ဘဝတစ်ခုမှ တစ်ခုကူးပြောင်းပုံ
ပါမောက္ခချုပ် ဆရာတော်၏တရား
===========================
>#လူတစ်ယောက်ဟာ သေတော့မယ် ဆိုလို့ရှိရင် ဘာဖြစ်လဲ။နောက်ဘဝဖြစ်မယ်ဆိုတာ သေခါနီးမှာ မိန်းမောသွားတဲ့အချိန်လေးမှာ အိပ်မက်မက်သလို ဖြစ်တယ်။ ထင်ယောင်မြင်ယောင်တွေ ဖြစ်တတ်တယ်။အဟုတ်မြင်တာလည်း ဖြစ်တတ်တယ်။
ကံတရားရယ်၊
ကမ္မနိမိတ်ရယ်၊
ဂတိနိမိတ်ရယ် ၊
ဆိုတဲ့ ဒီသုံးခု တစ်ခုခု သူ့ရဲ့စိတ်အာရုံထဲမှာပေါ်လာတယ်။လူကတော့ အိပ်ရာပေါ်မှာပက်လက်ပေါ့။
> #ဆွေမျိုးသားချင်းတွေဟာ ဝိုင်းကြည့်နေတာ။ အသက်ထွက်တော့မှာကို ဝိုင်းကြည့်နေတာ။ အဲဒီအချိန်လေးမှာ သူက မှတ်ပုံတင်နေပြီ။ လူတိုင်း လူတိုင်း ၊ အဲဒါ ကိုယ်လည်း ဒီလိုပဲနေမှာ။ အဲဒီအချိန်လေးမှာမှတ်ပုံတင်ရတော့တာ။ အဲဒီမှတ်ပုံတင်က ဘယ်ကလာတာတုန်းဆိုတော့ လဝက က လာတာ မဟုတ်ဘူး။ အဲဒီမှတ်ပုံတင်က ကိုယ်လုပ်ခဲ့တဲ့ဟာတွေ ဒီအချိန်မှာ လာပြီးတော့ ပေါ်နေတာ။
> #နေ့စဉ်နဲ့အမျှ အကောင်ပလောင်တွေ သတ်တဲ့ လူကလည်းပဲ အဲဒီသတ်တုန်းက ဒေါသဖြစ်နေတဲ့ ဒေါသတွေ လာပေါ်တာ။ သို့မဟုတ် အကောင်ပလောင်တွေနဲ့ သူဟာ လုံးပန်းနေရတဲ့ပုံ၊ နွားသတ်လို့ နွားက ပြန်ခွေ့နေတာတို့ ဘာတို့အကုန်
လုံးပေါ်တယ်။ အဲဒါတွေဟာကံတို့၊ ကမ္မနိမိတ်၊ ဂတိနိမိတ်တို့။
အဲဒီတုန်းက စိတ်ခံစားချက်တွေအတိုင်း လာပေါ်တယ်။ သို့မဟုတ်ရင် သူသွားရမယ့် လမ်းကြောင်းကြီးကို လာပေါ်တယ်။
> #အဲဒီလို ပေါ်နေတဲ့အချိန်လေးမှာ
အဲဒီပေါ်လိုက်တာ မှတ်ပုံတင်လိုက်တဲ့သဘောပဲ။ ဒီဘဝရုပ်နာမ်တွေက အဲဒါကို အာရုံပြုပြီးတော့ ဒီဘဝရုပ်နာမ်ဟာ ချုပ်သွားတယ်။
အဲဒီအာရုံအတိုင်းပဲ နောက်ဘဝမှာ ဒီအာရုံနဲ့ ဆက်စပ်ပြီးတော့ နောင်ဘဝမှာ
သွားဖြစ်ပြန်တယ်။ အဲဒီတော့ ဒီဘဝ ဒီရုပ်နာမ် သေလိုက်တာနဲ့ တစ်ပြိုင်နက် ချုပ်သွားတယ်။နောက်ဘဝ ရုပ်နာမ်အသစ်က ဖြစ်တယ်။
>#ရုပ်နာမ်အသစ်ဖြစ်တယ်ဆိုတာ ဒီဘဝ ရုပ်နာမ်ကြီးက ဘာတစ်ခုမှ ကူးမသွားဘူး။ခုနက အာရုံပြုလိုက်တာပဲ ရှိတယ်။လူကတော့ ပက်လက် အိပ်ရာထဲမှာ၊ကူးမသွားလို့ ရေဝေးပို့နေရတာပေါ့။
ကူးသွားရင် ရုပ်အလောင်းကြီး ပျောက်သွားမှာပေါ့။ ဒီဘဝ ရုပ်က ပျောက်မသွားဘူး။အဲဒီထဲက အသိစိတ်က ကူးသွားတာမဟုတ်ဘူး။ ရုပ်ချုပ်တာနဲ့တစ်ပြိုင်နက် နာမ်တရားတွေလည်း အဲဒီမှာ ချုပ်တယ်။တစ်ခါတည်း ချုပ်သွားတယ်။ ချုပ်သွားပြီလို့ ဒါကြောင့်မို့ ပြောကြတာ။ ချုပ်သွားတယ်ဆိုတာ ရုပ်နဲ့နာမ်နဲ့ လှုပ်ရှားမှုတွေအားလုံး ရပ်သွားတာ။
>#အသက်ထွက်သွားတယ်ဆိုရင်လိုက်ဖမ်းလို့ရမှာပေါ့။ အဲဒီလို ထွက်တာမရှိဘူး၊ ရပ်သွားတာပဲ ရှိတယ်။နှလုံးခုန်နေတာ ရပ်သွားတယ်။အသက်ရှူတာ ရပ်သွားတယ်၊ ရပ်ဆိုင်းသွားတာ။ အပြင်ဘက်မှာ ဂစ်ကနဲ ထွက်သွားတာ မရှိဘူး။ ရှိရင် ဖမ်းဖို့သာပြင်ထား။ ဖမ်းလို့ရှိရင် ဖမ်းပြီး ပြန်ထည့်လို့ရမှာပေါ့။ အဲဒါကြောင့် အဲ့လို ဘာမှ ထွက်သွားတာ မရှိဘူး။ချုပ်သွားတယ်။
> #ဒီကချုပ်သွားတာနဲ့တစ်ပြိုင်နက် ကံရဲ့အရှိန်အဟုန်နဲ့ သူဖြစ်မယ့် နေရာမှာ
တောက်လျှောက် တန်းဖြစ်တယ် ။ တန်းဖြစ်တယ်ဆိုတဲ့ အချိန်လေးမှာ ဥပမာမယ် လူဖြစ်ပြီဆိုပါစို့၊ လူမဖြစ်ခင် က
တည်းက သူက အာရုံနိမိတ်ထဲမှာ ဘာပေါ်နေတုန်းဆိုလို့ရှိရင် ခုနတုန်းက ကောင်းတာ လုပ်တဲ့သူ သို့မဟုတ်အကုသိုလ် နည်းပြီးတော့ သေခါနီး သေငယ်ဇောနဲ့ မြောနေတဲ့အချိန်မှာ သူဟာ
တိုက်ကြီးနဲ့ ဥယျာဉ်နဲ့ အဲဒီအိမ်ခြံကြီးထဲကို ကားကြီးမောင်းဝင်သွားတယ်လို့ မြင်တယ်ပေါ့။
အဲဒီလို အိပ်မက်မက်သလိုဖြစ်ပြီးအဲဒီတိုက်ကြီးထဲဝင်တဲ့အခါမှာ အိမ်ကလူတွေက သူ့ကို ကြိုဆိုကြတယ်။ တိုက်ပေါ်သူတက်သွားတယ်။ တိုက်ကြီးကလည်းခမ်းနားလိုက်တာဆိုပြီး အဲဒီအချိန်မှာကွိကနဲ ချုပ်သွားတယ်။
> #အဲဒီအိမ်က အိမ်ရှင်မဆီမှာ သူက သန္ဓေသွား တည်တယ်။ အဲဒီနည်းနဲ့ ဝင်စားတယ်လို့ ပြောကြတယ်။ ဘာမှတော့ ထွက်သွားတာ မဟုတ်ဘူး။ ခုန အာရုံ ယူလိုက်တာပဲ။ အဲဒီမှာ အိမ်ရှင်မရဲ့ဝမ်းထဲမှာ ကလလရေကြည် ဆိုတဲ့ အပြောက်အစက်ကလေးထဲမှာ ကမ္မဇရုပ် (၃၀)နဲ့ ပဋိသန္ဓေ ဝိညာဏ်စိတ်ရယ်၊ နာမ်တွေရုပ်တွေရယ် ဒီသေးသေးလေးထဲမှာ စဖြစ်တယ်။
သန္ဓေစိတ်လေး ပေါ်လိုက်တာနဲ့ တစ်ပြိုင်နက် ထိုသန္ဓေစိတ်လေးရဲ့မှီရာက ကလလရေကြည် ဆိုတဲ့ပုံစံလေးနဲ့ ဖွဲ့ပြီးတော့ ရုပ်တရားလေး အဲဒါလေး လာတာ။ ဒါ ဒီဘဝက ရုပ်တွေ တစ်ခုမှ မဟုတ်ဘူး။ဒီဘဝ ရုပ်လည်း မဟုတ်ဘူး၊ ဒီဘဝ နာမ်လည်း မဟုတ်ဘူး။ကံကြောင့်သွားပြီး အဲဒီမှာအသစ်ဖြစ်လိုက်တာ။
> #ဒီဘဝမှာလုပ်ခဲ့တဲ့ ကံပဲဖြစ်စေ၊
အတိတ်ဘဝကလုပ်တဲ့ ကံတွေပဲဖြစ်စေ၊
အဲဒီကံကနေ ထုတ်လုပ်လိုက်တာ၊ အဲဒီအစက်အပြောက်ကလေး စလာတာပဲ။
အဲဒီဟာကြီး နောက်တပတ်ကျတော့ “ပထမံ ကလလံ ဟောတိ” အမြုပ်ကလေး
အဖြစ် ပြထားတာနဲ့ မြတ်စွာဘုရားဟောတာနဲ့ တစ်ထပ်တည်းပဲ အဲဒါ။ ပုံစံလေးတွေ အဲဒီလိုပြောင်းပြောင်းပြီးတော့ ရုပ်ဟာ အဲဒီလိုဖြစ်ပေါ်လာတာ နာမ်တို့ ရုပ်တို့ဆိုတာ၊အသစ် အဲဒီလို ဖြစ်ပေါ်လာတာ။
> #အဲဒီတော့ ဒီဘဝကလုပ်တဲ့ကံတွေကအဲဒီကံတွေကြောင့်ဖြစ်ရတာ ဖြစ်သောကြောင့် အဲဒီကံတွေရဲ့ စွမ်းအားတွေ ရှိလာတဲ့အခါ ဒီဘဝကလုပ်တဲ့အကုသိုလ်တွေ ဟိုဘဝကျခံဦး၊ ဒီလိုဆိုတယ်။
>#သာမန်အားဖြင့် ကြည့်မယ်ဆိုရင် လုပ်သူတစ်ခြား၊ ခံသူတစ်ခြားလို့ ဖြစ်နေတယ်ပေါ့။
>#ဆိုပါစို့၊ ဒီဘဝမှာ သူက ဦးဘဆိုတဲ့လူ တစ်ယောက်က သေသွားပြီ။ နောင်ဘဝမောင်လှဆိုတာ ဖြစ်တယ်။ ဦးဘလုပ်သမျှတွေ မောင်လှက ခံနေရတယ်၊ ဒီလိုဖြစ်နေတယ်။ သို့သော် ဦးဘသေမှမောင်လှဖြစ်လို့၊ဦးဘလုပ်ခဲ့တဲ့ လုပ်ရပ်တွေဟာ မောင်လှဘဝမှာ ခံရတယ်။ပြောမယ်ဆိုရင် on line ပေါ့ ၊ ဆက်စပ်နေတယ်။ အဲဒီ အဓိပ္ပာယ်မျိုးကို ဒီလို ရှင်းပြတာ။ဒီဘဝရုပ်နာမ် သေခါနီးအထိဖြစ်သော်လည်း ပဋိသန္ဓေအခါမှာပေါ်လာတဲ့ရုပ်နာမ်က အသစ်၊ အဲဒါကြောင့်မို့ ဒီဘဝက ကံတရားကြောင့် အဲဒီ ရုပ်နာမ်ဟာ ဖြစ်ရတာ။ပဋိသန္ဓေမှာဖြစ်ရတာ။ ဒါကြောင့်မို့လို့ သူဟာ မကောင်းမှု့အကုသိုလ်ဟာ မလွတ်ပါဘူးလို့ ဒီလိုဆိုလိုတယ်။ မလွတ်ဘူး ဆက်စပ်နေတယ်။
> #ဒီသဘောတရားတွေဟာအသေးစိတ်နားလည်နိုင်အောင် မြတ်ဗုဒ္ဓရဲ့အဆုံးအရဖြစ်တဲ့ အဘိဓမ္မာတရားကိုလေ့လာပြီးသေသေချာချာ အလေးအနက် စဉ်းစားမှသာလျှင် သိရှိနားလည်းနိုင်တာ ဖြစ်သောကြောင့် ဘဝကူးပုံ က်က်နနသိဖို့ အဘိဓမ္မာတရားကို
လေ့လာကြပါ။
> #အဲဒီအဘိဓမ္မာတရားကို လေ့လာခြင်းဖြင့် မိမိတို့သန္တာန်မှာ အသိဥာဏ်တွေ တိုးတက်ပြီး မြတ်ဗုဒ္ဓရဲ့ကြီးမားလှတဲ့ဥာဏ်တော်ကို ယုံကြည်လေးစားပြီး လိုက်နာကျင့်သုံးနိုင်ကြမှာ ဖြစ်တယ်။ ဒါကြောင့် တရားချစ်ခင် သူတော်စင်ပရိသတ်အပေါင်းတို့ အသိဥာဏ်တွေတစ်ခုပြီးတစ်ခုရရှိအောင် ဆည်းပူးနိုင်ကြ၍ မြတ်ဗုဒ္ဓရဲ့အဆုံးအမအတိုင်း
လိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်း။
🙏🙏🙏
ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး ဟောကြားတော်မူအပ်သော "မိလိန္ဒမင်းကြီးနှင့် ရှင်နာဂသေနတို့၏ ဗုဒ္ဓရေးရာ အချေအတင်ပြောဆိုချက်များ" အပိုင်း(၉)မှ မျှဝေပါသည်။
သိမ်မွေ့နက်နဲ မြတ်ဘုရားတရားနှလုံးသားတွင် မြဲပါလေမှ သိရှိခံစား နိုင်ပါမည်။တန်ဘိုးရှိလှပါသည်ဘုရား
#နှလုံးသားတွင် ဘုရားတည်ကြမည်
Crdမူရင်း
Comments
Post a Comment