်တစ်ဆောင် တစ်ဆောင်မှာ ဆဒ္ဒန်ဆင်မင်းခုနစ်ထောင် လောဟကသိန္ဓောမြင်း တစ်ထောင်ဖြင့် မောင်းနှင်ရသောရထားခုနစ်ရာ မောင်းမပေါင်းတစ်သောင်းခြောက်ထောင်က ဆိုတီးမှုတ်ဖြေဖျော်ဖို့ရာ
ကချေသည်အမျိုးသမီးခုနစ်ထောင်တို့ဖြင့်ဖျော်ဖြေကြလိမ့်မည်။
အဇိတမင်းသားအိမ်ထောင်ပြုခြင်း...
အချိန်တန်လို့အရွယ်ရောက်တဲ့အခါ စန္ဒမုက္ခီအမျိုးသမီးနဲ့အိမ်ထောင်ပြုလိမ့်မည်။ စန္ဒမုက္ခီအမျိုးသမီးကလည်း သူမတူ နတ်သမီးတမျှအလွန်လှပပြီး သူ့ရဲ့ခန္ဓာကိုယ်အနံ့ကား စန္ဒကူးသရက္ခန်အနံ့လိုမွှေးကြိုင်နေမယ်။ ခန္ဓာကိုယ်အသားကလည်း ဝါဂွမ်းကဲ့သို့ နူးညံ့မယ်။ ခန္ဓာကိုယ်အရောင်က ဆယ့်နှစ်တောင်အတွင်း မီးမထွန်းဘဲ အရောင်တဝင်းဝင်းထိန်နေမယ်။ အရိမေတ္တေယျဘုရားရှင်ဟာဘယ်လောက်ဘုန်းကြီးလိုက်မလဲဆိုတာ ရှင်ဘုရင်မဟုတ်ဘဲနဲ့ အဇိတမင်းသားဘဝလောက်ရှိတာတောင်မှသင်္ခစကြဝတေးမင်းနှင့်တကွ မြို့ပေါင်းရှစ်သောင်းလေးထောင်က ရှင်ဘုရင်တွေနတ်သားတွေက ဝေယျဝစ္စလုပ်ပေးချင်လို့ပြုလုပ်ခွင့်ပေးဖို့လာပြီးတောင်းပန်ကြတယ်တဲ့။ အဇိတမင်းသားက အကျွန်ုပ်မှာ ဖွားဘက်တော် ၁၈ ကုဋေအမတ်ကြီးနှင့်တကွ ဆင်မြင်းရဲမက်ဗိုလ်ပါတွေ ရှိပါတယ်။ အလိုမရှိတော့ပါဟု ပြောလွှတ်လိမ့်မယ်။
သားတော်ဖွားမြင်ခြင်း...
အဇိတမင်းသားဟာ ပြသာဒ်လေးဆောင်မှာ လောကီစည်းစိမ်ခံစားနေစဉ်မှာ အနှစ်တစ်သောင်းပြည့်တဲ့အခါကျရင် ဗြဟ္မာဝံသ ဆိုတဲ့
သားယောကျာ်းလေးမွေးဖွားလိမ့်မယ်။
နိမိတ်လေးပါးမြင်ခြင်း...
ဗြဟ္မာဝံသ သားယောကျာ်းလေးမွေးဖွားပြီးတဲ့အခါ ဘုရားရှင်တို့ရဲ့ ထုံးတမ်းစဉ်လာ ဓမ္မတာအရ ဥယျာဉ်ကထွက်စဉ်မှာ သူအို သူနာ သူသေ ရဟန်း၊နိမိတ်ကြီးလေးပါးတွေ့မြင်ရရင် သံဝေဂတရားတွေရလာပြီးတော့ တောထွက်မည့်အကြံဖြစ်ပေါ်လာလိမ့်မည်။ ဒိဗျာဝဒါန မေတ္တေယျဗျာကရဏဝဒါန (၃၆-၃၇) မှာပြဆိုထားတာကတော့ သင်္ခမင်း၏ ယဇ်တိုင်အပိုင်းပိုင်းပြတ်သည်ကို မြင်ရပြီး သံဝေဂဖြစ်ပြီးတောထွက်လိမ့်မည်လို့ပြဆိုထားတာရှိသေးတယ်။ ဘယ်လိုပုံနည်းနဲ့ဖြစ်ဖြစ် တောကတော့ထွက်မှာပါပဲ။ အဇိတမင်းသား တောထွက်မယ့်အကြံစိတ်ကို သင်္ခစကြဝတေးမင်းက သိတဲ့အခါ အဇိတမင်းသားပျော်အောင်ဆိုပြီးတော့ ရှစ်သောင်းလေးထောင်သော ကချေသည်တွေမြို့သူ မြို့သား နိဂုံးဇနပုဒ်သူ မင်းသားမင်းမြေး သူဌေး သူကြွယ်စသော လူအပေါင်းတို့က ပန်းနံ့သာစွဲလျက် အဇိတမင်းသားကို ခြံရံပြီး
နေကြလိမ့်မယ်။ နတ်ဗြဟ္မာတွေကလည်း နတ်တို့ရဲ့ ထီး တံခွန် ပန်းနံ့သာ ရွှေပေါက်ပေါက် ငွေပေါက်ပေါက် စသည်တို့ဖြင့် ဘုရားလောင်းပြာသာဒ် မိုးကြီးရွာသကဲ့သို့ အပြည့်အလျှံခြံရံခစားနေကြလိမ့်မယ်။ လူ့ဘဝ ကာမဂုဏ်ထဲမှာပျော်အောင်ဖြေဖျော်နေကြတာ။
အဇိတမင်းသားတောထွက်တော်မူခြင်း...
အဇိတမင်းသား တောထွက်မယ်ဆိုတဲ့ စိတ်အကြံကို သင်္ခစကြဝတေးမင်းနှင့်တကွ တိုင်းသူပြည်သား လုတွေအားလုံးသိသွားကြတဲ့အခါမှာ ဘယ်နေ့ ဘယ်ရက် ဘယ်အချိန်မှာ အဇိတမင်း တောထွက်မယ်ဆိုတဲ့ သတင်းအသံကို အားလုံးသိသွားကြတော့ နန်းတွင်းသူ နန်းတွင်းသား မြို့သူမြို့သားတွေ တောရွာဇနပုဒ်က လူတွေ မင်းသား မင်းမြေး သူဌေး သူကြွယ်အစရှိတဲ့ လူပေါင်းများစွာနှင့်တကွ စန္ဒမုက္ခီ သားတော် ဗြဟ္မာဝံသ အလုပ်အကျွေးကချေသည်တွေရော အဇိမင်းရဲ့ ပြာသာဒ်ထဲမှာ တောထွက်ရင်လိုက်ဖို့ရာအတွက်ပြည့်လျှံပြီးတော့နေမယ်။ တောထွက်မည့် အချိန်လည်းရောက်ရော လူပေါင်းများစွာပြည့်နေတဲ့ ပြာသာဒ်ကြီးဟာ ဘုရားလောင်းတန်ခိုးတော်ကြာင့်လည်းကောင်း စကြဝတေးမင်းအာဏာကြောင့်လည်းကောင်း နတ်ဗြဟ္မာတို့ တန်ခိုးတော်ကြောင့်လည်းကောင်း ဟသာင်္မင်းပျံသကဲ့သို့ ကောင်းကင်ယံသို့ပျံတက်ပြီး ကံ့ကော်ပင်ရှိရာအရပ်သို့ ကောင်းကင်ယံခရီးဖြင့် တောထွက်သွားကြလိမ့်မယ်။ နတ်ဗြဟ္မာများ ပို့ဆောင်ခြင်း ကောင်းကင်ယံ ဟသာင်္ပျံ ပြာသာဒ်ကြီးကို ဗြဟ္မာမင်းက သုံးယူဇနာ ရှိသောထီးကိုကိုင်ပြီး လိုက်မယ်။ သိကြားမင်းက အတောင်ခြောက်ဆယ်ရှိသော လက်ယာရစ် ခရုသင်းကိုကိုင်လျက် သာဓု သုံးကြိမ်ခေါ်ပြီးလိုက်မယ်။ သုတဝံနတ်သားက သားမြီးယပ်ကိုကိုင်ပြီးလိုက်မယ်။ တုသိတာနတ်သားက ပတ္တမြားယပ်ကိုကိုင်ပြီးလိုက်မယ်။ ပဉ္စင်္သိခနတ်သားက စောင်းကိုကိုင်မယ်။ လောကပါလနတ်သားလေးယောက်က သန်လျက်ကိုကိုင်မယ်။ နှစ်သိန်းရှစ်သောင်းရှိတဲ့ ဘီလူးစစ်သည်တွေက လက်နက်ကိုယ်စီကိုင်မယ်။ နတ်သမီးတွေက ရတနာပုဋောင်းကိုကိုင်မယ်။ အသူရာနတ်တို့က သီချင်းဆိုပြီးတော့ နတ်တို့၏ တံခွန်ကိုကိုင်မယ်။ နတ်မင်းတို့က ပတ္တမြားရှိသော ဆီမီးကိုကိုင်မယ်။ ဂဠုန်တို့က စောင်းတီးလိုက်မယ်။ ဂန္ဓဗ္ဗနတ်တို့က စောင်းတီးပြီးလိုက်မယ်။ ဟသာင်္ပျံကောင်းကင်ပြာသာဒ်ထဲမှာ တောထွက်လို့ လိုက်ကြမည့် ပရိသတ်တွေက ရှစ်သောင်းလေးထောင်တဲ့။ ကောင်းကင်ယံပြာသာဒ်ပျံနဲ့ ဆွေစုံမျိုးစုံ သားနဲ့ မယားနဲ့ ရှစ်သောင်းလေးထောင်ပရိသတ်နဲ့ အခြံအရံနဲ့ ကောင်းကင်ခရီးဖြင့် ကံ့ကော်ပင်ရှိရာသို့ တောထွက်မှာ။ အရိမေတ္တေယျဘုရားရှင်ဟာ ကံ့ကော်ပင်အောက်မှာပွင့်မှာပါ။ ကံ့ကော်ပင်ဆီရောက်တဲ့အခါမှာ အဇိတမင်းသားက ကံ့ကော်ပင်အောက်မှာ ဒုက္ကခရစရိယာကို ကျင့်တော်မူပါမယ်။ အဇိတမင်းသားဟာ ဒုက္ကခရစရိယာကို ခြောက်ရက်ကျင့်တော်မူရုံမျှနဲ့ ဘုရားစင်စစ်ဖြစ်လိမ့်မည်။ စန္ဒမုက္ခီမိဖုရားက အဲဒီနေရာမှာပဲ နတ်သြဇာနဲ့ပြည့်စုံတဲ့ နွားနို့ဆွမ်းလှုလိမ့်မယ်။
သဗ္ဗညုတဥာဏ်ရသည့်အချိန်...
ညနေချမ်းအချိန်ရောက်သည့်အခါ ကံ့ကော်ပင်နဲ့ မနီးမဝေး ရတနာခုနစ်ပါးနဲ့ပြည့်စုံတဲ့ အမြင့် ၆၄တောင်ရှိတဲ့ ရွှေပလ္လင်ပေါ်ပေါက်လာလိမ့်မယ်။ ထိုရွှေပလ္လင်အထက်ဝယ် ထက်ဝက်ဖွဲ့ခွေထိုင်နေတော်မူလျက် အရှေ့လောကဓာတ်ကိုကြည့်ပြီး နတ်ပရိသတ်နဲ့ လူပရိသတ်တွေခြံရံလျက် မာရ်နတ်ရဲ့့ရန်ကိုအောင်မြင်လိမ့်မယ်။ ညဉ့်ဦးယံမှာ ပုဗ္ဗေနိဝါသနုဿတိဥာဏ်ကိုရမယ်။ သန်းခေါင်ယံအချိန်မှာ ဒိဗ္ဗစက္ခုဥာဏ်ကိုရမယ်။ မိုးသောက်ယံအချိန် အာသဝက္ခယဥာဏ်တွေရပြီးတော့ နေဝန်းကြီးပေါ်ပေါက်လာတဲ့အချိန်ကျတော့ သစ္စာလေးပါးကိုသိပြီး သဗ္ဗညုတဥာဏ်ကိုရမယ်။
ဘုရားပွင့်တဲ့ကံ့ကော်ပင်ရဲ့ လုံးပတ်က အဲဒီခေတ်အခါမှာ လူတွေရဲ့ အတောင်နဲ့ အတောင်ခုနစ်ဆယ်ရှိမယ်။ အကိုင်းအခက် ကိုးကိုင်း ခက်မကိုးဖြာလို့ခေါ်တယ်။ ကံ့ကော်ပင်ရဲ့ အနံ့တွေက လေအောက်ကိုဆယ်ယူဇနာ လေအထက်ကို ဆယ်ယူဇနာမွှေးမယ်။ ကံ့ကော်ပွင့်တွေက နွားလှည်းဘီးလောက်ကြီးမယ်။ ဘုရားဖြစ်တဲ့နေ့ကစပြီး ပွင့်ကြတဲ့ ကံ့ကော်ပွင့်တွေဟာ ဘုရားပရိနိဗ္ဗာန်စံတဲ့နေ့ကျမှ ကြွေကြတော့မှာ။ အဲဒီကံ့ကော်ပင်ကို ဘယ်ငှက်မှ မနားဝံ့ကြဘူး။ ဖြတ်ကျော်မပျံ့ဝံ့ကြဘူး။ ကံ့ကော်ပင်းနားရောက်တဲ့ငှက်တိုင်း သတ္တဝါတိုင်း ကံ့ကော်ပင်ကို လက်ယာရစ်သုံးပတ်ပတ်ပြီးမှ သွားကြလိမ့်မယ်။ ဗြဟ္မာမင်းက တရားဟောရန် တောင်းပန်ခြင်း အဲဒီကံ့ကော်ပင်ရဲ့ အနီးအနားမှာပဲ သီတင်းသုံးနေတဲ့အချိန် လေးဆယ့်ကိုးရက်ကျော်လွန်တဲ့အခါ ပွင့်တော်မူသွားကြတဲ့ ဘုရားရှင်တိုင်းရဲ့ ထုံးတမ်းအစဉ်အလာအရ ဗြဟ္မာမင်းကြီးရဲ့လောကဂရုကို ခံယူမယ်။ ဗြဟ္မာမင်းကတောင်းပန်မှ တရားဟောရတာက ပွင့်တော်မူသွားကြတဲ့ ဘုရားရှင်တိုင်းရဲ့ ဓမ္မတာဖြစ်လို့ ဟောရတာ။ ဘုရားမပွင့်မီ ဗာဟိရကာလမှ လူဝတ်ကြောင်များ ရသေ့ ပရိဗိုဇ် ရဟန်း ပုဏ္ဏားတို့တွေဟာ ဗြဟ္မာတွေကိုသာ အလေးဂရုပြု ကိုးကွယ်နေကြတာ။ တလောကလုံးက အလေးအမြတ်ပြုသော ဗြဟ္မာကြီးက မြတ်စွာဘုရားအား အလေးပြု ညွှတ်တွားကိုင်းရှိုင်းလာလျှင် တစ်လောကလုံးပင် မြတ်စွာဘုရားကို အလေးပြုညွှတ်တွားကိုင်းရှိုင်းလာလိမ့်မယ်။ အဲဒါကို လောကဂရု ယူလိုက်တာလို့ခေါ်တယ်။
____________________________________________
နောင်ပွင့်တော်မူမည့် အရိမေတ္တယျ ဘုရား၏ဗုဒ္ဓဝင် အကျဉ်း
၁။ ပွင့်ရာကမ္ဘာ -ဘဒ္ဒကမ္ဘာ
၂။ ဘုရားအမည်တော် -အဇိတ
၃။ ဘုရားဘွဲ့တော် -အရိမေတ္တေယျ
၄။ မျိုးရိုး -ဗြာဟ္မဏပုဏ္ဏားမျိုး
၅။ ဖွားတော်မူရာတိုင်းပြည် -ကေတုမတီ
၆။ ခမည်းတော် -သုဗြဟ္မပုဏ္ဏားကြီး
၇။ မယ်တော် - ဗြဟ္မ၀တီပုဏ္ဏေးမကြီး
၈။ ပွင့်တော်မူရာဗောဓိ -ကံ့ကော်ပင်
၉။ ဓမ္မစကြာတရားဟောခြင်း- နာဂ၀န ကံ့ကော်တော
၁၀။ သစ္စာလေးပါးသိသော အပိုင်းအခြား - ကုဋေတစ်သိန်း
၁၁။ သာ၀ကအစည်းအဝေး -သုံးကြိမ်
၁၂။ အမျိုးသားသာ၀က (အဂ္ဂသာ၀က) -(၁) အသောက
(၂) ဗြဟ္မဒေ၀
၁၃။ အလုပ်အကျွေး - သီဟ
၁၄။ အမျိုးသမီးသာ၀က (အဂ္ဂသာဝိကာ) -(၁) ပဒုမာ
(၂) သုမနာ
၁၅။ ကိုယ်ရောင် -(၂၅) ယူဇနာ
၁၆။ အရပ်တော် - (၈၈) တောင်
၁၇။ ပါရမီဖြည့်ကာလ -(၁၆) အသင်္ချေနှင့် ကမ္ဘာ(၁)သိန်း
၁၈။ ဒုက္ကရစရိယာကျင့်ရက် -(၆) ရက်
၁၉။ သက်တမ်း -အနှစ်ရှစ်သောင်း
၂၀။ စည်းစိမ်ခံစားရာနှစ် -အနှစ်ရှစ်ထောင်
၂၁။ စံရာပွသာဒျ - သီရိ၀ဍ်ဎ, ၀ဍ်ဎမာန, သိဒ်ဓတ်ထ, စန်ဒက
၂၂။ ကြင်ယာတော် - စန္ဒမုခီ
၂၃။ သားတော် -ဗြဟ္မ၀ဍ္ဎန
၂၄။ တောထွက်သောယာဉ် -ပြသာဒ်
ဒီဃနိကာယ်၊ ပါထိကဝဂ်၊ စက္ကဝတ္တိသုတ် (ဒီ၊၃၊၆၃)၌ နောင်အနှစ် ရှစ်သောင်း တမ်း၌ အရိမေတ္တယျ မြတ်စွာဘုရား ပွင့်တော်မူမည့် အကြောင်း ဟောတော် မူထားချက် ရှိသည်။ ယင်းနည်းတူ ဗုဒ္ဓဝင် ပါဠိတော် ၌လည်း ပါရှိခဲ့လေသည်။
ပုဏ္ဏားမျိုး၌ ဖြစ်၍ ကေတုမတီပြည်(ယခု ဗာရာဏသီပြည် ) သုဗြဟ္မ ပုဏ္ဏားကြီး၏ ဇနီး ဗြဟ္မဝတီ ပုဏ္ဏေးမကြီး၏ ဝမ်း၌ ပဋိသန္ဓေ အားဖြင့် ဖြစ်၍ အနှစ် ရှစ်သောင်းတမ်း ကာလဖြစ်သဖြင့် အသက်အားဖြင့် နှစ်ပေါင်း နှစ်ထောင်အထိ မင်းစည်းစိမ်ကို ခံစားပြီး ပြာသာဒ်ပျံဖြင့် တောထွက်၍ ခြောက်ရက် ဒုက္ကရစရိယာ ကျင့်ကာ ကံ့ကော်ဗောဓိပင်၌ ဘုရား အဖြစ်သို့ ရောက်လိမ့်မည်ဟု အဆိုရှိပါသည်။
ဘုရား ပွင့်ရန် အချိန်ကာလ အနေဖြင့် ဤယခု သက်တမ်းမှသည် အနိမ့်ဆုံး ဆယ်နှစ်တမ်းသို့ ရောက်သွားပြီး ထိုမှ တစ်စတစ်စ တက်သွားသော သက်တမ်းမှာ အသင်္ချေယျ၊ (ရေတွက်၍ မရနိုင်အောင် အသက်ရှည်သော၊ တစ်နည်း၊ တစ်(၁) နောက်တွင် သုညပေါင်း တစ်ရာ့ လေးဆယ်သင်္ချာအထိ သက်တမ်း ရှည်သော) အသက်တမ်းသို့ ရောက်မည် ဖြစ်သည်။
ထိုမှတစ်ဖန် ကျဆင်းလာသော အသက်တမ်းမှာ ရှစ်သောင်းသို့ ရောက်လာချိန်တွင် အရိမေတ္တယျ ဘုရား ပွင့်လိမ့်မည်ဟု ခန့်မှန်း တွက်ဆ ကြရသည်။ သို့ဖြစ်၍ အရိမေတ္တယျ ဘုရား ပွင့်တော်မူရန် အချိန်အခါမှာ ကာလတွက်ဆ၍ မရအောင် ကြာပါလိမ့်ဦးမည်။
ထိုဘုရားပွင့်တော်မူမှ ကျွတ်တမ်း ဝင်လိုပါသည် ဆိုလျှင် ဘဝပေါင်း အသင်္ချေ ကြာမြင့် ပါဦးမည်။ ကံမကောင်း အကြောင်းမသင့်၍ ထိုဘုရားပွင့်တော် မူချိန်တွင် မိမိက ရပ်ပြစ်ရှစ်ပါး၌ ကျရောက် ဖြစ်ပွားနေက နောက်ထပ်ကမ္ဘာ အသင်္ချေ မျောရဦးမည်။
ထို့ကြောင့် အရိမေတ္တယျ မြတ်စွာဘုရား ကို စောင့်မျှော် သည်ထက် ယခု ပစ္စုန်ပ္ပန် မျက်မှောက် ဘဝတွင်ပင် တစ်မဂ်၊ တစ်ဖိုလ် အနည်းဆုံးရအောင် အားထုတ် ကြခြင်းသာ အကောင်းဆုံး ဖြစ်ကြောင်း ဖြေကြား လိုပါသည်။ ။
______________
ချမ်းမြေ့ရိပ်မြိုင်ဆရာတော် ဘဒ္ဒန္တတေဇောသာရ
ဟောတော်မူသော
နောင်ပွင့်မဲ့ အရိမေတ္တေယျမြတ်စွာဘုရားအကြောင်း
တရားတော် အပိုင်း (၁ ၊၂၊ ၃၊ ၄) မှမျှဝေတင်ဆက်ပေးသည်
Comments
Post a Comment