ကုသိုလ်ထုပ်ကြီး ရထားတာနဲ့ အတူတူပါ။
•••••••••••••••••••••••••••••••••••••••••••••••
တစ်ခါတုန်းကမြို့တစ်မြို့မှာသားအမိနှစ်ယောက်
ရှိပါတယ်။ သားဖြစ်သူက အမေကို နတ်လို
သဘောထားပြီး၊လုပ်ကျွေးနေတာပါ။
တစ်နေ့တော့ အမေဖြစ်သူကသားဖြစ်သူကို
အိမ်ထောင်ပြုဖို့ပြောလာပါတယ်။
လူဆိုတာ အာရုံနဲမတွေ့သေးခင်
“တကယ့်အဖြူထည်”လေးပါ။
အာရုံကြောင့်သာ အရောင်တွေပြောင်းသွားကြတာပါ။
တကယ့်အဖြူထည်ဖြစ်တဲ့သားဖြစ်သူက
အဖြူထည်စိတ်ရင်းအတိုင်းပဲ
“အမေရယ်…လူစိမ်း၀င်လာရင် ပြဿနာတွေလည်း
၀င်လာပါလိမ့်မယ်။ဒီအတိုင်းလေးပဲကောင်းပါတယ်။”
လို့ ပြန်ပြောပါတယ်။
ဒီတော့အမေလုပ်သူက
“သားပြောတာမှန်ပါတယ်။ဒါပေမယ့် သားဘ၀
ရှေ့ရေးက ရှိသေးတယ်၊ ပြုလိုက်ပါသားရယ်လို့”
အကြိမ်ကြိမ်ပြောလာတော့ သားဖြစ်သူကလည်း
နောက်ဆုံးတော့ မိခင်အလိုကျ အိမ်ထောင်ပြုလိုက်ပါတယ်။
ဇနီးဖြစ်သူက ပထမတော့ ယောက္ခမဖြစ်သူကို
ခင်ပွန်းအလိုကျ ပြုစုပါသေးတယ်။ နောက်ဆုံးတော့
ထုံးစံအတိုင်း ပိကျိပိကျိ လုပ်လာတော့တာပါပဲ။
အဲဒီအချိန်မှာ သားဖြစ်သူကလည်း အာရုံအသစ်နဲ့
တွေ့လာပြီဆိုတော့ အဖြူထည်သက်သက်
မဟုတ်တော့ပါဘူး။ အရောင်လေးတွေပြောင်းလာပါပြီ။
ဒီကြားထဲမှာ သူတို့လင်မယားအတွက်
ကလေးမရတာကလည်း အဓိကပြဿနာ ဖြစ်လာပါတယ်။
●အဲဒီကလေးမရတဲ့ ပြဿနာဟာ နောက်ဆုံးအမေ
ဖြစ်သူဆီ ရောက်လာပါတော့တယ်။
ဇနီးဖြစ်သူရဲ့ စွပ်စွဲချက်ကတော့ မင်္ဂလာမရှိတဲ့
ဒီအမေကြီး အိမ်မှာရှိနေလို့ ကလေးမရတာပေါ့။
●သားဖြစ်သူ ကိုယ်တိုင်းကလည်း
“အမေရယ် တခြားမှာ သွားနေပေးပါလို့”
တောင်းပန်လာပါတယ်။ အမေလုပ်သူကလည်း
သားစိတ်ချမ်းသာအောင် တခြားအိမ်တစ်အိမ်မှာ
အိမ်စေသဘောမျိုးနဲ့ သွားနေပေးပါတယ်။
တိုက်ဆိုင်ချင်တော့ အမေလုပ်သူထွက်သွားပြီး၊
မကြာခင်မှာပဲ ဇနီးဖြစ်သူမှာ ကိုယ်၀န်ရလာပါသတဲ့။
ဒီတော့ဇနီးဖြစ်သူက
“တွေ့တယ်မဟုတ်လား။မင်္ဂလာမရှိတဲ့
ရှင့်အမေမရှိတာနဲ့ ကိုယ်၀န်တန်းရတယ်”
လို့ သက်သေထူပါတော့တယ်။
ဇနီးဖြစ်သူက ဒီစကားကို ခင်ပွန်းဖြစ်သူ
သာမကဘဲ အိမ်နီးချင်းတွေပါ လိုက်ပြောနေပါသတဲ့။
တစ်ဆင့်စကားနဲ့ ဒီသတင်းဟာ အမေဆီ
ရောက်သွားပါတယ်။ဒီတော့ အမေလုပ်သူက
ဘယ်လိုတွေးသလဲဆိုတော့ ....
►“အင်း… သူတို့ပြောတဲ့စကားအတိုင်း
ငါ့ကိုနှင်ထုတ်လိုက်လို့ ကိုယ်၀န်ရတယ်ဆိုရင်တော့
လောကမှာ တရားသေသွားလို့ပဲဖြစ်မယ်။
တကယ်လို့တရားမသေခဲ့ဘူးဆိုရင်
ငါ့ကိုနှင်ထုတ်လိုက်တဲ့ အကုသိုလ်ကံက
သူတို့ကို အကျိုးပေးရမှာ။
အခုတော့တရားသေသွားပြီ။
သေသွားတဲ့တရားအတွက် ငါ့အနေနဲ့
ဆွမ်းသွတ်ပေးရမယ်” လို့ အတွေးဖြစ်ပါသတဲ့။
အမေလုပ်သူဟာ သူတွေးဖြစ်တဲ့အတိုင်း
သေသွားတဲ့ တရားအတွက်ဆွမ်းသွတ်ပေးမယ်
ဆိုပြီး သုသာန်မှာသွားပြီး ထမင်းဟင်းချက်ဖို့
ပြင်ဆင်ပါတယ်။ ဘာဖြစ်လို့ သုသာန်မှာသွားပြီး ၊
ထမင်းဟင်းချက်တယ်ဆိုတာကို စာထဲမှာ
ပြမထားလို့ မသိရပါဘူး။
သူတို့ ခေတ်ကဓလေ့ တစ်ခုဖြစ်ဟန်ထင်ပါတယ်။
သုသာန်မှာ သေသွားတဲ့တရားကိုဆွမ်းသွတ်ပေးဖို့
ထမင်းဟင်းချက်နေတဲ့ အမေအိုကို
သိကြားမင်းက တွေ့သွားပါတယ်။
ဒီတော့ သိကြားမင်းလည်း မနေသာတော့ပါဘူး။
သိကြားမင်းက အမေအိုရှိရာကို ဆင်းလာပြီး၊
သူ့တန်ခိုးအာနုဘော်နဲ့ပဲ အမေဖြစ်သူကို သားဖြစ်သူ
အိမ်ပြန်ရောက်အောင် စီစဉ်ပေးလိုက်ရပါတော့သတဲ့။
【ငါးရာ့ငါးဆယ်ဇာတ်၀တ္ထု ၊ကစ္စာနီဇာတ်】
တစ်ဆင့်စကား သိရတာပါ။
ကိုယ်တွေ့တော့မဟုတ်ပါဘူး။
ရိပ်သာတစ်ခုမှာ အဘွားကြီးတစ်ယောက်
တရား၀င်နေပါသတဲ့။
တစ်လပြည့်တော့ သားသမီးတွေက
ရောက်လာပြီး၊ နောက်တစ်လဆက်၀င်ဖို့
ဆွမ်းစရိတ်ငွေလာသွင်းသွားပါသတဲ့။
အဲဒီလိုနဲ့ တစ်လပြည့်တိုင်းပြည့်တိုင်း၊
ဆွမ်းစရိတ်ငွေ လာလာသွင်းပါသတဲ့။
အဲဒီလို ဆွမ်းစရိတ်ငွေ လာသွင်းလိုက်တာ
တစ်နှစ်ပြည့်ခါနီး ရှိလာတော့ ရိပ်သာကလူကြီးတွေက
ရိပ်မိသွားပြီး၊“စည်းမျဉ်းအသစ်တွေ”ရေးဆွဲလိုက်ရပါသတဲ့။
■နောက်တစ်ဆင့် ထပ်သိရတာကတော့
ဒီရိပ်သာမတိုင်ခင်၊တခြားရိပ်သာတွေကိုလည်း
အဲဒီလိုလှည့်ပို့ပေးနေတာပါတဲ့။
သူတို့စီပွါးရေးကြည့်တော့ တော်တော်လေး
ပြေလည်ကြပါသတဲ့။
■ဒီသတင်းက နားရှိလို့သာကြားရတယ်။
နည်းနည်းမှ မကြားချင်သလို၊ရေးလည်းမပြချင်ပါဘူး။
ချစ်စရာကောင်းတဲ့ မြန်မာ့ဓလေ့နဲ့လည်း
လုံး၀ဆန့်ကျင်ဘက်ပါ။ ဒါမျိုးတွေ တစ်သန်းမှာ
တစ်ယောက်ပဲရှိပါစေလို့လည်း ဆုတောင်းရပါတယ်။
●ကိုယ့်သန္တာန်မှာ ရှိသင့်ရှိထိုက်တဲ့တရား
သေသွားပြီဆိုရင် လူ့ဘ၀ရဲ့အသက်ရှင်
နေထိုင်မှုဟာလည်း ဘာမှ အဓိပ္ပါယ်မရှိတော့ပါဘူး၊၊
●ဘ၀ရဲ့ အသက်ရှင်နေထိုင်မှုမှာ ဓမ္မပါ တွဲပါနေမှ
အဓိပ္ပါယ်ရှိတာပါ။
●တကယ်တော့ မိဘနှစ်ဦးလုံး
(ဒါမှမဟုတ်)တစ်ဦးဦး အိမ်ဦးခန်းမှာရှိနေတာဟာ
“ကုသိုလ်ထုပ်ကြီးရထားတာနဲ့ အတူတူပါ။”
ကိုယ်က “ဂါရ၀တရား” ကိုရှေ့တန်းတင်ပြီး၊
ပြုစုလုပ်ကျွေးနေမယ်ဆိုရင် အမူအရာတိုင်း၊
အမူအရာတိုင်း “ကုသိုလ်တွေ” ဖြစ်နေတာပါ။
စာထဲမှာ ရိုသေရမယ့် ဂါရ၀(၁၀)ပါးကိုပြထားပါတယ်။
အဲဒီဂါရ၀(၁၀)ပါးက-
(၁)။ဗုဒ္ဓဂါရ၀
(၂)။ဓမ္မဂါရ၀
(၃)။သံဃဂါရ၀။
(၄)။သိက္ခာဂါရ၀
(၅)။သမာဓိဂါရ၀
(၆)။အပ္ပမာဒ ဂါရ၀
(၇)။ပဋိသန္ဓာရဂါရ၀
(၈)။ဟိရီဂါရ၀
(၉)။သြတ္တပ္ပ ဂါရ၀
(၁၀)။အညမညဂါရ၀ တို့ဖြစ်ပါတယ်။
ဂါရ၀(၁၀)ပါးထဲက “ပဋိသန္ဓာရဂါရ၀” အကြောင်းပဲ
ရေးပြရအောင်ပါ။ ကျန်တဲ့ကိုးပါးကိုတော့
စာဖတ်သူတွေ ကိုယ့်ဟာကိုချဲ့ထွင်ပြီး၊
သိနိုင်လောက်ပါတယ်။
“ဆရာဆိုတာ တပည့်ကို အာမိသ-ဓမ္မနှစ်ခုနဲ့
ပိတ်ဆို့ထားရမယ်” ဆိုတဲ့ စကားကို ငယ်ငယ်က
သင်ဖူးပါတယ်။
ပိတ်ဆို့ခြင်းရဲ့ ပါဠိက “ပဋိသန္ဓာရ” ပါ။
ပဋိသန္ဓာရကို ပိတ်ဆို့ခြင်းလို့ မြန်မာပြန်ထားတော့
စကားလုံးက နည်းနည်းမော်ဒန်ဆန်နေသလား မသိပါဘူး။
ဆိုလိုရင်းကတော့ ကိုယ့်အလိုကျဖြစ်နေအောင်
“ပစ္စည်းရယ်၊တရားရယ်” နှစ်ခုနဲ့ ချီးမြှောက်
ထောက်ပံ့ထားရမယ် ဆိုတာပါပဲ။
အဲဒီတုန်းကတော့ ပဋိသန္ဓာရနဲ့ ဂါရ၀(၁၀)ပါး
ဘယ်လိုဆက်စပ်နေတယ်ဆိုတာမသိခဲ့ပါဘူး။
အခုမှစာနှစ်ခု ယှဉ်ကြည်ခွင့်ရလို့ သိရတာပါ။
လောကမှာ ဆရာနဲ့ တပည့်၊ မိဘနဲ့ သားသမီး၊
အလုပ်ရှင် နဲ့ အလုပ်သမား၊ စသည်ဖြင့်
အထက်အောက် အလွှာအတွဲလေးတွေရှိပါတယ်။
ဒီအတွဲလေးတွေ အစဉ်သဖြင့် လက်တွဲနေနိုင်ဖို့
အထက်လွှာကလူက အောက်အလွှာကလူကို
ပစ္စည်း တရား နှစ်ခု နဲ့ ပိတ်ဆို့ထားရပါတယ်။
အစေ့အစပ်ပြုထားရပါတယ်။
အဲဒီလို ချီးမြောက်ထောက်ပံ့ထားတာကို
“ပဋိသန္ဓာရ” ပြုတယ်လို့ ဆိုပါတယ်။
ပဋိသန္ဓာရပြုပေးနေတာကိုပဲ ပဋိသန္ဓာရကို
ရိုသေနေတယ်လို့ ဆိုလိုပါတယ်။
အဲဒီမှာစိတ်၀င်စားဖို့ ကောင်းတာက
ပဋိသန္ဓာရပြုတဲ့နေရာမှာ ပစ္စည်း၀တ္ထုနဲ့တင်မဟုတ်ဘဲ၊
တရားဓမ္မနဲ့ပါ ပြုပေးဖို့ ဖွင့်ပြထားတာပါ။
ဥပမာ-ကိုယ်က အလုပ်ရှင်ဆိုရင် သင်္ကြန်တွင်းလို
ရက်ရှည်အလုပ်ပိတ်ရက်မျိုးတွေမှာ-
●စုပေါင်း ဒုလ္လဘ ရဟန်းခံပေးတာ၊
●စုပေါင်း သီလရှင် ၀တ်ပေးတာ၊
●စုပေါင်း တရားစခန်း၀င်ဖို့ စီစဉ်ပေးတာ၊
●နှစ်လတစ်ခါ သုံးလတစ်ခါ
ဆရာတော် ၊သံဃာတော်တွေ
ပင့်ပြီး ဆွမ်းကပ်တရား နာယူစေတာ၊
●အခွင့်အခါသင့်တဲ့ အခါ စာရေးဆရာတွေဖိတ်ပြီး၊
အတွေးအခေါ်မြင့်မားဖို့၊စာရိတ္တသတ္တိရှိဖို့
ဟောပြောပွဲတွေ ပြုလုပ်ပေးတာ စသည်ဖြင့်ပေါ့။
ဒီအပြုအမူတွေဟာ တစ်ဖက်ကကြည့်ရင်
အလုပ်ရှင်အတွက် ကုသိုလ်တွေဖြစ်နေသလို၊
တစ်ဖက်ကကြည့်ပြန်ရင်လည်း
ကိုယ့်အလုပ်သမား ကိုယ့်ဆီမှာ မြဲနေအောင်
စွဲဆောင်စည်းရုံးပြီးသားလည်းဖြစ်ပါတယ်။
ဒီခေတ်က စျေးကွက်စီးပွါးရေးခေတ်ဆိုတော့
“ပဋိသန္ဓာရဂါရ၀”ကို အလုပ်ရှင်တိုင်းအာရုံပြုထားဖို့
ကောင်းပါတယ်။
ဘာပဲပြောပြော စျေးကွက်ဝေစု များများရရှိဖို့
ကြိုးစားနေကြရတဲ့ကာလမှာ
“ပဋိသန္ဓာရဂါရ၀မင်္ဂလာလေး”လည်း
တစ်စိတ်တစ်ဒေသ အထောက်အကူပြုနေပါလိမ့်မယ်။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist's Association】
အပ္ပမာဒေန သမ္ပာဒေထ။
-【အရှင်ရာဇိန္ဒ(ရဝေနွယ်-အင်းမ) ၏
“မင်္ဂလာအတွေးများ”နှာ ၁၅၀- ၁၅၅မှ-
ကူးယူပူဇော်မျှဝေပါသည်။】
Posted by
www.facebook.com/youngbuddhistassociation.mm
[မင်္ဂလာအတွေးများ(၂၂)
ဂါရဝေါစ ဧတံမင်္ဂလမုတ္တမံ။
ရိုသေထိုက်သူကို ရိုသေခြင်းသည်၊
မြတ်သောမင်္ဂလာမည်၏။
အသက်ဂုဏ်ဝါ ကိုယ့်ထက်ကြီးက၊
ဆည်းကပ်ခစားရိုသေလေ။]
အလင်းတန်းဂျာနယ် (၉၊၂၊၂၀၀၄)
Comments
Post a Comment