ကနီသုသာန်မှကဗျာ
ကနီသုသာန်မှကဗျာ
ဝေဒိနီ(ဧကစာ)
အညာကျေးလက်ဒေသတစ်ခုဖြစ်တဲ့ ချင်းတွင်းမြစ် ရဲ့ဘေးက ကနီ ဆိုတဲ့မြို့ကလေးတစ်မြို့ကို ရောက်ခဲ့ပါ တယ်။ မထင်မှတ်ဘဲ ကနီမြို့ကသုသာန်ကို ရောက်သွား ခဲ့ပါတယ်။ သူတို့ဒေသနဲ့သူတို့ထုံးစံအရ အသုဘ မချ ခင်မှာ စေတနာဝန်ထမ်းတွေက မြေမြှုပ်ဖို့၊ မီးသဂြုင်္ိဟ်ဖို့ စောစောကြိုတင်ပြီးလာရောက်ကြရတာကို တွေ့့ရ ပါတယ်။ အဲဒီစေတနာ့ဝန်ထမ်းတွေနဲ့အတူ ဧကရာဇာ တောရက ဦးဇင်းလေးတစ်ပါး သုသာန်နဲ့ဇရပ် ပတ်ဝန်းကျင်မှာ သန့်ရှင်းရေးလုပ်အားဒါနပြုနေတာ ကိုလည်း တွေ့ရပါတယ်။ သုသာန်ဇရပ်က လှေကား ထိပ်လေးမှာ သင်္ဘောဆေးအနီရောင်နဲ့ ရေးထားတဲ့စာကို မမျှော်လင့်ဘဲ ဖတ်လိုက်မိပါတယ်။
''သေသောသူကို သေမည့်သူများက လိုက်ပို့ကြ သည်'' တဲ့။ မှန်လိုက်တာဗျာ။ ဘယ်သူမဆို သေမျိုးပဲ မဟုတ်လား။ အဲဒီစာတမ်းလေးက တကယ်မှန်လှပါပေ တယ်။ သံဝေဂရစရာလည်း ကောင်းပါတယ်။ သံဝေဂ လည်း ယူရမှာပါ။အဲဒီစာတန်းလေးကိုဖတ်လိုက်မှ ငါဟာ သေရဦးမယ့်လူပါလား လို့ ပိုပြီး ထင်ရှားလာပါတယ်။ ဘဝသံသရာဆိုတာရှိနေသမျှ သေကြရမှာလို့ မစဉ်းစား ခဲ့ကြပါဘူး။ကျွန်တော်လည်း ပါပါတယ်။ ဘဝခန္ဓာတွေ ရှိနေသမျှ သေခြင်းတရားနဲ့ရင်ဆိုင်နေကြရဦးမှာပါပဲ။ ကိုယ့်ခန္ဓာကိုယ်ကို ဥာဏ်နဲ့သေသေချာချာ ကြည့်လိုက်ရင် ကိုယ့်ခန္ဓာကိုယ်ကပဲ ကိုယ့်ကိုတရားပြပါလိမ့်မယ်။
ကျွန်တော်လည်း သုသာန်ဇရပ်ပေါ်ဆက်ပြီး တက် လိုက်မှ ကဗျာလေးတစ်ပုဒ်ကို သေသေချာချာရေးပြီး ချိတ်ထားတာတွေ့လိုက်ရပါတယ်။ ဘယ်သူရေးပြီး လှူဒါန်းထားတယ်ဆိုတာ မသိရပါဘူး။ တချို့စာသားတွေ ပျက်လုနီးပါးဖြစ်နေပါပြီ။ တချို့မှာ ပျက်နေကြပါပြီ။ ကဗျာလေးကတော့ -
ရင်ဝယ်ပူဆွေး၊ သင်ငိုကြွေးလည်း၊
သေသူမသိ အကျိုးမရှိ၊
ဤရုပ်ဤနာမ် မြတ်နိုးပြန်၍
နံ့သာရေမွှေး စင်စွာဆေးလည်း
မကြာခင်ပုပ် မြေသို့မြှုပ်လျှင်
ဤဌာနပင် မဟုတ်တုံလော။
ဤရုပ်ခန္ဓာ ဤသုသာန်၌ မြှုပ်နှံသည်မှာ
ဓမ္မတာမို့ ပူဆွေးစရာမရှိပါ။
ခန္ဓာအဟောင်း စွန့်ခွာပြောင်းသူ ချစ်ခင်သူအား
ခန္ဓာအသစ် ကောင်းစွာဖြစ်စေ၊
ကုသိုလ်ကောင်းမှု မှန်မှန်ပြု၍ ဆုမွန်တောင်ြးေ>ွခ
အမျှပေးဝေ . . .တဲ့။
ဒီကဗျာကလေးကလည်း မှတ်သားထိုက်ပါတယ်။တစ်ကြိမ်ဖတ်ရုံနဲ့အားမရလို့ နှစ်ကြိမ် သုံးကြိမ်မှအလွတ် ရသည်အထိ ရွတ်ဖတ်ပြီး ဒီကဗျာလေးကို ကျွန်တော့် ရဲ့ဦးနှောက်ထဲ၊ ရင်ထဲ၊ နှလုံးသားထဲမှာ ထာဝရ သိမ်းဆည်းလိုက်ပါပြီ။
ဟုတ်ပါတယ်။ ဤသုသာန်ဇရပ်ပေါ်မှာ သေဆုံး သူအတွက် ကြေးစည်တီး အမျှဝေနေချိန် ကျန်ရစ်သူ မိသားစုရဲ့ ရင်ထဲမှာ သောက ပရိဒေဝမီးတွေ တောက် လောင်ပူဆွေး ငိုကြွေးနေရပေမဲ့လည်း သေဆုံးသူက သိရှိမှာမဟုတ်သလို တစ်စုံတစ်ရာ အကျိုးရှိမှာ မဟုတ်ဘူးဆိုတာ သေချာပါတယ်။
ဤရုပ်ဤနာမ်လို့ခေါ်တဲ့ 'ငါ'တည်းဟူသော ခန္ဓာ ကိုယ်ကြီးမှာ မစင်ကြယ်သော သွေးပုပ်၊ ပြည်ပုပ်၊ ချွေးပုပ်၊ သလိပ်ပုပ်၊ ဆီးပုပ်၊ အစာပုပ်(မစင်ပုပ်)တွေနဲ့ ပြည့်နေတဲ့ မတင့်တယ်တဲ့ အသုဘခန္ဓာကိုယ်ကြီးမဟုတ်ပါ လား။ ခန္ဓာတည်းဟူသော ဒုက္ခအတုံးအခဲကြီး(ဝါ) အသုဘကြီးလို့ ဥာဏ်လေးနဲ့ မမြင် မကြည့်ခဲ့ကြသလို မိမိ၏ခန္ဓာကိုယ်အနာကြီးကို အဝတ်ကောင်းကောင်းလေး တွေ ဝတ်ပြီး ပတ်တီးစည်းပေးထားကြတာလို့လည်း မသိခဲ့ကြပါဘူး။ အမွှေးနံ့သာတွေ ဘယ်လိုပဲ ခြယ်သ ခြယ်သ အပုပ်ကောင်ကြီးဟာ အပုပ်ကောင်ကြီးပါပဲ။ အသုဘကြီးပါပဲ။ ဘယ်သူတွေ သေသေ ဟောဒီလို နေရာ သုသာန်ဆီကိုတော့ မြေမြှုပ်ဖို့၊ မီးသဂြုင်္ိဟ်ဖို့ သွားရောက် ပို့ဆောင်ကြရမှာပါ။ ဒါဟာလည်း လောကရဲ့ဓမ္မတာကြီးမို့ တရားနဲ့ရှုတတ်ရင် ပူဆွေးစရာ မဟုတ်ပါဘူး။
ဒီကဗျာစာသားလေးအရ သေပြီးသူအတွက်သာ ရည်စူး၍ ကောင်းမှုကုသိုလ်ပြုလုပ်တာ အကောင်းဆုံး ပါလို့ ကျွန်တော်Óာဏ်မီသလောက် စဉ်းစားကြည့်လိုက် မိပါတယ်။ သေမှုသဘောကို မစဉ်းစားဘဲ မေ့နေလိုက် ကြတာ ကျွန်တော်ကိုယ်တိုင် ဒီကဗျာလေးကိုမြင်လိုက် ဖတ်လိုက်ရမှ ကိုယ့်သား ကိုယ့်မယားနဲ့ တစ်သက်လုံး နေကြရမယ်လို့ထင်ထားတာတွေ အမှားကြီး မှားသွားခဲ့ ရပါပြီ။ ငါလည်း တစ်နေ့နေ့တစ်ချိန်ချိန်မှာ ဟောဒီလို သုသာန်လိုနေရာမျိုးကို ရောက်လာကြရဦးမှာပါလား၊ ဤရုပ်ခန္ဓာ ဤသုသာန်၌ မြှုပ်နှံသည်မှာ ဓမ္မတာမို့ ပူဆွေးစရာမရှိပါတဲ့။ ကောင်းလိုက်တဲ့ ကဗျာလေးဆို ပြီး ကဗျာလေးကို ရွတ်ရင်း တောင်ပေါ်သို့ ဆက်ပြီး တက်လာခဲ့မိတယ်။
တောင်ပေါ်မှာတော့ မီးသဂြုင်္ိဟ်ဖို့အရေး တာဝန် ယူ ပြင်ဆင်နေကြတဲ့ လုပ်အားဒါန စေတနာ့ဝန်ထမ်း ဦးစံလင်းမြင့်နဲ့ ဦးပေါက်စတို့အဖွဲ့ကိုလည်း တွေ့ဆုံခွင့် ရပါသေးတယ်။ သူတို့ရဲ့လုပ်အားဒါနကလည်း လွယ်လွယ်ကူကူနဲ့ ပြုလုပ်လို့ရတဲ့ ဒါနမျိုးမဟုတ်ပါဘူး။မြင့်မြတ်တဲ့စိတ်ထားရှိတဲ့လူတွေ ပြုလုပ်တဲ့ လုပ်အား ဒါနသာ ဖြစ်ပါတယ်။ ကိုယ်ကျိုးကိုစွန့်ပြီး အများအကျိုး ကိုဆောင်ရွက်နေတဲ့ ကိုစံလင်းမြင့်နဲ့ ကိုပေါက်စတို့ အဖွဲ့ကိုလည်း ကျွန်တော် လေးစားချီးကျူး ဂုဏ်ယူမိပါ တယ်။ နေပူမရှောင် မိုးရွာမရှောင် ပြီးဆုံးသည့်တိုင် အောင် တာဝန်ယူတတ်တဲ့ သူတို့ရဲ့တာဝန်သိမှုကိုလည်း ဝမ်းသာပီတိဖြစ်မိပါတယ်။
ကနီသုသာန်မှာတွေ့ရတာကတော့ ကဗျာလေးပါ။ တခြားမြို့က ရန်ကုန်တို့၊ပခုက္ကူတို့လိုမြို့ကြီးရဲ့သုသာန် က စာကလေးကို ဖတ်ခဲ့ဖူးပါတယ်။
'မိတ်ဆွေ၊ငါ့အနားဖြတ်သွားတဲ့အခါ သတိပြုလိုက် စမ်းပါ။ငါလည်းပဲ တစ်ခါတုန်းက မင်းလိုပဲ အသက်ရှင် ခဲ့ဖူးတာပဲ။ မင်းလည်းပဲ တစ်နေ့ကျရင် အခုငါ့လို ဖြစ် လာမှာပဲ။ ပြင်ဆင်စရာရှိသမျှ ပြင်ဆင်ပြီးရင် င့ါနောက် လိုက်ခဲ့ပါ။'
နေမဝင်ခင် ရိက္ခာပြင်ပါ။ (အနိစ္စ၊ဒုက္ခ၊အနတ္တ)
ကဲ - ဘယ်လောက်ကောင်းလိုက်သလဲဗျာ။ ကျွန်တော့်ဘဝတစ်သက်တာမှာ စာအုပ်ထဲကစာတွေ မှတ်ရတာထက် သုသာန်ကစာတွေမှတ်ရတာက ပိုပြီး သတိရနေမှာပါ။မေ့ပျောက်လို့ရတော့မှာ မဟုတ်ပါဘူး။ ရင်ထဲမှာ ထာဝရကိန်းအောင်းနေတော့မှာပါ။
ဆရာဇော်ဂျီအုတ်ဂူပေါ်က စာလေးကိုလည်း ကျွန်တော့်ဘဝတစ်သက်တာ မေ့ပျောက်လို့ရမှာ မဟုတ်ပါ ဘူး။
သင်သေသွားသော်
သြော် - လူ့ပြည်လောက၊ လူ့ဘဝကား
အိုရနာရသေရဦးမည်
မှန်ပေသည်တည့်။
သို့ပြီးတကား သင်သေသွားသော်
သင်ဖွားသောမြေ၊ သင်တို့မြေသည်
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။
သင်၏မျိုးသား၊ စာစကားလည်း
ကြီးပွားတက်မြင့် ကျန်ကောင်းသင့်၏။
သင်ဦးချ၍ အမျှဝေရာ
စေတီသာနှင့် သစ္စာအရောင်
ဥာဏ်တန်ဆောင်လည်း
ပြောင်လျက်ဝင်းလျက် ကျန်စေသတည်း။
ဆရာဇော်ဂျီ(၁၉၁၇-၁၉၉ဝ)
ဘယ်လောက်မှတ်သားအားကျစရာ ကောင်းလိုက် ပါသလဲ။ ကျွန်တော်လည်း ကနီသုသာန်က ကဗျာကို လေ့လာရင်းနဲ့ သုသာန်ကစာ၊အုတ်ဂူပေါ်ကစာ၊နောက် တစ်ခု ထပ်ပြီး တွေ့ရတာကတော့ ကနီသုသာန် မီးသဂြုင်္ိဟ်တဲ့နေရာရဲ့ဘေးက ထင်းပုံရဲ့အမိုးလေးမှာ ရေးထားတဲ့ စာကလေးကိုလည်း အမှတ်မထင် သွားပြီး တွေ့လိုက်ရပါတယ်။
ဘုရားဟောတရားတော်ထဲက စာလေးကို ဧကစာတောရဦးဇင်းလေး ရေးထားတာထင်ပါတယ်။ 'ရူပံ ဘိက္ခဝေ န တုမှာကံ'တဲ့။
ကျွန်တော် သိသလောက် လိုရင်းတိုရှင်း ဘာသာ ပြန်ရရင်တော့ 'ရဟန်းတို့၊ ဤရုပ်ခန္ဓာသည် သင်တို့ဟာ မဟုတ်ချေ'လို့ပဲ ဘာသာပြန်ကြည့်လိုက်မိပါတယ်။
ကဲဗျာ ဒီလိုနေရာတွေမှာလည်း အဖိုးတန်တဲ့ စာတွေ ရှိနေသေးပါလားလို့တွေးရင်း တောင်ပေါ်ကဆင်းလာတဲ့ အချိန်မှာတော့ တောင်ပေါ်ကိုတက်သွားတဲ့ ငါမဟုတ် တော့ပါလား၊ တောင်ပေါ်က ဆင်းလာတဲ့ ငါဟာ တောင်ပေါ်တက်လာတဲ့ ငါ့ထက် အိုမင်းရင့်ရော်သွားပြီ၊ ကုန်ဆုံးသွားပေပြီ။ စိတ်တစ်ခုကိုပဲ ကြည့်ပါ။ ရှေ့စိတ် ကလေးက အာရုံအဖြစ် သရုပ်ပြရင်း သေဆုံးနေပါပြီ။ ထိုသေဆုံးမှုကလေးကိုပဲ နောက်စိတ်က သိနေခြင်းသာ ဖြစ်ပါတယ်။ တောင်ပေါ်က ဆင်းလာတဲ့ အချိန် အခိုက် အတန့်အတွင်းမှာ တောင်ပေါ်တက်သွားတဲ့ ငါမဟုတ် တော့ဘူးဆိုရင် ဘယ်ခန္ဓာတွေကို ငါပိုင်ဆိုင်ပါသလဲ၊ တောင်ပေါ်တက်လို့ ညောင်းညာကိုက်ခဲခဲ့တဲ့ ဝေဒနာ တွေဟာ ကိုယ့်နားမှာ အမြဲမနေသလို အမြဲတမ်းလည်း မခံစားရပါဘူး။ အဲဒါကြောင့် ဒီညောင်းညာကိုက်ခဲမှု တွေကို ငါ(ကိုယ်ပိုင်)မဟုတ်တာ မှန်ရင် ဘယ်အရာကို ငါပိုင်ဆိုင်ခွင့်ရမလဲ။ တရားရဲ့ နက်နဲသိမ်မွေ့တဲ့သဘော တွေကို ပိုမိုသိမြင်လာမိပါတယ်။ အကြောင်းဆုံခိုက် ဖြစ်ပေါ်လာတဲ့ အသိတရားလေး တစ်ခုကလည်း အနတ္တ ပါလားလို့ စဉ်းစားရင်း ကနီသုသာန်က ကဗျာလေးကို ရွတ်ဖတ်နေမိပါတော့တယ်။
ရင်ဝယ်ပူဆွေး
သင်ငိုကြွေးလည်း
သေသူမသိ အကျိုးမရှိ
ဤရုပ်၊ ဤနာမ်
မြတ်နိုးပြန်၍
နံ့သာရေမွှေး စင်စွာဆေးသည်
မကြာခင်ပုပ် မြေသို့မြှုပ်လျှင်
ဤဌာနပင်
မဟုတ်တုံလော။
ဤရုပ်ခန္ဓာ ဤသုသာန်၌
မြှုပ်နှံသည်မှာ
ဓမ္မတာမို့
ပူဆွေးစရာမရှိပါ။
ခန္ဓာအဟောင်း စွန့်ခွာပြောင်းသူ
ချစ်ခင်သူအား
ခန္ဓာအသစ် ကောင်းစွာဖြစ်စေ
ကုသိုလ်ကောင်းမှု
မှန်မှန်ပြု၍
ဆုမွန်တောင်းခြွေ
အမျှပေးဝေ။
ဝေဒိနီ(ဧကစာ)
Comments
Post a Comment